မိတဆိုးရှင်ပြု (ဦးဖိုးကျား) - တမာသားလေးမှတ်စု

မိတဆိုးရှင်ပြု (ဦးဖိုးကျား)


 လွန်ခဲ့သော ၃ နှစ်လောက်က ရန်ကုန်ပြည် မီးရထားလမ်းရှိ လက်ပံတန်းမြို့သို့ ကျောင်းစစ်ရောက်၏။

ထိုမြို့အမျိုးသားကျောင်း၊ ကျောင်းအုပ်ကြီးမှာ ဦးစံရွှေ ဖြစ်၍ လွန်ခဲ့ သော ၁၂၈၂ ခုနှစ် သပိတ်မှောက်စက ပါရင်းစွဲသပိတ်မှောက်

ကျောင်းသား ဟောင်းဖြစ်၏။ လက်ပံတန်းမြို့ အမျိုးသားကျောင်းတွင် ၁၇ နှစ်လုံး လူ၊ စိတ်၊ ငွေ အပင်ပန်းအနစ်နာခံ၍ဆောင်ရွက်ပြီးနောက် ၁၂၉၉ ခုနှစ်ကုန်ခါနီးတွင်မှ မိမိပြုစုပျိုးထောင်ခဲ့သော အမျိုးသားကျောင်းကြီးကို လည်းကောင်း၊ သားမယား အရင်းအချာတို့ကိုလည်းကောင်း၊ ကျွန်ုပ်တို့ မိတ်ဆွေရင်းချာတို့ကိုလည်းကောင်း စွန့်ပစ်ကာ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်လေသတည်း။ ကောင်းမွန်ရာသို့ ရောက်၍ ကိုယ်စိတ်နှစ်ပါးချမ်းသာပါစေသော်။


ဆိုခဲ့သော ၃ နှစ်က ကျွန်ုပ်၊ ဦးစံရွှေ၊ ဆရာတစ်ယောက်၊ ကျောင်းသား ၅ ယောက်၊ ပေါင်း ၈ ယောက်လူတစ်စုသည် မြို့အရှေ့ဘက်ဆီ၌ရှိသော တောင်ခြေသို့လှည်းနှင့် အလည်အပတ်သွားရောက်ကြ၏။ တောင်ခြေရွာ ကလေးတစ်ခုဖြစ်သော ကျွဲခြံရွာသို့ရောက်ရှိပြီး သူကြီးဦးလှဖေ၏အိမ်တွင် စတည်းချကြ၏။


လည်ပတ်ချက်ပြုတ် စားသောက်နေကြ၍ တစ်ညအိပ်ပြီးနောက် ညနေတွင်မလှမ်းမကမ်းရွာငယ်တစ်ခုမှ ဗြောသံကြားရသဖြင့် မေးမြန်းကြည့်ရာ တစ်ခေါ်သာသာလောက်ဝေးသော ဖိုးဝိုင်းအစုခေါ် ရွာငယ်ကလေးမှ ကိုထွန်းကျော်၏သား ရှင်ပြုအလှူ ဖြစ်ကြောင်းကြားသိရ၏။


ကျွန်ုပ်သည်ဗြောသံကို နှစ်သက်ကြည်ညိုရင်းရှိသည့်ပြင် တောရွာ ရှင်ပြုသို့လည်းရောက်လိုသည်နှင့် ဦးစံရွှေနှင့် တိုင်ပင်ကာ ကျွန်ုပ်တို့ သုံးလေးယောက် လျှောက်လာခဲ့ကြ၏။


ဖိုးဝိုင်းအစုမှာ ကျွဲခြံသူကြီးအပိုင် ကျွဲခြံရွာမှခွဲနေသော ခြောက်အိမ် ခုနစ်အိမ်မျှရှိသည့် အိမ်စုကလေးဖြစ်၏။ ထိုအိမ်စု တွင် အကြီးအမှူးဟု အသိအမှတ်ပြုသော ဆယ်အိမ်ခေါင်း ဦးဝိုင်းကိုအစွဲပြု၍ ‘ဖိုးဝိုင်းအစု’ ဟု ခေါ်ခြင်းဖြစ်သည်။


အလှူအိမ်ဖြစ်သော ကိုထွန်းကျော်၏အိမ်မှာ တဲသာသာမျှရှိသော ဝါးအိမ်ငယ်ဖြစ်၍ အင်ဖက်မိုး၊ အင်ဖက်ကာ၊ ဝါးခင်းဖြစ်၏။


ဘုံပြာသာဒ်၊ မုခ်တို့ဖြင့် အဆန်းတကြယ် တန်ဆာဆင်အပ်သော မဏ္ဍပ် မလိုချေ။ အိမ်ရှေ့နှင့်အိမ်ဘေးရှိ သစ်ပင်ကြီးတို့သည် ဓမ္မတာအလျောက်ပေါ် ပေါက်၍နေသော မဏ္ဍပ်များဖြစ်ပေ၏။


အိမ်ရှေ့ခေါင်းရင်းဘက် သရက်ပင်အောက်တွင်ချူချာသော သစ်သား ခုတင်ဟောင်းတစ်ခုချထားပြီးလျှင် ခုတင်ပေါ်၌ နှီးကြောဖျာ တစ်ပတ်နွမ်းထောင့် စုတ်ခင်းရ၏။ ဟိုရှေးကထုံးစံအတိုင်း ပရိက္ခရာ တစ်ပွဲ၊ ကွမ်းတောင်တစ်ခု၊ ကန်တော့ပွဲတစ်ခု၊ သပြေရွက်၊ အုန်းရွက်နှင့် တောပန်းတစ်ခက်နှစ်ခက်စိုက်ထား သော ပရိတ်အိုးတစ်ခုတို့ကိုထား၏။


ရှင်လောင်းမှာ ၁၁ နှစ် ၁၂ နှစ်သားလောက်ရှိမည်ထင်သည်။ မြေ၊ ရေ၊ လေ၊ မီး၊ ဓာတ်ကြီးလေးပါးနှင့် သမလျက် ကျွဲကျောင်းသား၊ နွားကျောင်းသား ဖြစ်၍ ကိုယ်လုံး ကိုယ်ဖန်ကောင်း၏။ လုံချည်ကိုတိုတစ်ထည်နှင့် ကြီးခဲ့ရသူဖြစ်၍ အသားမည်းညစ်၏။ အင်္ဂလိပ်ကျောင်းသားကဲ့သို့ ဗိုလ်ဆံတောက်ဖြတ်ခြင်း တို့ပတ်ရိုက်ခြင်း၊ ရေမွှေးဆွတ်ခြင်း စသည်တို့ကိုမပြုခဲ့ရ။ 


ခေါင်းတုံးပြောင်ပြောင်နှင့်ဖြစ်၏။ စွပ်ကျယ်လက်တိုနှင့် ပိတ်လုံချည်အဖြူကို ဝတ်ဆင်ထားသဖြင့် ဖိုးသူတော်အငယ်စားပင်ဖြစ်၏။ ချည်မျှင်စလွယ်တစ်ခုသာ ဖိုးသူတော်ထက်သာလေသည်။


အဆိုပါ “ခုတင်ကြမ်းပေါက်၊ သုံးချောင်းထောက် 'အပေါ်၊ နှီးကြောဖျာ ထက်တွင် အကြင်ရှင်လောင်းသည် တင်ပျဉ်ခွေလိုက်ဒူးတုပ်လိုက်၊ ဆောင့်ကြောင့်ထိုင်လိုက်၊ ဟိုကြည့်လိုက်၊ သည်ကြည့်လိုက်နှင့် အချိန်ကုန်လွန် စေ၏။ မိမိမွေးပြီးစခုနစ်ရက်လောက်၌ ကင်ပွန်းတပ်သော ပထမမင်္ဂလာ၊ နောက်ယခုရှင်ပြု မင်္ဂလာကြီးသည် ဤရှင်လောင်းငပုအတွက် ဒုတိယမင်္ဂလာကြီး ဖြစ်၏။ သီးသန့်ထားသော နေရာအမြင့်အမြတ်တွင် မိမိတစ်ဦးတည်း အဝတ်သစ်အစားသစ်နှင့် ထိုင်နေရသည့်အပြင် လူအများ ဝိုင်း၍ကြည့်ရသော လူတစ်ယောက်ဖြစ်လာသည့်အနေဖြင့် ငပုသည် အလွန်နှစ်သက်ဝမ်းမြောက်ပုံ လည်းရ၏။ စိတ်ကြွမြောက်နေပုံလည်းရ၏။


ကျွဲနွားကျောင်းဖက်၊ ကျည်းသားရိုက်ဖက်၊ ငှက်ပစ်ဖက်၊ ငါးရှာ ဖက်လည်းဖြစ်ကြသော ခေါင်းတုံး၊ ရောင်ထုံး၊ ဗိုက်ပူ၊ ရင်ကော့နှင့် အကွက် မပေါ်သော ချည်လုံ ချည်ထည်ချင်းဖြင့် တန်ဆာဆင်ခြင်းလည်း ရှိထသော၊ နှပ်ကြောင်း၊ ကြေးကြောင်း၊ ကြေးကွက်တို့နှင့် မက်ဖွယ်၊ ချစ်ဖွယ်၊ နှစ်သက်ဖွယ် လည်းဖြစ်ထသော ထိုထိုငယ်ပေါင်း သူငယ်ချင်း ကောင်းများဖြစ်ကြသော ငချစ်၊ ငတေ၊ ငရွှေ၊ ငခွေး၊ ငအေး၊ ထွန်းပေါ်၊ ငကျော်စသောလူတစ်စုသည် ရှင်ပြုမည့်လူထူးကို အဖူးအမြော်၊ အပျော် အပြက်၊ ဝိုင်းလျက်တသောသော၊ အာလာပ သလ္လာပပြောဟော၍ နေကြလေသတည်း။


မိန်းမသူငယ်ချင်းများလည်း ရှိကြသေးတမုံ့၊ ၎င်းတို့ အနက် သွက်လက် သော မိပန်းသည် နားခမ်းပြတ်လုံချည်၊ တစ်ထည်သော ဖျင်အင်္ကျီနှင့် ထိုငချစ်၊ ငတေစသော ယောက်ျားကလေးတို့ကို တိုးဝှေ့ဖယ်ရှား၍ အနားသို့ကပ် ရောက်ကာ-


“ငပုရယ်၊ နင်တော့ ကိုရင်ဖြစ်ရင်၊ ညနေမှာထမင်း သိပ်ဆာမှာပဲနော်” 


'အောင်မယ် မိပန်းရယ်၊ ငါအကျင့်လုပ် ထားပါတယ်ကွယ်။ မဆာပါဘူး။ ဆာရင်လဲလေ၊ ထန်းလျက်တို့ သကြားတို့စားရတယ်တဲ့ခင်ဗျ။' 


'အေး အေး၊ ဆာရင်လည်းအောင့်ထားတာပေါ့ကွယ်။ နင် လူထွက် တော့လေငါလာကြိုမယ်နော်။ တို့အိမ်မှာ ထမင်းစားသိလား။ ပြီးတော့ တို့နွားကျောင်း တဲ့ထိန်အင်းထဲကို သွားလည်ရအောင်နော် … နော်။”


“အေးပါကွယ်၊ လည်တာပေါ့။” 


ထိုအခါ ငခွေးကပင်စ၍ ‘ဟေ့မိပန်း၊ နင်တို့နှစ်ယောက်တည်းလား။တို့ကောမလိုက်ရဘူးလား။” 


“ဟာ၊ လိုက်ရတာပေါ့ကွဲ့။ အကုန်လုံးသွားရင်သာတောင် ပျော်သေးတာပေါ့။”


ငတေ။ ။ 'အမယ် … ၊ နင်ကတို့ကို လိုက်စေချင်မှာ မဟုတ်ပါဘူး”ဟု ရယ်၍ပြောလေ၏။ 


မိပန်း။ ။ 'ဟေ့ … ၊ငတေဘာပြောတာလဲ။ နင်ပြောင် စရာလား။ ဘာမှတ်လို့လဲ ဆို၍ ငတေ့အနားသို့ လက်သီးဆုပ်၍ ကပ်သွားလေ၏။


ငတေကားနောက်သို့ယို့သွားပြီး ‘ကျီစားတာပါကွယ်၊ မိပန်းကလဲ စိတ်ချည်းပဲ။”


“ဒီလိုမကျီစားရဘူး။ နောက်တစ်ခါပြောရင်တော့ နားရွက်ကိုဆွဲပြီး အရွှေ့ခံရမယ်သိရဲ့လား။”


မိပန်းစသော သူငယ်မတို့မှာ ယောက်ျားကလေးများနှင့် အနေအစား အခွင့်တူ၊ တန်းတူဖြစ်ကြ၍ ရဲရင့်သန်မာကြ၏။ အပြေးအလွှား၊ အခုန်အကျော်၊ ထုပ်ဆီးတမ်း၊ ဖန်ခုန်တမ်းတို့မှာလည်းစွမ်းကြ၏။ တစ်ခါ တစ်ခါ ယောက်ျား ကလေးများနှင့် နပန်းပင်လုံးရ၏။ မိပန်းတို့ အောက်မကျပေ။ ထွေခင်းတမ်း ကစားရာ၌ မိပန်း၏အစီးကို ထိုယောက်ျားကလေးများ မခံဖူးသူမရှိချေ။


ကျွန်ုပ်တို့ရောက်လျှင် ညနေ ၅ နာရီလောက်၌ မိဆိုင် ဖဆိုင်နတ်များကို ကန်တော့ရန်ဟု အိမ်ရှေ့ကုက္ကိုပင်ကြီး အောက်တွင် ကျူထရံဖျာ တစ်ချပ်နှင့် ကန်တော့ပွဲတစ်ခုထား၏။ရှင်လောင်းက ရှေ့ထိုင်၍ရှိခိုးနေ၏။ အဖလုပ်သူက ဘေးနားကထိုင်ကာ လက်ယှက်နေ၏။


ရှင်လောင်းအဖ ကိုထွန်းကျော်သည်ကား ၃၅ နှစ်ကျော်လောက် ရှိမည်ထင်သည်။ တောသား၊ လုပ်စားကိုင်စားဖြစ်၍ တုတ်ခိုင်သန်မာ၏။ ပုံကြမ်း ၏။ အသားမည်းညို၏။ သားရှင်ပြု အလှူတော်ကြီးတွင် ဝတ်စားရန်ဟု မနေ့ တစ်နေ့ကမှ လက်ပံတန်းဈေးက တစ်ကျပ်မူးတင်းနှင့် ဝယ်ခဲ့သော အနီရောင် လုံချည် အသစ်စက်စက်ကိုဝတ်ထား၏။ ကော်မကျိုးသေး၍ ပွယောင်းကာ ထောင့်ဆွဲပြီးလျှင် မညီမညွတ်အမျိုး မကျဖြစ်ရ၏။ အင်္ကျီမှာ ငါးပဲတန်အပါးစား စွပ်ကျယ်ဖြစ်၍ ကြီးမားသောကိုယ်နှင့် မလိုက်၊ တင်းကျပ်ကာ အင်္ကျီလက်မှာ လက်မောင်းရင်းသို့ကပ်နေ၏။ အင်္ကျီပါးလေသဖြင့်အတွင်းက မည်းညိုသော အသားရောင်ကို လုံးဝပျောက်ကွယ်အောင်ဖုံးအုပ်ခြင်းငှာမစွမ်းချေ။ ခေါင်းတုံး ပြောင်ပြောင်တွင် တစ်ပတ်နွမ်း မျက်နှာသုတ် ပဝါကိုပတ်ပေါင်းထား၏။


ဤသို့နတ်ကန်တော့ရန် ထိုင်နေကြစဉ် အမိကိုမမြင်၍ မေးမြန်းကြည့်ရာ လွန်ခဲ့သောနှစ်က သေဆုံးသွားကြောင်း၊ မိတဆိုးဖြစ်ကြောင်း သိရသောအခါ ကျွန်ုပ်တို့ဝမ်းနည်းကြရကုန်၏။


ကန်တော့ကြမည်ဟု ဦးချသောအခါ အိမ်ခြေရင်းဘက်ကျကျ ကြို့ပင်အောက်မှ ဗြောဆရာတို့က နတ်ဒိုးတီး၍ ပေးလိုက်ကြလေ၏။ နတ်ဒိုးသံ သည် စိတ်ကိုအလွန်ထိခိုက် လှုပ်ရှားသွားစေနိုင်သည်။ ကျွန်ုပ်တို့ ယောက်ျားများ ပင် ရိုးရိုးရွရွ တုန်လှုပ်လာကာ လွမ်းသလိုလို၊ ကြောက်သလိုလို ကြက်သီးများပင် ထ၍ စိတ်တို့သည် ချောက်ချားလွင့်မြောက် ရှိကြရကုန်၏။ မိန်းမတို့ကား ဆိုဖွယ်ရာမရှိ။ လူစိတ်ပျောက် သွားလောက်အောင်နတ်ဝင်ကြသည်ဆိုသည်မှာဟုတ်တန်စရာရှိ၏။ 


