အိမ် (သခင်-ဇလွန်မြေ) - တမာသားလေးမှတ်စု

အိမ် (သခင်-ဇလွန်မြေ)

()


"ဟေး...ငါးရံ့ကြီး ငါးရံ့ကြီး မိပြီဟ  မိတူးရေ ငါးတွေ မနည်းဘူး ရှိတယ်။ ပက်... ဆက်ပက်  "


"အေး ငါပက်နေတုန်း နင် ဟိုဘက်ကိုလည်း ရွံ့နဲ့ထပ်ဖိဦးငစွတ်ရဲ့။ တွေ့လား၊ ရေတွေ ဖောက်ဝင်လာတော့မယ်ဟဲ့ "


"အေးအေး "


ဒီအိုင်ကို ပက်ချင်လွန်းလို့ ချောင်းနေရတာ ရက်အတော်ကြာနေပြီ။ သူများဦးမှာစိုးလို့ ညအိပ်ရင်တောင် စိတ်ကဖြောင့်တာမဟုတ်ဘူး။ ခုတော့ တကယ်ကို ပက်ခွင့်ရလို့ မနက်ကြီးလင်းကတည်းက လာပက်နေတာ။ ဖယ်လိုက်ရတဲ့ ဒိုက်ဆိုတာကလည်း တစ်ကိုယ်လုံးကို  စပ်ဖျင်းနေတာပဲ။ ခုတော့ ရေက ကုန်လုလုဖြစ်နေပြီ။ လူတွေလည်း ဗွက်ထဲလူးထားတော့ ကျွဲရုပ်ပေါက်လို့။ ဒိုက်ပင်တွေအောက်ဆိုတော့ ဒိုက်ကြိုက်တဲ့ ငါးရံ့နဲ့ ငါးပြေမတို့ ငါးကျည်း၊ငါးခူတို့ ရတာပေါ့။ ဆူးပါပြီး အဆိပ်ပြင်းတဲ့ ငါးကျည်းကိုတော့ ကျုပ်ကြောက်တယ်။ ဒင်း(သင်း)ပေါ့ တစ်ခါ ကျုပ်ကို စူးလို့ ကျုပ်မှာ အဖျားတောင်တက်တာ။ နာလိုက်တာကလည်း ပြောမနေနဲ့။ ခုလည်း သင်းတို့ကိုမြင်ရင် ကျုပ်ကလက်ကိုမသုံးတော့ဘူး။ ဟောဟို ဇလုံစုတ်နဲ့ ကော်ယူတာ။  


"ဟဲ့...ငစွတ်။ ကုန်ပြီမဟုတ်လား။ ပြန်ကြရအောင် "


"အေး လှုပ်စိလှုပ်စိတောင် မတွေ့တော့ဘူး။ ပြန်ကြမယ်  အိမ်ရောက်ရင်တော့ ငါးရံ့တစ်ကောင်လောက် ဖုတ်၊ဆားနဲ့တို့တို့ပြီး တီးပြစ်ဦးမယ်ဟေ့... "


နေပူကျဲကျဲ အိုင်ပက်ရတာ အပေါ်ပူ အောက်စိုနဲ့။ နေကိုမော့ကြည့်တော့ အတော်လေးမြင့်နေပြီ။ ဖမ်းစရာလည်း မရှိတော့ဘူးဆိုတော့ ပြန်တာပေါ့။ 


အိမ်ပြန်ရောက်တာနဲ့ ပါလာတဲ့ ငါးတွေကို အမိုးက သပ်သပ်စီခွဲပြီး ရေစင်အောင်ဆေးတယ်။ ငါးရံ့ ခပ်လတ်လတ်တစ်ကောင်ကို နေမကောင်းတဲ့ အပါးအတွက်ဖယ်၊  ငါးဖျင်းသလက်လေးတွေကိုတော့ အိမ်စားဖို့ ခွဲပြီး ကျန်တာကိုအမိုး သွားရောင်းမှာတဲ့။ ဒီလောက်ဆိုရင်တော့ ကျုပ်တို့အိမ်အတွက် လေးရက်စာလောက် ဆန်ဝယ်ဖို့ ရတယ်။ကျုပ်လည်း ငါးရံ့တစ်ကောင်လောက် ဖုတ်ဖို့လုပ်တော့ အမိုးက... "ဖိုးခွားရယ် ဆန်ဖိုးပိုရတော့ ပိုမကောင်းဘူးလား"တဲ့။ ဒါနဲ့ ကျုပ်လည်း အောင့်သက်သက်နဲ့ လက်ထဲမှာကိုင်မိလျက်သား  ငါးရံ့ကို ပြန်ချပြီး အိမ်နောက်ဖေးချောင်းထဲမှာ မိတူးနဲ့အတူ ရေဆင်းချိုးရင်း ကစားနေ လိုက်တော့တယ်။ 


