မိစန်းကြည် နေ့စားခ မရခဲ့ပါ (ဖြိုးလွင်ကို) - တမာသားလေးမှတ်စု

မိစန်းကြည် နေ့စားခ မရခဲ့ပါ (ဖြိုးလွင်ကို)

မိစန်းကြည် နေ့စားခ မရခဲ့ပါ (ဖြိုးလွင်ကို)
---------------------------------------------
မိစန်းကြည်တွင် သေတ္တာကြီး တစ်လုံးရှိသည်။ သေတ္တာကြီးတစ်လုံး ရှိတာများ ဆန်းလို့လားဟု တွေးကြလိမ့်ဦးမည်။ တခြားလူတွေရဲ့ သေတ္တာကြီးတွေက ဆန်းချင်မှ ဆန်းမည် ဖြစ်သော်လည်း မိစန်းကြည်၏ သေတ္တာကြီးကတော့ ဆန်းသည်။

ဆန်းဆို သေတ္တာထဲမှ ပစ္စည်းများက ပုံစံအမျိုးမျိုး ဆန်းပြားသောကြောင့် ဖြစ်သည်။ အနီရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အဝါရောင် စုံနေအောင် ရှိသော လုံချည်များ၊ ၎င်းလုံချည်များနှင့် လိုက်ဖက်အောင် တွဲဖက် ဝတ်ဆင်ရသော အင်္ကျီများ၊ ဆရာဝန် ဝတ်စုံများ၊ သူနာပြု ဝတ်စုံများ၊ လယ်သမားပုံစံ၊ လမ်းဘေးဈေးသည်ပုံစံ ခပ်နွမ်းနွမ်း ဝတ်စုံများ၊ စက်ရုံ အလုပ်သမလေးများ ဝတ်ဆင်ရလေ့ ရှိသော အပြာရောင် ယူနီဖောင်းများ၊ ကျောင်းသူပုံစံ၊ ကျောင်းဆရာမပုံစံ အဖြူအစိမ်း ဝတ်စုံများ၊ နဖူးစည်း မျိုးစုံ၊ ပိုစတာ မျိုးစုံ၊ အလံမျိုးစုံ (သာသနာ့ အလံတောင် ပါသေး)၊ အနီရောင်၊ အစိမ်းရောင် လက်ပတ် မျိုးစုံ၊ စတေကာ မျိုးစုံ၊ ရင်ထိုး မျိုးစုံ၊ လိုဂို မျိုးစုံ စသည့် မြောက်များလှစွာသော နယ်ပယ် အသီးသီးမှ ဝတ်စုံဒီဇိုင်း မျိုးစုံမှာ မိစန်းကြည် သေတ္တာထဲတွင် ဂရုတစိုက် သိမ်းဆည်းထားသော ပစ္စည်းများ ဖြစ်ကြသည်။

၎င်းသေတ္တာထဲမှ ပစ္စည်းများကို ကြည့်လျှင် မိစန်းကြည် ဘာအလုပ် လုပ်သည်ကို ယနေ့ခေတ်လူတိုင်း အလွယ်တကူ ခန့်မှန်းသိရှိ နိုင်ပါလိမ့်မည်။

“ဒါ … တို့တိုင်းတို့ပြည် … တို့ကာကွယ်မည် …”

ရေဒီယို ဖွင့်ထားခြင်း မဟုတ်ပါ။ မိစန်းကြည်၏ လက်ကိုင်ဖုန်းမှ ထမြည်သော Ring Tone သံ ဖြစ်သည်။ သေတ္တာထဲရှိ ပစ္စည်းမျိုးစုံအား တစ်ခုချင်းစီ ထုတ်ကြည့်လိုက်၊ ဖုန်သုတ်လိုက်၊ ပြန်ထည့်လိုက် လုပ်နေသော မိစန်းကြည်မှာ လက်ကိုင်ဖုန်း မြည်သံကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ခပ်လှမ်းလှမ်းက ခေါင်းရင်းဘက်မှ မှောက်ထားတဲ့ သပိတ် အဟောင်းလေးပေါ် တင်ပြီး အားသွင်းထားသော လက်ကိုင်ဖုန်းကို လှမ်းကြည့်လိုက်တော့

