ဆားပုလင်းနှင်းမောင်နှင့် ဇော်ဂျီဖိုဝင်သား (မင်းသိင်္ခ) - တမာသားလေးမှတ်စု

ဆားပုလင်းနှင်းမောင်နှင့် ဇော်ဂျီဖိုဝင်သား (မင်းသိင်္ခ)

 

တစ်နေ့သ၌ ကျွန်ုပ်နှင့် လူဆိုးထိန်းနှင်းမောင်တို့သည် ချောက်မြို့တောင်ရပ် စာရေးတန်း ကာကာလက်ဖက်ရည် ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း ရောက်တတ်ရာရာများကို ပြောဆိုနေကြ၏။

ကိုနှင်းမောင်၏ဗဟုသုတပြည့်စုံခြင်း၊ စကား အပြောအဆို ကောင်းခြင်းစသော ကောင်းခြင်းအဖြာဖြာ တို့ကြောင့် ကျွန်ုပ်သည် ရာဇဝတ်ဝန်ကလေးထံသို့ နေ့စဉ် တင်ပို့ရန်ရှိသော (ဒေးလီးကရင်မီနယ်ရီတမ်း) ခေါ် ရာဇ၀တ် မှုခင်းပြန်တမ်း အစီရင်ခံ ရေးသားရန်ကိုပင် သတိရနိုင်ခြင်း မရှိတော့ပေ။


ထိုခဏ၌ပင် ကျွန်ုပ်၏ဂါတ်မှ ဂါတ်စာရေးမောင်မှ ရောက်လာကာ ကျွန်ုပ်အား အောက်ပါအတိုင်း အစီရင်ခံလေ၏။


“ဆရာ မြသလွန်ဘုရားပေါ်မှာ လူသေမှုတစ်ခု ဖြစ်ပွားတယ်လို့ မကွေးကနေ စာသင်ကြီးက တယ်လီဖုန်း

ဆက်တယ်”


“အေး စစ်ဆေးပြီး ရီပို့ ရေးပို့လိုက်လို့ စာသင်ကြီးကို

ပြန်ပြောလိုက်”


'မဟုတ်ဘူး ဆရာ”


”ဘာကို မဟုတ်တာလဲ”


“စာသင်ကြီးက ဆရာဖြစ်ဖြစ်၊ ကိုနှင်းမောင်ဖြစ်ဖြစ် ချက်ချင်း လိုက်ခဲ့ပါတဲ့”


”ငါတို့က ဘယ်လိုက်ဖို့ လိုသလဲ၊ လူသေမှုဖြစ်တာ အဆန်းလားကွ”


”ဆန်းတယ် ဆရာ၊ ရိုးရိုးသေတာ မဟုတ်ဘူး၊ ဇော်ဂျီဖိုဝင်တာတဲ့”


“အင်း ဆိုစမ်းပါဦး”


“ဒီလိုတဲ့ ဆရာ၊ သေတဲ့လူက ဦးဘမောင်တဲ့၊ အသက် ကတော့ (၅၀) လောက်ရှိပြီ၊ နေတာက မကွေးဆည်းစည် ရပ်ထဲမှာ တစ်ယောက်တည်း နေတာ၊ ပစ္စည်းဥစ္စာကလည်း

ချောင်ချောင်လည်လည်ပါပဲ၊ သားထောက် သမီးခံတော့ မရှိရှာဘူးတဲ့၊ ပြီးတော့ ဖိုအမြဲထိုးနေတဲ့ အဂ္ဂိရတ်သမား သူတော်ကောင်းကြီးတဲ့ ဆရာရဲ့၊ အဲဒါ ဒီနေ့မနက် (၃) နာရီလောက်မှာ ဘုရားကုန်းတော်ပေါ်က မီးတောက်မြင်တော့ အနီးအနားချင်း လူတွေရယ်၊ သငေ်္ဘာဆိပ်က မြင်းလှည်းသမား တွေရယ်က မီးသတ်ဖို့ တက်သွားတော့ မမီတော့ဘူး၊ မီးပုံထဲ ရောက်နေပြီး ဖြစ်နေသတဲ့၊ အဲဒါ စာသင်ကြီးရောက်သွားပြီး စစ်ဆေးတော့ မီး မကျွမ်းဘဲ ကျန်တဲ့အင်္ကျီတစ်ခြမ်းရယ်။ အထဲက ဂါထာ စာရွက်လေးတစ်ရွက်ရယ် တွေ့တယ်။ အလောင်းကတော့ မီးကျွမ်းပြီး ရုပ်ပျက်နေပြီ၊ ဒါပေမဲ့

အားလုံးက သေသူဟာ ဦးဘမောင်ပဲလို့ မှတ်မိကြတယ်။ အိတ်ထဲက ဂါထာစာရွက်ကိုတော့ လိုရမယ်ရ စာသင်ကြီးကို

တယ်လီဖုန်းကနေ ဖတ်ပြ ခိုင်းပြီး ကျွန်တော် ကူးလာခဲ့တာပါပဲ ဆရာ”


ဂါတ်စာရေး အောင်ပုသည် သူကူးလာသည်ဆိုသော ဂါထာစာရွက်အား ကျွန်ုပ်ကိုလှမ်းပေး၏။ အမှန်အားဖြင့်