ဤသို့ နတ်ဒိုးတီးပေးစဉ် ကန်တော့သောအခါ ကိုထွန်းကျော်သည်မိဘမစုံ မိတဆိုးဖြစ်ရှာသော သားငယ်ရှင်လောင်းကိုကြည့်၍ လည်းကောင်း၊သွားလေသူ မိမိ၏ဇနီး မသင်၏ နေရာကွက်လပ်ကို ကြည့်၍လည်းကောင်း၊ဝမ်းနည်းပက်လက် စိတ်လက်မသာ ဖြစ်ရရှာလေ၏။ 


ထို့ကြောင့်လည်း မျက်နှာနီလာ၍ မျက်တောင်မြန်မြန်ခတ်ကာ ခေါင်းအောက်စိုက်လိုက်သည်ကိုမြင်လိုက်ရ၏။ ကျွန်ုပ်တို့လည်း ဣန္ဒြေမဆည်နိုင်ကြကုန်။ လူ၏စိတ်ကို လှုပ်ရှားစေသော နတ်ဒိုးသံကိုလည်းကောင်း၊ မိတဆိုးမျက်နှာငယ် ရှင်လောင်းကို လည်းကောင်း၊ မျက်ရည်စက်လက်နှင့် ရှင်လောင်း၏ဖခင်ကိုလည်းကောင်း ကျွန်ုပ်တို့ကြားရမြင်ရ၊ တွေ့ရသောအခါ အသို့လျှင်စိတ်ကို ချုပ်တည်းနိုင်ကြ အံ့တော့နည်း။


ဤတွင်မပြီးသေး။ ကန်တော့ခြင်းကိစ္စပြီး၍ မကြာမီပင် ဗြောဆရာတို့က ဗြောဆက်၍တီးလိုက်ပြန်သောအခါ နတ်ဒိုးထက်ပင် ဆိုး၍သွားလေတော့၏။ ဗြောသံသည် တန်ခိုးကြီးလှ၏။ ကြည်နူးစိတ်၊ ကြည်ညိုစိတ်၊ ယိုဖိတ်စိတ် ဖြစ်ပွားစေ သည့်အပြင်လွမ်းစိတ်၊ မျှော်ခေါ်စိတ်၊ လွင့်မြောက်စိတ်တို့ကိုလည်းဖြစ်စေနိုင်၏။ ဤဗြောအတီးတွင်ကား ကိုထွန်းကျော်သည် အိမ်နောက်ဖေးသို့ ထွက်သွားကာ ရှိုက်ကြီးတငင် ပူပင်လှိုက်ဖို၊ ကြိတ်၍ ငိုရှာလေတော့သတည်း။ “မယ်သင်ရယ်၊ သားကိုရှင်ပြု ပြီးအောင်မှမစောင့်ဘူးလားကွယ်” ဟု ကျွန်ုပ်တို့ကြားလိုက်ရ၏။


သားငယ်ငပုသည်လည်း အဖနောက်သို့လိုက်ကာ အဖ၏လက်ကို ကိုင်စွဲမှီတွယ်၍ ဘယ်ဆီဘယ်လမ်း၊ ဘယ်စခန်းမှမျှော်မှန်း၍ မရနိုင်သော အမိကိုတမ်းတလျက် သားအဖနှစ်ယောက် ငိုပွဲဆင်ကြလေသတည်း။ ကျွန်ုပ်တို့လူစုလည်း ထိုသားအဖနှစ်ယောက်အနီးသို့ ရောက်မှန်းမသိရောက်သွားကာ မျက်ရည်လည်ရွဲနှင့် ဖြစ်ကြရကုန်၏။ ကိုထွန်းကျော်သည် ကျွန်ုပ်တို့ကိုပြောယောင်ယောင်ဖြင့် “မယ်သင် - သာရှိရင်တော့ဗျာ...” ဟူ၍ ဤတစ်ခွန်းကိုသာ ပြောတတ်ရှာ၏။ ဤတစ်ခွန်းကို သာ ပြောနိုင်တော့၏။


သို့ရာတွင် ဤ “မယ်သင်သာရှိရင်တော့ဗျာ” ဆိုသော စကားတစ်ခွန်း သည် အလွန်ကျယ်ဝန်းများပြားလေးနက်သော အဓိပ္ပာယ်ကိုဆောင်လေသည်။


ဤလေးလုံးလေးဖက်ယောက်ျားကြီးသည် ဖွဲ့နွဲ့ချွဲပျစ်၍ အော်ဟစ်ငို သည်မဟုတ်ဘဲ လှိုင်းထသောရင်အုံဖြင့် အတွင်းကဆူလှိုက်၍ ကြိတ်ကာ ငိုကြွေးနေသည်ကို မြင်ကြရသောအခါ မည်သူမျှစိတ်မတင်းနိုင်တော့ချေ။ ကျွန်ုပ်တို့ မိတ်ဆွေဦးစံရွှေမှာ မျက်ရည်စမ်းစမ်းနှင့် တစ်ဖက်သို့လှည့်နေ၏။ ကျွဲခြံသူကြီးသည် ခပ်လှမ်းလှမ်းသို့ လျှောက်သွားကာ မကြာမကြာနှပ်ညှစ် ရလေ၏။ ကြည့်နေသော မိန်းမကြီးငယ်တို့လည်း အင်္ကျီလက်တဘက် စသည်ဖြင့် မကြာမကြာမျက်ရည်သုတ်ကြ၏။ အဘိုးကြီးများပင် ဟိုလိုလိုသည် လိုလိုလုပ်ကာ ရှောင်ခွာသွားကြရကုန်၏။


ငတေတို့၊ ငခွေးတို့လူစုနှင့် မိပန်းတို့တစ်စုသည်လည်း မိမိတို့၏ ကစားဖက်ကို မကြည့်ရက်ကြသကဲ့သို့ မိပန်းက ခေါင်းဆောင်ကာ ငပုလက်ကို ဆွဲခေါ်၍ ရှင်လောင်းနေရာခုတင် သို့ဆောင်ယူခဲ့ကြလေသတည်း။


ကျွန်ုပ်တို့သည် ဤမိတဆိုးရှင်ပြုကို အလွန်သနားစေတနာရှိ လာကြသည်နှင့် ဦးစံရွှေနှင့်တိုင်ပင်ကာ အလှူအိမ်တွင် ညအိပ်၍ တတ်နိုင်သမျှ ကူညီရန် ဆုံးဖြတ်လိုက်ကြလေသည်။ သို့လျော်စွာ ကျွန်ုပ်တို့၏ဝန်စည်များကို ကျွဲခြံမှပြောင်းယူကာ အလှူအိမ်ရှေ့ ကုက္ကိုပင်အောက် ခြေရင်းတစ်ဝိုက်တွင် ဖျာကြမ်းလေးငါးချပ်နှင့် ကျွန်ုပ်တို့စံရာဘုံဗိမာန်ကို ဖန်ဆင်းလိုက်ကြ၏။ အလှူရှင်သည်လည်း အလွန်အားတက် အားရသွားရှာလေ၏။


နံနက်တွင်အလှူလာသူတို့အား ထမင်းကျွေးရန် ပြီးတန်သရွေ့ကို ယခုညက ပြင်ဆင်ချက်ပြုတ်ထားကြရမည်ဖြစ်ရာ ကျွန်ုပ်တို့၈စ်ယောက်သားသည်အပင့်အခေါ် မစောင့်ဘဲ အတင်းဝင်၍ ထင်းခွဲခြင်း၊ ရေခပ်ခြင်း၊ဆေးကြောခြင်း၊ ကြော်လှော်ခြင်း စသည်တို့ကိုအားတိုက် လုပ်ကိုင် သောအခါ အလှူရှင်နှင့် ရွာသားတို့သည် အားနာသမှုတားဆီးကြ၏။ သို့ရာတွင် ခေါင်းမာ သော ကျွန်ုပ်တို့ကို လက်လျှော့ကြရကုန်၏။