“အောင်မလေး ကိုမျိုးချစ် ဆက်တာပါလား … အလုပ်ပေါ်ပြီ ထင်တယ် … ဟယ်လို …”

မိစန်းကြည်ဖုန်းကို အပြေးအလွှား ကောက်ကိုင်လိုက်သည်။ ဟုတ်တယ်လေ မိစန်းကြည် အလုပ်ပြတ်နေတာ ကြာပြီကိုး။

“ဟယ်လို … ကိုမျိုးချစ် ပြောပါ ...”
“အေး … မိစန်းကြည် နင် အပိုတွေ ပြောမနေနဲ့ ဒီမနက် ဆူးလေမှာ အလုပ်ရှိတယ် ... ခုချက်ချင်း ရောက်အောင်လာခဲ့၊ အဝတ်အစားက ခပ်နွမ်းနွမ်း၊ မိတ်ကပ်က နေလောင်ထားတဲ့ ပုံစံ အသားအရေ၊ လင်ပန်း တစ်ချပ်ရယ်၊ ပုဆိုးစုတ် တစ်ထည်ရယ်  ယူခဲ့ ခန်းမရှေ့ ရောက်ရင် ငါ့ကို ဖုန်းဆက် ဒါပဲ …”
“စိတ်ချပါရှင် … ဪ … ဒါနဲ့ နေ့စားခ ဘယ်လောက်လဲ ဆိုတာ ပြောဦးလေ … ဟင်း ... ဟင်း … ဟင်း … မိစန်းကြည်တို့က ငွေမြင်မှ လင်လုပ်တယ် ဆိုတာ သိတယ်မို့လား …”
“နေ့တစ်ပိုင်းပဲ ဟေ့ ... နေ့တစ်ပိုင်းပဲ  ငါးထောင်ရမယ် … ငါလည်း အရင်လို သိပ်မကိုက်တော့ဘူးဟ … အထက်က သိပ်မပေးတော့ဘူး ဪ … ထမင်းချိုင့်လည်း ထည့်လာခဲ့ဦးနော် ဝါးတီးကလည်း မသေချာဘူး”

မိစန်းကြည် စိတ်ညစ်သွားသည်။ ခါတိုင်း ဒီလိုမဟုတ် အလုပ်တစ်ခု ပေါ်လာတိုင်း မျိုးမျိုးမြက်မြက် ရစမြဲ ...။ ဝါးတီး ဆိုရင်လည်း ဒံပေါက်လား ထောပတ်ထမင်းလား ပြေးမလွတ်။ အခုတော့ ထိုပွဲမျိုးတွေ တဖြည်းဖြည်း ပါးလာခဲ့ပြီ …။

အလုပ်က ပြတ်နေတာ ကြာပြီ ဖြစ်သဖြင့် လက်ထဲလည်း လိုင်းကားခ နှစ်ရာသာ ကျန်တော့သည်။ အခုတောင် သေတ္တာထဲက လုံချည်လေး တစ်ထည်လောက် အပေါင်ဆိုင် ပို့ရင် ကောင်းမလား စိတ်ကူးပြီး ထုတ်ကြည့် နေမိခြင်း ဖြစ်သည်။

အပေါင်ဆိုင် ပို့ရတာလည်း ခပ်လန့်လန့်ရယ်။ တစ်ခါတုန်းက မိစန်းကြည် လုံချည် အစိမ်းလေး အပေါင်ဆိုင် ပို့ထားသည့် ကာလတွင် ကိုမျိုးချစ် ဖုန်းဆက်ခေါ်သည့် လုံချည်အစိမ်း ဝတ်ရမည့် ခွင်တစ်ခု လွတ်ခဲ့ဖူးသည်။