မောင်ပုသည် ထိုဂါထာကို အမှုနှင့်သက်ဆိုင်ကောင်း သက်ဆိုင် မလားဟု ယူဆပြီး ကူးလာဟန် မတူပေး ဖိုဝင်သောဇော်ဂျီ ဂါထာအဖြစ် ရွတ်ဖတ်သရဇ္ဈယ်ရန် ဖြစ်ပေလိမ့်မည်။


“အဲဒါ လူသေမှုပေါ့၊ ငါတို့က ဘာဖြစ်လို့ မကွေးကို လိုက်သွားရမှာတုံး”


"ဒီလိုတဲ့ ဆရာရဲ့၊ စာသင်ကြီးက အလောင်းကို ဆေးရုံမပို့တာ လူတွေက အလောင်းကို ယူခွင့်မပေးကြဘူး”


”ဘာဖြစ်လို့”


”ဇော်ဂျီဖိုဝင်သားဆိုပြီး ဖဲ့ယူကြမလို့ လုပ်နေတယ်”


“အလို မကွေးသားတွေက ဇော်ဂျီဖိုဝင်သား စားပြီး ဗျဝိ ဗျတ္တ လုပ်ချင်ကြသေးတာကိုး”


ကျွန်ုပ်သည် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို အဆုံးအဖြတ် မပေးနိုင်သေးသည့်အလျောက် ဂါတ်စာရေး ထံမှရသောဂါထာစာရွက်ကို ဖတ်ကြည့်နေမိ၏။ ၎င်းဂါထာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


ဣမေသံသု မောဟဒိကိ အဌာရသတ်၊

မဟိဒ္ဓိပြီး၊ ဆန္ဒ အာသီသ ယေတပေါစ ယျထဘူတခနိတာသွာ စိတ္တာယံ မင်္ဂလာ

သုဝရအရံ အနီဂါသာရိဝတ်သြောင်း ဒူဝေခဲ့


ကျွန်ုပ်က ဂါထာကို ဖတ်နေစဉ် ကိုနှင်းမောင်သည် သူ၏အင်္ကျီအိတ်အတွင်းမှ ဒိုင်ယာရီစာအုပ်ကို ထုတ်၍

ရေးမှတ်လိုက်ပြီးနောက်


“ဒီနေ့ စနေနေ့ပဲ၊ နေစမ်းပါဦး ဂါတ်စာရေးကြီးရ၊ အဲဒီ ဦးဘမောင် ဖိုဝင်တာ မြသလွန်ဘုရားရဲ့ ဘယ်နေရာ လောက်မှာတုံး”


ဟု မေးလိုက်၏။


“ကုန်းပေါ်က မန်ကျည်းပင်ကြီး နှစ်ပင်အောက်မှာပါ”


“ဒီလိုဆို တနင်္ဂနွေထောင့်ဘက်မှာပေါ့”

“ဟုတ်ပါတယ်"


”အိုင်ပီ တဆိတ်လောက် ဒီဂါထာလေး ကျွန်တော့်ကို ပေးစမ်းဗျာ"


ကျွန်ုပ်သည် ဂါထာစာရွက်ကို ပေးလိုက်၏။ ကိုနှင်းမောင်သည် ဂါထာစာရွက်ကို ခေါက်တုံ့ခေါက်ပြန် ဖတ်နေ၏။ သုံးကြိမ်မြောက်သောအခေါက်၌မူ ကိုနှင်းမောင်၏ မျက်နှာသည် နေရောင်၌ လက်လိုက်သော မှန်ကဲ့သို့ ဖျတ်ခနဲ ဖြစ်သွားသည်ကို ကျွန်ုပ်သတိပြုမိသည်။


”အိုင်ပီ အချိန်မရှိဘူး၊ မြန်မြန်လုပ်ပေတော့ ခရီးထွက် ရမယ်၊ အခုပဲ ဂါတ်က ကားကို ဓာတ်ဆီအပြည့် ထည့်ပြီး ထွက်ကြစို့ဗျာ”


ကျွန်ုပ်နှင့် ဂါတ်စာရေး မောင်ပုသည် အဓိပ္ပာယ်ကို နားမလည်ဘဲ ကိုနှင်းမောင်ကို ခပ်ကြောင်ကြောင် ကြည့်နေမိ၏။ ထို့ကြောင့် ကိုနှင်းမောင်သည် စိတ်မရှည်စွာဖြင့်


“ခင်ဗျားတို့ ဘာကြောင်နေတာလဲ သွားကြရအောင်

ဗျာ"


“ဘယ်လိုလဲ ကိုနှင်းမောင် ဒီဥစ္စာ လူသတ်မှုလား”


“အိုင်ပီ လူသတ်မှုမှ တကယ့်လူသတ်မှုကြီး၊ ကံကောင်းရင် လူဆိုးဂိုဏ်းကို တစ်ဂိုဏ်းလုံးကိုတောင် ဖမ်းမိကောင်း ဖမ်းမိဦးမယ်”


"ဒီလိုဆိုရင် ဂါတ်စာရေး စာသင်ကြီးကို ဖုန်းပြန် ဆက်လိုက်၊ အလှည့်ကျ အစောင့်ချပြီး အလောင်းကို ဒီအတိုင်း ထားဦးလို့၊ ငါတို့ အခုလိုက်လာခဲ့မယ်”


