ပျားတို့သည် မချို။ မှိုတို့သည် မပေါက် ။ ယာတို့သည် ခြောက်ကုန်၏ #နုနုရည်အင်းဝ
( ၁ )စိန်ပန်းနီနီတွေ မြေမှာ ကြဲပြန့်နေတဲ့ ကျောင်းဖွင့်ချိန်ကို ရောက်လို့လာခဲ့ပြီ။ စောတို့  မူလတန်းကျောင်းကလေးရဲ့ ကျောင်းဖွင့်ချိန်ဟာ တကယ့်ကို ရောက်လို့လာခဲ့ပါပြီ။ ကျောင်းကလေးရဲ့မြေပြင်မှာ မိုးသက်လေတွေခြွေထားတဲ့ စိန်ပန်းနီနီတင်မက နွေလက်ကျန် ငုရွှေဝါတွေပါ ရောနှောနီဝါရွှေလို့ ချစ်စရာကောင်းလှတဲ့ ကျောင်းကလေးကို စော ကြည့်လို့ မဝနိုင်ပါဘူး။
ငယ်ငယ်တုန်းက အထက်တန်း စကားပြေလက်ရွေးစင်မှာ သင်ခဲ့ရတဲ့ ဆရာသိပ္ပံမောင်ဝရဲ့ ရွာ့ကျက်သရေထဲက " ဆရာစော၏ကျောင်းမှာ ဓနိကပ်၊ ဓနိမိုး၊ ဝါးလုံးတိုင်၊ ဝါးကြမ်းခင်း ပြတင်းပေါက်နှစ်ပေါက်၊ တံခါးပေါက် နှစ်ပေါက်မျှသာ ရှိလေသည် " ဆိုတဲ့ ဆရာစောရဲ့ကျောင်းကလေးအတိုင်းကို တသွေမတိမ်း နုံ့နဲ့စုတ်ချာလှတဲ့ ဒီစာကျောင်းကလေးဆီ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူစော စပြောင်းလာတဲ့နေ့မှာပဲ စောချစ်သူက နာမည်တပ်ပေးခဲ့တယ်။ ဆရာမကြီးစောကျောင်းတဲ့။
ဟုတ်လည်း ဟုတ်ပါရဲ။ မြို့ဆင်ခြေဖုံးရဲ့ဝါးကပ်မိုး၊ ထရံကာ ကျောင်းကလေးက တစ်ဖက်ကို ၄၅ - ဒီဂရီ တိမ်းစောင်းလို့။ ကျောင်းကလေးအောက်မှာ စီးဆင်းနေတဲ့ ရေဆိုးရေမဲတွေနဲ့အတူ ခရမ်းပြာရောင် ဗေဒါအုပ်တွေကလည်း မင်းမူလို့။ စာသင်လို့ ကောင်းနေပြီဆို ဝုန်းကနဲ အသံကြားရပြီ။ ကလေးတွေ ကြမ်းပေါက်ကျွံကျကြတာပေါ့။ စောတစ်ယောက် မြေဖြူ ပစ်ချ၊ ထမီစကို မ၊ လွှားကနဲနေအောင် ခုန်ပျံပြေးပြီး ရေဆိုးရေမဲထဲက ဟာလေးတွေကို ဆယ်ယူကယ်တင်ရသေးတာ။
ကျောင်းသားချင်းကလည်း ဆရာစောကျောင်းနဲ့ တပုံတည်းပါပဲဗျာတဲ့လေ။ ဟုတ်လည်း ဟုတ်တာပဲ။ ပြောလည်း ပြောစရာ။ "ရွာ့ကျက်သရေ"ထဲက " ငထွန်းကား စာမအံ၊ ယင်ကောင်တွေကို ဖမ်းပြီးလျှင် နောက်တိုး၏နားထဲသို့ လွှတ်သွင်းသဖြင့် နောက်တိုးနှင့် ငထွန်းတို့ တစ်ယောက် တစ်ချက်စီ ထိုးနေကြလေပြီ။ ထွန်းဝေနှင့် စံသိန်းတို့ကား ကျောင်းအောက်တွင် နဘမ်းလုံးနေကြ၏။ မိခွေးနှင့် မယ်သိန်းတို့မှာ ထောင့်တစ်ထောင့်တွင် ခရေစေ့တောက်တမ်း ကစားနေကြသည် " ဆိုတဲ့ စာပိုဒ်ကို သူ ရွတ်ပြရင် စောကလည်း အားကျမခံ ရွာ့ကျက်သရေထဲက "နောင်နှစ်ပေါင်း ၄ဝ - ၅ဝ ခန့်ကြာလျှင် ဤကျောင်းမှပင် မြန်မာပြည်သမ္မတ ထွက်ချင်ထွက်နေမည်ကို စဉ်းစားမိပုံမပေါ်" ဆိုတဲ့ စာပိုဒ်ကို ပြန်ရွတ်ပြလိုက်တာပေါ့။
ခုတော့လည်း စောနဲ့ လက်လုပ်လက်စား ကျောင်းသားမိဘများရဲ့ နှစ်ရှည်ကြိုးစားမှုကြောင့် ရေဆိုးရေမဲကင်းစင်တဲ့ ဖို့မြေပေါ်မှာ သွပ်မိုး၊ အုတ်ကာလေးနဲ့ သမ္မတလောင်းလေးတို့ရဲ့ ကျောင်းကလေးဟာ ပြောင်းလဲခဲ့ပြီ။ ဒင်းလေးတို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ရပါတယ်။
ဆရာမကြီးစောနဲ့ သူ့လက်ထောက်ဆရာမများ အလှူမခံဖူးသူ ဒီနယ်တွင် မရှိ။ ဈေးရောင်းခြင်းဖြင့်လည်း ရံပုံငွေရှာခဲ့ဖူးသည်။ ဗလာဇာတ်ပွဲ သွင်းပြီးတော့လည်း ရံပုံငွေရှာခဲ့ကြရသည်။ ကိုယ့်အိမ်ကိစ္စ ဘာမှ ပြန်မကြည့်နိုင်။ သားသမီးတွေက "အမေက သမီးတို့ထက် အမေ့သမ္မတလောင်းလေးတွေကို ပိုချစ်တာ" တဲ့လေ။
ပါရမီဖြည့်ဖက် ခင်ပွန်းသည်ကတောင် စိတ်ကောက်ရှာသည်ထင့်။ သမ္မတလောင်းလေးတွေနဲ့အတူ နေရစ်ပေရော့တဲ့။ စောကို ထားရစ်ခဲ့ပြီ။ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ ခရီးကို ထွက်ခွာသွားခဲ့ပြီ....။
စောကလည်း စောပါပဲလေ။ ကျောင်းကလေးကိုမြင်တာနဲ့ အားလုံးကို မေ့။ အမောတွေပြေ။ သမ္မတလောင်းလေးတွေကို မြင်တာနဲ့ ပျော်ရွှင်ကြည်နူးပြီး ကျေနပ်နေတာ။ သူတို့လေးတွေကြောင့်သာ စောရဲ့ဘဝဟာ ပြည့်စုံနေတာ။ ဒီနှစ် ကျောင်းဖွင့်ချိန်ဆို ပိုလို့တောင် နေပျော်ပြီး စိတ်ပျော်ရဦးမယ်။ "ကျောင်းနေရွယ်ကလေး ကျောင်းနေရေး၊ မိဘပြည်သူ ဝိုင်းကူပေး" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျောင်ဝင်ကြေး မရှိစေရ။ စာအုပ်ဖိုး မကုန်စေရ။ မည့်သည့်အခကြေးငွေမှ ပေးစရာမလိုတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖေါ်မတဲ့။ ကောင်းလိုက်သလေ။