နောက်ပိုင်းတော့လည်း မိစန်းကြည် အထာနပ်လာ ခဲ့ပါသည်။ လတ်တလော ဟော့ဖြစ်နေသည့် ဝတ်စုံနှင့် ပစ္စည်းများကို ချန်၍ အနည်းငယ် သွေးအေးနေသော ပစ္စည်းများကို ရွေးပြီး ပေါင်တတ်လာသည်။ တစ်ခါ တစ်ခါလည်း မိစန်းကြည် အရင်တုန်းက လုပ်ခဲ့တဲ့ ငါးရောင်းတဲ့ အလုပ်ပဲ ပြန်လုပ်ရင် ကောင်းမလား ဆိုပြီး စိတ်ကူးမိ ပြန်သည်။ ဒါပေမဲ့ အခုအလုပ်က ငွေလွယ်လွယ် ရနေပြန်တော့လည်း ငါးစိမ်းသည် အလုပ်ကို ပြန်မသွားချင်။ အခုတော့ ငါး ပြန်ရောင်းစရာလည်း မလိုသေး အပေါင်ဆိုင် သွားစရာလည်း မလိုသေး။ ငါးထောင်တန် အလုပ်တစ်ခု ပေါ်လာပြီ …။

“ဟို … ဟိုလေ … ကျွန်မ တစ်ခုလောက် ပြောချင်လို့ … အခု လိုင်းကားတွေကလေ … သခင်မြပန်းခြံထိပဲ ရောက်တော့တာ … ကျွန်မမှာကလည်း နှစ်ရာပဲ ရှိတာ ဆိုတော့ … နောက်တစ်ဆင့် ပြောင်းစီးဖို့ ...”
“ဟာ ဒါဆိုလည်း သခင်မြပန်းခြံကနေ ဆူးလေထိ လမ်းလျှောက်ခဲ့ … ဘတ်(စ်)ကား လိုင်းတွေ အဆင်မပြေလို့ လမ်းလျှောက် နေရကြောင်း လမ်းတလျှောက် အော်လာခဲ့ … အဲ့ဒီအတွက် ငါ နောက်တစ်ဖွဲ့ဆီက လမ်းလျှောက်ကြေး သပ်သပ်တောင်းပေးမယ် ဟုတ်ပြီလား … တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဟာ … ဟားဟား”
“အိုကေ … အိုကေ … စိတ်ချ ကျွန်မ လာခဲ့မယ် …”

မိစန်းကြည်တို့က ဤသို့ ဤနှယ် ကျွမ်းကျင်သည်။

* * *

တစ်နေ့တာ အလုပ်ကိစ္စ ပြီး၍ မိစန်းကြည် ညနေ အိမ်ပြန်ရောက်တော့ တစ်ကိုယ်လုံး ညောင်းကိုက်နေပြီ။ ဒဏ်ကြေလိမ်းဆေး လိမ်းပြီးသောအခါ မိစန်းကြည် အိပ်ချင်နေပြီ …။ ဒါပေမဲ့ အိပ်လို့မရသေး။ မိစန်းကြည် လိုင်းပေါ် တက်ရဦးမည်။ မိစန်းကြည်တွင် Face Book အကောင့် ၇ ခုလောက် ရှိသည်။ “မျိုးချစ်မလေး” တို့၊ “အဘကိုမှ ကိုးကွယ်သူ” တို့၊ “တပ်ကုန်းသူလေး” တို့ စသဖြင့် စုံလို့။

လိုင်းပေါ်မှာလည်း သေချာသိလား ဆိုတော့လည်း မိစန်းကြည်က သေချာသိလို့ မဟုတ်ဘူး၊ မိစန်းကြည်တို့ ဆရာ ကိုမျိုးချစ်တို့ အုပ်စုတွေ တင်တဲ့ post တွေ ပုံတွေကို Share တန် Share ၊ ကော်ပီကူးပြီး ပြန်တင်သင့်တန် တင် လုပ်ပေးရုံပဲ …။ တစ်ခါတလေလည်း Post တွေ အောက်မှာ မျက်စိမှိတ်ပြီး မိုးမွှန်အောင် ဝင်ဆဲပေးနေရုံပဲ …။

မိစန်းကြည်တို့က အဲ့လို လုပ်ပေးမှလည်း မိစန်းကြည်တို့လို နေ့စားတွေကို အလုပ်အပ်မယ့် လူက များတာ ...။

