သုတစာပေနှင့် ရသစာပေ (အရှင်သံဝရာလင်္ကာရ) - တမာသားလေးမှတ်စု

သုတစာပေနှင့် ရသစာပေ (အရှင်သံဝရာလင်္ကာရ)

ကမ္ဘာပေါ်ရှိ လူမျိုးအများစုမှာ ကိုယ့်စာပေနှင့်ကိုယ် ရှိကြ၏၊ စာ ပေနှင့် ယဉ်ကျေးမှု၊ စာပေနှင့် အနုပညာဟု ယဉ်ကျေးမှုနှင့် အနုပညာကို စာပေနှင့် တွဲလျက်ခေါ်ကြ၏၊ ယဉ်ကျေးမှုနှင့် အနုပညာကို စာပေက အဓိ ကစောင့်ရှောက်ထား၏၊ ပရိယတ္တိသာသနာတော်မြတ်ကြီးသော်မှ စာပေက စောင့်ရှောက်ထားသည့်အတွက် ယနေ့တိုင်အောင် တည်ရှိနေခြင်းဖြစ်သည်၊ သာသနာတော် နှစ်လေးရာကျော်လောက်ထိ ပိဋကတ်သုံးပုံကို နှုတ်ငုံ ဆောင်ခဲ့

ကြ၏၊ သည်ဘက် နှစ်ပေါင်းနှစ်ထောင်ကျော်မှာ 

စာပေက စောင့် ရှောက်ထားသဖြင့် သာသနာတော် ကြီး မကွယ်မပျောက်ခြင်းဖြစ်သည်ဟု ပြောလျှင်ရ၏။ 

 

စာပေအစ ပေစာကဟု အဆိုရှိ၏၊ အထူးသဖြင့်

 မိမိတို့ မြန်မာ စာပေကို ဆိုလိုခြင်းဖြစ်၏၊

 စတုတ္ထသံဂါယနာနောက်ပိုင်း ပရိယတ်တရား 

တော်တွေကို ပေရွက်ပေါ်ကူးရေးခဲ့ပြီး လက်ဆင့်

ကမ်းခဲ့ကြ၏၊ ပထမတော့ ပေစာ၊ နောက်တော့ 

ကျောက်စာ၊ နောက်တော့ စက္ကူပေါ်ကစာအဖြစ် 

အဆင့်ဆင့်ပြောင်းလဲလာခဲ့၏၊ မြန်မာစာပေသည် 

ပါဠိစာပေနှင့် ဆက်နွယ် နေသဖြင့် မြန်မာစာပေ

လည်း ပေစာက လာခြင်းဖြစ်၏၊ ပေစာကနေ 

ပေနှင့် စာ ရှေ့နောက်ပြန်ပြီး စာပေဟူ၍ ဖြစ်လာ

သည်ဟု ယူဆကြ၏။

 

ယခုခေတ်ရောက်လာတော့ စာပေကို သုတ

စာပေနှင့် ရသစာပေ ဟု ယေဘုယျခွဲခြားခေါ်

ကြ၏၊ သုတဆိုသည်မှာ နာယူခြင်း၊ မှတ်သား

ခြင်း၊ ဆောင်ထားခြင်းဟု အဓိပ္ပာယ်ထွက်၏၊ 


ရသဆိုတာက အာရုံခြောက်ပါး၏ အရသာကို 

ခံစားခြင်းဖြစ်၏၊ ဆရာကြီး ဦးရွှေအောင်၏ 

''ရသစာပေ၏ ရသ'' စာအုပ်မှာတော့ ရသဆိုတာ 

''ရှိမှု၊ သိမှု၊ နှစ်သက်မှု''ဟု သက္ကတစာပေကို 

ကိုးကားပြီးဆိုထား၏၊ ရသစာပေဆိုသည်မှာ 

နက်နဲကျယ်ပြန့်လှပါ၏၊


 စာဖတ်စကလေးငယ်များသည် လျှို့ဝှက်ဆန်း

ကြယ် လျှို့ဝှက်သည်းဖို ဂမ္ဘီရ ဆန်ဆန် ကာတွန်း

ဝတ္ထုတွေကို အဖတ်များကြ၏၊ ထိုစာပေကိုလည်း 

အဗ္ဘုတ ရသဖြစ်သောကြောင့် ရသစာပေ၌ ထည့်

သွင်းလို့ရမည်သာ၊ မိမိတို့လည်း ငယ်စဉ်က ရွှေခေါင်းပြောင်မှစ၍ ဖတ်ဖြစ်သည်၊ နောက်မှ စံရွှေမြင့် ဖတ်သည်၊ထို့နောက်မှာ အောင်လင်းတို့၊ ဘုန်းနိုင်

တို့ ဖတ်သည်၊ အသက်ရလာမှ သုတလိုင်းကို 

ပြောင်းလာသည်။

 

