ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့ (၆) (နုနုရည်-အင်းဝ)
အပိုင်း-၆
“ရင်တွေတောင် တုန်နေတယ် မထိပ်ခေါင်ရယ်"
ပရိုမီနာမိတ်ကပ်ကို မျက်နှာအနှံ့အပြား အစက်ချရင်းက ခင်ပိုင့်ရင်ထဲ မှာ လှုပ်ရှားနေမိတယ်။ မထိပ်ခေါင်ကတော့ သူ သေတ္တာကိုတောင် မဖွင့် သေးဘဲ အေးတိအေးစက်နဲ့….“ဒီလိုပါပဲအေ၊ နောက်တော့
ရိုးသွားတာပါပဲ” လို့ စိတ်မပါ့တပါ ပြောတယ်။ ပြီးတော့ အကြောင်းမရှိ တဟင်းဟင်း ရယ် နေပြန်တယ်။“ဟဲ့ ကောင်မလေး၊ ပရိုမီနာတွေ တအားလူးမနေနဲ့၊ ပြီးတော့လည်း အနီဖို့ရမယ့်ဟာကို။ ညည်းလိုပုံစံနဲ့သာ ပရိုမီနာလူးရင် ယိုးဒယားကုမ္ပဏီမှာ မယားငယ်ခံရလိမ့်မယ်”
ဟုတ်သားပဲ။ စင်ပေါ်မှာက ဖွေးနေလေ ဆိုးလေ ဥစ္စာ။ ပရိုမီနာက အဖြူ။ မထိပ်ခေါင် ပြောလည်း ပြောစရာ။ ပရိုမီနာဈေးကလည်း တရိပ်ရိပ် 30 ပဲ။ ဘူးအသေး အစိတ်။ ဘူးကြီး လေးဆယ့်ရှစ်။ သူက အနီ ရှိုင်းနီးကျွတ် ဘူးထက်တောင် ဈေးကြီးသေးတယ်။ ရှိုင်းနီးအနီကမှ ဆယ့်လေးကျပ်ပဲရှိ တာအေးလေ၊ ပရိုမီနာကို နည်းနည်း ချွေသုံးတာပေါ့။ အဓိက လိမ်းရမှာ က အနီပဲဥစ္စာ။
ကျွတ်ဘူးထဲက အနီတွေကို ညှစ်ထုတ်ပြီး ပါးပေါ်အနှံ့ လျှောက်တို့လိုက် တယ်။ ပြီးတော့ ညီနေအောင် ဂရုစိုက်လူးရင်းက ပါးမို့နှစ်ဖက်ပေါ်ကို အနီထူထူ တင်လိုက်တယ်။ မျက်နှာက တင်းတင်းကျပ်ကျပ် ဖြစ်လာပေမယ့် မှန်ထဲက ခင်ပိုင့်မျက်နှာလေးက မိတ်ကပ်ဖုန်ဖုန်နဲ့ ပိုလှလာသလိုပဲ။
နည်းနည်းစို့လာတဲ့ ချွေးကို တို့ဖတ်နဲ့ အသာသိပ်ရင်း မျက်ခုံးမွေးဆွဲ တဲ့ ခဲတံနဲ့ နှာတံလေး နှစ်ဖက်ကို ခဲကြောင်းပေးရတယ်။ မပေါ်တပေါ် နှာတံလေး ထင်းလာအောင်လေ။ ပြီး..မျက်ခုံး။ အင်း...ခင်ပိုင့်မျက်ခုံးက ပါးတော့ အကုန်ရိတ်ပစ်ပြီး၊ ကိုယ့်ဟာကိုယ် ပုံဖော်ဆွဲရမှာဆိုတော့ မျက်ခုံးမွေး ဆွဲတာမှာ တော်တော်အချိန်ယူရမှာ။ နှုတ်ခမ်းဆိုးတာနဲ့ မျက်တောင်တု တပ် တာကတော့ နောက်ဆုံးမှပေါ့။ နို့မဟုတ်ရင် မျက်တောင်တုက ကြီးတော့ မနေတတ်၊ မထိုင်တတ်နဲ့ မျက်ခွံတွေ လေးလေးကျသွားနေသလိုကြီးရယ်။
နှုတ်ခမ်းဆိုးတာကလည်း နှုတ်ခမ်းနီတောင့် အစစ်ကို ဆိုးရတာ မဟုတ်တော့နေရတာ တစ်မျိုးကြီး။ ခင်ပိုင်တို့ ဆိုးရတဲ့ နှုတ်ခမ်းနီက ‘ပုံနှိပ်မင် အနီ၊ လေ။ ပုလင်းလေးထဲက ပုံနှိပ်မင်အနီကို စုတ်တံသေးသေးလေးနဲ့ ဆိုးရတာ။ မီးရောင်အောက်မှာ ရဲပြီး စိုရွှန်းနေတဲ့ နှုတ်ခမ်းမြွှာလေးဖြစ်အောင်က တကယ့် နှုတ်ခမ်းနီအစစ် မတိုးနိုင်ဘူး။ ပုံနှိပ်မင်အနီကို ဘယ်လိုမှ လိုက်မမီဘူး။ ပုံနှိပ်မင်အနီရောင်က ရဲပြီး စိုရွှန်းနေတာ။ အဝေးကသာ ကြည့်။ နှုတ်ခမ်း လေးကို ကိုက်စားချင်စရာကောင်းအောင် လှတာ။ အဟင်း...ဆိုးထားရတဲ့ သူကသာ စေးထန်းထန်း ကပ်တပ်တပ်နဲ့ အနေရအထိုင်ရ ခက်နေတာ။ မထိပ်ခေါင်ပြောသလိုပေါ့လေ။ ကြာတော့လည်း ရိုးသွားမှာပေါ့။ ကိုယ်လှ နေဖို့အတွက်ပဲဟာ။ ဒါလောက်တော့ သည်းခံရမှာပေါ့။ ကိုယ်လှမှ ဝမ်းရေး အတွက် လှမယ်လေ။
“အောင်မယ်၊ ကောင်မလေးတောင် အတော်ပြီးနေပြီဟဲ့”
မထိပ်ခေါင်က သူ ့သေတ္တာပေါ် လက်ထောက်ပြီး ငေးငိုင်နေရာက သေတ္တာဖွင့်တယ်။ အဝတ်တွေပေါ် မှောက်ထားတဲ့ မှန်ကိုထောင်တယ်။ ပြီးတော့ သူ့ မျက်နှာကို မှန်အရိပ်မှာ ဟိုလှည့် သည်လှည့် ကြည့်ရင်း လက် အင်္ကျီကြယ်သီးတွေကို တစ်လုံးချင်း ဖြုတ်နေတယ်။ တကယ့်ကို လွတ် လွတ်လပ်လပ်။ ဟင်း...အငြိမ့်စင်ပေါ်၊ လေဟာပြင်မှာ ပြင်ရတာ မဟုတ်လို့နော်။ လုံခြုံတဲ့ နေရာမို့နော်။ နို့မို့ဆိုလို့ကတော့ မလွယ်လိုက်တာ။
အင်း...ဒီတစ်ခုကတော့ မြမန္တလာရဲ့ လေးလေး (ခေါ် )ဦးကျော်လေးရဲ့ အစီအမံကို ဦးထိုင်ချချင်စရာ ကောင်းတယ်။
ဘတ်စ်ကားကို အငြိမ့်ခုံနောက်မှာ အမြီးထိုး၊ ကားတံခါးတွေကို အလုံ ပိတ်ပြီး ကားထဲမှာ မိတ်ကပ်လိမ်း၊ အလှပြင်၊ အဝတ်လဲစေတာလေ။ သူက ဒီအကြံနဲ့ ဘတ်စ်ကားကို သုံးခဲ့တာတဲ့။ တခြားသုံးတန်ကားတို့ ဘာတို့ဆို အမိုးအလုံမပါ၊ ဘေးတံခါးတွေ မပါနဲ့ ဘယ်ရမလဲ။
ဘတ်စ်ကားကတော့ အမိုးလုံနဲ့၊ ဘေးတံခါးတွေနဲ့ ဆိုတော့ အဆင်ပြေ တယ်။ ကားပေါ်က စင်ပေါ်မှာသုံးမယ့် အငြိမ့်သေတ္တာတွေကို ချပြီးတာနဲ့ ကားနောက်ထဲ ကြမ်းပြင်မှာ မင်းသမီးသုံးယောက်ယိမ်းသမလေးယောက် ရဲ့ သေတ္တာတွေအပြင် အဲဒီည အော်ပရာတို့၊ ပြဇာတ်တို့မှာ မင်းသမီးတွေဝတ်ရမယ့် အဝတ်အစားတွေကို နေရာချပေးတယ်။ ပြီးတာနဲ့ ကားကို အလုံပိတ်၊ ကားနောက်မြီး အပေါက်ကျယ်ကြီးကိုလည်း အဝတ်ထူနဲ့ပိတ်၊ မင်းသမီးတွေ စိတ်လွတ်လက်လွတ် ပြင်ပေရော့။ အဝတ်လဲလည်း စိတ်လုံ၊ လက်လုံ လဲပေရော့ပဲ။