အမိုး ပြန်ရောက်လာတာနဲ့ မကြာဘူး မီးဖိုက မီးခိုးထွက်လာရော။ ကျုပ်တို့မောင်နှမ ရေချိုးပြီး ပြန်တက်လာတော့  ဖုတ်ပြီးသား ငါးရံ့မည်းမည်းကြီးက ဒန်အိုးဖုံးပေါ်မှာ ဆားတစ်ဇွန်းကို ခေါင်းအုံးလို့။ အမိုးကိုကြည့်တော့ အမိုးကစားလေဆိုတဲ့သဘောနဲ့ ငါးရံ့ဆီကို မေးငေါ့ပြတယ်။ ဘယ်ပြောကောင်းမလဲ ကျုပ်တို့မောင်နှမတွေလည်း စားလိုက်ကြတာဆိုတာ အားရပါးရပဲ။


()  


"လိုက်သွား ငစွတ်။ ဒါမှ နင်တက်ချင်တဲ့ကျောင်း တက်ရမှာ"


အငယ်လေးကို နို့တိုက်ရင်းပြောနေတဲ့ အမိုး ရဲ့အသံက လေးပေမယ့် ကျုပ်နားထဲမှာ သာယာချိုမြိန်လိုက်တာ။ ဦးကြီးတို့အိမ်မှာ လိုက်နေပြီး အစားဝဝစား၊ ကျောင်းလည်းတက်ရမယ့်ဘဝက  ပျော်စရာကောင်းမှာမလွဲ။ ဒီမှာဆိုရင်ဟို မိကြတ်မကို ကျောပိုးလိုက်၊ ဒီပေသီးကို ခါးထစ်ခွင်လိုက်နဲ့၊ဆော့ချင်လို့မဆော့ရတဲ့ကျုပ်ဘဝ။ လက်တစ်ဆုပ်စာဆန်လေးကို ရေများများနဲ့ ပြုတ်ပြီး မျှသောက်ရတဲ့ဘဝကိုလည်း ကျုပ် စိတ်ကုန်နေပါပြီ။ တစ်ခါတစ်ခါငှက်ပျောအူ ဟင်းချိုဆိုတာကပါသေး။ ဟိုကောင် ဖိုးထော်တို့လို လွယ်အိတ်လွယ် ကျောင်းပြန် တက်ချင်နေတာလည်း ကြာလှပြီ။

ခုတော့ ကျုပ်ဆန္ဒတွေ ဖြစ်လာတော့မှာ။

      ဦးကြီးရဲ့ စက်ဘီးနောက်ခုံပေါ်မှာထိုင်ရင်း ပျော်နေတဲ့ကျုပ်ကို ကျုပ်ညီနဲ့ညီမတွေက ဘေးနားမှာလာပြီး စုပြုံရပ်ကြည့်နေကြတယ်။ ကျုပ်လည်း မော်မော်ကြွားကြွား ကြည့်ပစ်လိုက်တယ်။ သူ့ကိုမခေါ်လို့ ငိုမဲ့မဲ့ဖြစ်နေတဲ့ ကျုပ်အစ်မ မိတူးကိုလည်း

လက်ညှိုးနဲ့ ကရော်ကရော် လုပ်ပစ်တယ်။ အစားလုစားရင် သူကအမြဲနိုင်တာကိုး။ ကျုပ်ညီ နို့ဆို့လေးကတော့ အမေ့လက်ထဲကနေ ကျုပ်ဆီကို လက်တောင် လှမ်းနေလိုက်သေး။ အမယ် ဒင်း(သင်း)လေးက ကျုပ်ခါးကို ကြိုက်ပုံပဲ။ ကျုပ်ကို မသွားစေချင်ဘူးထင်ရဲ့။   

 

      "ညီတော်ရေ သွားကြတော့လေ။ တော်ကြာ မင့်တူငစွတ် စိတ်ပြောင်းနေမှ ခက်မယ်"


      အပါးအသံက ညောင်နာနာနဲ့ ငိုသံပါသလိုလို ဖြစ်နေတာ။ အို ကျုပ်ကစိတ်ပြောင်းစရာလား။ မပြောင်းပါဘူး။ကျုပ် ဒီနေရာမှာ နေမှမနေချင်တော့တာ။ ဒါကြောင့် လိုက်ကိုလိုက်သွားမှာ။ ကျုပ်ကသာ ဦးကြီး ကျုပ်ကိုခေါ်ဖို့စိတ်မပြောင်းခင် အမြန်သွားချင်နေတာ။ စဥ်းစားကြည့်လေ၊ ကျုပ်တို့ဘဝကြီးက မိုးတွင်းအခါ မိုးမလုံလို့ကောင်းကောင်းမနေရတဲ့အိမ်၊ ဝါးတောထဲနေပြီး အိမ်မှာ အဆင့်မရှိ ကြမ်းခင်းလည်းမရှိနဲ့။ မြေကြီးပေါ် ကြူဖျာစုတ်ခင်းအိပ်ရတာ။  