ထူးသည်ကား ထိုအခါ၌ ကျွန်ုပ်တို့သည် မြို့အရပ်မှ အင်္ဂလိပ် စာတတ် ပေတတ်ဖြစ်ကြောင်း၊ အင်္ဂလိပ်ကျောင်းသား၊ အင်္ဂလိပ်ကျောင်း ဆရာ၊ ကျောင်းအုပ်ကြီး၊ ပညာဝန်များဖြစ်ကြောင်းကို သူကြီးက လောကွတ်ချော်ကာ ပြောထားနှင့်လေ သည်နှင့်သိကြလေပြီ။ ထို့ကြောင့်လည်း မြို့သားအင်္ဂလိပ်စာ တတ်တို့ထင်းခွဲခြင်း၊ ရေခပ်ခြင်းစသော လက်အလုပ် အလုပ်ကြမ်းတို့ကို အဟုတ်လုပ်ကိုင်သည်ကို မြင်ရသောအခါ အလွန်အံ့ဩကြကုန်၏။ အကြောင်းသော်ကား အင်္ဂလိပ်စာတတ်သူများ လက်အလုပ်အလုပ်ကြမ်းကို လုပ်လျှင် ငရဲကြီးတတ်သည်ဟု ကြားဖူးသောကြောင့် ဖြစ်ဟန်တူလေသည်။


မနေနိုင်သောရွာသားတစ်ယောက်က “ခင်ဗျားတို့ အင်္ဂလိပ်စာတတ် မြို့သားများ၊ ထင်းခွဲ၊ ရေခပ်၊ ချက်ပြုတ်၊ ကြော်လှော်လုပ်တတ်တယ်ဆိုတာ ဒိဋ္ဌမြင်ရလို့သာယုံရတော့ တာပဲ၊ ကျုပ်ဖြင့်သိပ်အံ့ဩတာပဲ” ဟုပြောလေသည်။ ထိုအခါ ကျွန်ုပ်တို့နှစ်ယောက် စိတ်မြောက်သွားကာ ကျွန်ုပ်က “အမယ်၊ ဒါတွင်မကသေးဘူး၊ တံမြက်စည်းလည်း လှည်းတတ်ပါတယ်” ဆို၍ ဟန်ကျပန်ကျ သွက်လက်စွာလှည်း လိုက်လေသည်။


ဦးစံရွှေကြီးကလည်း အညံ့မခံဘဲ “အမယ်ကျုပ်လည်း ပန်းကန် ခွက်ယောက် ဆေးတတ်ပါသေးတယ်” ဆို၍ ခပ်မြန်မြန်နှင့် စင်စင်ကြယ်ကြယ် ဆေးပြလိုက်လေ၏။


အလှူရှင်နှင့် ရွာသူရွာသားတို့လည်း အားရပါးရ ရယ်မောကြလေသတည်း။


ညဆယ်နာရီလောက်တွင် ညဦးအလုပ်ပြီး၍ အိပ်ရာသို့ဝင်ကြ၏။ မိတဆိုးသားအဖကို တရေးရေးမြင်နေသည်နှင့် ကျွန်ုပ်ကဦးစံရွှေအား ဤသို့ စ၍ပြော၏။


“ဒီမိတဆိုးသားအဖမြင်ရတာ ကျုပ်တော့ သိပ်သနားတာပဲဗျာ။” 


“ဟုတ်တယ်ဆရာကျားရယ်၊ ကျုပ်လည်းအတော်စိတ်ခိုင် တဲ့လူပဲ။ သို့ပေမယ့် ဒီသန်သန်မာမာ ယောက်ျားကြီး လှိုက်လှိုက်လှဲလှဲနဲ့ ရိုးရိုးကြီးပူဆွေးတာ မြင်ရ တော့ ….


“အစစ်ပဲဗျာ၊ ဒီလိုမပြောတတ် မဆိုတတ်နဲ့ ရိုးရိုးကြီး နဂိုအတိုင်းပူဆွေးတာဟာ အင်မတန်စိတ်ကို ထိခိုက်စေနိုင်တယ်ဗျ။ စကားစပ်မိလို့ပြောရဦးမယ်။ ဟိုဇာတ်သမား၊ ရုပ်ရှင် သမားတွေဟာ အများအားဖြင့် ပီစီပါတာဖွဲ့နွဲ့ပြောပြီး ပျာလောင်ခတ် အလွမ်းသယ်တာများ။ အင်း …. တစ်ခါတလေရယ်တောင်ရယ်မိတယ်ဗျာ။” 


ထိုအခါ ဦးစံရွှေကပြုံး၍ “ကျုပ်လည်းသတိထားမိတယ်။ အခုရုပ်ရှင် တွေမှာအလွမ်းခန်းပြတော့ နဂိုကျအောင် မလွမ်းတတ်တော့ စာကူပေးရ တယ်ဗျာ။”


“ဘယ်လိုစာကူတာလဲဗျ”


“ဒီလိုလေအလွမ်းခန်းမှာ ဖြတ်ဖြတ်ပြီး စာထိုးပြတာ ကောဗျ။ (မင်းသား ငိုနေသည်)၊ (မင်းသမီးပူဆွေး ညှိုးငယ်နေသည်)၊ အဲဒါမျိုးတွေပေါ့ဗျာ။ ရုပ်ဟန်အမူအရာနဲ့ မလွမ်းနိုင်တော့ စာကူပေးရတာပေါ့။”


"ဩော် ဒီလိုလား။ ဒါဖြင့်စာမတတ်တဲ့သူတွေ ဘယ်မှာ ကောင်းကောင်း လွမ်းရတော့မလဲ။”


“စာမတတ်တဲ့သူလည်း မလွမ်းဘူး၊ စာတတ်သူလည်း မလွမ်းဘူး။ကျုပ်တစ်ခု ကြားဖူးတယ်။ ဟိုနာမည်ကျော် မင်းသမီးမထွေးလေးဟု သူ့ယောက်ျားကိုဖိုးကွန်းဟိုအနောက်ချောင်းမှာဆုံးတော့ ဇာတ်ထဲမှာလို ပြောဆိုဖွဲ့နွဲ့ပြီးငိုဆိုပဲဗျ။ တစ်ခန်းတစ်ခန်းအချမှာ ကွမ်းသီးဖက်ဆေးလိပ်ကြီး တစ်တောင်လောက်ကို သောက်သောက်ပြီးနားသတဲ့။ ဝတ်ဆင်လိမ်းကျံ ထား လိုက်တာကလည်းကြော့လို့တဲ့။ လူတွေ ဝိုင်းကြည့်ကြတာ ပွဲရှုံးလို့ပဲတဲ့ဗျ။” 


“နို႔…. အဲဒီလူတွေလွမ်းမသွားဘူးလား။” 


“ဟာ၊ ဘယ်ကလာပြီးလွမ်းရမှာလဲ၊ အပျော်ကြည့်ရအောင် လာတာဗျ။"


“ဪ … ခင်ဗျားလင်သေကိစ္စနဲ့စပ်လို့ ကျုပ်ကြားဖူးတာရှိသေးတယ် "


“ဘယ်လိုဟာများလဲ၊ ပြောစမ်းပါဦးဗျာ။”


 “ဒီလိုဗျ၊ ဥပမာ လင်ယောက်ျားသေတော့ မိန်းမများ ငိုတဲ့နေရာမှ အသံမထွက်ဘဲဝမ်းထဲမှာကြိတ်ပြီး၊မြုံ ပြီးတွေတွေ့စိုက်ကြည့်ကာ မျက်ရည်စမ်းစမ်း သို့မဟုတ် မျက်ရည်ပေါက်ကြီးများ တစ်လုံးပြီးတစ်လုံး မှန်မှန်ကျဆင်းနေရင် အဲဒီ မိန်းမဟာ အရွယ်ရှိဦးတော့မုဆိုးမဘဝနဲ့ပဲ အရိုးထုတ်တတ်တယ်တဲ့ဗျ"


အသံထွက်ပြီး ကိုယ်လက်လှုပ်ရှား ခပ်များများ ငိုသူကတော့ လင်သေပြီးနောက် ငါးနှစ်ကဆယ်နှစ်အထိ နောက်ထပ် အိမ်ထောင်မပြုဘဲ နေတတ်သတဲ႔


ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြားအော်ဟစ်ပြီး၊ ရင်ဘတ် စည်တီး လက် ခြေပစ်ငိုရင်တစ်နှစ်ကသုံးနှစ်အထိ နောက်ထပ်အိမ်ထောင်မပြုတတ်ဘူးတဲ႔

 