စောတို့ကျောင်းကလေးရဲ့ ပတ်ဝန်းကျင်က လက်လုပ်လက်စားတွေများတော့ ပိုက်ဆံမတတ်နိုင် ကျောင်းမနေနိုင်ရှာတဲ့၊ ကျောင်းထွက်သွားရရှာတဲ့ ကလေးတွေ အများကြီးရှိခဲ့တယ်လေ။ အခု သူတို့တွေ ပြန်ရောက်လာကြတော့မှာဆိုတော့ကာ ကျောင်းမှာ သမ္မတလောင်းလေးတွေ အမျာကြီး တိုးပွားလာကြဦးမှာ အသေအချာပဲပေါ့။
( ၂ )
"မင်္ဂလာပါ"
ကျောင်းကလေးကို လွှမ်းခြုံထားတဲ့ ဒီအသံဟာ ဘယ်လောက်များ ကျက်သရေ ရှိလိုက်ပါသလဲ.....။ တလောကလုံးမှာ အသာယာဆုံအသံ၊ အချိုမြိန်ဆုံးအသံပေပဲ...။ စိတ်ကလေးကြည်ကြည်နဲ့ စောတစ်ယောက် ကျောင်းသားစာရင်းစာအုပ်ကို တဖျတ်ဖျတ်လှန်တယ်...။
မနှစ်က ကျောင်းသားကျောင်းသူဟောင်း (၁ဝ) ယောက်။ သူငယ်တန်းကစပြီး လေးတန်းအထိ အရွယ်စုံ၊ အတန်းစုံ၊ ၁၀ - ယောက် ခုချိန်ထိ ကျောင်းလာမအပ်သေး။ ဒီနေ့ဆို ကျောင်းဖွင့်တာ တစ်ပတ်ကျော်ပြီ။
" ညိုရေ "
ဘေးနားမှာ ဘုရားပန်းအိုးထိုးနေတဲ့ ဆရာမဝဝကြီးလဲ စောရဲ့ အကြောကို နောကျေနေအောင် သိရှာပါတယ်။
"ညည်းသမ္မတလောင်း ၁၀ - ယောက်ကိစ္စလား၊ ကျုပ် မခင်သန်းကို လွှတ်လိုက်ပြီ။ အဲဒီဟာတွေရဲ့လိပ်စာနဲ့၊ စားရိတ်လဲ ပေးလိုက်တယ်။ သေချာလည်း မေးခဲ့လို့ မှာလိုက်တယ်"
"အင်း ကောင်းတယ်၊ ဒါဖြင့် မခင်သန်း ဒီမနက် ကျောင်းဈေးမရောင်းရဘူးလား"
"ရောင်းတယ်လေ။ ရောင်းပြီးမှ သွားတာပေါ့ ။ ကျုပ်လဲ... သူ့အမြတ်တော့ မစိုက်နိုင်ဘူးအေ၊ စားရိတ်စိုက်ရင် တော်ပြီပေါ့ "
ငယ်သူငယ်ချင်းလိုဖြစ်နေတဲ့ စိတ်တူကိုယ်တူ ဆရာမညိုရဲ့အပြောကြောင့် ဆရာမကြီးစော ရယ်မောရပြန်တယ်။
" ဒီတခါ ဘုရားပန်းဖိုးတော့ ယူပါအေ။ ငါပေးပါ့မယ် "
"အမလေး တော်ပါအေ။ ဒီကုသိုလ်လေးတော့ ယူပါရစေ၊ ကျုပ်တို့မယ် တခြားကုသိုလ် ကြီးကြီးမားမား လုံးလုံးခဲခဲကြီးလည်း မလုပ်နိုင်ပါဘူး "
"ညည်း.... ဟိုနေ့က စိုက်ထားတဲ့ မီးချောင်းဖိုးတော့ ယူ။ ငါ့သမီးက လှူမယ်တဲ့ "
"အေး ပြီးရော။ လာ ဘုရားပန်း ကပ်လှည့်တော့ "
"ညည်း ကပ်လိုက်ပါ။ ပြီးတော့မှ ငါကပ်မယ် "
သစ္စာပန်းအဝါတွေ ဝေနေတဲ့ ဘုရားပန်းအိုးလေးကို ကိုင်မြှောက်ကပ်လှူရင်း ဆရာမညိုရဲ့မျက်လုံးလေးတွေ ဘုရားအာရုံပြုဖို့ မှိတ်လိုက်ရုံရှိသေး ...