ဒါပေမဲ့ အဲဒီကားခေါင်းထဲကိုတော့ ဘယ်ဧည့်သည်မှ အဝင်မခံဘူး။ တွေ့ချင်ရင် အပြင်မှာ ထွက်စကားပြော။ အငြိမ့်အဖွဲ့ထဲက ယောက်ျားတွေ လည်း ကားထဲလုံးဝမဝင်ရဘူး။ တစ်ခုတော့ရှိတယ်။ အလုံပိတ်ထားတော့ နည်းနည်းတော့ အိုက်တာပေါ့။ ဒါပေမဲ့ အိုက်စမ်းပါစေ။ ဟိုရှေးတုန်းက အငြိမ့်မင်းသမီးတွေဆို အငြိမ့်စင်ရဲ့ ဟာလာဟင်းလင်း ထောင့်လေးမှာ မရှက် မကြောက် လိမ်းရ၊ ခြယ်ရတာ။ အငြိမ့်စင်ပေါ် မေးတင်ပြီး စူးစိုက်ကြည့်နေ တဲ့ သူစိမ်းယောက်ျားတွေရဲ့ရှေ့မှာ အင်္ကျီချွတ်လဲရတာ၊ ထဘီချွတ် လဲရတာ နဲ့စာရင် အမယ်လေး...အိုက်ချင်သလောက် အိုက်စမ်းပါစေ။ လှောင်ချင် သလောက် လှောင်စမ်းပါစေ။ စိတ်လုံလုံနဲ့ အခန်းလေးတစ်ခုထဲမှာ ပြင်နေ ရသလို ဖြစ်တာကိုက ဘယ်လောက်စိတ်ချမ်းသာဖို့ ကောင်းလဲ။ အချင်းချင်း ပြောချင်တဲ့စကား လွတ်လွတ်လပ်လပ်ပြော။ ဟန့်မယ့် အမေတွေလည်း မပါဘူးလေ။ ဒါလည်း မြမန္တလာရဲ့ စည်းကမ်းပဲ။ အငြိမ့်စည်းကမ်းနဲ့ ကိုယ့်ရဲ့ သိက္ခာနဲ့ ထိန်းစတမ်းတဲ့။ ဘယ်သူမှ အုပ်ထိန်းသူ အမေ မခေါ်ရဘူး။
“ဟူး..အိုက်လိုက်တာအေ၊ ညနေက အလှူအိမ်က ကောင်လေး ငင်ပေး တဲ့ တွင်းရေလေးကို သတိရလိုက်တာ။ အေးစိမ့်လို့။ ချိုးလို့ကောင်းလိုက်တဲ့ အမျိုး
ဟောတော်၊ မထိပ်ခေါင်ကြီးကလည်း။ ညနေ အလှူအိမ်မှာ သူညပြီး ခိုင်းခဲ့တဲ့ ကောင်လေးအကြောင်းကို ဂုဏ်ဖော်ရင်း အပေါ်အင်္ကျီတင်မက ဘရာစီယာချိတ်ကိုပါ ဖြုတ်နေပြန်ပြီ။ မထိပ်ခေါင်ဘေးက ဖူးညွန့်နေအောင် လှနေတဲ့ ခက်ခက်ဝေက နှုတ်ခမ်းကို မသိမသာ ရွဲ့တယ်။ ဟုတ်တယ်၊ ရွဲ့ လည်း ရွံ့စရာ။ ဘယ်လောက်လုံတယ်ဆိုဆို။ ဒီလောက်တော့ ပက်စက်တာ မကောင်းပါဘူး။ တော်ကြာ ကားနောက်မြီးအပေါက် အဝတ်စ လန်သွားခဲ့ ရင် ဆိုင်းသမားတွေ၊ ပရိသတ်တွေ တစ်စွန်းတစ လှမ်းမြင်နိုင်သလို၊ ကိစ္စရှိရင်လည်း လေးလေးနဲ့ ကိုဇော်တို့က ဝင်ချင် ဝင်လာတတ်တာ။
မထိပ်ခေါင်ကတော့ မဖြုံတဲ့အပြင်၊ သူနဲ့မခေါ်တဲ့၊ သူနဲ့ မျက်နှာကြော မတည့်တဲ့ ခက်ခက်ဝေ နှုတ်ခမ်းရွဲ့တာလည်း သူမြင်တယ်။
“အပိုတွေ လုပ်မနေကြနဲ့။ မိန်းမချင်းချင်းကို မမြင်ရဲလောက်အောင် ရှက်နေရအောင်ကလည်း အပျိုစစ်စစ်ကလေးတွေမို့လား။ ဟင်း...စစ် မစစ် ကျမ်းကျိန်ခိုင်းလိုက်ချင်တယ်”
ခက်ခက်ဝေ မျက်နှာက မည်းခနဲ ဖြစ်သွားပြီ။ ပေါင်ဒါကို ဆောင့်ချ တယ်။ မထိပ်ခေါင်ကတော့ အရေးမစိုက်သလို မိတ်ကပ်ကို ကျပ်ကျင်လည် လည် လိမ်းနေရင်းက...
“ဟင်...ခင်ပိုင်၊ ညည်းရော အပျိုစစ်ပါတယ်လို့ ကျိန်ရဲပါ့မလား။ စူပါ ကပ်နဲ့ ဘယ်ရောက်ပြီးလဲ၊ ဇော်လေးက တွဲစပ်တယ်ဆိုတဲ့စကား ညည်းကို သင်ပေးပြီးပြီလား”
“မထိပ်ခေါင်ကြီးနော်၊ ဘာတွေ လျှောက်ပြောနေတာလဲ။ ဟင်း...ကျိန်နိုင်ပါ့၊ ကျိန်နိုင်ပါ့။ ကျွန်တော်တို့က ရိုးရိုး။ မဆန်းဘူး"
ခင်ပိုင် ရှက်ရမ်း ရမ်းတာကို သိသလို၊ မိတ်ကပ်ညှိရင်း မထိပ်ခေါင်က ခေါင်းတဆတ်ဆတ် ညိတ်တယ်။ ခင်ပိုင့်ဘေးက ယိမ်းသမလေးက..
“နားထောင်မနေနဲ့ မခင်ပိုင်၊ အဲဒီမိန်းမကြီးက စုတ်ပဲ့တာတွေ ပြောရမယ် ဆိုရင် ပထမတန်း”
လို့ ခပ်တိုးတိုး ပြောတယ်။ မထိပ်ခေါင်ကတော့ ရှိတယ်လို့ မထင်ရ အောင် ပါးလွန်းတဲ့ သူ ့အပေါ်နှုတ်ခမ်းကို ခဲတံနဲ့ ချဲ့ပြီး ဆွဲနေတယ်။ သူ့ကို မကြည့်တော့ဘဲ ကိုယ့်မျက်ခုံးမွေးကို အပြီးသတ်အောင် ဆက်ဆွဲခါမှ လက် မသိမသာ တုန်နေသေးတယ်။ ဟင်း…မထိပ်ခေါင် ရုတ်တရက် ထပြီး ကလိလိုက်တဲ့ စကားက ခင်ပိုင့်ရင်ထဲမှာ လာထိတယ်လေ။ မထိပ်ခေါင်တို့၊ ခက်ခက်ဝေတို့၊ ကိုကတိုးတို့တွေလို ပါးစပ်ဖျားလေးကနေ အလွယ်တကူ လိမ်လိုက်မိပေမယ့်၊ ကိုဇော်နဲ့အတူ သွားခဲ့တဲ့ ညနေပေါင်းများစွာကို ခင်ပိုင့် မျက်စိထဲမှာ မြင်နေမိတယ်။
တက္ကသိုလ်ကျောင်းကြီးရဲ့ တိတ်ဆိတ်တဲ့ နေရာ တွေ၊ မန္တလေးတောင်ရဲ့ တစ်နေရာ၊ မေမြို့လမ်းရဲ့ လူရှင်းတဲ့ နေရာတွေ။အို…ဒါပေမဲ့ အဆုံးစွန်ဆုံး ဆိတ်ကွယ်ရာကိုတော့ ခင်ပိုင် ဘယ်တော့မှ မသွားခဲ့ပါဘူး။
“ခေါင်းဆောင်မင်းသမီးဟာ အပျိုဖြစ်မှ”
ဆိုတဲ့ စကားလေးတစ်ခွန်းက ခင်ပိုင့်သတိကို အမြဲချုပ်ထိန်းထားတယ်လေ။
ဒါပေမဲ့လည်းလေ။
“သက်ပိုင်ရယ်၊ မင်းနဲ့ကျမှ ကိုယ်ဒုက္ခရောက်ပြီ။ မင်း ခေါင်းဆောင်ကဖို့ ကိုယ် နောက်တစ်နှစ်လောက်ပဲ အချိန်ပေးနိုင်တော့မယ် ထင်တယ်”
ဆိုတဲ့ မူးယစ်ရီဝေတဲ့ စကားတွေနဲ့ ခင်ပိုင့်စိတ်တွေ ပြေလျော့ပြီး တွေဝေ ယိမ်းယိုင်ခဲ့တာတွေလည်း များခဲ့ပြီ။ ဟင်း...ခင်ပိုင် ထိန်းသိမ်းသမျှတွေဟာ တဲတဲလေး။ တကယ့်ကို တဲတဲလေးပဲ ရှိတော့တာပါ။
“သောက်ကျိုးနည်း ဆာလိုက်တာအေ၊ မုန့်သိုင်းခြုံလေး ဘာလေး စားဦး မှထင်တယ်။ လက်ဖက်ရည်က သန်းခေါင်လောက်မှ လာမှာ။ အင်း..မြို့ ပေါ်ပွဲမဟုတ်တော့ ဒကာပေါ်မှာ မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်မှ”
မထိပ်ခေါင်က ညည်းညူရင်း သေတ္တာအဖုံးမှာ ကပ်ထားတဲ့ ဓာတ်ပုံနောက်ကျောထဲကို ပိုက်ဆံစမ်းနေတယ်။
“ဆာပြီလား မထိပ်ခေါင်ရဲ့။ ညနေကလည်း ဝက်သားဟင်းလေးနဲ့ ထမင်းတွေ တအားစားပြီးတော့”
“ဆာတာပေါ့အေ၊ ညနေလေးနာရီကတည်းက စားထားတာကို၊ စားတာ သာ ညည်းကမြင်နေ၊ ဟင်းလေးအနှစ်နဲ့ ဟင်းချိုနဲ့ ချနေရတာပါအေ။ ဝက်သားနဲ့ ကျုပ်အသံနဲ့က ဘယ်လိုမှ မရဘူး”
“ကျွန်တော်တော့ စားတာပဲ”