ဘယ်သူ့ယုံလို့ပုံခဲ့သလဲ၊ ဘာလဲ၊ ညာလဲနဲ့ ဖွဲ့နွဲ့ အော်ဟစ်ပြီးရုပ်ပျက်ဆင်းပျက် မြေပေါ်လှဲချလိုက်၊ ထခုန်လိုက်၊ ရင်ထုလိုက်၊ ဆံပင်တွေ ဆွဲဆောင့်လိုက်၊ တစ်ခါတစ်ခါ မေ့လိုက်၊ တက်လိုက်၊ အဲဒီလိုငိုရင်တော့။ အင်း တစ်လက တစ်နှစ်အတွင်းနောက်ထပ် အိမ်ထောင်ပြုတတ်သတဲ့ဗျာ။” 


ထိုအခါ ဦးစံရွှေသည် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောကာ “ဟုတ်ကဲ့လားဆရာကျားရယ်၊ ခင်ဗျားဟာက"


 “ဟုတ်မဟုတ်တော့ အသေအချာ အာမမခံဝံ့ဘူး။ ကြားဖူးတာ ပြောရတာပဲ။ နောင်တော့ ခင်ဗျားသတိထားကြည့်ပါလား။” 


ထိုသို့ပြောဆိုကြ၍ အိပ်ကြလေသတည်း။ နံနက်လင်းအားကြီးအချိန် ကျွန်ုပ်တို့အိပ်မက်မြင် သလိုလို၊ ဘာလိုလို စဉ် ဗြောသံဖြင့် နိုးကြလေ၏။


အိပ်ရာ၌ မှေးမှေးရှိစဉ် လောကကြီးသည်လည်း တိတ်ဆိတ်ငြိမ်သက်စွာ ရှိသည့်အခိုက် လင်းရောင်ပျို့ပျို့၊ အချိန်၌ ဗြောသံစည်သံကို ကြားရသောအခါ ဗြောသံဆိုသည်မှာလည်း ရတနာသုံးပါး အလှူအတန်းနှင့် စပ်လေရကား ကြည်နူးစိတ်ကြည်ညိုစိတ်တို့သည် တဖိတ်ဖိတ်လျှမ်း၍ထွက်ကုန်၏။


တောဗြောပင် ဖြစ်သော်လည်း နှဲမှာအတန်ချော၏။ တီးသည့် တေးသွားမှာလည်း ဘွဲ့သံကြိုးသံဖြစ်၍ ဝိုင်းမှအသံ အတန်ကောင်းသော စည်းတီးဆရာက တစ်ခါတစ်ခါလိုက်၍ သီဆိုလေရာ ဤမျှသာတောင့် သာယာ၊ နာပျော်ဖွယ် ကြည်နူးဖွယ်ကို ကျွန်ုပ်တို့မကြုံခဲ့ဖူးလေ။


ဤသို့အိပ်ရာ၌ ဗြောမချမချင်းမလှုပ်မယှက် ပီတိဖြစ်နေကြရာ ဗြောချသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့လူစုထကာ ချက်ပြုတ်ပြင်ဆင်၊ ကူညီဖွယ် အရပ်ရပ်တို့ကို ပြုလုပ်ဆောင်ရွက်ကြလေသည်။


ဗြောတဗြုန်းဗြုန်း၊ တအုန်းအုန်းနှင့် ပတ်ကုံးခြိမ့်သဲ၊ ဤမိတဆိုးရှင် အလှူတော်ပွဲကြီးသို့ ရွာခံမှလည်းကောင်း၊ ရွာနီးချုပ်စပ်မှလည်းကောင် လာကြသည်မှာ ကျွန်ုပ်တို့ပါ ကြီးငယ်၊ ကျားမ ပရိသတ်ခြောက်ဆယ်မျှရှိလေ၏ ထမင်း ကျွေးခန်း၌ ကျွန်ုပ်တို့လူစုကာ လုံးဝတာဝန်ယူ၍ ထမင်းဟင်း လိုက်ခြင် ပန်းကန်ခွက်ယောက် ဆေးခြင်းကိစ္စတို့ကို ပြုလေသည်။


ကောက်ငယ်ဆန်ကြမ်းထမင်း၊ ပဲဟင်း၊ ငါးပိကြော်၊ ပဲတီချဉ်သန ဤမျှသာဖြစ်၏။ ပရိသတ်ခြောက်ဆယ် စားကြသည်မှာ ဆန်တစ်တင်းချက် ချောလေသည်။ တွက်ကြည့်သော် ဆန် တစ်တင်းတွင် နို့ဆီဘူး ၁၂၈ လုံး ရှိရ လူတစ်ယောက်လျှင် နို့ဆီဘူးနှစ်လုံးချက် ကျော်ကျော်တုတ် ကြောင်း ပေါ်လာလေ၏။ ကျွန်ုပ်တို့လူစုကား ဤမျှလောက် တစ်ခါမျှ မမြိန်ရှက်ဖူးချေ။ ထို့ကြော လည်း စားသောက်၍ အပြီး၌စန့်နေကြလေသည်။


မွန်းလွဲအချိန်၌ ရှင်လောင်းကို ကျောင်းသို့ပို့ရမည့်ကိစ္စ ပေါ်လာလေ၏။ကျောင်းမှာနှစ်ခေါ် လောက်လှမ်း၏။ 


ရှင်လောင်းကို ရှေ့ဆုံးကထား၏။ မြင်းမစီးရ၊ ရွှေထီး မဆောင်းရရှာလေ နောက်နားကအဖသည် သင်္ကန်းပရိက္ခရာကို ပိုက်၍လိုက်ရ၏။ အမိအဖစုံပါ မူကား အဖကသပိတ်ပိုက်၍ အမိကသင်္ကန်းတောင်းကိုရွက်၍ လိုက်ရန် ဖြစ်၏။ ယခုသော်ကား ဤနေရာတွင် မသင်ကိုသတိရရန် တစ်ချက်ပေါ်ပြန်လေပြီ ကိုထွန်းကျော်အတန်မချိပုံရ၏။ မျက်ရည်စမ်းစမ်းနှင့် ညှိုးငယ်ပြန်လေသည်။


သားအဖနောက်က ယောက်ျားကြီး၊ မိန်းမကြီးများကို လည်းကောင်း နောက်ကဆက်၍ မယ်တုတ်၊ ဗုတို၊ ရွှေမ၊ ညိမ်းဇံ၊ မိကောက် စသောအပျို တစ်စုသည် ကန်တော့ပွဲ၊ ကွမ်းတောင်၊ ပရိတ်အိုးစသည်တို့ကိုရွက်၍ လည်းကောင်း၊ ပိုက်၍လည်းကောင်း အကြောင်းအားလျော်စွာ လိုက်ကြကုန်၏။


မယ်တုတ်တို့မှာ ရွာခံအပျိုမျက်နှာဖုံးဖြစ်ကြ၏။ အားလုံးပင် အရပ်အမောင်းကောင်း၍ ပြည့်ဖြိုး၊ ကျန်းမာ၊ သန်မာကြ၏။ ဝတ်ဆင်ထားသော ထဘီတို့မှာပိုးနည်း၏။ ပိုးကြားဖောက်သရက်ထည်လုံချည်၊ နှံ့လုံချည်များ ဖြစ်ကြ၏။ အင်္ကျီကား မြို့သူတို့လောက်မပါးချေ။ ဆံထုံး၊ ဘီးပတ်၊ ဆံတောက်၊ ဆံရစ်အရွယ် အလိုက်တွေ့ ရ၏။ စက္ကူပန်း မပန်ချေ။ တောပန်း တောင်ပန်း သင့်တန်ရုံထိုးပန်ကြ၏။ မျက်နှာချေမသုံးကြလှ။ သနပ်ခါးအလိမ်းများ၏။ အချို့မှာ ရွှေစရွှေနဝတ်ဆင်၏။


ဤသို့ ရိုးရိုးစိုက်စိုက် ဝတ်စားနေထိုင်ကြ၍ တောင့်တင်း သန်မာ ထွားကျိုင်းလျက် သားကောင်းသမီးကောင်း ထွန်းကားနိုင်မည့် မိခင်လောင်း များဖြစ်သော အမျိုး၏ကျက်သရေဆောင် ကျေးတောသူတို့ကို မြင်ရသော အခါ မြို့ပေါ်က မဟဝါတို့ မဟိုဒင်းတို့ကို တွေးခေါ်မိ၏။