ဘယ်နေ့ ဘယ်နေရာ ဘာဝတ်စုံဝတ်ပြီး လာခဲ့ဆို သွားပြီး ကိုင်ခိုင်းတာကိုင် အော်ခိုင်းတာ အော်ပေးလိုက်ရုံပဲ။ အစားအသောက်လည်း မပူရဘူး။ အသွားအပြန်လည်း မပူရဘူး။

ဒါပေမဲ့ တစ်ခါတလေတော့ မိစန်းကြည်တို့ အလုပ်က လွယ်မယောင်ဖြင့် ခက်တတ်သေးသည်။ မိစန်းကြည်တို့ အလုပ်က နပ်ဖို့တော့ လိုသည်။ အခြေအနေနှင့် အချိန်အခါကို နားလည်ဖို့လည်း လိုသည်။ အခြေအနေ မကောင်းလျှင် ရှေ့ဆုံးက ပြေးတတ်ဖို့လည်း လိုသည်။

သရုပ်ဆောင် ကောင်းဖို့လည်း လိုသည်။ လုပ်ငန်း လိုအပ်ချက်အရ နာမည် အမျိုးမျိုး ပြောင်းပြီး နယ်ခရီး ထွက်ရတတ်သည်။ မိစန်းကြည် နာမည်ပင် ဘယ်နှမျိုးမှန်း မသိတော့။

ရှမ်းပြည် ရောက်လျှင် နန်းကြည်မွှေး ဖြစ်သွားသည်။ တစ်ခါတရံ ကရင်မလေး နော်စန်းလှ ဖြစ်သွားပြန်သည်။ တစ်ခါတလေ လယ်သူမကြီး ဒေါ်စန်းစန်းကြည် ဖြစ်သွားတတ်သည်။

မိမိ လတ်တလော လက်ခံထားသော လုပ်ငန်းခွင်ပေါ် မူတည်ပြီး ဝတ်စား သရုပ်ဆောင် တတ်ရန်လည်း လိုသေးသည်။

ငယ်ငယ်က ရုပ်ရှင်မင်းသမီး ဖြစ်ချင်သော်လည်း ကံအကြောင်း မလှ၍ ငါးစိမ်းသည် ဖြစ်ခဲ့သော မိစန်းကြည် အဖို့တော့ ဒီအလုပ်က ကျရာ ဇာတ်ကွက်ကို ပီပြင်အောင် သရုပ်ဆောင်ရသော အလုပ် ဖြစ်နေသောကြောင့် မိမိ ဝါသနာနှင့် နီးစပ်နေသဖြင့် မိစန်းကြည် ပျော်ပါသည်။

ဘာပဲဖြစ်ဖြစ် မိစန်းကြည်ကို ခေါ်ပြီး အလုပ်အပ်တဲ့သူတွေ စိတ်တိုင်းကျ ဖြစ်အောင် မိစန်းကြည်က အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ခဲ့သည်ချည်းပင်။ ဒါကြောင့်လည်း ပွဲရှိတိုင်း မိစန်းကြည် မပါလျှင် မပြီး။

မိစန်းကြည် ကလည်း အလုပ်ကို တန်ဖိုးထားသည်။ လိုအပ်သည့် အထောက်အပံ့ ပစ္စည်း အပြည့်အဝ ဆောင်ထားသည်။ သီလရှင် ဝတ်စုံက အစ ရှိသည်။ လိုအပ်လျှင် ချက်ချင်း ကတုံးရိတ်၊ သီလရှင် ဆရာမကလေး ဒေါ်ဘယ်သူ ဆိုပြီး “ဒါနရှင်များရှင်” လို့ အော်ရန်လည်း ဝန်မလေး။

မီဒီယာ ပေါင်းစုံ၏ ကင်မရာများ ရှေ့တွင် မုဒ်အပြည့်ဖြင့် မျက်ရည် ပေါက်ပေါက်ကျအောင် ငိုပြနိုင်သည်။ တော်ရုံ လူအုပ်လောက်ကို Hand Speaker မလိုဘဲ မူရင်းအသံဖြင့် လွှမ်းသွားအောင် အော်နိုင်သည်။ မိမိ လက်ခံ ဆောင်ရွက်နေသည့် ခွင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် နောက်ခံ သမိုင်းကြောင်းက အစ လေ့လာ ဆောင်ရွက်သည်။ ဒါကြောင့်ပဲ မိစန်းကြည် မပါတဲ့ပွဲ မစည်ဘူး ဆိုပြီးတောင် ပြောစမှတ် ဖြစ်နေပြီ ဖြစ်လေသည်။

