စောဘွဲ့မှူးရဲ့ မှားတဲ့ဘက်မှာ (မောင်သာချို)
(၁)
အခုတလော ကျွန်တော့်ကို တော်တော်ကလေး လွှမ်းမိုးနေသည့် စကားလုံးတစ်လုံး ရှိပါသည်။ သူရဲကောင်းဆိုသည့် စကားလုံး။ တကယ်တော့ ဤနေရာတွင် ကျွန်တော်က ခပ်လွယ်လွယ်လမ်းကို လိုက်ကာ လွယ်လင့်တကူ ကောက်ဆွဲလိုက်ကာ လူတိုင်းလိုလို သိနေသည့် သူရဲကောင်း ဆိုသော စကားလုံးဖြင့် ချသုံးလိုက်ခြင်းဖြစ်သော်လည်း စကားလုံး နောက်ကွယ်ရှိ ကိစ္စတွေက
တော်တော့်ကိုရှုပ်ထွေးပါသည်။ သူရဲကောင်းဆိုတာ ဘာလဲ။ အဘိဓာန်ဆရာအလိုအရမူ သူရဲကောင်းဆိုသည်မှာ အဓိကဇာတ်ဆောင်၊ ဇာတ်လိုက်မင်းသား၊ အာဇာနည်။ သို့သော် အပြင်မှာ ဤမျှနှင့် မလုံလောက်၊ မပြည့်စုံ၊ မရိုးစင်း။(၂)
တကယ်တော့ ကျွန်တော်ပြောချင်သည့် သူရဲကောင်းဆိုသော စကားလုံး၏ နယ်ပယ်ထဲတွင် Ideal Character စံပြဇာတ်ဆောင်ဆိုသော အနက် ပါဝင်သည်၊ Role Model စံပုဂ္ဂိုလ် ဆိုသော အဓိပ္ပာယ်ပါသည်။ Self Image အတ္တပုံရိပ်ဆိုသည့် သဘောတရားသက်ဝင်ပါသည်။ Ego ideal အတ္တစံထား ပုဂ္ဂိုလ်ဟူသည့် အနှစ်သာရ ပေါင်းစပ်ပါသည်။
Ideal Character ဟုပဲသုံးသုံး၊ Role Model ဟုပဲဆိုဆို၊ Self Image ဟုပဲ သတ်မှတ်သတ်မှတ်၊ Ego ideal ဟုပဲခေါ်ခေါ် အခုလူငယ်တွေ ဘာဖြစ်ချင်ပါသလဲ။ သူတို့ရဲ့ စံကတ်ရုပ်က ဘယ်သူလဲ။ သူတို့မှာ (Hero) ရှိသလား။ ဒါကိုပဲ ကျွန်တော်က သိလိုနေခြင်း ဖြစ်ပါသည်။
(၃)
မလေးရှားပိတောက် အပွင့်သေးသေး ဝါဝါကလေးတွေ လေထဲမှာ တဖွဲဖွဲလွင့်ကြွေမဆုံး ရှိခဲ့သည့်နွေဦးတစ်ရက်၊ လက်ဖက်ရည်စားပွဲဝိုင်းကလေးတစ်ခုတွင် ကျွန်တော့်ညီလေးအရွယ် တက္ကသိုလ်ကျောင်းသား တစ်ဦးက ကျွန်တော်က ဘာဖြစ်ချင်မှန်းမသိဘူးဗျာဟု ပွင့်ပွင့်လင်းလင်းကိုပဲ ပြောချ လာသောအခါ ကျွန်တော် သူ့ကို ဘာပြန်ပြောရမှန်းမသိ။
ဘာဖြစ်ချင်မှန်း မသိသူတွေ။ ဒါမှမဟုတ် ဘာမှမဖြစ်ချင်ဘူးဆိုသူတွေ လောကမှာ ဘယ်လောက် အရေအတွက် များနေပြီလဲ။ ကျွန်တော် မသိ။ အဲဒါဟာ ဆိုးတာလား၊ ကောင်းတာလား ကျွန်တော် ဝေခွဲမရ။
(၄)