"ဆရာမကြီး.... ဆရာမကြီး ... ကျွန်မ ပြန်လာပြီ "
ဟော စွာစွာလောင်အသံနဲ့ မခင်သန်းတစ်ယောက် ပျာလောင်ပျာလောင်နဲ့ ရုံးခန်းထဲ ဝင်လာပါပြီ။
"မခင်သန်း.... မြန်သားပဲ "
"ဟုတ် ဆရာမကြီး။ အဲဒီဘက်ပိုင်းသွားတဲ့ ကျွန်မတို့အရပ်ထဲက ကောင်လေးတစ်ယောက်ရဲ့ဆိုင်ကယ်နောက်က လိုက်သွားလိုက်တာ။ အမလေး... ဆရာမကြီးရယ်။ အဲဒီအခန်းတွဲတွေကို ကြားသာ ကြားဖူးတာ။ မရောက်ဖူးဘူး။ တစ်မိသားစုကို တစ်ခန်းကျ နေကြတာမဟုတ်ဘူး။ တစ်ခန်းကို ငါးအိမ်ထောင်စု၊ ခြောက်အိမ်ထောင်စုတောင် ပေါင်းနေကြတာ။ ထမင်းဟင်းလည်း ချက်စားလို့ မရဘူး။ အိပ်ရုံပဲတဲ့။ နေ့ချင်းရှင်း တစ်ညကို လေးရာတဲ့ ဆရာမကြီးရဲ့ "
" အဲဒါတွေကို ကျွန်မသိပါတယ်။ ဒီလိုပဲ နေကြရတာပေါ့။ ရှင်က အိမ်ပိုင်ယာပိုင်နဲ့ဆိုတော့ ပြောအားရှိတာပေါ့။ ကျွန်မတောင် နေစရာမရှိသေးဘူး။ ပင်စင်က ခြောက်နှစ်ပဲ လိုတော့တယ်။ ကဲပါ ဘယ်သူတွေကို တွေ့လဲ ပြောပါဦး"
"ဟိုဒင်း... ကလေးတွေပဲ တွေ့တယ် ဆရာမကြီး။ လူကြီးတွေက အလုပ်သွားတယ်တဲ့။ တစ်ယောက်မှ မတွေ့ဘူး ။ အဲ မျက်စိကွယ်နေတဲ့ အဘွားကြီးတစ်ယောက်တော့ တွေ့တယ်။ ဟိုဒင်းလေ ဆရာမ ဒေါ်ညိုညိုအတန်းက ဖြီးတီး ဖြီးတီးနဲ့ ကောင်လေးရဲ့ အဘွားတဲ့ "
" ဩော် ဂျိုးဇက်လား။ သွားကျိုးလေးနဲ့ သူငယ်တန်းက မျက်နှာပြောင်လေးလေ။ အဲဒီမျက်နှာချိုကောင်က ဒီနှစ် တစ်တန်းတက်ရမှာ "
"ဟုတ်တယ်။ ဟုတ်တယ်။ သူ့အမေက အလုပ်သွားတယ်တဲ့။ အဲဒါ သူတို့မြေးအဘွားနှစ်ယောက်ကို ပြောခဲ့တယ်။ ဆရာမ ဒေါ်ညိုညိုမှာတာတွေအကုန် ကျွန်မ ပြောခဲ့တယ်။ ကျောင်းအမြန် လာအပ်ပါလို့။ ကျောင်းပြောင်းမယ်ဆိုလည်း ကျောင်းထွက်လက်မှတ် လာယူပါလို့ "
"အရေးကြီးတာရော ပြောခဲ့ရဲ့လား။ ကျောင်းအပ်ရင် ဒီနှစ် ပိုက်ဆံတစ်ပြားမှ မကုန်တော့ဘူးဆိုတာလေ "
" ပြောခဲ့တယ် ဆရာမကြီး။ ပြောခဲ့တယ်။ အကုန်ပြောခဲ့တယ် "
"ဟုတ်ပြီ။ ဟုတ်ပြီ။ သွားပြောပေးတာ ကျေးဇူးပါ မခင်သန်းရယ် "
"ဟုတ်ကဲ့ ဆရာမကြီး။ ဟုတ် "
စွန့်ထားတဲ့ ဘုရားပန်းအနွမ်း၊ အမှိုက်တွေကို ခြေမြန်လက်မြန် ကောက်သိမ်းယူပြီး ပျာလောင်ပျာလောင်ထွက်သွားတဲ့ မခင်သန်းနောက်ကျောကို ဘာရယ်မဟုတ် ငေးကြည့်ရင်း စော သက်ပြင်းတစ်ချက်ကို ချလိုက်တုန်းမှာပဲ ဆရာမညိုကလဲ သူ့မူပိုင်အသံ ခပ်ကျယ်ကျယ်ကြီးနဲ့ပဲ