အဲ့သည်လို ကျရာ အခန်းကဏ္ဍတိုင်း စွမ်းစွမ်းတမံ ကြိုးစား အောင်မြင်ခဲ့သော မိစန်းကြည် တစ်ယောက် အရှက်ဟက်တက် ကွဲခဲ့ရသော ပွဲတစ်ပွဲ ရှိလာခဲ့ပါသည်။

* * *

ပွဲတစ်ပွဲကို မိစန်းကြည် နောက်ကျပြီးမှ ရောက်သွားသည်။ စုရပ်ကို ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်လိုက်တော့ မိစန်းကြည်တို့လို နေ့စားတွေ တော်တော်များများ ရောက်နေကြသည်ကို တွေ့ရသည်။ မိစန်းကြည် နောက်ကျ နေသည်ကို ကိုမျိုးချစ် သိရင်တော့ ဆူတော့မှာပဲ ဆိုပြီး စိုးရိမ်စိတ်နှင့် လူအုပ်ကြီး ရှေ့သို့ အတင်း တိုးသွားရန် ကြံလိုက်သည်။ ခက်တာက ဒီပွဲရဲ့ အဓိက ခေါင်းစဉ်က ဘာကိစ္စမှန်း မစန်းကြည် မသိ။ ဒါပေမဲ့ လွယ်ပါတယ် မိစန်းကြည်ပဲလေ …။ တခြားလူမှ မဟုတ်တာ။ မိစန်းကြည် အနီးရှိ သစ်ပင်အောက်ကို ပြေးသွားပြီး လက်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။ Face Book ထဲ ခပ်မြန်မြန် ဝင်လိုက်သည်။

ဟော … တွေ့ပါပြီ ပြည့်တန်ဆာ ဥပဒေ အမြန်ဆုံး ရေးဆွဲပေးရေး … ပြည့်တန်ဆာများ၏ အခွင့်အရေး ကာကွယ်ပေးရေး … စသည်ဖြင့် ကိုမျိုးချစ်တို့၏ post များကို ပလူပျံနေအောင် တွေ့ရသည်။ ရပြီ … ဒီလောက်ဆို မိစန်းကြည်တို့က နပ်ပြီးသား … ဒီအလုပ် လုပ်စားလာတာ အံတိုနေပြီ …။

မဖြစ်ဘူး မိစန်းကြည် ရောက်နေတာ ကိုမျိုးချစ်သိမှ ဖြစ်မည်။ အထူးသဖြင့် ရှေ့ဆုံးက ပေါ်ပေါ်ထင်ထင် ပါဝင်သော ပွဲများအတွက် ကိုမျိုးချစ်က နေ့စားခ ပိုပေးတတ်သည်။ မိစန်းကြည် ဘာမှ စဉ်းစား မနေတော့ဘဲ ဆူညံနေသော လူအုပ်ကြီးရှေ့ကို မျက်စိစုံမှိတ်ပြီး တိုးသွားလိုက်သည်။ လူအုပ်ကြီး၏ ရှေ့ဆုံးကို ခဏအတွင်း ရောက်သွားသည်။

ရောက်ရောက်ချင်း မိစန်းကြည် လုပ်ငန်းစ လိုက်သည်။

“ကျွန်မတို့ ပစ္စည်းနဲ့ ကျွန်မတို့ လွတ်လပ်စွာ လုပ်စားခွင့် ပေးပါ”

မိစန်းကြည်၏ အသံနက်ကြီးက ဟိန်းထွက်သွားသည်။ မိစန်းကြည် နောက်မှာ ကျန်ခဲ့သော လူအုပ်ကြီးက အသံတိတ် သွားသည်။

ဟွင်း ဟွင်း ဟွင်း ဒီလိုပဲ ဖြစ်ရမယ်လေ ...။ မိစန်းကြည် ရောက်လာရင် အားလုံး တိတ်သွားရမယ် ဆိုတာ ...။ ဒါမျိုးက ငါးစိမ်းသည် ဘဝကတည်းက ပိုင်ပြီးသား …။