မထိပ်ခေါင်သာ ပြောရတယ်။ ဝက်သားတုံးများစွာနဲ့ စားလာတဲ့ ခင်ပိုင် တောင် ဆာတာတာနဲ့။ ဪ၊ စားပြီးတာပဲ လေးနာရီကျော်ခဲ့ပြီဥစ္စာ။ အလှူ အိမ်ရောက်ရောက်ချင်းတုန်းက စားကောင်းလို့သာ စားရတာ။ သုံးနာရီခွဲ လောက်ဆိုတော့ သိပ်မဆာသေးဘူး။ ဒါပေမဲ့ တန်းစားလိုက်ရတာပဲ။ အလှူ အိမ်ကလည်း အငြိမ့်ရောက်လာပြီဆို ကိစ္စပြီးအောင် ကျွေးထားလိုက်ချင်တယ်လေ။ သူတို့မလဲ တခြားကျွေးရမယ့် ဆွေမျိုးမိတ်ဆွေ ပရိသတ်တွေက ရှိသေးတာကိုး။
ခင်ပိုင်တို့အနေနဲ့ ဟင်းကတော့ ကြေးများပိုင်ခွင့် မရှိဘူး။ ဝက် မစား ဘူး၊ အမဲ မစားဘူး လုပ်နေလို့ မရဘူး။ ကျွေးတာနဲ့ စားရတယ်။ ဘယ်သူမှ ဒီလူတွေ တစ်ယောက်တစ်မျိုး မစားတာကို လုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ အလှူအိမ်၊ မင်္ဂလာဆောင်အိမ် ဆိုတာက အလုပ်သိပ်ရှုပ်တဲ့ပြင် အများကြီး ကျွေးရတာ။ ဟင်းတစ်မျိုးပဲပေါ့။ အများအားဖြင့် ဟင်းကလည်း ဝက်ပဲပေါ့။ ကြက်တို့၊ ဒုန်းခြောက်တို့ထက် ဈေးသက်သာတယ်။ ဆီခိုရတယ် လေ။ ဝက်ဆီ ဝက်သားနဲ့ အသံသမားတွေဟာ ဓမ္မန္တရာယ်။ ဘယ်လိုမှ မတည့်ဘူးလို့ ပြောကြတာပေမယ့် ခင်ပိုင်တို့ အငြိမ့်သမားတွေဖြင့် ရှောင်မနေ နိုင်ပါဘူးစားကြတာပါပဲ။ ညကျတော့လည်း စင်ပေါ်မှာ ဆိုကြရတာပါ ပဲ။ သူများ အဆိုတော်တွေလို အသံတွေ ဘာတွေ မွေးမနေကြရပါဘူး။
မထိပ်ခေါင်တို့လို အလွန်မတန် မတည့်တဲ့လူ ပါရင်တောင် သီးသန့် ဟင်းက မရဘူး။ အများစားတာ စားပဲ။ ဒါပေမဲ့ နည်းနည်းလျှော့စား။ ဟင်းချိုရည်နဲ့ သရက်ချဉ်၊ ငရုတ်သီးကြော်နဲ့ဖြစ်ဖြစ်၊ ပြီးလိုက်။ နည်းနည်း စားမိလို့ အသံဝင်ချင်ရင်လည်း စားပြီး လည်ပင်းမှာ ပရုတ်ဆီလေးပွတ်ပြီး အဝတ်စည်းထားလိုက်ပေါ့။ အင်း..ဒီလိုနဲ့ မထိပ်ခေါင် အသံပြာလဲ့လဲ့ ဖြစ် လာတာထင်တယ်။ အမယ်….အဲဒီ ပြာလဲ့လဲ့က အဆိုတတ်တော့ ညခွင်ပေါ်မှာကျ ကောင်းမှကောင်း။
“စိမ်းလဲ့လဲ့ ညိုပြာ”
ဆိုပြီး လေပါတီမမြရင်ရဲ့ ရွှေပြည်စိုး သီချင်းကိုများ စလိုက်ပြီဆိုရင် သူ ့အသံပြာ အဆွဲလေးကိုက နားထောင်ချင်စရာ။
“မမထိပ်ခေါင်၊ အဲဒီဓာတ်ပုံမမထိပ်ခေါင်ရဲ့ အငံ႔လေးတွေ မဟုတ် လား။ခုဆို တော်တော်ကြီးပြီနော်”
ခင်ပိုင့်ဘေးက ယိမ်းသမလေးက မထိပ်ခေါင် ပိုက်ဆံညှပ်ထားတဲ့ ဓာတ်ပုံကို လှမ်းကြည့်ရင်း မေးတယ်။ မထိပ်ခေါင်က အေး...” ဆိုပြီး နည်း နည်း ငိုင်သွားတယ်။ ဓာတ်ပုံက ကလေးလေးနှစ်ယောက်။ နှစ်နှစ်နဲ့ တစ်နှစ်အရွယ်လောက်လေးတွေ။ အင်း ခုနယိမ်းကောင်မလေး ခေါ်လိုက်တာ ဘာ တဲ့။ အင့ံ တဲ့။ ကလေးကို အငံ႔လို့ ခေါ်တာပေါ့နော်။ သူတို့ကမှ ခင်ပိုင် ထက် သိသေးတယ်။
မထိပ်ခေါင်က ဆံပင်တွေကို ဘီးနဲ့ရှုပ်ရာက ကားတံခါးပေါက်က အစွန် ဆုံး ယိမ်းသမလေးကို “ဟဲ့ ကောင်မလေး၊ ထမ်းဆင့်ကောင်လေး ခေါ်လိုက် စမ်းပါ။ မုန့်ဝယ်ခိုင်းရအောင်” လို့ လှမ်းပြောပြီး...
“ညည်းတို့ပြောမှ ငါ ‘အငံ့” တွေတောင် သတိရလာပြီ။ တောမှာလေ။ အမေတို့ဆီ ပို့ထားလိုက်တယ်။ မင်းသမီးနဲ့ ‘အငံ့ တွဲလောင်းနဲ့ မဖြစ်ဘူး လေအေ။ ဟိုသောက်ကောင် ‘ဓာတ်စိန်’ကလည်း အသုံးကျတာ မဟုတ် ဘူး”
မထိပ်ခေါင်က ကွဲနေတဲ့ သူ ့ယောက်ျား နာမည်ကျော် ကိုဓာတ်စိန်ကို အားရပါးရ တိုင်းလိုက်သေးတယ်။
“သင်းကလေ ကလေးနှစ်ယောက်လုံး တာဝန်မယူဘူးတဲ့။ သူ့သမီး အငယ်မှ သူ ့သမီးအငယ်။ အရင်အိမ်ထောင်က ငါ့သားလေးကိုဆို သူက ရန်သူ။ ပေါင်းကြည့်မှ ဓာတ်စိန်က ယုတ်မာတယ်။ အင်း...နှဲသမား ငါ့ ယောက်ျားကြီးက နာမည်သာ မကျော်တာ။ သူ ့လောက် မယုတ်ဘူး”
စိတ်လိုလက်ရ ပြောနေရင်းက ထိပ်ခေါင်တင်တင်ရဲ့ ရင်ထဲ သတိတရား ရမိသလိုကြီး။
သူဘာဖြစ်လို့ နှဲသမားလင် လက်ထဲကနေ ဓာတ်စိန်ကို ယူလိုက်မိတာ လဲ။ ဓာတ်စိန်ဟာ နာမည်ကြီး လူရွှင်တော် ဖြစ်တာကလွဲရင် လူပျို လူလွတ် လည်း မဟုတ်။ တစ်ခုလပ်ကောင်။ ကျောက်ကျောရေပက် မျက်နှာနဲ့။
ဒါပေမဲ့ အကြောင်းကို စစ်လိုက်တော့ ထိပ်ခေါင် နာမည်ကျော်ချင် တယ်။ ခေါင်းဆောင်မင်းသမီးကြီး ဖြစ်ချင်တယ်လေ။ ကိုယ့်နာမည်လေး ပရိသတ်သိဖို့က ကိုယ့်ပညာတင် မဟုတ်ဘူး။ လူရွှင်တော်တွေရဲ့ အပံ့အပိုး တွေ အများကြီးပါတယ်လေ။ ကိုယ့်ပညာ ဘယ်လောက် ကောင်းနေနေ၊ သူတို့ဝင်ဖျက်လိုက်ရင် ပြီးရော၊ ပြီးရော။ ရသမျှ အလုပ်ချိန်လေးမှာ ကိုယ် ကချင်တာ၊ ကိုယ်ဆိုချင်တာ၊ ကိုယ်ပြောချင်တာလေးတွေကို လုက၊ လုဆို၊လုပြောရတာ မဟုတ်လား။
ဟင်း..ဟင်း၊ အစကတော့ ထိပ်ခေါင် မာနကြီးမိသေးတယ်။ လူရွှင် တော်နဲ့ အလုပ်ခွင်မှာပဲ အလုပ်စကားပြောမယ်၊ ရယ်မယ်၊ မောမယ်။ ကျန်တဲ့ အချိန် ခပ်တည်တည်။ အိုး..ဘာပြောကောင်းမလဲ၊ ဓာတ်စိန်တို့ ပညာ အောက်မှာ ထိပ်ခေါင်တို့ လူးလှိမ့်လို့လေ။ တစ်ခါတည်း ခွင်ပေါ်ရောက်လို့ ထိပ်ခေါင်မှ သီချင်းဆိုမယ် ဟန်ပြင်လိုက်ရင် ခွင်ထဲမှာလည်း မပါဘဲနဲ့ “ဟေ့...နေဦး” ဆိုပြီး ကိုဓာတ်စိန်က မျက်နှာထားကြီးနဲ့။ ထိပ်ခေါင်က ပြက်လုံးပဲဆိုပြီး ပျာပျာသလဲ “ဘာဖြစ်လို့လဲရှင်၊ ကျွန်မတော့ ဆိုမှာပဲ” လို့ အလိုက်သင့် ပြောတော့...