" ပိုက်ဆံမပေးရဘူးဆိုလို့ကတော့ ညည်းသမ္မတလောင်းတွေ ဒီနေ့နက်ဖြန် ကျောင်းလာအပ်ကြမှာပါအေ"
( ၃ )
"မင်္ဂလာပါ ဆရာမကြီး"
ဟော လာကုန်ကြပါပြီ။ ဟိုမျက်နှာချိုတဲ့ကလေး ဂျိုးဇက်က သူပါးစပ်လေးကို အကုန်ဖွင့် ပြုံးပြရင်း ရုံးခန်းပေါက်ဝမှာ လက်ကလေးပိုက်လို့။ သနပ်ခါးတွေကလည်း ဖွေးလို့။ အိတ်ထောင်ဘတ်လပ်နဲ့ ကျောင်းဝတ်စုံလေးကတော့ နွမ်းရှာတယ်။
" ဆရာမကြီး "
ဂျိုးဇက်နောက်က သူ့အမေနဲ့တူပါရဲ့။ ငယ်သေးတာပဲ။ မျက်မမြင်အဘွားအိုတစ်ယောက်ကို တွဲလို့။ ဟောတော့် အဲဒီနောက်မှာတော့ ဆရာမကြီးစောရဲ့ ( နှစ်တန်းနဲ့ သုံးတန်းတက်ရမယ့် ) တပည့်ကျော်နှစ်ကောင် ဂျိုးဇက်ရဲ့အစ်ကိုနှစ်ယောက်ဟာ ကတုံးစိမ်းလေးတွေနဲ့ ကိုရင်ဘဝကို ပြောင်းနေပါရောလား။
"လာ .. လာ ... လာကြ"
" ဟုတ်ကဲ့ "
" ထိုင်ကြနော်။ အဖွားကို ဒီမှာ ထိုင်ခိုင်းလိုက် "
" အမေက မျက်စိမမြင်ဘူး ဆရာမကြီး "
"ဟုတ်လား။ မနေ့က မခင်သန်းကတော့ ပြောသား။ ကျွန်မ မနေ့က လွှတ်လိုက်တဲ့သူလေ။ ကျောင်းအပ်ဖို့ နောက်ကျနေကြလို့။ ဒါနဲ့ အကြီးနှစ်ယောက် ကိုရင်မထွက်ရသေးလို့နဲ့တူတယ် ဟုတ်လား "
ရုံးခန်းပေါက်ဝမှာ သူ့ဆရာမ ဒေါ်ညိုညိုမျက်နှာ ဖျတ်ဆို ပေါ်လာတော့ ဂျိုးဇက်က "မင်္ဂလာပါ ဆရာမ" လို့ အားရပါးရ အော်ပြီး ပြေးထွက်သွားတယ်။ ကလေးတွေအမေက သက်ပြင်းတစ်ချက်ကို ချလိုက်တယ်။
"ကျွန်မတို့... ကျောင်းလာအပ်တာ မဟုတ်ပါဘူး.. ဆရာမကြီး...."
" ဩော် .. ဒါဖြင့် ကျောင်းပြောင်းလက်မှတ် ထုတ်ဖို့ပေါ့ ။ အိမ်ပြောင်းမလို့လား "
" ဟို "
"ကျွန်မ နားလည်ပါတယ်။ ဒီလိုပဲပေါ့။ ကျောင်းပြောင်းလက်မှတ်လေးတွေ သေချာလုပ်ပေးလိုက်မယ်။ ဓါတ်ပုံလေးတွေတော့ ရိုက်ရဦးမယ်။ ကိစ္စမရှိဘူး။ ကျွန်မ လုပ်ပေးလိုက်မယ်။ ခဏလေး စောင့်"
"မဟုတ်ဘူး ဆရာမကြီး။ ကျောင်းပြောင်းလက်မှတ် မဟုတ်ဘူး။ ကျွန်မ သူတို့ကို ကျောင်းမထားတော့ဘူး "
" ဟင် "
( ၄ )
ဆရာမကြီးစောတစ်ယောက် ကလေးတွေအမေကို နားမလည်သလိုကြည့်တယ်။ ကိုရင်လေးနှစ်ပါးက ခေါင်းလေးတွေ ငုံ့လို့။