မြို့သူတို့ကား-


ခင်လှသိန်းမြင့်မေ။ 

ညွန့်တင်တင်မြမြကျော်ဇံဦး။ 

မေရီသန်းကြည်တင့်လှ။ 

လူစီထိပ်ခေါင်တင်မေမမ။

ကျူးရင့်သာဟန် ဂန္ဓမာဗွေမိမိ။ 

ပဉ္စာကလျာဏီနွဲ့ပါးလျဒေဝီ။

လုပ်လုပ်လဲ့လဲ့သော်မော် အရည်ပျော်  


စသောထူးဆန်း၊ ပွေရှုပ်၊ ရှည်လျားသောနာမည်တို့ကို မှည့်ခေါ်ကာ ကိုယ်လုံးပေါ် အဝတ်အစားနှင့် ခုံမြင့်ဖိနပ်ကိုစီးလျက် အင်္ဂလိပ်မျက်နှာချေမှုန့်ကို ထူထူလိမ်းကျံ ပါးနှင့်နှုတ်ခမ်းကို ဆေးနီဆိုးပြီးလျှင် အမျိုးမျိုးသော ဖဲပွဲ၊ မြင်းပွဲ၊ စားပွဲ၊ သောက်ပွဲ ဟော်တယ်ပွဲ၊ ရုပ်ရှင်ပွဲ၊ ဇာတ်ပွဲ၊ ပျော်ပွဲ၊ ရွှင်ပွဲ အမျိုးမျိုးနှင့် အချိန်ကုန်လေသည်။ ကျန်းမာ၊ ထွားကျိုင်း၊ သန့်ရှင်းစင်ကြယ်ရေးကို ဂရုမစိုက်ကြ။ သို့ကြောင့်လည် ပိန်ကြုံ၊ ပါးလှီ၊ ရှူနာ၊ ရှိုက်ကုန်း၊ ပိချပ်ပြား၊ ငါးဖောင်ရိုး၊ ကမ္မဋ္ဌာန်းရုပ်၊ ဖြူဖ ဖြူရော်။ ညောင်ညော်ညော်တွေများလေသည်။


သို့ကြောင့်လည်း မည်မျှပင်အပေါ်ယံကဆင်ပြင် လိမ်းကျံထားသော်လည်း မသာကောင်အလောင်းကို ပြင်ဆင်လိမ်းကျံထားသည်နှင့် တူလေတော့သတည်း။


အပျိုစုနောက်က ကာလသားများနှင့် ကျွန်ုပ်တို့လိုက်ပါကြ၏။ကာလသားဝိုင်းတွင် ဒိုးပတ်အတီးအမှုတ်ပါ၏။ ဒိုးပတ်နှင့် ထိုးသောသံချပ်အချို့ကား အောက်ပါအတိုင်းဖြစ်၏။ 


ကုသိုလ်ရေးမို့ကြိုးစားပါ။ ကျုပ်တို့ကိုယ်မှာ ချွေးတလုံးလုံး။ 


ဖန်ပြာခွက်နဲ့ကျောက်စက်ရေ၊ အမောပြေအောင်တိုက်ပါ့ မမ။ 


ဝက်သားတုံးကြီးဒူးလောက်ပေါင်လောက်၊ သူများစားတာမြင်ဖူးပါရဲ့၊ 


လေးဖက်မြိတ်နဲ့ ထီးရိပ်ခို ရှေ့ကအပျိုကျုပ်တို့ ရည်းစား။ 


နံ့သာခွက်နဲ့လှအပျို၊ ကျုပ်တို့ကိုယ်ကို ကြည့်စမ်းပါဦး။


ဤသို့ သံချပ်ထိုးကြသောအခါ အချို့အပျိုတို့သည် နောက်သို့ လှည့်ကြည့်၍ ပြုံးသွားကြ၏။ အချို့ အပျိဳကား မျက်စောင်းထိုးသွား၏။


ကာလသားတို့မှာ တောအလိုက်ဝတ်ဆင်ကြ၏။ ခေါင်းတုံး၊ ကြက်တောင်စည်း၊ ဆံပင်ရှည်၊ ပဝါပေါင်းဖြစ်ကြ၏။ တစ်ယောက်နှစ်ယောက်မှာ ရုပ်ရှင်ကြည့်ဖူးဟန်တူသည်။ ဗိုလ်ဆံတောက် နှင့်ခေါင်းတွင်လည်ပတ်ကို ရုပ်ရှင်မင်းသား စတိုင်ပတ်ထားလေသည်။


လူထူးတစ်ယောက်ပါ၏။ ထိုသူကား သူကြီး၏ညီ မြတ်သာဒွန်းဖြစ်၏။ ဗိုလ်ဆံတောက် အသစ်ကျပ်ချွတ်ကို ဒုံးခံသူဖြစ်သည်။ သက္ကလပ် အင်္ကျီအသစ် နှင့် ရှပ်အင်္ကျီ အဟောင်းကို တွဲ၍ဝတ်၏။ နောက်ပိတ်ဖိနပ်ကို ပြောက်ကျား သော အဆင်းရှိသော မှော်ဇာနှင့်စီး၏။ စီးနေကျမဟုတ်၍ ဖိနပ် ပေါက်သည်နှင့် ထော့ကျိုးလော့ကျိုးနင်းရရှာ၏။


“ရှေ့ကခပ်ဆိုင်းဆိုင်းဗျ။ နောက်ကမီအောင်လိုက်လေ။ လမ်းကိုကြည့် လျှောက်နော်၊ ခလုတ်တိုက်မိမယ်။ ရှင်လောင်းက ရှေ့သွား၊ အဲ-ဟုတ်ကြပြီ။ ရှေ့ကသွားတဲ့လူက ရှေ့ကသွား။ နောက်ကလိုက်တဲ့လူက နောက်က ပဲလိုက်ပါ။ အပျိုတွေက ကိုယ့်အစုနဲ့ကိုယ်လိုက်၊ လူပျိုဝိုင်းထဲ မရောက်စေနဲ့" စသည်ဖြင့် ဩဇာပေးကာ ရှေ့ပြေး၊ နောက်ပြေးနှင့် အတော်အလုပ်များနေလေ၏။ မိန်းမမျို ဝိုင်းနားသို့ကား မကြာမကြာရောက်၏။


“ဟဲ႔ ဗုတို ကန်တော့ပွဲကို တည့်တည့်ရှုက်လေ”ဟု ဩဇာ သွားပေးမိရာ ဗုတိုက “ကျုပ်ရွက်ထားတာတည့်ပါတယ်တော်။ ရှင်ကတည့်တည့်မကြည့်လို့ပါ” ဟုပြန်၍ပက်လိုက်လေ၏။ ထိုအခါ အပျိုဝိုင်းက ဝါးခနဲရယ်ကြလေ၏။မြတ်သာဒွန်းကို ကျွန်ုပ်လှမ်းကြည့်လိုက်ရာ မျက်စိအတန်ငယ် စွေစွေရှိသည် ကို တွေ့ရလေသည်။


“တယ်... တိရစ္ဆာန်မ။ နင်နော် … နေဦး” ဟု မြတ်သာဒွန်းသည် ကြိမ်းမောင်းပြီးနောက် မယ်တုတ်အား “ဟဲ့ ... မယ်တုတ်၊ ပရိတ်အိုးရွက်ရတာ ညောင်းရင်ငါ့ကိုပေးလေ၊ ငါကူယူခဲ့မယ်” ဟုသွား၍လောကွတ်ချော်ပြန်လေ၏။ ထိုအခါမယ်တုတ်က “သူများဟာနေပါဦး ကိုမြတ်သာဒွန်းရယ်၊ ကိုယ့်ဟာကို နိုင်အောင်လုပ်ပါဦး။ ရှင့်မှာ ထော့ကျိုး ထော့ကျိုးနဲ့ အားနာပါတယ်” ဟုပြုံး၍ ပြောလိုက်လေ၏။


“ဟာ ဟဲ့ … ထော့ကျိုး ထော့ကျိုးနေတာက ဖိနပ်ပေါက်လို့ပါဟဲ့ နင်ကလည်း" ဆိုနေစဉ်အပျိုစုက ဝိုင်းရယ်ကြသည်နှင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ ကျွန်ုပ်တို့ကာလသားဝိုင်းသို့ ပြန်ရောက်ခိုဝင်လာလေသတည်း။ 