အခုခေတ် ကလေးငယ်ကလေးတွေ ပင့်ကူလူသားကို ကြိုက်သလို၊ လင်နို့လူသားကို ကြိုက်သလို၊ ပါဝါရိမ်းဂျားကို ကြိုက်သလို၊ စူပါမင်းကို ကြိုက်သလို ကျွန်တော်တို့တစ်တွေလည်း တာဇံတို့၊ ဟာကျူလီတို့၊ စပါတာကပ်တို့၊ ရော်ဘင်ဟုတို့ကို ကြိုက်ခဲ့ကြသည်။ Super Nature သဘာဝလွန် ဇာတ်ရုပ်တွေဖြစ်သည့်တိုင် သူတို့က ကျွန်တော်တို့၏ သူရဲကောင်း။ ဆရာ အောင်သင်း၏ စရိုက်သေ၏ခွန်အားဆိုသော စာပေဆောင်းပါးထဲက သုံးသပ်ချက်ကဲ့သို့ပင် သည်သူရဲကောင်း ဇာတ်ရုပ်တွေက ယုတ္တိမဆန်သည့်တိုင် မကောင်းသူပယ်၊ ကောင်းသူကယ် စိတ်ဓာတ်၊ ကိုယ်ကျိုးစွန့်လိပ်ပြာ၊ ဖြောင့်မတ်သော ကိုယ်ကျင့်တည်ဆောက်လိုမှုတို့ကို ကျွန်တော်တို့အား ပေးသည်။
ရာဇဝင်ထဲက မောင်ပေါက်ကျိုင်းတို့၊ ပျူစောထီးတို့သည် ကျွန်တော်တို့၏ သူရဲကောင်း။ သမိုင်းထဲက ဟိုချီမင်းတို့၊ ငုယင်ဗန်ထရွိုင်းတို့၊ ချေဂွေဗားရားတို့၊ ဖူးချစ်တို့သည် ကျွန်တော်တို့၏ စံကက်ရုပ်။
လူတစ်ယောက်ချင်း တစ်ယောက်ချင်းစီ၏ ချင်ခြင်းအရသာ မာသာထရီဇာ ဖြစ်ချင်သူရှိမည်။ အေဗရာဟင်လင်ကွန်း ဖြစ်ချင်သူရှိမည်။ မိုက်ကယ်ဂျက်ဆင် ဖြစ်ချင်သူရှိမည်။ ဗင်ဂိုး ဖြစ်ချင်သူရှိမည်။ ချာလီချက်ပလင် ဖြစ်ချင်သူရှိမည်။ ဘီလ်ဂိတ် ဖြစ်ချင်သူရှိမည်။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ အပထား၊ ဖြစ်ချင်စိတ်က ကျွန်တော်တို့၏ ဘဝမောင်းနှင်အား ဖြစ်သည်။
(၅)
ဟီးရိုးဆိုတာ မယဉ်ကျေးတဲ့ခေတ်မှာ ပေါ်တာဆိုသော စကားက တော်တော် စိတ်ဝင်စားဖို့ ကောင်းပါသည်။ Uncivilized situation and Absence of Modern state ဆိုသည့်စကား။ မယဉ်ကျေးသော အနေအထားနှင့် ခေတ်မီမြို့ပြနိုင်ငံကင်းမဲ့သော အခြေအနေတဲ့။ စပါတာကပ်ခေတ်နှင့်တော့ လိုက်ဖက်သလိုလို ရှိသောစကား။
သမိုင်းဒဿနတစ်ရပ်ကမူ သတင်းခေတ်၊ အိုင်တီခေတ်၊ ပညာခေတ်၊ အင်တာနက်ခေတ်၊ ဆိုက်ဘာခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် ဟီးရိုးကို မောင်းထုတ်ရမယ်တဲ့။ to banish Heroes from human life ဟု ဆိုသည်။ ဘာဖြစ်ချင်မှန်းမသိသူ လူငယ်နှင့်များ လိုက်ဖက်နေလေရော့သလား။
ဂျာမန်ဒဿနပညာရှင် ဟီဂဲလ်ကတော့ ဟီးရိုးကို World Historical Figure ဟု ဖွင့်သည်။ Hero ၌ လူကောင်းနှင့် လူဆိုး နှစ်မျိုးရှိသည်ဟုပင် ဆိုသည်။ သည်သို့ဆိုလျှင် ဟစ်တလာသည်လည်း အမှောင်ခြမ်းက လူတွေအတွက် ဟီးရိုး။