“အောင်မယ်..အောင်မယ်၊ ဆိုမှာပဲတဲ့။ ကိုယ့်အသံလည်း ကိုယ်နား ထောင်ကြည့်စမ်းပါဦး။ တောက်တဲ့ကို ဟီးနိုးကားနင်းသွားတဲ့အသံ၊ ခွေး ပိန်မလေးကို ကလိထိုးတဲ့အသံ၊ အိအိ….အိ...အိ...အိ”
ဓာတ်စိန်ပြောသမျှ ရယ်တဲ့ ပရိသတ်က ဝေါခနဲ။ ထိပ်ခေါင်မှာတော့ အလိုက်သင့်သာ နေရတယ်၊ မျက်နှာက ပျက်စပြုပြီ။ ဒါတင် ဓာတ်စိန်က မပြီးသေးဘူး။
“နေဦးဗျ။ ဒါတင် ဟုတ်ပါရိုးလားအမယ်...မထိပ်ခေါင်ကိုယ့်ရုပ် လည်း ပြန်ကြည့်ဦးဗျ။ အသားကမည်း၊ မျက်လုံးကပြဲ၊ အရပ်က ပုသေး။ နင် ဘယ်လို မင်းသမီးဖြစ်လာတာလဲဟင်။ မှန်း...မှန်း၊ နင် အပေါ်နှုတ်ခမ်း မပါဘူးလား။ ဪ….ပါတယ်၊ ပါတယ်။ အထဲထဲ ဘာလို့ ဝှက်ထားရတာ တုံးဟ”
သွားပြီ။ ပရိသတ်က ပတ်တုတ်လို့ မရတော့ဘူး။
“ပါပါတယ် ကိုဓာတ် စိန်ရဲ့ထိပ်ခေါင်နှုတ်ခမ်းက ပါးလို့ပါ” လို့ ပြန်ပြောတဲ့ ထိပ်ခေါင်အသံက တုန်နေပြီ။
ထိပ်ခေါင် သီချင်းစဆိုတော့၊ သူ အပီဆိုလိုက်မဟဲ့လို့ ကြိမ်းဝါးထား တဲ့ လေပါတီရဲ့ သီချင်းဟာ ရယ်ရှိန်မပြယ်သေးဘဲ ဆူနေတဲ့ ပရိသတ်ကြား မှာ ဘယ်လိုမှ မတိုးနိုင်တော့ဘူး။ ပြီးတော့၊ ဆိုနေတဲ့ တစ်လျှောက်လုံးမှာ ဘေးကနေ ဓာတ်စိန်က တစ်ချိန်လုံး ဓားသိုင်းကနေတယ်။ အမူအရာ အမျိုးမျိုးနဲ့ ဓားလွတ်ကျလိုက်၊ ကုန်းကောက်လိုက်နဲ့။ ကဲ…ဘယ်လိုလုပ်ပြီး ထိပ်ခေါင်ဆီမှာ ပရိသတ်အာရုံက ရှိတော့မလဲ။
နောက်ဆုံးတော့ အလုပ်ခွင့် အပြင်ဘက်မှာ ဓာတ်စိန်ကို မျက်ရည်လည် ရွှဲနဲ့ တောင်းပန်ရတဲ့အထိ။ အဟင်း..ဓာတ်စိန်က ထိပ်ခေါင် သူ ့အပေါ် ခပ်တည်တည်နေခဲ့သမျှတွေကို ဒဏ်ခတ်တဲ့အနေနဲ့ ယောက်ျား နှဲသမား အလစ်မှာ မထိတထိ တို့ရင်း ဆိတ်ရင်းက မယားအဖြစ် သိမ်းပိုက်ခဲ့တယ် လေ။ သူ ့အစောင်အမတွေကြောင့် ထိပ်ခေါင်လည်း နာမည်ကြီးသင့် သလောက် ကြီးခဲ့ပြီ။ ဟား...ဟား၊ အဲဒီအချိန်လည်းရောက်ရော၊ ထိပ်ခေါင် တို့လည်း ပညာတတ်ပြီ။ ဓာတ်စိန်ကို ကန်ပစ်ခဲ့တာပေါ့။ ဟင်း...သင်းလို လူမျိုးနဲ့တော့ ဘဝမှာ အတည်တကျ မဖြစ်ချင်ဘူးလေ။ ကိုယ့်စိတ်ကြိုက် အားကိုးရတဲ့ ယောက်ျားတစ်ယောက်ကို ထိပ်ခေါင်တင်တင် ဘာပြုလို့ မရှာ နိုင်ရမှာလဲ။
“မမထိပ်ခေါင်...ဒီမှာ မုန့်”
ထမ်းဆင့်ကောင်လေးက ကားတံခါးဝ အဝတ်ကြားကနေ မုန့်လှမ်းပေး နေတယ်။ အစွန်က ယိမ်းကောင်မလေး လက်ထဲကို ထမ်းဆင့်ကပေးရင်း မျက်နှာလို အားရ လေသံနဲ့ ခက်ခက်ဝေဆီကို...
“အစ်မခက်၊ အစ်မခက်လူကြီး လိုက်လာတယ်။ ဟို...ဆေးကျောင်းက လူကြီးလေ”
“ဟင်...ဟုတ်လား”
ခက်ခက်ဝေ ပြာသွားတယ်။ ပဏာမသီချင်းထွက်ဆိုဖို့ လဲနေတဲ့ အိရှံ အနီအင်္ကျီရဲ့ နှိပ်သီးတွေကိုတောင် အလွဲလွဲ အချော်ချော်တပ်လို့ ။
“ဟဲ့...သွားပြောလိုက်ပါဦး၊ ခဏလေး ခဏလေး၊ လာခဲ့မယ်လို့။ ဝေးကဝေးနဲ့နော်။ ဒီထိတောင် လိုက်လာနေသေးတယ်..."