         အပါးပြောတာတော့ ကျုပ်တို့ကို ဒီခြံထဲ ပေးနေတာတောင် တော်လှပြီတဲ့။ ကြည့်... အမိုးက ကျုပ်ကို မလိုက်စေချင်တော့လို့လားမသိဘူး မျက်နှာကမကောင်း၊ ငိုချင်နေတဲ့ပုံနဲ့။ ကျုပ်ကတော့ ဝါးရုံခြေရင်းမှာ မလျှော်ရသေးဘဲ အပုံလိုက်ရှိနေတဲ့ အဝတ်ပုံကိုတလှည့်၊ ဟိုတစ်ခု ဒီတစ်ခု မှောက်နေတဲ့ အိုးမည်းမည်းတွေကို တလှည့် ကြည့်ပြီးမျက်နှာကို တစ်ချက်ချီလိုက်တယ်။ ရင်ဘတ်က အင်္ကျီစကို ကိုင်ပြီးဝါးနေတဲ့ မိကြတ်နှာခေါင်းက ထွက်ကျလုလုနှပ်ချေးတွေကိုမြင်တော့ ကျုပ်ဖြင့်လေ အသည်းတွေယားလာပြန်ရော။ တော်ပါပြီ။ အဲဒီနှပ်ချေးထူမလေးကိုလည်း မိတူးပဲ ဆက်ညှစ်ပေးလိမ့်မယ်။ 

      ကျုပ်က စက်ဘီးနောက်ခုံမှာ ထိုင်လိုက်ရတော့ "မြန်မြန်သာ သွားပါတော့ ဦးကြီးရေ..."လို့ ပြောလိုက်တယ်။စက်ဘီးကြီးရွေ့သွားတော့ ကျုပ်ရင်ထဲ သိမ့်ခနဲ ဖြစ်သွားတာ။  ခဏတော့ ကြောက်ကြောက်နဲ့ ဦးကြီးခါးကို ဖက်ထားမိသေးတယ်။ နောက်ကို ပြန်လှည့်ကြည့်တော့ အမိုးတို့က ရုန်းရင်းဆန်ခတ်နဲ့ ကျုပ်တို့နောက်လိုက်ကြည့်ကြတာပေါ့။ မိတူးငိုတာမြင်တော့ နဂိုကမှ  ရယ်ချင်နေတဲ့ကျုပ်က သူ့ကိုကြည့်ပြီး တဟားဟား ရယ်ပစ်လိုက်တယ်။ 

    "ငစွတ်...နင်တကယ်လိုက်သွားတော့မှာပေါ့ ဟုတ်လား..."  သူ့အသံကို အစွမ်းကုန်ထုတ်ပြီး ကျုပ်ကို လှမ်းမေးတာ။ ကျုပ်လည်း အားပါပါနဲ့ "အေး လိုက်သွားမှာ ငါ ထမင်းနပ်မှန်အောင်စားချင်တယ်၊ ကျောင်းလည်းတက်ချင်တယ်ဟဆိုပြီး ​ပြန်အော်ပြောလိုက်တယ်။ အဲဒီလိုပြောမှ အမိုးက ငိုပါလေရော။ ငိုရင်းက...

      "အမိုးစိတ်ချမယ်နော် ငစွတ်၊ လိမ်လိမ်မာမာနေ၊ ဦးကြီးပြောစကား နားထောင် ဖိုးခွားရေ့"တဲ့။  

      "သွားပြီဗျို့....သွားပြီ"

ကျုပ် တအားအော်လိုက်ပြီး နောက်မကြည့်ဘဲ လက်ရမ်းပြလိုက်တယ်။ 

        အမိုးတို့ ဘာပြောပြော ကျုပ်ကတော့ ဂရုစိုက်မနေတော့ပါဘူး။ ဦးကြီးနင်းတဲ့ စက်ဘီး အရသာကို ခံစားရင်းကျုပ် ထွက်လိုက်ရတဲ့ ကျောင်းဆိုတာကြီးကို စိတ်ကူးနဲ့ ​ ပြန်တက်ကြည့်နေမိပြီ။ ပျော်စရာ ကောင်းလိုက်ပါပေရဲ့........ 


(


       "ကဲ ငစွတ်။ ဦးကြီးတို့အိမ်က သင်္ဘောစီးပြီး သွားရဦးမှာ၊ ဒီတော့ ဟောဟိုက သင်္ဘောပေါ် တက်ကြရအောင်ကွာ"

      ကြည့်စမ်း ကျုပ်ရဲ့ကံဇာတာတွေတက်လာလိုက်ပုံများတော့ တစ်ခါမှမမြင်ဖူး၊ မစီးဖူးတဲ့  သင်္ဘောဆိုတာကြီးကိုစီးရဦးမှာတဲ့။ ကျုပ် တအားကိုပျော်သွားတယ်။ ရင်ဘတ်ထဲကလည်း တထိတ်ထိတ်နဲ့ခုန်လို့။ ကျုပ်ခုလို သင်္ဘောကြီးပေါ်မှာ မိန့်မိန့်ကြီး ထိုင်စီးရတာကို အမိုးနဲ့အပါး၊

မိတူးနဲ့ ကျုပ်ညီတွေ ညီမတွေကို မြင်စမ်းစေချင်ပါဘိ။ အိမ်ကနေထွက်လာကတည်းကိုက စိတ်လွတ်လပ်ပျော်နေရတဲ့ကျုပ်၊ ခုတော့ အစွမ်းကုန်ကိုပျော်နေတာ။ ငစွတ် သင်္ဘောစီးဖူးပြီတွေ့လားဆိုပြီး စိတ်ထဲကနေ ဂုဏ်ယူပြစ်လိုက်သေးတယ်။ 

      ပေါ်..ပေါ်..."