ကျောင်းရောက် ရှင်လောင်းကို သင်္ကန်းစည်းထားခဲ့ပြီး ပရိသတ်ပြန် လာကြ၏။


ညနေ ၄ နာရီခန့်တွင် ကျောင်းထိုင်ဘုန်းကြီး၊ ဦးပဉ္စင်း၊ ပြုသစ်စ ရှင်သာမဏေပေါင်း ၃ ပါးတို့သည် အလှူအိမ်သို့ကြွလာကြ၏။ 


ဟော … ဗြောစခန်းပေါ်လာပြန်လေပြီ။ အရှင်သုံးပါး ဗြောသံနှင့် ကြွလာသည်နှင့် အထူးကြည်နူးကြည်ညိုဖွယ်ကောင်းလှ၏။


ပရိတ်တရားနာ၊ ရေစက်ချ၊ အမျှဗျို့ဟုဆိုအပြီး ကိုထွန်းကျော်သည် ဆက်၍ “မယ်သင်ရေ … အမျှဟဲ့ .. အမျှ” ဟု အသံကွဲကြီးနှင့် အမျှဝေ လိုက်ရာ ကိုရင်သည်မျက်ရည်ကျ၏။ ဦးပဉ္စင်းသည် မျက်တောင်မြန်မြန်ခတ်၏၊ ဘုန်းတော်ကြီးသည်ငေးမော၍ ကိုထွန်းကျော်ကို စိုက်ကြည့်နေလေသည်။


သာဓုသံနှင့်ဗြောသံသည် အက္ကနိဋ္ဌဘုံတိုင်အောင် တက်လေသတည်း။ 


နောက်တစ်နေ့ ကျွန်ုပ်တို့ပြန်ခါနီး၌ အလှူပါဝင်ရန်ဟု ကျွန်ုပ်တို့ရှစ်ယောက် ပိုက်ဆံပါသမျှစုရာ သုံးဆယ့်ရှစ်ကျပ်ရ၏။ ပြန်ခါနီး၌ ကျွန်ုပ်တို့ပိုင်းထိုင်ကြ၍ ကိုထွန်းကျော်ကို မေးမြန်းကြ၏။ 


“ ကိုင်း... ကိုထွန်းကျော်၊ အားလုံးအလှူစရိတ် ဘယ်လောက်ကုန်သွားသလဲ"


“ဟုတ်ကဲ့၊ လေးဆယ်လောက်ဆိုပါတော့” 


“အကြွေးတင်သေးသလား”


“တင်ပါသော်ကောဗျာ။ အကုန်လုံးချေးငှားလုပ် ရတယ်ဆိုပါတော့။ ဟိုကျွဲခြံမှာ စပါးပေးယူတာ နှစ်ဆယ့်ရှစ်ကျပ်၊ မယ်သင်ရဲ့ ရွှေနားကပ် ကလေးပေါင်လို့ရတာက ဆယ့်ငါးကျပ်၊ အားလုံးလေးဆယ်ကျော်ပါပဲ”


“စပါးပေး ဘယ်လိုယူရသလဲ”


 “စပါးတစ်ရာကို လေးဆယ်ဈေးနဲ့ယူရတယ်။ အခုယူတဲ့ ငွေနှစ်ဆယ့် နှစ်ကျပ် စပါးပေါ်ချိန်မှာ စပါးခုနစ်ဆယ်ပေးရမယ်”


“ဟယ်...လွန်လှပါကလားဗျာ။ နို့ ... နားကပ်ပေါင်တာ ကတော့ကော"


“တစ်လကို ငွေတစ်ရာငါးကျပ်တိုး။ ခုနစ်လကြာလို့ မရွေးနိုင်ရင်အဆုံးတဲ့”


“ဒီစပါးတွေငွေတွေကိုဘယ့်နှယ်ဆပ်မယ်”


“အင်း …ပြေအောင်ဆပ်ဖို့ အခက်သားပဲ။ ကျုပ် လယ်ထွန်၊ ပျိုးနုတ်သူရင်းငှားလုပ်လို့ စပါးလေးဆယ်လောက်ရမယ်။ သားကလေး ရှင်လူထွက်ပြီး ကျွဲနွားကျောင်း၊ ရေခပ်၊ ထင်းခွဲ၊ အင်း … နှစ်ဆယ်လောက်တော့ ရကောင်းပါရဲ့အားလုံးခြောက်ဆယ်ရရင် ဆယ်တင်းလိုသေးတယ်ဒါလည်း အခု အတောအတွင်း စားသောက်နေသွားဖို့က ရှိသေးတယ်ဗျ။ ဟိုနားကပ် ပေါင်တာ ကတော့၊ အင်း .. ရွေးနိုင်ပုံမပေါ်ပါဘူး၊ ဆုံးမှာပါပဲ။ သိပါရဲ့ဗျာ။ နို့ပေမယ့် ဒီလိုရက်ရွှေ့ရွှေ့နေတာနဲ့ မယ်သင်လည်း သားကိုရှင်မပြုလိုက်ရရှာဘူး။ ဒါကြောင့်လည်း ပြီးရင် ပြီးရောဆိုပြီး ဇွတ်နှစ်ရတာပဲ၊ တခြားဟာတွေထက်ဗျာ မယ်သင်ရဲ့နားကပ်ကလေးကို နမြောဆုံးပဲ။ သေသူ့ပစ္စည်းဖြစ်လို့ သိမ်းထား တာလည်းဟုတ်တယ်။ ပြီးတော့ သူ့သားဖို့ သက်သက်လို့ ကျွန်တော်မှန်းပြီး ချန်ထားတာပဲဗျ …. ခုတော့ဖြင့်” 


ဆို၍ ဆက်မပြောဘဲ ရပ်နေလေတော့သည်။


ထိုအခါ ဦးစံရွှေကြီးကဝင်တဲ့၍ 'ကိုင်းဆရာကျား ဒီဆင်းရဲသားတွေ ဓားပြတိုက်ကာ သူပုန်ထတာ ဘာအံ့ဩစရာရှိ သလဲဗျ "ဟု မျက်နှာနီကြီးနှင့် ခပ်ဆတ်ဆက်ပြောထုတ်လိုက် လေသတည်း။


ကျွန်ုပ်။ ။ မသင်ရဲ့နားကပ် ဘယ်မှာပေါင်ထားသလဲ။ 


ကိုထွန်းကျော်။ ။ ဒီအစုတွင်ပါပဲ၊ ဟိုဒေါ်ပုကြီးဆီမှာ။


အရင်းဆယ့်ငါးကျပ်၊ အတိုးတစ်ကျပ်၊ ပေါင်းဆယ့်ခြောက်ကျပ်ကို ကျွန်ပ်တို့ငွေထဲမှထုတ်ပေး၍ သူကြီးကို ချက်ချင်းအရွေးခိုင်းရ၏။ နားကပ်ပြန်ရသော အခါ ကိုထွန်းကျော်သည်ပြူးကျယ် သောမျက်လုံးများ၊ ပါးစပ်အဟောင်းသားနှင့် အလွန်ဝမ်းမြောက် ကျေးဇူးတင်ရှာလေ၏။


“ကျေးဇူးတင်လိုက်တာခင်ဗျာ။ ဒီငွေကို ကျွန်တော်ကျွန်ခံပြီး ပြေအောင် ဆပ်ပေးပါ့မယ်” ဟု စိတ်အားထက်သန်စွာနှင့် ပြောရှာ၏။


ထိုအခါ ကျွန်ုပ်က “မဆပ်ရပါဘူးဗျ။ ခင်ဗျားအလှူထဲကို ထည့်မလို့၊ ကျုပ်တို့ရှစ်ယောက်သားငွေစုတာ သုံးဆယ့်ရှစ်ကျပ်ရတယ်။ အခုဆယ့်ခြောက် ကျပ် နားကပ်ရွေးလိုက်ပြီ။ နှစ်ဆယ့် နှစ်ကျပ်ကျန်တယ်။ ခင်ဗျားအလှူငွေ ဆယ့်ငါးကျပ်လောက် ရတယ်ဆိုမဟုတ်လား။ အဲ့ဒီအထဲကပေးစမ်း။ ကိုင်း - သူကြီး၊ ရော့ သုံးဆယ်၊ ခင်ဗျားတို့ ကျွဲခြံကကြွေးရှင်ကို အရင်းနှစ်ဆယ့်ရှစ်ကျပ်။ အတိုးနှစ်ကျပ်လောက်ထားပြီး ဆပ်ပေးပါဗျာ။ကိုင်းကိုင်း ကိုထွန်းကျော်၊ ဒီမှာကျန်တဲ့ ခုနစ်ကျပ်လောက်ကို ချွေတာစားပေတော့”