ဒီတစ်ခါ နှုတ်ခမ်းရွဲ့ ရမယ့် အလှည့်က မထိပ်ခေါင်အလှည့်။ ခက်ခက် ဝေရဲ့ လေက သက်သက်ကြွားပြီး ပြောနေတယ်ဆိုတာ ခင်ပိုင်တို့အားလုံး သိကြတယ်။ ခက်ခက်ဝေက ထဘီအနီပွင့်လေး ကပျာကယာလဲပြီး အပြေး တစ်ပိုင်း ဆင်းသွားတယ်။ ပွဲထွက်ဖို့နီးနေပေမယ့် ပွဲထွက်ဖို့ဟာ သူ့အတွက်ဘာမှ အရေးမဟုတ်တော့သလို။
“ကောင်မက ဒီကောင်ကိုတော့ အသေကပ်တာဟေ့၊ မြူရုံမြိုက်ရုံ မဟုတ်ဘူး"
“ကပ်ရမှာပေါ့ မမထိပ်ခေါင်ရယ်၊ အဲဒီအစ်ကိုကြီးက ဆရာဝန်ဖြစ်တော့မှာဆို”
ဒီတစ်ခါတော့ ယိမ်းကောင်မလေးစကားကို မထိပ်ခေါင်က ထောက်ခံ တယ်။
“အေးပေါ့အေ၊ မင်းသမီးနဲ့ ဆရာဝန် ညားတယ်ဆိုတာ ရှာမှရှားကိုး။ တို့မင်းသမီးတွေ ကောင်းရောင်း ကောင်းဝယ်နဲ့ တွေ ့ဖို့ဆိုတာ မလွယ်ဘူး နော်။ မယ်ခင်ပိုင်ရေ၊ ညည်းလေးလည်း ခေါင်းဆောင်ဖြစ်အောင်လုပ်၊ ပြီး တော့ ကောင်းကောင်းမွန်မွန် တစ်ယောက်လောက်၊ ခါးတောင်အင်္ကျီချွတ် ရမယ့် တစ်ယောက်လောက်ကို ကိုယ့်စွဲနေအောင် လုပ်၊ အပိုင်ကပ်”
ဟင်အငြိမ့်မင်းသမီးတစ်ယောက်ရဲ့ လုပ်ရမယ့်အလုပ်ဟာ ဒါပဲလား။ ရှေ့ထွက်ဘဝကနေ အငြိမ့်လောကသားတွေနဲ့ အလိုက်အထိုက် ရောထွေး နေထိုင်ရင်းက ခေါင်းဆောင်ဖြစ်ဖို့ ရုန်းပြီးတက်။ ခေါင်းဆောင်ဘ၀ကနေ ပြီး ကိုယ့်ကို အတည်တကျထားမယ့် ယောက်ျားတစ်ယောက်ကိုရှာ။ တွေ့ ပြီဆိုရင် အငြိမ့်မင်းသမီးဆိုတဲ့ ဘဝကို ကန့်လန့်ကာ နောက်ကွယ်မှာ ထား ရစ်ခဲ့ပေတော့ပေါ့နော်။ ဒီလိုလား။
ခင်ပိုင့်ရှေ့မှာ မြင်နေရတဲ့ မထိပ်ခေါင်ရော၊ ခက်ခက်ဝေရော သည်လိုပဲ လေ။ သည်လိုဆိုရင် မိခင်ပိုင်ဟာ မစခင်ကတည်းက ကံကောင်းသူလား။ ကိုဇော်က ခေါင်းဆောင်အဖြစ် တစ်နှစ်တည်းပဲ ကခွင့်ပေးမယ်တဲ့လေ။ နောက်ပြီး ကိုဇော်ဟာ မြမန္တလာ အငြိမ့်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသား။ ကောင်းရောင်းကောင်းဝယ်လေးလေ။
“ဟော..ကောင်မ ပြန်လာပြီ။ လက်ဆောင်တွေနဲ့ ၊ ဒီနေ့ညတော့ ပရိသတ်ဘက် လှည့်မှာ မဟုတ်တော့ဘူး။ နောက်ပြန်ကတော့မှာ”
လက်ဆောင်တွေပွေ့ပြီး ခက်ခက်ဝေ တက်အလာ၊ ပါးစပ်ကို တို့ဖတ်နဲ့ ပွတ်သလိုနဲ့ အတင်းမြန်မြန်ကပ်ပြောလိုက်တဲ့ မထိပ်ခေါင်စကားကြောင့်ခင်ပိုင် ရယ်ချင်သွားတယ်။ မထိပ်ခေါင် ပြောပြဖူးတဲ့ ရည်းစားလာရင် ဘယ်မင်းသမီးဖြစ်ဖြစ် ပရိသတ်ဘက် သိပ်မလှည့်တော့ဘဲ ရည်းစားရှိတဲ့ အငြိမ့်ခုံနောက်ကိုပဲ လှည့်ကနေတော့တာ။ နောက်ပြန်ကတာတဲ့လေ...။ ဟင်းဟင်း...မထိပ်ခေါင်လည်း ကဖူးသတဲ့။
“အလကား လက်ဆောင်တွေကို သယ်လာတယ်။ များလှပါပြီလို့ ပြောလည်းမရ၊ တကယ်ခက်တဲ့လူ”
လက်ဆောင်တွေကို တစ်ခုချင်း ထုတ်ကြည့်ရင်း ဟန်ဆောင်ညည်းညူ နေတဲ့ ခက်ခက်ဝေကို ဒီတစ်ခါတော့ ဘယ်သူမှ မျက်နှာကြော မရှုံ့မိကြဘဲ ငေးကြည့်မိကြတယ်။ အဝတ်စ အလှလေးတွေက သုံးလေးစ၊ လက်ကိုင် ပဝါအထပ်၊ ပေါင်ဒါဘူးအရှည်ကြီး။ ပြီးတော့ မုန့်ထုပ် အကောင်းစားတွေ။
အို..ခက်ခက်ဝေကို အားကျလိုက်တာ။ ကိုယ်နဲ့ ဘဝတူတွေကြားမှာ ဘယ်လောက်မျက်နှာပွင့်လိုက်သလဲနော်။ ခက်ခက်ဝေဟာ ခင်ပိုင်တို့လို ဘဝမျိုးထဲက မင်းသမီးတစ်လက်ပဲ။ ဒါပေမဲ့ မယုံနိုင်စရာ။ ခက်ခက်ဝေကို ဆရာဝန်လောင်းက လက်ဆောင်တွေ တစ်ပုံကြီး ပေးပြီးတော့ ချစ်ခင်စွဲ မက်လို့ နေသတဲ့။ ခင်ပိုင်ကတော့ တစ်နေ့မှာ ခက်ခက်ဝေလို ခေါင်းဆောင် ဖြစ်ခဲ့ရင်။ ခင်ပိုင့်ရင်ထဲမှာ ကြည်နူးလာတယ်။ အို...အမေရွေးတဲ့လမ်းက မှန်လိုက်လေ။ နို့ထမင်းသည်သမီး၊ လေးတန်းပညာသာရှိတဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ မမျှော်မှန်းနိုင်တဲ့ အရာတွေကို မျှော်မှန်းလို့ရတဲ့ နေရာ။
အင်း..ကိုဇော့်လို ကောင်းရောင်းကောင်းဝယ်လေးကို ချစ်ချင်ပါတယ် ကိုဇော်ရယ်။ ဒါပေမဲ့လည်း ကိုဇော်ရယ်၊ ဟောဒီမှန်ထဲမှာ ကြည့်စမ်းပါဦး။ အခြယ်အသ အမွမ်းအမံတွေနဲ့ မီးရောင်အောက်မှာဆို သိပ်စားမယ့် ရုပ် ကလေး။ ဒီရုပ်ကလေးနဲ့ လက်ဆောင်တွေ ဘယ်လောက် ပလူပျံပြီး၊ ဘယ်လို လူတွေ ဘယ်လောက် ဝိုင်းဝိုင်းလည်ကြမယ်ဆိုတာ မိခင်ပိုင် စမ်းကြည့်ချင် လိုက်တာအရသာခံကြည့်ချင်လိုက်တာ။ မိခင်ပိုင်ဟာ ဒီမင်းသမီးတွေထဲ က မင်းသမီးတစ်လက်ပဲမို့ ဒီလိုဖြစ်မိတာဟာ သဘာဝကျပါတယ် ကိုဇော် ရယ်...နော်။
* * *
“ဦးလေးရေ...ကြွရောက်လာကြတဲ့ ဆရာတော် သံဃာတော်များနဲ့တကွ ဖေဖေ၊ မေမေ၊ ကိုကို၊ မမ၊ မောင်လေး၊ ညီမလေးတွေကို ခုတစ်ခါကျတော့ သမီးလေး ခင်သက်ပိုင်က စတီရီယို သီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေပါဦးမယ်လို့"
“အောင်မယ်...စတီရီယိုသီချင်း၊ ဟုတ်လား။ လုပ်စမ်းပါဦး..နင်က ဘာသီချင်းဆိုမှာတုံး”
ကိုကတိုးကြီးက အားတက်သရော ရှိလှတဲ့ လေသံနဲ့ ခင်ပိုင့်အနား တိုးကပ်လာတယ်။
“ဪ….ကျွန်တော်ဆိုမှာက…မေဆွိရဲ့ ‘ကိုကိုရေ’တဲ့”
အငြိမ့်ခုံထောင့်ဆီက “ဟေး”ခနဲ အသံထွက်လာတယ်။ ဟင်း...လက်ခေါက်တော့ မမှုတ်ပါလား။ အို…ဒါကတော့ ဆိုတဲ့အချိန် မှုတ်မှာပေါ့နော်။
“ကိုကိုရေ သီချင်းဟုတ်လား။ အဲဒါ မကောင်းဘူးဟ။ ဟိုသီချင်းမှကောင်းတာ”
ခင်ပိုင်က အလိုက်သင့်ပဲ၊ “ဘယ်သီချင်းလဲဟင်” လို့ လုပ်လိုက်တော့ ကိုကတိုးကြီးက စဉ်းစားတဲ့ အိုက်တင်လုပ်ပြီး “အဲ.....ငါသိပြီ၊ ဟိုသီချင်း”လို့ ပြောရင်း အမူအရာအပြည့်နဲ့ “ကြင်နာစွာ ကြွက်ဆေးလေးများ ပေးပါ...ဆိုင်မှာ ကြွက်ဆေးရှိတာပဲ”
ပရိသတ်က ဝေါခနဲ ဖြစ်သွားတယ်။ ကိုချူးဂေါင်းက ကိုကတိုးကို ရိုက်တဲ့ဟန်နဲ့ သူ ့ပေါင်ကို ဖြန်းခနဲ ပုတ်လိုက်ပြီး..