       သင်္ဘောကြီးက တပေါ်ပေါ်အော်ရင်း ကမ်းကထွက်တာ တဖြည်းဖြည်းမြန်လာပြီ။ 

       "ဟော......သွားတယ်ဗျို့  သွားတယ် ....သွားတယ်  "

       ကျုပ် တအားအော်လိုက်ပြီး အပြင်ဘက်ကို မျက်နှာလှည့်လိုက်တယ်။ သင်္ဘောဘေး လာလာတိုက်တဲ့ရေတွေကိုကြည့်ပြီး  လက်ခုပ်လက်ဝါးတီးတော့ ဦးကြီးက ကျုပ်ကိုဆူတာပေါ့........

        "ငစွတ်။ ငြိမ်ငြိမ်ထိုင်နေစမ်း  ဒါ မင့်အိမ်က ကြူဖျာစုတ်ပေါ်ရောက်နေတာ မဟုတ်ဘူး။  အလကား ကမြင်းကြောဆွဲမနေနဲ့။ ရေထဲပြုတ်ကျရင် သေမှာ ၊ဒါ မြစ်ကြီးကွ "တဲ့။ ကျုပ်လည်း ဦးကြီးဘေးမှာ ပြန်ထိုင်ချပြီး အသာငြိမ်နေလိုက်တယ်။ ဘာကြာလို့လဲ  ရေပေါ်ပြေးနေတဲ့ သင်္ဘောကြီးရဲ့ တငြိမ့်ငြိမ့်အရသာကြောင့်ပဲ ကျုပ် မျက်လုံးတွေ မဖွင့်ချင်လောက်အောင် မှေးစင်းသွားတော့တယ်......


(


      "တော်ကလည်း သွားတာကြာလိုက်တာ   အိမ်မှာအလုပ်တွေမနိုင်တာ သိသိကြီးနဲ့"

       သွပ်မိုးပြင်ထောင်အိမ်ကြီးနဲ့ နွားတင်းကုတ်ကြီးရှိတာ ဦးကြီးတို့အိမ်တဲ့။  အိမ်ထဲက ခုံတစ်ခုံပေါ်မှာ ကျကျနနထိုင်နေတဲ့ မိန်းမကြီးက မျက်နှာကြီးသုံမှုံပြီး ဦးကြီးကို ခရီးရောက်မဆိုက်ပြောတော့ ဦးကြီးက ကျုပ်ကို မေးငေါ့ပြရင်း.....

       "အဲဒါအသာထား၊ ဒီမှာဖြင့် မောလာရတဲ့အထဲ၊ ဒီကောင်ကို အရင်ရှင်းမှ၊ ငါ့မှာ တစ်လမ်းလုံး မနည်းအောင့်အည်းလာရတယ်။ အဲဒီမှာကြည့်ပါဦး ခေါင်းက ဆံပင်က  ညှင်းသိုးသိုး၊ အနာတွေနဲ့ နံစော်နေတာပဲ။ ကတုံးတုံးပေးလိုက် "

        ဦးကြီးစကားကြောင့်  မိန်းမကြီးက ကျုပ်အင်္ကျီစကိုဆွဲပြီး ကတုံးတုံးဖို့ လုပ်တယ်။ ကျုပ်ကိုယ်လုံးလေးကလည်း သူ့လက်ထဲ တရွတ်တိုက်လို့။

      "ဟဲ့ နင် ရေကူးတတ်သလား"

       "မကူးတတ်ရိုးလား၊ ဒီကောင်တွေက ဒင်တွေ၊ ရေငုပ်ကျွမ်းတယ်။ သူတို့က ချောင်းကြိုချောင်းကြား ငါးဖားရှာစားနေတဲ့ လူတွေ"

      "သြော်..ရေပေါလို့သာပဲတော်၊ အဝတ်စားတွေက ဂျေးကိုအကွက်လိုက်၊ ဆံပင်တွေက တစ်ခါမှ လျှော်ပုံလည်းမရဘူး၊ ဘုတ်သိုက်ကြီး။ အနာတွေကလည်း အရည်ကိုထွက်လို့..."