ကျွန်ုပ်သည် မကွေးကို လိုက်သွားရမည်အထင်နှင့် ဂါတ်စာရေးအား အမိန့်ပေးလိုက်ရာ ကိုနှင်းမောင်က ကျွန်ုပ် တော်တော် သဘောမပေါက်သေးကြောင်း ရိပ်မိသဖြင့်


“မဟုတ်ဘူး အိုင်ပီ၊ ကျုပ်တို့ အခုလိုက်ရမှာ မကွေးကို မဟုတ်ဘူး၊ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါကို သွားရမှာ၊ ဒီတော့ အလောင်းကို ဖြစ်တဲ့နည်းနဲ့ ဆေးရုံ ပို့လိုက်ဖို့သာ ပြင်ပေတော့”


များမကြာမီ အချိန်အတွင်း၌ ကိုနှင်းမောင်သည် ဘေဘီအော်စတင်ကားလေးအား တစ်နာရီလျှင် မိုင်သုံးဆယ်ထက် မနည်းသော အရှိန်ဖြင့် ကျွမ်းကျင်စွာမောင်းနှင်နေ? ကျွန်ုပ် သူ၏ ဘေးနားမှာ ထိုင်၍ လိုက်ပါ၏။


အမှန်အတိုင်းဝန်ခံရလျှင် ကျွန်ုပ်အနေနဲ့ ရှက်လည်း ရှက်မိ၏။ ကျွန်ုပ်သည် တိုက်ပိုင်ပုလိပ်အရာရှိတစ်ဦး ဖြစ်လျက်နှင့် ကျွန်ုပ်၏လက်အောက်၌ ဆားပုလင်း ခေါ်သော လူဆိုးထိန်းရာထူးမျှလောက်နှင့် အမှုထမ်းနေရသည့် ကိုနှင်းမောင်၏ ဉာဏ်ရည်ကို မမီသည့်အတွက် ဖြစ်၏။


ယခုအမှုမှာ ကိုနှင်းမောင်က လူသတ်မှုဟုသာပြော၍ လိုက်လာရသည့် ကျွန်ုပ်အနေနှင့်မူ မည်သည့်အတွက် လူသတ်မှုဟု ယူဆသည်၊ တရားခံကို ဘာကြောင့် အလွန် ဝေးသော ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ သွားရောက် ဖမ်းဆီးရမည်ဆိုသည့်အချက်ကို လုံးဝစဉ်းစား တွေးနိုင်ခြင်း မရှိခဲ့ပေ။


သူငယ်တန်းမှ ကလေးအား ကောလိပ်မှမေးခွန်းကို ဖြေခိုင်းသည်ထက် ဆိုးရွားလှတော့၏။ အကယ်၍ ကိုနှင်းမောင် သာ မရှိခဲ့ပါလျှင် ဤအမှုမှာ လူသေမှုအဖြစ်နဲ့ အမှုပိတ်လိုက်ရပေတော့မည်။ ထို့ကြောင့် လူတို့၏ပင်ကိုယ်သဘာ အတိုင်း သူ၏ဉာဏ်ရည်သာမှုအား မနာလိုသယောင်ယောင် ရှိမိတော့သည်။


သို့ရာတွင် သူ၏ဉာဏ်ရည်သာမှုသည် ကျွန်ုပ်အ နှင့် နာမည်ကောင်းလက်မှတ်ရရန် ရာထူးတက်ရန်ဖြစ်ပြီး သူကိုယ်တိုင်အတွက်မူ ဘာတစ်ခုမှ အကျိုးခံစားခွင့် ရှိမည် မဟုတ်ဟု တွက်ဆ၍သာ ဖြေသိမ့်ရတော၏။


ကျွန်ုပ်အနေနှင့် ကိုနှင်းမောင်ကို ရာထူးတက်ရန် အကြိမ်ကြိမ် ထောက်ခံစာများ ရေးခဲ့ဖူးသော်လည်း မျက်နှာဖြူ

အရာရှိများက တင်သမျှသော ထောက်ခံစာများအား ပယ်ချသည်ချည်းဖြစ်၍ ကိုနှင်းမောင်သည် လူဆိုးထိန်း

ဆားပုလင်းအဖြစ်မှ တစ်ရွေးသားမျှ တိုးတက်ခဲ့ခြင်း မရှိခဲ့ပေ။


ထိုခဏ၌ ကျွန်ုပ်၏စိတ်သည် တစ်မျိုးတစ်ဖုံ

ပြောင်းလဲလာပြန်၏။ ငါလည်း ပုလိပ်ဆပ်ကျောင်း၌ စီအိုင်ဒီ ကျောင်းဆင်း တစ်ယောက်ပဲ၊ ဘယ်အညံ့ခံလို့ ဖြစ်ပါ့မတုံးဟု အားကျမခံ သူနားလည်သကဲ့သို့ ကျွန်ုပ်လည်း နားလည်ရန် စဉ်းစားမည်ဟူ၍ ဖြစ်၏။ ထို့ကြောင့် စိတ်တွင် ကြိတ်၍