“ဒီလိုဖြင့်ဗျာ ကျွန်တော့်အလှူဘယ်မှာကျန်တော့မလဲဗျာ” 


“ကျန်ရုံမကဘူး၊ ပိုတောင်ပိုသေးတယ်။ ခင်ဗျား ရေစက်ချကတည်းက အလှူမြောက်ပြီးလို့ ခင်ဗျားအကုန်ရပြီးပြီ၊ အခု နောက်ရတဲ့ အလှူငွေတွေက သူ့ကုသိုလ်နဲ့ သူလာတာတခြားစီ” ဆို၍ ပါဠိသံလေးငါးခြောက်လုံး ထည့်ကာခပ်ထွားထွားပြောရလေသည်။ 


ဤသို့ အင်္ဂလိပ်စာတတ် မြို့သားလူလည်နှစ်ယောက် က ပါဠိသံတွေ ဘာတွေနှင့် ကိုယ်လိုရာဘက်ကိုဆွဲ၍ ရွှန်းရွှန်းဝေအောင် ပြောပြသောအခါ တောသားလူရိုးခမျာမှာ ဟုတ်ကဲ့၊ အင်း ဟုတ်ကဲ့နှင့် ခေါင်းညိတ်၍သာနေရရှာ လေသတည်း။


ကျွန်ုပ်တို့သည်ဖိုးဝိုင်းအစုမှ ကျွဲခြံသို့ရွှေ့ခဲ့၍ လက်ပံတန်းပြန်မည်ဟု လှည်းပြင်နေစဉ် ကိုထွန်းကျော်သည် တောင်းတစ်လုံးကိုထမ်း၍ အပြေးကလေး ပေါက်လာလေ၏။ တောင်းတွင် ဖရုံသီး၊ ရုံးပတီသီး၊ ချဉ်ပေါင်ရွက်စသော ဟင်းသီးဟင်းရွက် အပြည့်ပါ၏။


“ကျွန်တော်တတ်နိုင်သမျှကလေး ပေးလိုက်စမ်းပါရစေခင်ဗျာ” ဆို၍ လှည်းပေါ်တွင်တင်လာ၏။ ကျွန်ုပ်တို့အားလုံးကပင် ကျေးဇူးတင်ကြောင်းပြော၍ လှည်းထွက်ရာ ကိုထွန်းကျော်သည် လှည်းနောက်က လိုက်ပါလာလေ၏။


“ဘယ်ကိုလိုက်မလို့လဲကိုထွန်းကျော်” 


“လိုက်ပို့ပါရစေခင်ဗျာ”


"ဟာ…ကျုပ်တို့ကလှည်းနဲ့။ ခင်ဗျားကအောက်က။ နေကလည်း ပူသနဲ့ လိုက်ပို့ဖို့မလိုဘူး။ ကိုင်း … ကိုင်း ပြန်တော့ဗျာ”


“ဝေးဝေးမဟုတ်ပါဘူး။ တစ်ခေါ် လောက်ပါ။ ကျေးဇူးတင်လွန်းလို့ပါ"


ခင်ဗျာ” သို့နှင့်ခေါင်းမာသော ကိုထွန်းကျော်သည် အတင်းလိုက်ခဲ့၍ အတန်ကွာ ရောက်သောအခါ ကျွန်ုပ်တို့သည်လှည်းကိုရပ်၍ “ကိုင်း … ကိုထွန်းကျော်၊ ခင်ဗျား ပြန်ရင်ပြန်၊ မပြန်ရင်တော့ ကျုပ်တို့လည်းလှည်း မမောင်းတော့ဘူး၊ ဒီမှာပဲရပ်နေ တော့မယ် ..” ဟု အတင်းကိုင်လေမှ - 


ပြည့်တင်း၊ ပြန့်ကျယ်ရိုးသားသောမျက်နှာကြီးဖြင့် အတန်ကြာ စူးစိုက် ကြည့်ပြီးမှ ရုတ်တရက်ထိုင်လိုက်ကာ ကျွန်ုပ်တို့ဘက်သို့ ဦးချကန်တော့ရှာလေ သတည်း။


ဦးစံရွှေနှင့်ကျွန်ုပ်တို့သည် ကိုင်ဆွဲထစေ၍ ရွာဘက်သို့ တွန်းပို့လိုက် ရလေ၏။


ဦးစံရွှေ။ ။ တောကလူတွေ သိပ်သနားဖို့ ကောင်းတာပဲဗျာ။ စိတ်နဂိုအတိုင်း လူရိုးလူကောင်းတွေ့ဗျ။ အခြေ အနေ ဆိုးဝါး၊ ငတ်မွတ်လာကြတော့လည်း မနေနိုင် တော့ဘူး။ ဆိုး၊ ခိုး၊ တိုက်ဖြစ်ကုန်ရတာပဲ။ ခံနိုင်သမျှ တော့ခံကြတယ်။ မခံနိုင်တဲ့ တစ်နေ့ကျတော့ အသက်စွန့်ပြီး သူပုန်ထပစ်လိုက်ကြတာပဲ။


ကျွန်ုပ်။ ။ ဒါကြောင့်မို့လည်း တောကျေးလက်က လူတွေအသိ ပညာအလိမ္မာတိုးပြီး အနေအစားချောင်လည်၊ ချမ်းသာကြအောင် ပြုပြင်စီမံကူညီပေးဖို့လိုတာပေါ့ဗျ။ ဒီလိုကျေးလက်ပြုပြင်ရေးတွေဟာ အစိုးရအကြီး အချုပ်တွေရဲ့တာဝန်ပဲဗျ။ သူတို့ကို တိုက်တွန်းပေးဖို့ ကောင်းတယ်။


“သူတို့ကို တိုက်တွန်းနေရင် နှောင့်နှေးရုံရှိမှာပဲ ကိုယ့်လူ။ သူတို့ကို လည်းတိုက်တွန်း ကိုယ့်ဟာကိုယ်လည်း လုပ်ပေါ့ဗျ . "


“ကိုယ့်ဟာကိုယ်လုပ်ဆိုတာ မလွယ်ဘူးဗျ။ ကျုပ်တို့မှာ အချိန်လည်းမရှိ၊ ကြေးငွေလည်းမပြည့်စုံဘူး”


“အလုပ်ဆိုတာ နည်းနည်း၊ သေးသေး။ တတ်နိုင်သမျှ ကစရတာပေါ့ဗျ၊ခင်ဗျားကမလုပ်နိုင်ဘူးသာပြောတယ်၊ အခု ခင်ဗျားလုပ်နေတာပဲ”


“ဘယ်မှာလုပ်ရလို့လဲဗျာ”


 “အို..အခုဟိုမိတဆိုးရှင်ပြုမှာ ခင်ဗျားတို့ပြုမူ ဆောင်ရွက်ခဲ့တာတွေဟာ ဘယ်လောက်တာသွားတယ် ထင်လို့လဲ”


“ဟာ .. ဒါကတော့” ဆို၍ ဦးစံရွှေကြီးသည် ဆက်မပြောတော့ဘဲပြုံးတုန်တုန်ကြီး လုပ်နေလိုက်လေသတည်း။


*** ****

ဦးဖိုးကျား

( ကိုယ်တွေ့ဝတ္ထုများ )

ဒသမတန်း ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်

( ၅၈ - ၇၉ )

* ကျောင်းတက်စဉ်သင်ခဲ့ရတုန်းက စာအနေနဲ့ကျက်ရ ခက်ဆစ်တွေကျက်ရနဲ့မို့ သေချာမခံစားခဲ့ရပေမဲ့ နောက်ပိုင်းပြန်ဖတ်မိတိုင်း မခမ်းနားပေမဲ့ရိုးသားတဲ့ မိတဆိုးရှင်ပြုပွဲလေးကို မျက်စိထဲမြင်လာပြီး ဝမ်းနည်းကြည်နူးတဲ့ခံစားချက်နင့်နင့်နဲ့ ဖတ်မိတိုင်းအလိုလို မျက်ရည်ကျရပါတယ် အင်မတန်အရေးအဖွဲ့ရိုးရှင်းပြီးစာအရေးကောင်းလွန်းတဲ့ဆရာကြီးပါ *

#စာပေရိပ်မြုံ #တမာသားလေးမှတ်စု #ဝတ္ထုတို #ဦးဖိုးကျား #ကိုယ်တွေ့ဝတ္ထုတိုများ

No comments

Powered by Blogger.