      နှာခေါင်းကိုရှုံ့ မျက်နှာကိုမဲ့ပြီး ကျုပ်ခေါင်းကို သူကရိပ်နေသလို နာလွန်းလို့ အောင့်အည်းခံနေရတဲ့ ကျုပ်မှာလည်း မျက်ရည်စက်လက်နဲ့။

     

(


      ကျုပ် ဒီကိုရောက်လာတာ သုံးလတောင်ကျော်လာပြီ။ ကျောင်းတွေပြန်ဖွင့်တာက တစ်လလောက်ရှိပြီ။ ခုချိန်ထိဦးကြီးက ကျုပ်ကို ကျောင်းတက်ဖို့ မပြောသေးဘူး။ စရောက်ကတည်းက နေ့မအား ညမနားနဲ့ အလုပ်တွေကူလိုက်ရတာ။ ကျုပ်အရပ်ကလေးနဲ့ ပူပူလောလော ထမင်းတောင်းကြီးထမ်းပြီး အိမ်ကနေ လယ်ထဲကို မနိုင်မနင်းသယ်ပေးရတာ သိပ်ပင်ပန်းတာပဲ။ နွားကျောင်းသိမ်းချိန် ခဏထိုင်ရမလားမှတ်တယ် ဦးကြီးသားရဲ့ မုန့်ဟင်းခါးစက်ထဲမှာ ဖွဲသယ်လိုက်၊ မီးဆွဲပေးလိုက်၊ မုန်ကြိတ်ပေးလိုက်နဲ့  တောက်တိုမယ်ရတွေ လုပ်ရသေးတယ်။ ပြီးလို့ရင်လည်းစျေးဝယ်ဘာညာကလည်း ကူရသေးတယ်။ 


ညနေစောင်းဆိုရင် ကြိတ်ပြီးသားမုန့်ရည်တွေကို ပိတ်စအိတ်ကြီးတွေထဲ ထည့်ပြီး အပေါ်ကနေ ကျောက်တုံးကြီးတွေဖိရပြန်ရော။ မနက်လင်းလို့ အဲဒီမုန့်အိတ်တွေ ရေစစ်သွားပြီဆိုရင် ဒန်အိုးကြီးတွေထဲမှာ မုန့်အတုံးတွေကို လက်နဲ့ ခွဲပြီး ကျေအောင်ချေပေးရတယ်။ ပြီးပြီဆိုရင် နားရတယ်မထင်နဲ့။ မီးဖိုပေါ်မှာ တင်ထားတဲ့ ဒယ်အိုးကြီးထဲက ရေတွေဆူလာအောင်လို့ မီးဖိုဝမှာနေပြီး စပါးခွံထည့် မီးထိုင်ဆွဲနေရတာ လွယ်လှတာမဟုတ်ဘူး။ မီးကခိုး ပူကလည်းပူနဲ့။ ထမင်းဆာလို့ ဆာတဲ့အချိန် မစားရဘူး။ ဦးကြီးချွေးမက သွားစားဆိုမှစားရတာ။ ဒါတောင် တစ်ခါတလေ မုန့်လာယူတဲ့ လူက ကြုံရင်ကြုံသလို မီးဖိုထဲဝင် ထမင်းစားကြတော့ ကျုပ်အလှည့်ဆိုရင် ချိုးနဲ့ ငပိရည်ပဲကျန်တာ။ဆာတော့လည်း စားရတာပဲ။ အိမ်မှာ ထမင်းရည်မျှသောက်ရတာထက်တော့ သာသေးတယ်ဆိုပြီး စိတ်​​ဖြေရင်းပေါ့ 


(


ခုတလော ကျုပ် နေရတာမပျော်ဘူး။ ညဘက်အိပ်ရင် ကျုပ်တစ်ကိုယ်လုံး နာကျင်နေတာပဲ။ ရောက်စက ဦးကြီးတို့အိမ်မှာ အိပ်ရတော့ ဦးကြီးက ခြင်ထောင်စုတ်ကလေးနဲ့ ပေးအိပ်တာ ခြင်သိပ်အကိုက်မခံရဘူး။ ခုကျတော့ ဦးကြီးချွေးမက ကျုပ်ကို စက်ရုံထဲမှာ အိပ်ခိုင်းတယ်။ ခြင်ထောင်ကလည်း အပြဲတွေနဲ့ မလုံ။ ညညဆို ခြင်တွေ သိပ်ကိုက်တာပဲ။ ခြင်ကိုက်ရင် အမိုးနဲ့အပါးကို ပိုသတိရတယ်။အပေါက်အပြဲတွေနဲ့ မဲညစ်နေတဲ့ ဇာခြင်ထောင်ကြီးထဲမှာကျုပ်တို့မောင်နှမတွေ အိပ်နေရင် ခြင်မကိုက်အောင် အမိုးနဲ့အပါးက ပုဆိုးစုတ်တစ်ထည်နဲ့ တလှည့်စီ ရမ်းပေးတာ။ 