ကြံစည်မိသည့် အားလျော်စွာ စိတ်တွင်း၌ အစီအစဉ် ခွဲကြည့်မိ၏။


ကိုနှင်းမောင်အနေနှင့် ဤအမှုအား လူသတ်မှုဟူ၍ လည်းကောင်း၊ တရားခံရှိမည့်နေရာကိုလည်း အတတ်သိနိုင် စွမ်းရှိသော်လည်း ကျွန်ုပ်အဖို့မှာမူကား မည်သည့်အဖြေမှ အခုအချိန်အထိ မပေါ်ရုံမျှမက၊ အကယ်၍ ကိုနှင်းမောင်သာ မရှိပါမူ ကျွန်ုပ်ကိုယ်တိုင်ပင် ဇော်ဂျီဖိုဝင်သား အမှတ်ဖြင့် အလောင်းမှ အသားအနည်းငယ်ကို ဖဲ့ယူမိကောင်း ယူမိ ပေလိမ့်မည်။


ကျွန်ုပ်သည် နောက်ဆုံးအမှုနဲ့ ပတ်သက်၍ မည်သို့မျှ စဉ်းစား၍ အဖြေမပေါ်သဖြင့် ကိုနှင်းမောင်အား မေးမည်ဟု

ကြည့်မိရာ စေ့စပ်ပိရိစွာ ပိတ်ထားသော သူ၏နှုတ်ခမ်းများကို မြင်သဖြင့် မမေးဖြစ်တော့ပေ။


ကိုနှင်းမောင်၌ ထူးခြားသည့် ဥပဓိရုပ်ရှိ၏။ ၎င်း ထူးခြားမှုမှာ သူက မပြောဘဲနေသည့်အခါ သူ၏မျက်နှာကို ကြည့်၍ ကျွန်တော်ကဲ့သို့ ပုလိပ်အရာရှိ မဆိုထားနှင့်၊ ဘုရင်ခံပင်လျှင် တစ်စုံတစ်ရာ မေးဝံ့လိမ့်မည်ဟု ကျွန်ုပ် မထင်။


ကျွန်ုပ်လည်း သိချင်စိတ်ကို မျိုသိပ်ပြီးနောက် စိတ်အာရုံ ပြောင်းသွားရန် ကားလမ်းတစ်ဖက်တစ်ချက် တွင်ရှိသော တောင်ညိုညို တောစိမ်းစိမ်းတို့အား ကြည့်ရင်း လိုက်ပါခဲ့ရလေတော့၏။


“အိုင်ပီ၊ သိပ်ပြီးလည်း စိတ်အိုက်မနေစမ်းပါနဲ့ဗျာ၊ ကျုပ်ရဲ့ ဉာဏ်ကို မမီလို့ ဘာမှစိတ်ပျက်စရာ မရှိပါဘူး၊

အမှုလိုက်တဲ့ အလုပ်ကို ကျပ်က ဝါသနာကြောင့်သာလုပ်တာ ပါး ခင်ဗျားက ဝါသနာမပါဘဲ လုပ်ရတာ၊ ဒီတော့ ကျုပ်က သာတာပေါ့ဗျာ၊


နောက်ပြီး ခင်ဗျားတို့တက်ခဲ့ရတဲ့ ဆပ်ကျောင်းနဲ့ စီအိုင်ဒီဆိုတာလည်း စာတွေ့ သဘောလောက်သာ သင်လိုက် ရတာ၊ လက်တွေ့မပါတော့ လက်တွေ့များခဲ့တဲ့ ကျုပ်ကို ခင်ဗျား မမီတာဟာ ညံ့လို့ မဟုတ်ပေဘူး၊ အင်းလေ ဘာပဲဖြစ်ဖြစ် ခင်ဗျား ကံကောင်းပါတယ်ဗျာ၊ ကျုပ်ကြောင့်ပဲ မိမိ၊ ခင်ဗျားကြောင့်ပဲ မိမိ၊ တရားခံမိရင် ခင်ဗျားအနေနဲ့ နာမည်ကောင်းရမယ် မဟုတ်လား၊


ဒါပေမဲ့ ခက်တာက လူဆိုတာက သိချင်တာရှိရင် ချက်ချင်းသိရမှ၊ ပြောတဲ့အချိန်အထိ မအောင့်နိုင်တော့ဘူး၊ ခင်ဗျားကတော့ ထင်မှာပဲ၊ ကိုနှင်းမောင်ဆိုတဲ့ လူကလည်း မေးရင်လည်း ပြောချင်မှ ပြောတာ၊ ဒီလူက လူတစ်မျိုး ဒီတော့ မေးရက်နဲ့ မပြောရင် ပိုပြီး အခံရခက်ဦးမယ်ဆိုပြီး ကိုယ့်ဟာကိုယ် တောတောင် ရှုခင်းတွေ ကြည့်သွားရတာက အရသာ ရှိဦးမယ်လို့ ခင်ဗျား ယူဆတယ် မဟုတ်လား”


ကိုနှင်းမောင်သည် ကျွန်ုပ်၏စိတ်၌ ဖြစ်ပေါ်နေသော စေတသိတ်များကို ထိုသို့ တစ်လုံးမလွဲ ပြန်၍ ပြောလိုက်သဖြင့် ကျွန်ုပ်မှာ များစွာအံ့ဩမိတော့၏။


“ကိုနှင်းမောင် ခင်ဗျား မှော်အတတ်များ တတ်နေရော့ သလားဗျာ”