“သွားစမ်းပါ...ကောင်းလည်း မကောင်းဘဲနဲ့၊ ဟဲ့ကောင်မလေး... ဟိုသီချင်း ဆိုဟ"
“ဘာသီချင်းလဲ ဦးလေးချူးရဲ့”
“ဟင်..ဦးလေးချူးတဲ့၊ စိတ်ညစ်လိုက်တာ၊ ဟဲ......ဟိုသီချင်း ဟို သီချင်း၊ မေခလာ မေခလာ။ ကိုကိုနဲ့ ကျွန်တော် အရပ်ချင်း တိုင်းကြည့် မလား၊ သေခါနီးပြီ ဒါကလေးလား၊ ခြောက်ဆယ့်တစ်နှစ်မ၊ အားဟာ.. ခြောက်ဆယ့်တစ်နှစ်မ”
ပရိသတ်က တဝေါဝေါ ရယ်ပြန်တယ်။ ကိုကတိုးက “ကဲဟာ” ဆိုပြီး ကိုချူးဂေါင်းကို ပြန်ရိုက်တယ်။
ခင်ပိုင်တို့ခွင်က သိပ်စိုနေပြီ။ အမှန်က ခင်ပိုင့်ဘာသာ သီချင်းဆိုရမှာ။ တီးလုံးတိုက်တုန်းက ဒီပြက်လုံးမှ မပါဘဲ။ ဘာပြုလို့များ ခင်ပိုင့်ကို ဝိုင်းပို့ နေကြပါလိမ့်။ ကိုကတိုးကတော့ ထားပါတော့။ ခင်ပိုင်နဲ့ ခင်မင်ပြီးသားမို့။ ကိုချူးဂေါင်းကြီးကပါ ဝင်ပို့နေပြန်တယ်။ အင်း...နေ့ခင်းတုန်းက နောက်ရင်း ပြောင်ရင်းနဲ့ ခင်ပိုင့်လက်ကို ဖမ်းဆွဲထားပြီး တော်တော်နဲ့ မလွှတ်တာကို ခင်ပိုင် သည်းခံပြီး ရယ်နေမိလို့လား။ အို.....မဟုတ်ပါဘူးလေ၊ မဟုတ် ပါဘူး။ အားလုံးရဲ့ အကြောင်းတရားတွေဟာ ဟောဟိုက ကိုဇော့်ကြောင့်ပါ နော်၊ ကိုဇော့်ကြောင့်ပါ။ ကိုဇော် ပြောထားလို့နေမှာပါ။ မပြောတောင် ခင်ပိုင် ဟာ ကိုဇော် အရေးပေးခံရတဲ့သူဆိုတာ အားလုံးအသိပဲဟာ။
ခုလည်း ခင်ပိုင် ထွက်ကတည်းက ဒိုးချောင်နောက်ကနေ အခန့်သား ထိုင်ကြည့်နေခဲ့တာလေ။
တီးဝိုင်းက အော်ဂင်သံ ပေါ်လာတယ်။ သီချင်း စဆိုဖို့ပြင်ရင်း ဒိုးချောင် နောက်က ကိုဇော့်ဆီ လှမ်းကြည့်တော့ ကိုဇော်က မျက်စိတစ်ဖက် လှမ်းမှိတ် ပြတယ်။ ဟင်...ဒါပေမဲ့ ထွက်ဖို့စောင့်နေတဲ့ မထိပ်ခေါင်ကြီးနဲ့ ဘာလို့ ကပ်ထိုင်နေရတာလဲ။ မထိပ်ခေါင်တင်တင်ဆိုတဲ့ မိန်းမကြီးဟာ တကယ် ကြောက်စရာ ကောင်းတယ်။ အို..တော်ပါပြီ၊ ကိုယ့်အလုပ် ကိုယ်လုပ်မှ။
“ကိုကိုရေ...ကွယ်ရာမှာ...ခြေမများနဲ့နော်၊ ကိုကိုရေ...စာမှန်မှန် သူ ရေးပါနော်..ကိုကိုနော်...”
ကိုယ်ကို အသာတွန့်ပြီး ဆိုရင်း စင်ထောင့်ကို မျက်လုံးတစ်ချက် ဝဲ လိုက်တော့ ‘ဟေး' ကနဲ ဆိုတဲ့အသံတွေက လှောင်ပြောင်သံတွေလိုလို၊ မျက်စိအဝဲမှာ ဖျတ်ခနဲ လှမ်းမြင်ရတဲ့ လျှာထုတ်ပြတာ၊ မျက်စိမှိတ်ပြတာ၊ လက်မြှောက်ပြတာ၊ လက်ယပ်ပြ ခေါ်တာတွေအပြင်၊ လက်ပိုက်ပြီး စိတ် ပျက်လက်ပျက် မျက်နှာနဲ့ ကြည့်နေတဲ့ သူတွေကိုလည်း မြင်ရရဲ့။
ခင်ပိုင်ကတော့ အတီးပိုဒ်မှာ လှလှပပလေး ကြိုးစားပြီး ရှိတ်ဆွဲပစ်လိုက် တယ်။ မင်းသမီးတွေက တွန့်လိမ်ပြီး မြူကနေတာလို့ အမြဲပြောတတ်တဲ့ အဖေသာ မြင်ရင်တော့ ခင်ပိုင့်ကို ဘာပြောမလဲ မသိ။ ဘာပြောရမလဲလေ။ ဒီခေတ်မှာ ဒါဟာ အငြိမ့်တိုင်းလိုလို တစ်ပုဒ် ထည့်ကကြတာပဲဥစ္စာ။ နာမည်ကြီး မြမန္တလာတောင် ဒါကို မရှောင်နိုင်ပါဘူး။
အဖေ ခုတလော သိပ်မမာဘူး။ အရက်ကတော့ အသောက်မပျက်ပါ ဘူးလေ။ ဝပ်ရှော့လည်း မဆင်းတစ်ချက်၊ ဆင်းတစ်ချက်။ မောင်လေး တင်မြိုင်က အဖေ့နေရာ ဝင်ပြီး ဆက်ခံနေလို့သာ။ တင်မြိုင့်ကိုတော့ ပြော ရတယ်။ အဖေ့လို အလုပ်သင်ဘဝနဲ့ မပြီးဖို့၊ ကားကို ကျွမ်းကျွမ်းကျင်ကျင် ပြင်တတ်ဖို့။ တစ်ခုတော့ ရှိပါတယ်။ အဖေက နှစ်ကြီးသုံး တစ်ထောင်ကျော် ကို မြင်ရပြီးကတည်းက ခင်ပိုင် မင်းသမီးလုပ်တဲ့ကိစ္စကို မှိုချိုးမျှစ်ချိုး မပြော တော့ပါဘူး။ အင်း...တစ်လပြည့်လို့ ပိုက်ဆံရှင်းရင်တော့ အသုံးနည်းနည်း ပါးပါးချေပြီး ကျန်တဲ့ပိုက်ဆံထဲက အဖေ့ကို ကိုဇော်ပြောတဲ့ “ရမ်” ဆိုတဲ့ အရက်ပုလင်း ဝယ်ပေးလိုက်ဦးမယ်။ ကြက်ပေါင် ဖိနပ်စုတ်နဲ့ ရောချက်တဲ့ အရက်တွေကို တဂွပ်ဂွပ်မော့ရင်း ဆဲတတ်တဲ့ အဖေ ဘယ်လောက် ဝမ်းသာ မလဲ။ ကျန်တဲ့ပိုက်ဆံ အမေ့အပ်ပေါ့။ ခင်ပိုင်လည်း ပရိုမီနာ တစ်ဘူးလောက် ဝယ်ရဦးမယ်။
ဟင်း...ဟင်း။ ဒီကြားထဲ နာမည်ကြီးလာလို့ လက်ဆောင်ပေး တဲ့ထဲမှာ ပရိုမီနာဘူး ပါချင်ပါလာမှာပေါ့လေ။ ကိုဇော်ကတော့ ခင်ပိုင့်ကို လက်ဆောင် တစ်ခါမှ မပေးပါဘူးနော်။ ချစ်သူရယ် ဆိုပေမယ့် ကိုဇော့် အနေနဲ့က ပေးစရာ မလိုဘူးလေ။ ကိုဇော်က အငြိမ့်ပိုင်ရှင်သားပဲ။ ပေးခြင်း ပေးရင် ကိုဇော်ကြည်အောင်လို့ ခင်ပိုင်ကပဲ ပေးရမှာ။ ပြီးတော့လည်းလေ၊ ခင်ပိုင်က ကိုဇော့်ရဲ့ ရည်းစားစကားမပြောဘဲနဲ့ နမ်းခံရတဲ့ ချစ်သူ။ ဒါပေမဲ့ ခင်ပိုင် ကိုဇော့်ကို ယုံပါတယ်။ ကိုဇော်ဟာ ခင်ပိုင်ရဲ့ ဆရာဆိုလည်း မမှားနိုင် ပါဘူးနော်...”