  ခု ကျုပ်တစ်ကိုယ်လုံးက ပူလာပြီး ချွေးပြန်လိုက်၊ အေးစက်ပြီး ချမ်းတုန်လာလိုက်နဲ့။ ဒီလိုဖြစ်နေတာ တပတ်ကျော်လောက်ရှိပြီ။ ခုဆို ခေါင်းလည်းမထူချင်သလို မျက်လုံးကလည်း မဖွင့်ချင်ဘူး။ ပိုဆိုးတာကမေ့မေ့ပျောက်ပျောက်လုပ်ခဲ့တဲ့ ကျုပ်ညီတွေ ညီမနဲ့ အမိုးနဲ့အပါးကို သတိရတာပဲ။ ညည လူမသိအောင် ငိုရတာလည်း ပင်ပန်းလှပြီ။ ခုဆို တနေရာရာမှာ ငြိမ်ငြိမ်လေး ခွေနေလိုက်ချင်တာ။ တကယ်တော့ ကျုပ် ပေပြီးနေပါသေးတယ်။ ခု မပေနိုင်တော့တာကြောင့် ဘယ်သူမှ မသိခင် ဒီသစ်ပင်နောက်မှာ မှီထိုင်နေတာ။ 


"ဟဲ့ ကလေး ......ဒီနားလာစမ်း....... မင်း ဖေသိန်းတို့အိမ်က ကောင်လေးမဟုတ်လား။ နေပါဦး မင့်နာမည်က ဘယ်သူ... "

      "ငစွတ်"

      "ငစွတ်  အေးအေးငစွတ်  မင်း ဒီသစ်ပင်ရင်းမှာ ဘာထိုင်လုပ်နေတာလဲ မင့်ကြည့်ရတာ စိတ်မပျော်ဘူးထင်တယ် " 

      "အင်း....ဟုတ်တယ်၊ ကျုပ် ရွာကိုပြန်ချင်လို့ " 

 ကျုပ်အသံက ငိုသံပါသွားပြီးနောက် မျက်ရည်လည်း အလိုလိုကျမိသွားတယ်။ ဒါနဲ့ ရင်ဘတ်ကအင်္ကျီစကို ဆွဲယူပြီး သုတ်လိုက်တယ်။

      "အို........ကျုပ်ကျုပ်နဲ့ ပြောနေတာ နားထောင်လို့မကောင်းပါဘူးကွယ်။ ဒါနဲ့ မင့်အသက် ဘယ်လောက်ရှိပြီလဲ"

     "အပါးပြောတာ ရှစ်နှစ်ရှိပြီတဲ့"

     "ရှစ်နှစ်လား၊ ဒါဆို အငယ်လေးပဲ ရှိသေးတာ။ မင်းက ကရင်လူမျိုးပေါ့။ နောက်ဆို ကျုပ်.....ကျုပ်နဲ့ မပြောနဲ့နော်  သားကလို့ ပြောနော် ကြားလား"


ကျုပ် ကြောင်ပြီးကြည့်နေမိတယ်။ သားကတဲ့  အို...ကျုပ်တစ်ခါဖူးမှ အဲဒီလိုမပြောဖူးပါဘူး။ "သားကစိတ်ထဲမှာတိုးတိုးလေး ရွတ်ကြည့်မိသည်။ တစ်မျိုးကြီးပဲ။ ကျုပ် မပြောတတ်ဘူး။ ပြောလည်း မပြောချင်ဘူး။ ပြုံးကြည့်နေတဲ့ အဘွားကြီးကို မအီမလည် ပြန်ကြည့်မိတယ်။ အဘွားကြီးက အိမ်တစ်အိမ်ကို လက်ညိုးထိုးပြပြီး အဲတာသူ့အိမ်လို့ပြောတယ်။  မုန့်ထုပ်တစ်ထုပ်ကို ကျုပ်လက်ထဲ ထည့်ပေးပြီး... "မင်း အားတဲ့အခါ အဖွားအိမ်ကို လာလည် " တဲ့။ကျုပ် ဘာမှပြန်မပြောဘဲ မျက်လုံးမှိတ်ပြီး သစ်ပင်ကို ပြန်မှီလိုက်တယ်။


"မင်းကလည်း အဲဒီမုန့်ဟင်းခါးစက်မှာ အလုပ်လာလုပ်တာပဲလား " 

         ဒီတစ်ခါ အဘွားကြီးက သူ့ခါးကို အသာကုန်းပြီး ကျုပ်ကို ခပ်တိုးတိုးလေးမေးတယ်။

     မဟုတ်ဘူး။ ဦးကြီးက ကျုပ်ကို သနားလို့တဲ့ ကျောင်းထားပေးဖို့ ခေါ်လာတာ "

     "ဟေ... သူတို့က မင့်ကို ကျောင်းထားပေးမယ် ဟုတ်စ "

      ကျုပ် ခေါင်းညိတ်ပြလိုက်တော့ အဘွားကြီးက ရုတ်တရက် ရယ်တယ်။ ပြီးမှ စုတ်တစ်ချက်သပ်ပြီး အဖြူနဲ့အမည်းရောနေတဲ့ သူ့ခေါင်းက ဆံပင်တွေကို ပုံပျက်အောင်  ခါလိုက်ပြန်တယ်။ 


"ခု မင်း ကျောင်းမတက်ရဘူးမဟုတ်လား "


ကျုပ် ဝမ်းနည်းသွားတယ်။ ပြီးတော့...ခေါင်းကို ငုံ့ထားလိုက်မိတယ်။ ငုံ့မိတဲ့ ခေါင်းကိုပဲ ညိတ်ပြလိုက်ပြီး....