”မဟုတ်ပါဘူးဗျာ၊ ဟောဒီ မှန်ဝိုင်းလေးထဲမှာ ပေါ်နေတဲ့ ခင်ဗျားမျက်နှာကို ကျုပ် အကဲခတ်ပြီး ပြောတာပါ။ ဒီလိုလေဗျာ၊ ပထမ ကျုပ်ကို လှမ်းကြည့်ပြီး ခင်ဗျားနှုတ်ခမ်းက မသိမသာ မဲ့ပြုံးကလေး ပြုံးလိုက်တယ်၊ သဘောကတော့ သူတောင် စဉ်းစားနိုင်သေးတာ ငါကလည်း ဘာမို့လို့လဲဆိုတဲ့ သဘောပေါ့။


ပြီးတော့ တစ်ခုခုဇောက်ချပြီး စဉ်းစားတွေးခေါ် နေတဲ့အခါမှာ ဖြစ်တတ်တဲ့ မျက်နှာအမူအရာမျိုး၊ ဥပမာ မျက်ခုံးနှစ်ခု ထိလုနီးပါး မျက်မှောင်ကုတ်ထားတဲ့အခါမျိုး ပေါ့ဗျာ၊ အဲဒါက ခင်ဗျား အမှုအကြောင်းကို စဉ်းစားနေတာ၊ နောက်တော့ ဟင်းခနဲ သက်ပြင်းချလိုက်တယ်၊ ဒါကတော့ မျှော်လင့်ချက် ရေခဲတုံးကလေးဟာ ပွက်ပွက်ဆူနေတဲ့ ရေနွေး ပုလင်းထဲကို ချလိုက်တဲ့အလား မျှော်လင့်ချက်မဲ့သွားလို့ ဖြစ်ရမယ်၊


တစ်ခါ ညိုပုတ်နေတဲ့ ခင်ဗျားမျက်နှာဟာ ဖြေသိမ့် နိုင်တဲ့ အနေအထားမျိုး ပြောင်းသွားပြန်ရော၊ ဒါကတော့ ဘယ်သူ့ကြောင့်ပဲ မိမိ တရားခံမိရင် ခင်ဗျားကောင်းစားဖို့ပဲ ဆိုတာ တွေးမိလိုက်တဲ့ အချိန်ပဲ၊ ဒါကလည်း ကြာကြာ မဟုတ်ဘူး၊ ခဏကြာတော့ အမှုအကြောင်း သိချင်လာပြန်ရော၊ ဒါကြောင့် ခင်ဗျားဟာ မျက်နှာကို လှမ်းပြီး ကြည့်လိုက်တယ် မဟုတ်လား၊ ဒါပေမဲ့ ဘာမှမမေးဘဲ အဝေးက တောင်တန်းကြီး တွေကို မျက်စိ ရောက်သွားပြန်တယ်၊ ဒါကတော့ ရှင်းပါတယ်၊ ကိုနှင်းမောင်ဆိုတဲ့ လူဟာ မေးရင်လည်း ဖြေချင်မှဖြေမယ့် လူလို့ ခင်ဗျား စိတ်ထဲမှာ ထင်လိုက်လို့ပဲ”


”ဟုတ်ပါပေ့ဗျာ၊ ခင်ဗျားကတော့ ဦးဘထွန်း တစ်ခါက ပြောသလို ကိုနှင်းမောင်ကို ဘုရားသခင်က ဒီကမ်ဘာမှာ စုံထောက် လုပ်ဖို့ လက်ဆောင်ပေးလိုက်တာဆိုတာလေ၊ တကယ်ပါပဲဗျာ"


”အိုင်ပီကို ကျုပ် အမှုအကြောင်းကို ပြောမယ်။ သေသေချာချာ နားထောင်ပေတော့”


”ဂါတ်စာရေးကိုပု လာပြောတုန်းက လူသေမှုဆိုတာ ကျုပ်လည်း စိတ်မဝင်စားလှဘူး၊ ဒါပေမဲ့ ရိုးရိုးသေတာမဟုတ်ဘဲ

ဇော်ဂျီဖိုဝင်တာဆိုတော့ နည်းနည်းစိတ်ဝင်စားမိတယ် ဖိုဝင်တဲ့ လူနာမည်က ဦးဘမောင်၊ အသက်က (၅၀) နှစ်လောက် ရှိပြီဆိုတော့ ကျပ်အတွက် နည်းနည်းစဉ်းစားကြည့်မိတယ်”


“ဘယ်ပုံ စဉ်းစားမိတာလဲ”


“ဒီလိုလေဗျာ၊ ဦးဘမောင်တို့ မွေးတဲ့ခေတ်လောက်တ ဆိုရင် ကျုပ်တို့ခေတ်လို မဟုတ်ဘူး၊ ကျုပ်တို့ ခေတ်မှာတော့

နာမည်ကို မှည့်ချင်သလို မှည့်ကြတယ်၊ ဥပမာဗျာ အိုင်ပီဟာ အင်္ဂါသားဖြစ်ပေမယ့် နာမည် ကျတော့ တနင်္ဂနွေသား