ကိုဇော် စပ်ပေးတဲ့ အသိမ်းသီချင်းကို ကိုဇော် သင်ပေးတဲ့ အမူအရာ အတိုင်း ကြိုးစားဆိုတော့ ကိုဇော်က ပြုံးတုံးတုံးနဲ့။
“အားပေးကြတဲ့..ကိုကို...ခင်သက်ပိုင်...နှုတ်ဆက်ပါတယ်နော်”
နှစ်ခေါက်ကျော့ပြီး လက်ပြ နှုတ်ဆက်ရင်း မီးအမှိတ်မှာ ကားထဲကို ပြေးဝင်ခဲ့တော့၊ သူ လူလာလို့ စိတ်လက်ကြည်သာတဲ့ ခက်ခက်ဝေက ပြုံး ပြတယ်။
“ဟဲ..ဟဲ၊ တော်တော် ကြိုးစားလာတယ် ထင်တယ်၊ ချွေးတွေကို အိလို့၊ကြိုးစား၊ ကြိုးစားမှ ဒိုးပြားရမှာ”
ဘယ်လို ခက်ခက်ဝေမှန်းကို မသိဘူး။ မောလွန်းလို့ ပြန်ပြောမနေတော့ ပါဘူး။ ထိုင်မသိမ်း အင်္ကျီတွေ ချွတ်လဲရင်းက အေးအေးဆေးဆေး အိပ် လိုက်ချင်စိတ် ပေါ်လာမိတယ်။ အိပ်လို့ မရသေးဘူးလေ။ ခေါင်းဆောင် ပြီးရင် ယိမ်းတစ်ယိမ်း ကရဦးမယ်။ ပြီးတော့ ပြဇာတ်ထဲမှာ ကိုဇော် ထည့်ပေး ထားတဲ့ အခန်းတစ်ခန်း။ တကယ်လို့ ကိုယ်ပါရမယ့် အခန်း မရှိတောင် ခင်ပိုင်တို့ အိပ်လို့မရဘူးလေ။ သိပ်မပါရတဲ့ ယိမ်းလေးတွေတောင် ဒီလိုပဲ ငုတ်တုတ်ထိုင်နေကြတာပဲ။
အငြိမ့်ပြီးလို့ ပစ္စည်းတွေသိမ်းဆည်း၊ ကားပေါ် တင်ပြီးတော့မှ စင်ပေါ် မှာ နေရာချပြီး အားလုံး အိပ်ကြရတော့တာ။ မင်းသမီးတွေက တစ်ခြမ်း၊ ယောက်ျားတွေက တစ်ခြမ်းပေါ့။ ထမ်းဆင့်တွေကတော့ ကားပေါ်မှာ ပစ္စည်း စောင့်ရင်း အိပ်၊ အိပ်ချိန်ကတော့ ခဏလေးပါ။ နယ်ပွဲဆို အမြဲ နှစ်နာရီ၊ သုံးနာရီမှ ပြီးတာဆိုတော့ အိပ်ရတာ ဘာကြာမလဲ။ နောက်နေ့ ပွဲကူးရင်း ကားပေါ်မှာ ငိုက်ပေါ့။
မြို့ပေါ်ပွဲက တစ်ခုကောင်းတယ်။ အငြိမ့်ပြီးတာနဲ့ ကိုယ့်အိမ်ကိုယ် ပြန်အိပ်လို့ ရတာပေါ့။ အင်း...ခုထိတော့ တော်သလင်းလပြည့်ကျော် ပွဲစ ထွက်လာကတည်းက နယ်ပွဲချည်းပဲ။ ခင်ပိုင် မြို့ပေါ်မှာ မကဖူးသေးဘူး။ ရှေ့လ တန်ဆောင်မုန်းဆိုရင်တော့ ဈေးချိုရုံတွေထဲမှာ ကထိန်တွေ ကရတော့ မယ်။
စင်ရှေ့က ပြာလဲ့လဲ့ စူးရှရှ မထိပ်ခေါင်ရဲ့ အသံနဲ့အတူ ပွဲခင်းဆီက အကြော်အလှော်နံ့တွေက လေသင့်ပြီး ရောက်လာတယ်။ ဆာလိုက်တာ။ ခုမှပဲ ဆာတာကို သတိရတော့တယ်။ ညဦးပိုင်းက ကိုကတိုးပေးသွားတဲ့ မုန့်ဖိုး သုံးကျပ်လေးက ဆံညှပ်ထည့်တဲ့ ဘူးထဲမှာ အရာမယွင်းသေးဘူး။ ဘာစားရမလဲ။ ထမ်းဆင့်ကို မုန့်ဟင်းခါး အကြော်မပါ တစ်ကျပ်ဖိုး ဝယ်ခိုင်း မယ်။ ပြီးတော့ ဆီးထုပ်နှစ်ထုပ်၊ ကျန်တဲ့ တစ်ကျပ်ခွဲကိုတော့ မနက်ပွဲကူး ရင်း လမ်းမှာစားဖို့ လိုရမည်ရ သိမ်းထားလိုက်ဦးမှ။
* * *
ခေါင်းအုံးပေါ်က ဇွန်ပန်းကုံးလေးက ကြေမွတွန့်လိမ်လို့ နေတယ်။ ခင်ပိုင် မနက်က ပန်လာတုန်းက အလန်းလေး။ အားရှိသမျှ ထိန်းထားခဲ့တဲ့ ကြိုးတဲတဲလေးက ခဏလေးအတွင်းမှာပဲ ပြတ်တောက်သွားခဲ့ပြီ။ သိလျက်နဲ့ အမှားလဲ မိခင်ပိုင်ရယ်။ ခေါင်းရင်း ဘုရား လိုက်လာမိခဲ့တာကိုက ဘယ်သူ့ စင်သေးသေးလေးပေါ်ကနေ ခေါင်းအုံးနှစ်လုံးကြားကို တဖတ်ဖတ် ကြွေကျ နေတဲ့ နှင်းဆီပွင့်ဖတ် အနွမ်းအကြေတွေကို အဓိပ္ပာယ်မဲ့ စိုက်ကြည့်ရင်းက ဝမ်းနည်းတာထက် စိုးရိမ်တာ လွန်ကဲနေမိတဲ့ ကိုယ့်ကိုယ်ကိုယ် ခင်ပိုင် အံ့သြမိတယ်။ အဟုတ်၊ တကယ်။ ခင်ပိုင်ပါးပေါ်မှာ ဘာမျက်ရည် တစ်စက် မှ လိမ့်ဆင်းမလာခဲ့ပါလား။
ခင်ပိုင့်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ရင်း တတွတ်တွတ်ပြောနေတဲ့ “မစိုးရိမ်ပါနဲ့ကွာ၊ ခင်ပိုင် ခေါင်းဆောင်ကရင် ဆိုဖို့ ကိုယ် သီချင်းတောင် စပ်နေပြီနော်။ ယုံတယ် မဟုတ်လား၊ ကိုယ့်ကို ယုံတယ်မဟုတ်လား” ဆိုတဲ့ ကိုဇော့် စကားတွေကြောင့်ပဲလား။ အိပ်ရေးအမြဲတမ်း ပျက်ရတဲ့ နီကြင်ကြင် မှုန်ရီရီ အငြိမ့်မင်းသမီး မျက်လုံးအစုံနဲ့ ကိုဇော့်ကို ငေးလို့ပဲ ကြည့်မိတယ်။
“ကိုဇော်ရယ်၊ ဟိုလေ..ခင်ပိုင်ကြောက်တာက အငြိမ့်က ခေါင်းဆောင် ဆိုတာ အပျို...အပျိုမှဆို”
ကိုဇော်က တဟားဟားရယ်ပြီး ခင်ပိုင့် မေးစေ့ကို ဆွဲယူယမ်းရင်း...
“အမယ်လေး…ခင်သက်ပိုင်လေးရဲ့ ၊ စိုးရိမ်စရာ မဟုတ်တာ၊ ခင်ဗျား လေး အပျိုစစ် မစစ်၊ အပျို ဟုတ် မဟုတ်ဘယ်သူက သိမှာလဲ.... ခင်ဗျားက ယောက်ျားငုတ်တုတ်ကြီးနဲ့လား။ “အတွေ တိုးလို့တွဲလောင်း နဲ့လား။ ဒါမျိုးမှ အိုတယ်ခေါ်တာပါကွာ။ စိတ်ချ၊ ဟား...ဟား သက်ပိုင်လို အပျိုမျိုးတွေ ခေါင်းဆောင်တွေထဲမှာ အများကြီး။ ဒါ ဘာမှ မဆန်းပါဘူး”
ဒါ ဘာမှမဆန်းဘူးတဲ့လား။ တကယ်ပဲလားဟင်။ အင်း...မထိပ်ခေါင် တစ်ခါပြောတုန်းကလည်း ခက်ခက်ဝေလည်း အပျို မဟုတ်ပါဘူးတဲ့။ သူ ဘယ်သူနဲ့ ဖြစ်တယ်ဆိုတာ ညည်း နောက်ကျ သိလာမှာပေါ့တဲ့။ နောက်ပြီး သူ ပြောပြသေးတယ်။ ဘယ်အငြိမ့်က ဘယ်ခေါင်းဆောင်ဖြင့် ဘယ်လို၊ ဟိုအငြိမ့်က ခေါင်းဆောင်ကလည်း ဘယ်ညာနဲ့ဟာ၊ အို….အများကြီးပဲ။
ခင်ပိုင် စိတ်နည်းနည်း သက်သာလာတယ်။ စကားအပိတ်မှာ မထိပ်ခေါင် ပြောတဲ့ “ဒါတွေဟာ ဒီလိုပါပဲအေ၊ ဘယ်သူကတော့ ဖြစ်ချင်ပါ့မလဲ။ ကိုယ် နာမည်ကြီးလာတော့၊ ကိုယ်အမှီအတွယ် ကောင်းကောင်းရလာတော့ ဒါတွေ မေ့သွားတာပါပဲ” ဆိုတဲ့ စကားတွေကလည်း ကိုဇော်ပြောသလိုမျိုးပါပဲနော်။ ပြီးတော့ ခင်ပိုင်က တစ်ခုသာတာက ကိုဇော်က ခေါင်းဆောင် တစ်နှစ်လုပ်ပြီး ရင် ယူမယ့်သဘော။ အင်းလေ...သဘောလောက်ပဲ ခင်ပိုင် တွက်ဆရဲပါ တယ်။ သဘောလောက်ပါပဲ။ သက်ပြင်းတစ်ချက်ကို ချရင်း ကိုဇော့် ရင်ခွင် ထဲက ရုန်းထွက်လိုက်တယ်။