"ကျုပ် ကျောင်းလည်းမတက်ချင်တော့ဘူး။ အိမ်ကိုပဲ ပြန်ချင်တယ်။ ကျုပ် အိမ်ကိုပြန်ချင်တယ်... အမိုးနဲ့အပါးကိုသတိရတယ်။ ကျုပ် ညီနဲ့ ညီမတွေကိုရော၊ပြီးတော့ မိတူးကိုရော သတိရတယ်။ အီး ဟီးဟီး... "


ကျုပ် ပြောရင်း မထိန်းနိုင်တော့လို့ ငိုလိုက်မိတယ်။ 


(


"ဟဲ့ငစွတ် ထစမ်း။ အမလေးလေး... ဘယ်အချိန်ရှိနေပြီလဲ  ထတော့ ဟိုမှာ နင့်အစ်ကိုက မီးမွှေးပြီးနေပြီ။ မီးသွားဆွဲပေးဦး "


ဦးကြီးချွေးမရဲ့ ခေါ်နှိုးသံ။ ကြားနေပေမယ့် ကျုပ် မျက်လုံးတွေကမဖွင့်ချင်ဘူး။ လူကလည်း နုံးချိချိနဲ့။ ဒါပေမယ့်လည်း အားယူပြီး ကုန်းထလိုက်တယ်။ ,ပြီးပေမယ့် မလှုပ်ချင်တာကြောင့် ငြိမ်နေတော့ ဦးကြီးချွေးမက ဒေါသသံကြီးနဲ့ ထပ် အော်တော့တယ်။


"ဟဲ့ ငစွတ်  ငါ ခေါ်နေတာ နင်နားကန်းနေလို့လား  ဘယ်လိုဟာတုန်းဟယ်။ မထုံတက်တေးနဲ့။ သွား မျက်နှာသစ် ။အလုပ်တွေအများကြီး။ ငိုင်မနေနဲ့ "


"ကျုပ်....ကျုပ် အိမ်ပြန်ချင်တယ်။


ကျုပ်လည်း ဘာမှတွေးမနေတော့ဘဲ လွှတ်ခနဲ ပြောလိုက်မိတယ်။ တချိန်လုံး ပြောမယ်လုပ်လိုက် မရဲလို့ ပြန်ငြိမ်နေလိုက်ရဖြစ်ပြီး မထွက်ခဲ့တဲ့စကားက ခုမှ ဗုံးတစ်လုံးလို ပေါက်ကွဲထွက်သွားတော့တယ်။ ရင်ထဲပေါ့သွားသလို ရှိပေမယ့်လည်း   ကိုယ့်စိတ်နဲ့ကိုယ် အားငယ်ဝမ်းနည်းပြီး ငိုရပြန်တယ်။


 ဦးကြီးတို့က ကျုပ်ကိုပြန်မပို့ချင်။ အင်တင်တင်လုပ်နေတော့ ကျုပ်လည်း ဘာလုပ်ရမှန်းမသိ။


"အဲဒီကလေးက နေမကောင်းဖြစ်နေတာ ကြာပေါ့ဟယ်  သူ့ခမျာ မပြောရဲလို့သာ ကြိတ်ခံနေတာ။ သူပြန်ချင်တာပြန်ပို့လိုက်ရောပေါ့ဟယ် "


ဟိုအိမ်က အဘွား ကူပြောပေးပေမယ့် ခုဆို ၃ရက်တောင်ရှိပြီ။ ပြန်ရမယ် မပြောဘူး။  ကျုပ် ​ဟိုသင်္ဘောကြီးဆီကိုသွားချင်တာ။ ဦးကြီးနဲ့အတူလာတုန်းက လမ်းကို ကျုပ် မမှတ်မိတာက ခက်တာ။ခုလည်း အဖျားက တက်လိုက် ကျလိုက်နဲ့  မိုးလင်းပြီး နောက်တစ်နေ့ ကူးတော့မယ်။


"ငစွတ်  ... မင်းကို ပြန်ပို့မလို့ "


       ကြားလိုက်ရတဲ့စကားကြောင့် ကျုပ် ဆတ်ခနဲ ခေါင်းထောင်မိသွားတယ်။ ရင်ထဲမှာ တဒိန်းဒိန်းနဲ့ဖြစ်ပြီး ,ထိုင်လိုက်တော့ ကျုပ် ပြန်ရမယ်ဆိုတဲ့အသိနဲ့ ပျော်လိုက်တာ  ရက်အတန်ကြာ လေးလံနေတဲ့ ကျုပ်ခန္ဓာကိုယ်က ခုမှဖျတ်ဖျတ်လတ်လတ်  