" ကျွန်မ သူတို့ကို ကျောင်းမထားနိုင်တော့ဘူး ဆရာမကြီး။ ကလေးတွေအဖေကလဲ မရှိတော့ဘူး။ အမေအိုကြီးနဲ့ သူတို့တစ်အုပ်နဲ့ ကျွန်မတစ်ယောက်လုပ်စာနဲ့ "
"အို .. အို ဟုတ်ပြီ။ ကျွန်မ ပြောမယ်။ ဒီနှစ် ကျောင်းအပ်ဖို့အတွက်က ပိုက်ဆံတစ်ပြားမှ မကုန်တော့ဖူးလေ။ ကုန်စရာ မလိုတော့ဘူးကွယ့် "
"ဆရာမကြီးကို အားနာလို့ လာရှင်းပြတာပါ။ ကြုံရာကျဘမ်း ကျွန်မလုပ်စာနဲ့ ပါးစပ်ငါးပေါက် ဝအောင် မစားနိုင်ဘူး ဆရာမကြီးရဲ့။ အဲဒါကြောင့် ဒီအကြီးနှစ်ယောက်ကို တစ်ခါတည်း အပြီး ကိုရင်ဝတ်ပေးလိုက်ပြီ။ ဘုန်းကြီးကလဲ စာသင်ပေးမယ်တဲ့ "
ရေပက်မဝင်ပြောတတ်တဲ့ စောတစ်ယောက် ဆွံ့အလို့ သွားခဲ့ပြီ။ ကိုရင်လေးနှစ်ပါးက မျက်နှာငယ်လေးတွေနဲ့ သူတို့ဆရာမကြီးကို ငေးကြည့်နေတယ်။
"အငယ်လေးကျတော့လည်း ကျွန်မအလုပ်သွားရင် သူ့ဘွားအေကိုကြည့်ဖို့ ထားခဲ့ရမှာ "
မင်္ဂလာပါ ဆရာမတွေနဲ့ မိုးမွှန်အောင် တတွတ်တွတ် လိုက်နှုတ်ဆက်ရင်း ဘာမှမသိရှာတဲ့ဂျိုးဇက်တောင် ရုံးခန်းထဲကို ပြန်ပြေးဝင်လာခဲ့ပြီ။
"ကျွန်မတို့ သွားတော့မယ် ဆရာမကြီး။ ထ .. ထ ကိုရင်တို့ "
စောတစ်ယောက် မတ်တပ်ရပ်ရင်း " ဂျိုးဇက် " လို့ ခေါ်မိတယ်။ ကောင်ငယ်လေးက " ဗျာ" တဲ့။
" မင်း ကျောင်းမနေချင်ဘူးလား "
" နေချင်တာပေါ့။ နေမှာလေ "
ဂျိုးဇက် သူ့အမေကို ပြုံးပြီး မော့ကြည့်ရင်းနဲ့ ဖြေတယ်။ ကလေးတွေအမေက အံကြိတ်မျက်လုံးပြူး ခေါင်းရမ်းပြတော့မှ ဂျိုးဇက် မျက်နှာကလေး ညှိုးကျပြီး ခေါင်းငုံ့သွားတယ် ။ ကောင်ငယ်လေးရဲ့ပါးစပ်ကလေးလဲ ပိတ်ခဲ့ပြီ။ သွားတော့ကွယ်။ အို မိုးသက်လေက ဖြန်းကနဲ ရိုက်ချလိုက်တော့ ကျောင်းရှေ့မှာ စိန်ပန်းတွေ ရဲကနဲ ကြွေကျပြန်ပြီကိုး။
"ဆရာမကြီးကို နှုတ်ဆက်လိုက်ဦးလေ "
"မင်္ဂလာပါ ဆရာမကြီး "
ကျိုးကြေနေတဲ့ အသံတုန်လေးတွေကို ကျောင်းခန်းဆီက ညီညာဖျဖျအော်လိုက်တဲ့ စာအံသံတွေက ဖုံးအုပ်သွားခဲ့တယ်။ မင်္ဂလာပါ တဲ့။ မိုးသက်လေကြောင့် ပေပဲလား။ ဒီတစ်ခါ မင်္ဂလာပါဟာ စောရဲ့နားထဲမှာ ကွဲအက်၊ ကြေမွ ခါးသီးလို့ နေပါရောလား။
( နုနုရည် - အင်းဝ )
၂ဝ၁၁ ခုနှစ်။ ဇူလိုင်လ။ ဗြူးတီးမဂ္ဂဇင်း။

Leave a Comment