မှည့်ရမယ့် အောင်သင်းဆိုတဲ့ နာမည်ကို မှည့်ထားတယ်၊ တစ်ခါ အိုင်ပီ့ဇနီးကျပြန်တော့ လည်း ဒီလိုပဲ သောကြာသမီး ဖြစ်ပေမယ့် ခင်ခင်ကြီးလို့ မှည့်ထားပြန်တယ်။ နေ့သင့် နံသင့် မဟုတ်ကြဘူး”


သူ၏ စကားကြောင့် ကျွန်ုပ် ပြုံးမိ၏။ ကျွန်ုပ်၏ မွေးနေ့ကိုသာမက ကျွန်ုပ်၏ဇနီးသည် မွေးနေ့ကိုပင် ကိုနှင်းမောင်သည် သိရှိထားနေခြင်းကို အံ့ဩ၍ ပြုံးမိခြင်း ဖြစ်တော့၏။


“ဆက်ပါဦး ကိုနှင်းမောင်”


”ဦးဘမောင်တို့ခေတ်က ဒီလိုမဟုတ်ဘူးဗျ၊ နေ့သင့် နံသင့် မှည့်လေ့ ရှိကြတယ်၊ ဒီတော့ ဦးဘမောင်ဟာ ကြာသပတေးသား ဖြစ်နိုင်တယ်ဗျာ”


”ဟုတ်တာပေါ့ ပ၊ ဖ၊ ဗ၊ ဘ၊ မ ကြာသပတေးလေ”


“ဒီတော့ သူဟာ လောကီပညာရပ်တွေကို လိုက်စား ပြီး တကယ်ပဲဇော်ဂျီဖြစ်ဖို့ ဖိုဝင်တာဆိုရင် ကြာသပတေးဟာ စနေနေ့မှာ ဖိုဝင်သင့် မဝင်သင့်ဘူးဆိုတာ သူသိရမှာပေါ့ဗျာ”


”ဘာကြောင့် စနေနေ့ဟာ ကမ်ဘာ့ရန်ဓာတ် ကျတယ်ဗျ၊ ဓမ္မာ၊ သောက အင်းဝရာဇဆိုတဲ့ ရန်ဓာတ်မှာ ဓမ္မာ

ကျနေတယ်”


“အင်း ဆက်ပါဦး"


”ပြီးတော့ တစ်ခါ ဖိုဝင်တဲ့နေရာဟာ အရှေ့မြောက်ထောင့် တနင်္ဂနွေထောင့်ပေါ့ဗျာ၊ ဒါလည်း ထောင့် မတည့်ဘူးဗျ”


“ဘာဖြစ်လို့လဲ”


“ဗေဒင်အင်္ဂုတ္တိုရ်မှာ ပရိဝါရ၊ အာယု၊ နာဂရ၊ ဘုမ္မိ ဆိုတဲ့ ထောင့်တွေရဲ့ သဘောကို ပြထားတာမှာ၊ ကြာသပတေး သားအတွက် တနင်္ဂနွေထောင့်ဟာ ဘုမ္မိအရပ် ဖြစ်လေတော့ ဒီလို သိဒ္ဓိပေါက် အစီအစဉ်မျိုး မလုပ်ရတဲ့ထောင့်ဗျ"


“ဟာ ကိုနှင်းမောင်၊ ခင်ဗျားကို လူဆိုးထိန်း တစ်ယောက်လို့ ထင်တာ တကယ့်ဗေဒင် ပညာကျော် ဖြစ်နေတာကိုး”


“ဗေဒင်ကို ကျုပ်မယုံပါဘူး၊ ဒါပေမဲ့ မြန်မာလူမျိုး တော်တော်များများက ယုံလေတော့ အမှုလိုက်တဲ့အခါမှာ ဗဟုသုတ ပြည့်စုံလေ အထောက်အကူရလေ မဟုတ်လား၊ ဒါကြောင့် နည်းနည်းကျဉ်းကျဉ်းတော့ လေ့လာထားပါတယ်၊ ဒါတောင် ခင်ဗျားကို အဝင်နက္ခတ် အထွက်နက္ခတ်တွေကို ခင်ဗျား နားရှုပ်သွားမှာစိုးလို့ ရှင်းမပြရသေးဘူး၊ တော်တော် ကြာခင်ဗျားက ကျုပ်ကို အထင်ကြီးပြီး ဇာတာလေး ဘာလေး စစ်ပေးစမ်းပါ လုပ်နေဦးမယ်”


“ဟဲဟဲ မလုပ်ပါဘူးဗျ၊ ရာထူးလေး ဘာလေး ပရိုးမိုးရှင်းတက်အောင်တော့ ဘာလေးများ ယတြာလုပ်ရမလဲ လို့တော့ မေးချင်တယ်ဗျာ”


”ရာထူးတက်ဖို့တော့ ယတြာချေဖို့ မလိုပါဘူး၊ အခု ဖမ်းမယ့်ဂိုဏ်းဟာ ကျပ်အထင်တော့ နည်းနည်းနောနော ဂိုဏ်းမဟုတ်ဘူး၊ ဒီတော့ ခင်ဗျား ရာထူးတက်မှာ သေချာပါတယ်”


“ဝမ်းသာပါတယ်၊ ဆက်စမ်းပါဦး”