ခုတော့ ကမ္ဘာကြီးမှာ ဟီးရိုးသဘောတရားတွေ ရှုပ်ထွေးသွားပြီ။ အိုင်းစတိုင်းသည် ဟီးရိုးမဟုတ်။ Great personality မဟာပုဂ္ဂိုလ်ကျော်ဟု ဆိုသည်။ တရုတ်တွင် မော်စီတုံးကို အာရုံမညွှတ်။ ဘီလ်ဂိတ်ကို စံ ကတ်ရုပ် လုပ်နေကြလေသတဲ့။ အိန္ဒိယလူငယ်ထုက Role Model တွင် ဘီလ်ဂိတ်က ပထမ။ ဂန္ဒီက ဒုတိယ၊ မာသာထရီဇာက တတိယတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် ကွန်ပျူတာသူရဲကောင်းပဲ ဖြစ်ချင်ဖြစ်ချင်၊ လူမှုရေး သူရဲကောင်းပဲ ဖြစ်ချင်ဖြစ်ချင်၊ ဘောလုံးသူရဲကောင်းပဲ ဖြစ်ချင်ဖြစ်ချင် လူငယ်တွေ တစ်ယောက်ယောက် ဖြစ်ချင်နေတာ ကောင်းသည်ဟု ကျွန်တော် ထင်သည်။
သို့သော် ဟစ်တလာဖြစ်ချင်မှာ ကျွန်တော် စိုးသည်။ အိုက်ခမန်းဖြစ်ချင်မှာ ကျွန်တော် စိုးသည်။ ဒဿဂီရိဖြစ်ချင်မှာ ကျွန်တော် စိုးသည်။ ဒေ၀ဒတ် ဖြစ်ချင်မှာ ကျွန်တော် စိုးသည်။ မဟတ္တမဂန္ဒီကို လုပ်ကြံသူ၊ လင်ကွန်းကို သတ်သူ၊ နယ်လ်ဆင်မင်ဒဲလားကို ထောင်ထဲပို့ချင်သူ ဖြစ်ချင်မှာစိုးသည်။
ဒါကို ဂီတပညာရှင် စောဘွဲ့မှူးက မှားတဲ့ဘက်ကဟူသော သီချင်းဖြင့် ဖွဲ့သည်။ သည်သီချင်းကို အဆိုတော်ပေါင်းများစွာကလည်း သီဆိုခဲ့ကြဖူးသည်။
မှားတဲ့ဘက်မှာ
ရေး- စောဘွဲ့မှူး
ဝလုံးလေးမှ... ဝိုင်းအောင် မရေးနိုင်ခင်
ရွှေလင်ပန်းနဲ့ ထမင်းဆီဆမ်းရယ် အမေဆိုပြလိုက်တော့ ရွှေသားအတိ ပြီးတယ်
လင်ဗန်းကြီးပဲ မက်မောကာ
ငါဟာ လောဘတက်လာတယ်။
ပုခက်တွင်းမှဆင်း... မြေကြီးကို နင်းခါစ
ရွှေယုန်လေးနဲ့ ရွှေကျားပုံပြင်
အင်မတန်ကောက်ကျစ်တဲ့ ယုန်ဆိုးလေးကို
သိပ်ပြီး အားကျနေခဲ့တော့
ငါဟာ ကောက်ကျစ်တတ်လာတယ်။
မျက်လုံးတစ်ဖက်... ကန်းနေခဲ့ပါလျက်နဲ့
ဘုရင်ကိုဖမ်းပြီး အကျဉ်းချဝံ့သူ
ငရမန်ကန်းကြီးအား အရမ်းဂုဏ်ပြုမိတော့
တို့ကျောင်းက သမိုင်းဆရာလေးတောင်
လူပေလေးလို့ ငါ့ကိုခေါ်။
ဘိုင်စကုတ်ကြည့်တော့... လူကြမ်း ကိုအံ့ကျော်ကို
အလွန်တရာ နှစ်သက်တက်ခဲ့တယ်
ငါ့နံဘေးက ချစ်သူလေးကတောင်
တဖြည်းဖြည်း ငါ့ကိုလန့်ကာ
ကြင်နာတတ်မယ့် တစ်ယောက်ကိုရှာ။
Cho {- ဒီလိုနဲ့ ... ဆန့်ကျင်ဘက်အမြင်တွေကို
သုံးသပ်ရင်း လူတွေအပေါ်
ဘယ်သူက မှားပြီး မှန်တယ်လို့
ဆုံးဖြတ်ခက်လာတယ်...