မိစန်းကြည် အားတက်သွားပြီး ဆက်အော်သည်။

“ကျွန်မတို့ကို AIDS ရောဂါအကြောင်း အလင်းပြပါ”

ပြည့်တန်ဆာ ကိစ္စနှင့် ပတ်သက်သမျှ ကြွေးကြော်သံများ အားလုံး  မိစန်းကြည် ဖတ်ဖူး မှတ်ဖူးသမျှ အသံနက်ကြီးဖြင့် ရှေ့ဆုံးမှ အော်ပစ်လိုက်သည်။ နောက်က လူအုပ်ကြီး ကတော့ တိတ်ဆိတ်လွန်းလှသည်။ မိစန်းကြည် အသံ တစ်သံတည်းသာ စူးစူးဝါးဝါး။ မိစန်းကြည်ကတော့ အကျေနပ်ကြီး ကျေနပ်နေသည်။ ဒီတစ်ပွဲတော့ နေ့စားခ များများတောင်းပစ် လိုက်မည်ဟုလည်း တွေးပြီး အပျော်ကြီး ပျော်နေတော့သည်။

ရုတ်တရက် မိစန်းကြည် ရှေ့ကို မိုက်တစ်ခု တိုးဝင်လာသည်။ ဟွင်းဟွင်း … ဒါမျိုးက မိစန်းကြည် အတွက်တော့ ရိုးနေပါပြီ … မီဒီယာတွေက မိစန်းကြည်တို့လို ရှေ့ဆုံးက အော်တဲ့ လူတွေကို အဓိကထား မေးတတ်တာ။

“တို့မီးရှို့မီး မီဒီယာ ကပါရှင့် … ဒီက အစ်မကြီးကို နည်းနည်းလောက် မေးပါရစေ ...”
“မေးပါရှင် … မေးပါ … အဟင့် … အဟင့် …”

မိစန်းကြည်တို့က နပ်ပြီးသား သနားစရာ ပြည့်တန်ဆာမလေး အသွင်ကို ချက်ချင်း မုဒ်သွင်းပြီး မျက်ရည်တွေတောင် ဝဲထား ပြီးသွားပြီ … သူ ဘာတွေ မေးမေး ဘာမှ နားထောင် နေစရာ မလို ကိုယ်ဖြေစရာ ရှိတာသာ ဇွတ်မှိတ် ဖြေရုံသာ …။

“ XXXX ကဏ္ဍ တောင်းဆိုတာလေ အဲ့ဒါ ခံစားချက်လေး … လေး …”

မေးခွန်း မဆုံးလိုက်ပေ။ အမှန်က မိစန်းကြည်တို့က မေးခွန်းကို သေချာ နားထောင် နေစရာကို မလိုတာ ။ မိစန်းကြည်တို့က ကျွမ်းပြီးသား။

“ဒီမယ် … ကျွန်မတို့ ပစ္စည်းနဲ့ ကျွန်မတို့ လွတ်လပ်စွာ လုပ်စားခွင့် ပေးပါ …”
“ဟင် ... မဟုတ်ဘူး ထင်တယ် ... တစ်ခုခုတော့ လွဲနေပြီ ထင်တယ် …”

သတင်းထောက်မလေးက အူကြောင်ကြောင် ပြန်ပြောရှာတယ် …။

“ဘာမှ လွဲစရာ မလိုဘူး ကျွန်မတို့ကို AIDS ရောဂါ ကာကွယ်ပေးပါ …”
“မဟုတ် … မဟုတ်ဘူးလေ … အခုဟာက XXXX ကဏ္ဍ”
“အို ဘာပဲဖြစ်ဖြစ် မိစန်းကြည်တို့ကို တရားဝင် ဆောင်ကြာမြိုင်တွေ ဖွင့်ခွင့် ပေးပါ”