“သွားကြစို့ ကိုဇော်၊ ဒီနေ့ ပိုက်ဆံရှင်းမှာလေ။ ခင်ပိုင့်စာရင်းကို ကိုကတိုး ကြီးနဲ့ လွှဲထားခဲ့ရတာ”
ကိုဇော်က မထချင် ထချင်နဲ့ ခေါင်းအုံးဘေးက လက်ပတ်နာရီကို စမ်း နေတယ်။ ကိုဇော့်လက်ထဲ ရောက်သွားတဲ့ နာရီလေးက တတီတီနဲ့ ထမြည် တယ်။
“ဘယ်နှနာရီထိုးပြီလဲ ကိုဇော်”
“တစ်နာရီ”
“ဟယ်...တစ်ချက်တောင် ထိုးပြီ၊ ဒုက္ခပဲ ကိုဇော်၊ မမချစ်ကြီးက ပိုက်ဆံ ရှင်းပြီးရင် ဟိုယိမ်းအသစ် နည်းနည်းပြန်တိုက်မလို့တဲ့။ တစ်ချက်လောက် တိုက်မှာတဲ့”
ခင်ပိုင်ပြောပေမယ့် ကိုဇော်က အေးအေးဆေးဆေးပဲ။
“အေးအေးနေစမ်းပါကွာ။ ဒီမိန်းမကြီးကို တခြားသူတွေ ကြောက်ရင် ကြောက်ရမယ်။ ကိုယ်နဲ့ပတ်သက်တဲ့ ခင်ပိုင် ကြောက်စရာမလိုဘူး။ အဖေက ကိုယ့်သဘော၊ နောက်ကျတာလည်း ဂရုစိုက်မနေနဲ့၊ တည်တည်သာနေ”
တကယ်ပဲလား ကိုဇော်ရယ်။ မြမန္တလာရဲ့ အိမ်ရှေ့မင်းသားနဲ့ အလိုတော် ကျနေရတဲ့အတွက် ရမယ့် အခွင့်အရေးဟာ မက်မောလောက်စရာပါပဲ။ မြမန္တလာရဲ့ သခင်မကြီး ဒေါ်မြချစ်ကိုတောင် ခင်ပိုင်က ဂရုစိုက်စရာ မလိုဘူး တဲ့လေ။
“နောက်ပြီး သက်ပိုင်ပြောလို့သာ၊ ဒီနေ့ ဒေါ်မြချစ် မအားပါဘူး။ တောင်မြို့ကို ရာကျချိတ်မှာထားတာ သွားယူရမှာ။ နက်ဖြန် ဈေးချိုရုံထဲ နေ့ပွဲလေ၊ ခက်ခက်ဝေကို ဆင်ဖို့"
ဟုတ်သားပဲ။ နက်ဖြန် ဈေးချိုထဲမှာ နေ့ပွဲရှိတယ်။ ဒီနေ့ တစ်နေ့တောင် ပိုက်ဆံရှင်းနိုင်တာ။ ည မြို့ပေါ်တင် ကရမှာမို့၊ တစ်လလုံးလုံး နယ်ပွဲတွေ ပြတ်မှ မပြတ်တာ။ နာမည်ကြီး အငြိမ့်မှာ ကရတာ ဒီတစ်ချက်တော့ ဂုဏ်ယူ ချင်စရာ ကောင်းသား။
“အဲဒီတော့ သက်ပိုင် အိမ်ပြန်ပေါ့။ ကိုကတိုးနဲ့ ညပွဲကျမှ ပိုက်ဆံရှင်း လိုက်ပေါ့”
ကောင်းသားပဲ။ ခင်ပိုင်လည်း အိပ်ချင်သေးတယ်။ ကိုဇော်က မေးဆတ် ပြီး မေးတာကို “ပြန်မယ် ကိုဇော်” လို့ ပြောပြီး ကိုဇော် တွန်းထုတ်လာတဲ့ ဆိုင်ကယ်ဘီး နောက်ခုံပေါ်မှာ တင်ပါးလွှဲ ထိုင်လိုက်တယ်။ စိတ်ထဲမှာ ဆိုင်ကယ်ရဲ့ တငြိမ့်ငြိမ့် အရသာကို မခံစားနိုင်အောင်ဘဲ ကိုဇော်ပြောတဲ့ ရာကျချိတ်နဲ့ ခက်ခက်ဝေကို မြင်ယောင်နေမိတယ်။ ခက်ခက်ဝေက နက်ဖြန် ဈေးချိုနေ့ပွဲမှာ ရာကျချိတ်အစစ်၊ ထိုင်မသိမ်းလုံချည်နဲ့ စိန်အစစ်တွေ ဝတ် ရမှာ။ မျက်နှာကိုတောင် ဒေါ်မြချစ်က ကြွေမိတ်ကပ် လိမ်းပေးမတဲ့။ ဘယ် လောက်ကောင်းလဲ။ ခေါင်းဆောင်ဖြစ်ရတဲ့ အခွင့်အရေးလေ။
ဈေးချိုရုံတွေ ထဲက ကထိန်နေ့ပွဲတွေ ကပြီဆိုရင် အငြိမ့်အဖွဲ့ချင်းက အပြိုင်အဆိုင်ပဲ။ သူက ဟိုရုံက။ ကိုယ်က သည်ရုံက။ ကိုယ့်အသံ၊ သူ ့အသံ ကြားနေရတာ။ တစ်ခါတလေ ရုံထိပ်ချင်း မျက်နှာချင်းဆိုင်တောင် ကကြရတာ။ အဲဒီတော့ ကိုယ်က အပြတ်သာအောင် နည်းလမ်းရှာကြရတယ်။ ရုံထဲ၊ ဒါမှမဟုတ် ရုံပြင်မှာ ခဏတဖြုတ် ကရတာလိုတော့ အငြိမ့်ခုံက ကြီးကြီးကျယ်ကျယ် လည်း မဟုတ်ဘူး၊ ခမ်းခမ်းနားနားကြီးလည်း ပြင်လို့မရနိုင်ဆိုတော့ လူရွှင် တော်၊ မင်းသမီး အဝတ်အစားတွေကို အကောင်းဆုံး၊ အလှဆုံးဖြစ်အောင် ပြိုင်ကြတယ်။
အထူးသဖြင့်ကတော့ ခေါင်းဆောင်ပေါ့။ ထောင်ကျော်တန် ရာကျချိတ် နဲ့ သုံးဆယ့်ငါးကျပ်တန် သစ်ခွနဲ့။ စိန်အစစ်တွေသီးပြီး ဖူးညွန့်ချောလှနေ အောင် ပွဲထုတ်တယ်လေ။ တကယ့်ကို သူဌေးအဆင့်တန်းမြင့်မြင့်ချောချောလှလှလေး ဝါသနာပါပြီး အပျော်ကနေတာများ ကျလို့။
ဟင်း..ခေါင်းဆောင်...ခေါင်းဆောင် ဆိုတဲ့ အသံတွေက ခင်ပိုင့်ရင်ထဲ မှာ တိုးဝှေ့ဆူညံနေကြတယ်။
“ဘာတွေ ဒါလောက် သက်ပြင်းချနေရတာလဲ ဒေါ်ခင်သက်ပိုင်ရဲ့”
ကိုဇော်မေးခါမှ ကိုင်ထားတဲ့ ကိုဇော့်ပခုံးကို ခပ်တင်းတင်း ဖျစ်ညှစ်မိတယ်။
“ခက်ခက်ဝေလို ရုံထဲမှာ ရာကျချိတ်နဲ့ ကချင်လိုက်တာ ကိုဇော်ရယ်”
“တစ်နေ့ကျ မင်း ကရမှာပါ သက်ပိုင်ရာ၊ ဟုတ်လား”
ချော့မော့ နှစ်သိမ့်သလို ပြောပြီး ကိုဇော်က သဘောကျသလို ရယ်နေ ပြန်တယ်။ “တကယ်နော် ကိုဇော်” လို့ မယုံမရဲ ထပ်မေးမိတာကိုပဲ ကိုဇော် က ရယ်မောရင်းနဲ့ “ခက်ပါရဲ့…” တဲ့။
ခင်ပိုင့်ရင်ထဲက စိုးရိမ်စိတ် တချို့ တစ်ဝက် လျော့ပါးစပြုတယ်။ ခေါင်း ဆောင်မင်းသမီး ခင်သက်ပိုင်။ ချစ်ခင်နှစ်သက်သူတွေရဲ့ လက်ဆောင်တွေ တစ်ပုံတပင်ကြီးနဲ့ ခင်သက်ပိုင်၊ ဈေးချိုရုံတွေထဲမှာ ရာကျချိတ်အစစ်နဲ့ အလှ ကြီး လှနေတဲ့ ခင်သက်ပိုင်။ အို...ပျော်စရာကောင်းလိုက်မယ့်ဖြစ်ခြင်း။
မကြာ သေးခင်က ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ဘဝရဲ့ အကြီးမားဆုံး အချိုးအကွေ့ အလှည့်အပြောင်းလေးကိုတောင် ခင်ပိုင် သတိ မရချင်တော့ဘူးကွယ်။ ကိုဇော်က ပြောတယ်လေ။ အားလုံးကို စိတ်ချစမ်း ပါ သက်ပိုင်ရယ်...တဲ့။
*** ****
၇ဆက်ရန်
( တကယ်ကိုမလွယ်တဲ့အငြိမ့်မင်းသမီးတွေရဲ့ဘဝ ဇာတ်ထောင်ကြောက်ရ ဇာတ်ဆရာရန်ကြောက်ရ လူပျက်ကြောက်ရနဲ့ ခေါင်းဆောင်မင်းသမီးဖြစ်မဖြစ်တော့မသိ ဘဝကိုတော့ပေးဆပ်လိုက်ရပြီ )
#ရသလွင်ပြင် fb စာမျက်နှာမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
#နုနုရည်အင်းဝ #ဗိုလ်ကေတစ်ထောင်မှာတစ်ယောက်လောက်တော့စွဲကောင်းပါရဲ့ #ဝတ္ထုရှည် #တမာသားလေးမှတ်စု #Book_House
Leave a Comment