အဆိုးနဲ့အကောင်း တွဲနေတတ်တာကို
မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်
ဒီအတွက် အကျိုးအမြတ်က
အများတကာ မေးငေါ့ကာ
အမြင်ကတ်လို့ မုန်းစရာဖြစ်ကာ
အရိုင်းအစိုင်းအဖြစ် မြင်လာ}
အေးအေးနှေးနှေးနှင့် တွေးစရာတွေကို ပေးသော စောဘွဲ့မှူး မှားတဲ့ဘက်မှာ သီချင်းနောက်ကွယ်မှာ Hero ပြဿနာတွေက အများကြီးဖြစ်သည်။ ထမင်းဆီဆမ်းနှင့် ရွှေလင်ဗန်းမှာ ရွှေလင်ဗန်းဘက်က၊ ရွှေယုန်နှင့် ရွှေကျားမှာ ရွှေယုန်ဘက်က၊ စောလူးနှင့် ငရမန်ကန်းမှာ ငရမန်ကန်းဘက်က၊ မင်းသားနှင့် အံ့ကျော်မှာ အံ့ကျော်ဘက်က၊ ကျွန်တော်တို့ ပါဝင်မိကြသော် လောက အလှပျက်ပြီ။
နှိပ်စက်တတ်သူ ပုဏ္ဏားနဲ့ အနှိပ်စက်ခံမင်းသား စံဇာတ်ရုပ် အရွေး မမှားဖို့ သည်သီချင်းက ကျွန်တော်တို့ကို ပြောကြားခဲ့ပါသည်။
ဆရာမောင်သာချို၊ ကြိုးကြာငှက်များနှင့် ဗုံသံများ၊
စာမျက်နှာ ၃ - ၈။
အခုလို ပြန်လည်မျှဝေခွင့်ရအောင် မူရင်းစာအုပ်မှ စာသားများအား တကူးတက ဓါတ်ပုံရိုက် ပို့ပေးခဲ့တဲ့ အစ်မ Khinhnin Thet ကို ကျေးဇူးအထူးတင်ပါတယ်။
#မောင်ချမ်း (ခရမ်းပြာ)
”Mgchan Khayanpyar” ဖေ့စ်ဘုတ်ကနေ ကူးယူပါတယ်။ စာရိုက်ပေးထားသူ ဆရာချမ်းကို ကျေးဇူးတင်ပါတယ်။
(ဦး)စောဘွဲ့မှူး ရေးပြီး အဆိုတော်ပေါင်းစုံ သီဆိုထားတဲ့ ”မှားတဲ့ဘက်မှာ” သီချင်းဗှီဒီယို...
https://youtu.be/3HEeu2nI6kw
#မှားတဲ့ဘက်မှာ
#မောင်သာချို
#စာပေရိပ်မြုံ
#ဆောင်းပါး

Leave a Comment