”ကျုပ်က အဲဒီလို မသင်္ကာဖြစ်နေတုန်းမှာ ဂါထာ စာရွက်ကို ယူပြီး ဖတ်ကြည့်လိုက်တော့ ကျုပ်အတွေးဟာ တကယ့်ကို အမှန်ဖြစ်နေတာ တွေ့ရပြန်တယ်”


”ဘယ်ပုံတွေ့တာလဲ၊ ကျုပ်တော့ ဂါထာစာရွက်မှာ ဘာထူးခြားချက်မှ မတွေ့ပါလား”


“ဒီလို၊ ပါဠိစကားမှာ ကို၊ သတ်၊ ပြီး၊ ဆို စကားလုံးတွေ မရှိဘူးဗျ၊ သူ့ဂါထာမှာ အဲဒီလို စကားလုံးတွေ ပါတာ တွေ့ရတော့ ပါဠိဂါထာတစ်ပုဒ်လို့ ကျုပ်လက်မခံနိုင်ဘူး၊ အနက်ပြန်ကြည့်တော့လည်း အဓိပ္ပာယ် လုံလုံလောက်လောက် မရတာကို တွေ့ရပြန်တယ်”


“အင်း လုပ်ပါဦး ကိုမင်းမောင်”


"ဒီတော့ ကျုပ်မသင်္ကာတဲ့(သတ်) ဆိုတဲ့ စာလုံးနဲ့ (ကို) ဆိုတဲ့ စာလုံး နှစ်ခုအကြားက စာလုံးကို ရေတွက် ကြည့်မိတယ်၊ တစ်ခါ (သတ်) ဆိုတဲ့ စာလုံးနဲ့ (ပြီး) ဆိုတဲ့ စာလုံးနှစ်ခုရဲ့ကြား စာလုံအရေအတွက်ကိုလည်း ရေတွက်ကြည့်မိပြန်တယ်၊

ကြားက စာလုံးတွေဟာ သုံးလုံးချည်းပဲ ဖြစ်နေတယ်။ ဒါနဲ့ တစ်ခါ ဂါထာတစ်ပုဒ်လုံးကို အစကနေ အဆုံးအထိ သုံးလုံးကျော်လေးလုံးမြောက် စာလုံးတွေချည်းပဲ ဖတ်ကြည့် လိုက်တော့ လား လား”


“ဘာတွေ့သလဲဗျ”


”(သူ့၊ ကို၊ သတ်၊ ပြီး၊ သီပေါ၊ ဘူ၊ တာ၊ ကို၊ လာ၊ အ၊ နီ၊ ဝတ်၊ ခဲ့) စာကို ရတယ်ဗျ”


“ဟာ ဒါဖြင့် ဒီစာဟာ ဂါထာမဟုတ်ဘဲ သူတို့ အချင်းချင်း ဆက်တဲ့စာကိုးဗျ”


“အစစ်ပေါ့ဗျာ"


“ဒါဖြင့် ဒီစာဟာ ဘာကြောင့် သေသူရဲ့ အိတ်ထဲကို ရောက်နေတာလဲ"


"ဒီလိုလေဗျာ၊ ဦးဘမောင်ဆိုတာကလည်း သူတို့ လူဆိုးဂိုဏ်းဝင် ဖြစ်မှာပေါ့၊ သတ်ပြီး မြသလွန်ဘုရား ကုန်းတော်ပေါ်မှာ အလောင်းကို မီးရှို့ပြီးတော့ ဖျောက်တာပေါ့ အလောင်းကို ယူလာတုန်း စာရွက်ကို အလောင်းရဲ့ အိတ်ထဲမှာ ထည့်လိုက်တယ်၊ မီးရှို့ပစ်မှာ ဓဟုတ်ဘူးလားဗျ။ ဒါပေမဲ့ မီးတောက် မြင်လို့ လူတွေက ငြိမ်းဖို့ရောက်လာတော့ လူတွေထဲက သတ်တဲ့လူ ခေတ္တရှောင်နေလိုက်ပြီး နောက်မှ လူတွေနဲ့ရောပြီး မီးဝိုင်းငြိမ်းချင်ယောင် ဆောင်ရမှာပေါ့ဗျာ၊ နောက်တစ်ခုက ဒီအဘိုးကြီးဟာ အဂ္ဂိရတ်သမားကြီးလည်း ဖြစ်တယ်ဆိုတာ လူတိုင်းက သိထားတော့ အချိန်တန်လို့ သိဒ္ဓိမြောက်ပြီး ဖိုဝင်တာ ဖြစ်နိုင်ကြောင်း သတ်တဲ့လူကပဲ ထင်မြင်ချက်ပေးလိုက်တာပေါ့ဗျာ၊ ပြီးတော့ သူကပဲ ဇော်ဂျီ ဖိုဝင်သားဖြစ်လို့ ဖဲ့ယူထားသင့်ကြောင်း ဆော်ဩမှာပေါ့၊ ဒါမှ မီးမကျွမ်းဘဲ ကျန်တဲ့နေရာတွေ ရုပ်ဖမ်းလို့ မမှတ်မိအောင် အစိပ်စိပ်အမွှာမွှာ ဖြစ်ကုန်မယ် မဟုတ်လား”


“တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ အမှုပေပဲဗျာ”