       တစ်လမ်းလုံး တွေးလိုက် ပျော်လိုက်၊ ပြုံးလိုက်၊ မျက်ရည်ဝဲလိုက်နဲ့။ စကားလည်းမပြောနိုင်ဘူး။ အိမ်ကိုပဲ ​အမြန်ရောက်ချင်နေပြီ  အို...ကျုပ် အိမ်ကို အတော်လေး လွမ်းနေတာပဲ။

      ရွာထိပ်ကို ရောက်ရောက်ချင်း ကျုပ်တို့နေတဲ့ ဝါးတောကြီးကိုမြင်တော့ ကျုပ်ရင်ထဲက ခုန်နေပုံများ ဘကြီးမြသာတို့အိမ်က မြင်းကြီး ပြေးတဲ့အတိုင်းပဲ။  အိမ်နား ဝါးရုံစပ်ရောက်တော့...ကျုပ်ညီအငယ်ဆုံးလေးကို ရင်ခွင်ထဲထည့်ရင်း ခရုခွံထဲက အသားတွေကို စတီးဇွန်းဖင်နဲ့ ထိုးထိုးကော်နေတဲ့ အမိုးကို တွေ့တယ်။ ဘေးမှာ ပေသီးနဲ့ မိကြတ်က သင်္ဘောသီး ဝင်းရောင်တစ်စိပ်စီကို ကိုင်ပြီး စားလို့။ ကြည်စမ်း...ငပေသီး အရင်လိုပဲ ဘောင်းဘီမပါ ဖင်ပြောင်နဲ့ နှပ်ချေးက တွဲလောင်း... သူတို့လေးတွေကိုမြင်တော့  ကျုပ်ရင်ထဲ တလှပ်လှပ်။


"အမိုး.... ကျုပ်ပြန်လာပြီ...."

ကျုပ်အသံကြားတော့ အမိုးက ချာကနဲပဲ လှည့်ကြည့်တယ်။ ပြီးတော့ မျက်ရည်အဝိုင်းသားနဲ့ တွေတွေကြီးကြည့်လို့။ ကျုပ်လည်း ဦးကြီးစက်ဘီးပေါ်ကနေ ဆင်း၊ ဟိုငပေသီးနှာခေါင်းက နှပ်ချေးတွေကို ညှစ်ပေးပြီး ဂျေးထပ်နေတဲ့ ပေစုတ်စုတ် မျက်နှာလေးကို အသကုန်နမ်းပြစ်လိုက်တယ်။ 

ဒီနှပ်ချေးတွေကိုလေ ကျုပ် မညှစ်ပေးရတာ သုံးလကျော်ကြာပြီပဲ။ 

       အရှေ့ကွင်းမှာ ကန်စွန်းသွားတိုးတဲ့ အပါးနဲ့ မိညှက်ပြန်လာတော့ ညနေဖြစ်ပြီ။ ညစာကို ငရုတ်သီးဆားထောင်းရယ် ကန်စွန်းနီချဥ်ရည်ဟင်းလေးရယ် လက်ရည်တပြင်ကြီး စားရချိန် ကျုပ် မျက်ရည်တချို့ ကျမိတယ်။ 


"ဘာဖြစ်လို့လည်း ဖိုးခွား။ ငရုတ်သီးဆားထောင်းက စပ်လို့လား "


အပါးရဲ့ အမေးကို ကျုပ် ခေါင်းညိတ်ပြလိုက်လို့ အမိုးက ရေတစ်ခွက် လှမ်းပေးတယ်။ ခုမှ မျက်ရည်က ပိုကျရော။တကယ်တမ်း

ကျုပ်မျက်ရည်တွေ လာတဲ့ လမ်းအကြောင်းကို ကျုပ်ကလွဲပြီး အမိုးနဲ့အပါးကို  မသိစေတာ ပိုကောင်းပါတယ်။ 

ရေကိုမော့သောက်တော့ မြင်ကွင်းထဲမှာ မြင်ရတာက သက်ငယ်ထပ်တွေဆီက ဝါးဖတ်လေးတွေ။ ဒါက မိုးယိုလို့ ဖာထားတဲ့ အမှတ်အသားတွေပေါ့။ ဘာပဲဖြစ်ဖြစ် မိုးမလုံတဲ့ အမိုးအောက်မှာ အနွေးလိုရင် နွေးပေးမယ့် အအေးလိုရင်အေးပေမယ့် မိဘနှစ်ပါးရဲ့ ရင်ခွင်အရိပ် ရှိလို့ ကျုပ် လူရောစိတ်ရော လုံတယ်ဆိုတာ သိသွားပြီ။ ဒီအသိနဲ့  ကျုပ်ဘယ်တော့မှ သိမ်ငယ်မှာ မဟုတ်တော့ပါဘူး.... 


#အိမ်

 #သခင်{ဇလွန်မြေ}

#BookHouse Fb Page

No comments

Powered by Blogger.