ဟေ … ဟေ မှတ်ပြီလား မိစန်းကြည်ကို ဘာကောင်မများ မှတ်နေလဲ။ စကားလုံး အလှတွေပါ ထည့်သုံး ပစ်လိုက်တာ။ သတင်းထောက်မလေး ခမျာ မျက်လုံးတွေတောင် ကလယ်ကလယ် ဖြစ်လို့။ မိစန်းကြည် ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေတုန်း ဗြုန်းဆို မိစန်းကြည်ရှေ့ကို မျိုးချစ်ကြီး ပေါ်လာတယ်။ အံမယ် သင်းက သည်နေ့ ရှပ်အင်္ကျီ အဖြူရောင်၊ လုံခြည် အစိမ်းရောင် ဝတ်ပြီး ခန့်ညားလို့ ပါလား။ မိစန်းကြည် ကိုမျိုးချစ်ကို မြင်တော့ အနားကို အသာလေး ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

“ဒီမယ် ကိုမျိုးချစ်ကြီး ကျွန်မ သည်နေ့ ရှယ်သရုပ်ဆောင် ထားတယ်နော် အဲ့ဒါ သည်နေ့ ပိုပေးရမယ် ဒါပဲ… ဪ … ဒါနဲ့ ရှင့်ဝတ်စုံကြီးက ဘယ်လိုကြီးလဲ”

ကိုမျိုးချစ် မျက်နှာကြီးက နီရဲလာပြီး မိစန်းကြည်ကို စားတော့ ဝါးတော့မတတ် ကြည့်ပြီး

“မယ်မင်းကြီးမ ရှယ်သရုပ်ဆောင် ထားတယ် ဟုတ်လား ရှင့်ဝတ်စုံကြီးက ဘယ်လိုကြီးလဲ ဟုတ်လား အောင်မလေး ကိုယ်ကျိုးတော့ နည်းပါပြီ … ဒီမယ် ဒေါ်မိစန်းကြည် ခင်ဗျား နောက်ကိုလည်း နည်းနည်းတော့ လှည့်ကြည့်ပါဦး”

မိစန်းကြည် အံ့ဩတကြီးဖြင့် နောက်ကို လှည့်ကြည့်လိုက်သည်။

“ဟင် ... မြတ်စွာဘုရား …”

မိစန်းကြည် မျက်လုံးပြူး သွားသည်။ အခုမှ မျက်ရည်အစစ်များ ကျလာသည်။ သွားပြီ။ မိစန်းကြည် အမှားကြီး မှားပြီ ...။

မိစန်းကြည်တို့ လုပ်ဖေါ်ကိုင်ဖက် လူအုပ်ကြီးကား အဖြူအစိမ်းနှင့် ကျောင်းဆရာ ဆရာမများပုံစံ ဝတ်ဆင်ထားပြီး မိစန်းကြည်ကို ကြောင်ကြည့် နေကြသည်။ လက်မှ ကိုင်ထားသည့် ဆိုင်းဘုတ်များက ပညာရေးကဏ္ဍနှင့် ဆိုင်သည့် တောင်းဆိုစာများ။

သွားပြီ ...။ မိစန်းကြည် တက်တက်စင်အောင် လွဲခဲ့ပြီ ...။

တို့မီးရှို့မီး မီဒီယာကလည်း အခုလောက်ဆို Live တွေ ပလူပျံနေအောင် လွှင့်ပြီးလောက်ပြီ …။

မိစန်းကြည် ရှက်ရှက်နှင့် လူအုပ်ကြားထဲက ပြေးထွက်ခဲ့သည်။

“ပြည့်တန်ဆာ အခွင့်အရေး တောင်းဆိုတဲ့ ပွဲက ခုနလေးကမှ ပြီသွားပြီ မိစန်းကြည်ရ … အခုဟာက ပညာရေးကဏ္ဍဟ ... ပညာရေးကဏ္ဍ …”

ကိုမျိုးချစ် ပြောကျန်နေခဲ့သော စကားများကို မိစန်းကြည် မကြားနိုင်တော့ပါ …။ မိစန်းကြည် ထွက်ပြေးခဲ့ပါပြီ …။

ထိုနေ့က မိစန်းကြည် နေ့စားခ မရခဲ့ပါ …။

-----------
ဖြိုးလွင်ကို

1 comment:

Powered by Blogger.