ကျွန်ုပ်တို့သည် လမ်း၌ အပေါ့အပါးသွားခြင်း လောက်သာ ခဏတဖြုတ်ရပ်ပြီး ဆက်တိုက်မောင်းနှင်သွားရာ နောက်ဆုံး ကျောက်မဲမြို့သို့ ဆိုက်ရောက်ခဲ့၏။ ထိုမြို့တွင် ဈေး၌ ချုပ်ပြီးသားအင်္ကျီအနီများ ဝတ်ဆင်ပြီးလျှင် သီပေါမြို့သို့ ရထားဆိုက်ချိန်နှင့်ကိုက်၍ ဘူတာသို့ အရောက်မောင်းကာ ရထားပေါ်မှ အရင်ဆုံးဆင်းလာသူများနှင့် ရောနှောပြီး ဘူတာဘက်သို့ လျှောက်သွားသည်ဆိုလျှင် ရှမ်းလို ဝတ်ဆင် ထားသူ တစ်ဦးက ပခုံးပုတ်၍ နှုတ်ဆက်လိုက်လေတော့၏။


ထိုသူအား ကိုနှင်းမောင်က ကျွန်ုပ်တို့ကားဆီသို့ ခေါ်သွားပြီးလျှင် လက်ထိပ်ခတ် ဖမ်းဆီးလိုက်ပြီးလျှင် မအော် နိုင်ရန် ကျောက်မဲမှ အသင့်ဝယ်လာသော သံပရာသီး တစ်လုံးကို ထည့်ပေးပြီးနောက် ကားနောက်ထိုင်ခုံတွင် ထိုင်ခိုင်းပြီး တံခါးပိတ်၍ ထားလိုက်တော့၏။


ထို့နောက် ရထားပေါ်မှ ဆင်းလာသူများကို စောင့်ကြည့်နေရာ လူအားလုံး ကုန်လောက်ရှိမှ ရထားပေါ်က ခေါင်းပေါင်းအနီ၊ အင်္ကျီအနီ၊ လုံချည်အနီများ ဝတ်ဆင်ထားပြီး လွတ်အိတ်များ လွယ်လျက် ပုတီးများ ဆွဲကာ တောင်ဝှေး ကိုယ်စီပါသော အသက်(၄၀) ကျော်ခန့် လူနှစ်ယောက် တို့မှာ ထိုသူနှစ်ယောက်နှင့် ပထမဆုံးကားထဲ၌ ထိုင်ခိုင်းထားသော တရားခံတစ်ယောက်တို့အပြင် နောက်ထပ် လူဆိုး (၁၆)

ယောက်ကို ဖမ်းဆီးမိပါသည်။ အင်္ဂလိပ်လို လူသိများသော (မောင်မောင်စားပြဂိုဏ်းမှာ သူတို့ပင် ဖြစ်သည်)


တရားခံတို့၏စစ်ချက်အရ အသတ်ခံရသူ ဦးဘမောင် မှာလည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်ပြီး တိုက်ရာပါ ပစ္စည်းများအား လက်ရဖျောက်သူဖြစ်၏။ အဂ္ဂိရတ်ထိုးသည်ဟု သတင်းလွှင့်ကာ လက်ဝတ်ရတနာများကို အရည်ကျို၍ ဖျောက်ပေးရ၏။


ရထားပေါ်မှ ဆင်းလာသည့် တရားခံနှစ်ယောက် အနက် တစ်ယောက်မှာ (-----) အဖွဲ့ဝင်လူကြီးတစ်ဦး ဖြစ်ပါသည်။


ဓားပြခေါင်းဆောင်(မောင်မောင်)ကိုမူ ထိုအမှု၌ မဖမ်းမိပါ။ သို့ရာတွင် နောက်တစ်နှစ်၌ ကိုနှင်းမောင်ပင် ဖမ်းဆီးပေးနိုင်ခဲ့၏။


ကျွန်ုပ်သည် ထိုအမှုအတွက် ရဲမင်းကြီးကိုယ်တိုင်က ခေါ်ယူ၍ “ကွန်ဂရက်ကျူလေးရှင်း” ဟု ဂုဏ်ပြု နှုတ်ဆက်ရုံ သာမဟုတ် ရာထူးတစ်ဆင့် တိုးတက်ခဲ့ပါသည်။


ကျွန်ုပ်၏ မိတ်ဆွေကြီး ကိုနှင်းမောင်မှာမူ ကျွန်ုပ်က မယူမနေရ အတင်းပေးသဖြင့် ထိုခေတ်က နာမည်ကြီးလှသော (ဂလေစီယာ ရေခဲတောင်တံဆိပ်) စီးကရက်သံဘူးနှစ်ဘူးသာလျှင် ဆုလာဘ်ဖြစ်ပေတော့သည်။


သဗေ္ဗသတ္တာ ကမ္မဿကာ


#မင်းသိင်္ခ

#ဆားပုလင်းနှင်းမောင်

#ဇော်ဂျီဖိုဝင်သား

ဆရာမင်းသိင်္ခ၊ ဆားပုလင်းနှင်းမောင် ဝတၳုတိုပေါင်းချုပ် ပီဒီအက်ဖ်၊

စာမျက်နှာ ၂၅ - ၃၂။


စာရိုက် - စလေ ငနော့

#တမာသားလေးမှတ်စု

No comments

Powered by Blogger.