အကြမ်းဖျဉ်းအားဖြင့် သုတစာပေနှင့်ရသစာပေ

ကို မှတ်သားစရာ ပေးသောစာပေနှင့် ခံစားစရာ

ပေးသောစာပေဟု ခေါ်လျှင်ရမည်ဟု ထင်၏၊ 


မှတ်သားစရာလည်းမပါ၊ ခံစားစရာလည်းမပါ

သော အခြားအလွတ်စာတွေ လည်း ရှိကောင်း

ရှိနိုင်သည်၊ ဥပမာ အပျော်ဖတ်သက်သက်စာမျိုး၊ 

အဆိပ် တောက်ဖြစ်စေသောစာမျိုး၊ နားလည်မှု

လွဲမှားစေသောစာမျိုး စသည်တို့ ဖြစ်၏၊ သို့သော် 

ရသက ကျယ်ဝန်းသဖြင့် ထိုစာတွေလည်း ရသ

စာပေ၌ ကြံဖန်ထည့်မည်ဆိုက ထည့်၍ ရနိုင်

လောက်သည်။

 

အကြောင်းကား အလင်္ကာကျမ်းမှာ ရသကိုးပါးပြ

ထားသော ကြောင့်ဖြစ်၏၊ သိင်္ဂါရရသချစ်ခင်မှု

ရသ၊ ဟာသရသရယ်ရွှင်မှုရသ၊ ကရုဏာရသ

သနားကြင်နာမှုရသ၊ ရုဒ္ဒရသအမျက်ထွက်မှု 

မုန်းတီးမှုရသ၊ ဝီရရသရဲရင့်မှုရသ၊ ဘယာနက

ရသကြောက်ရွံ့ထိတ်လန့်မှုရသ၊ ဝိဘစ္ဆ ရသ

စက်ဆုပ်ရွံရှာမှုရသ၊ အဗ္ဘုတရသအံ့သြမှုရသ၊ 

သန္တရသငြိမ်သက် အေးချမ်းမှုရသဟု ရသကိုး

ပါးရှိ၏၊ ဝစ္ဆလရသမိဘဆရာချစ်ပါ ထည့်တွက်

ပြီး ရသဆယ်ပါးဟုလည်း ဆိုကြ၏။

 

သို့သော် စာအုပ်စာပေလူ့မိတ်ဆွေဟူသော အဆို

ကို စဉ်းစား သောအခါ မိတ်ဆွေသဘောဆောင်

သော စာအုပ်စာပေသည်သာ တကယ့် စာပေ

အစစ်ဖြစ်၏၊


 မိတ်ဆွေဟူသည် မိတ္တဟူသောပါဠိမှ လာ၏၊

 မေတ္တာရှိ သူ၊ မေတ္တာထားသူကို ခေါ်၏၊ 


ထို့ကြောင့် စာဖတ်သူအပေါ် မေတ္တာထားသော 

မေတ္တာပါသော စာပေကိုသာ လူ့မိတ်ဆွေဟု 

ဆိုရ၏၊ မိတ်ဆွေဖြစ် သောစာပေသည် စာဖတ်

သူ၏အကျိုးကိုဆောင်၏၊ စာဖတ်သူမှာ ဦးနှောက်

နှင့် နှလုံးသားရှိ၏၊ သုတစာပေက ဦးနှောက်

အတွက် အာဟာရ ဖြစ်၏၊ ရသစာပေက နှလုံး

သားအတွက် အာဟာရဖြစ်၏၊ 


ထို့ကြောင့် သုတ စာပေကို ဦးနှောက်အာဟာရစာပေဟု ခေါ်နိုင်၏၊ ရသစာပေကို နှလုံးသား အာဟာရစာပေဟု ခေါ်နိုင်၏၊ သုတစာပေက မှတ်သားနား

လည်ရမည့် စာပေ၊ ရသစာပေက ခံစားနားလည်ရ

မည့်စာပေဟု အကြမ်းဖျင်းဆိုနိုင်၏၊ စာပေနှစ်ခုလုံး

ကတော့ နားလည်မှုကို ပေးကြသည်သာဖြစ်၏။

 

တချို့က ဦးနှောက်က ပိုကြီး၏၊ တချို့က နှလုံး

သားက ပိုကြီး၏၊ နှစ်ခုယှဉ်လိုက်လျှင်တော့ 

နှလုံးသားပိုကြီးသူက အများစု ဖြစ်လိမ့်မည်ဟု 

ထင်၏၊ ထို့ကြောင့် ဦးနှောက်ကြီးသူက အနည်းစု၊

 နှလုံးသားကြီးသူက အများစုဟု ဆိုရလိမ့်မည်၊ 

ဦးနှောက်ကြီးသူက ဦးနှောက်ကို ဦးစားပေး 

မည်ဖြစ်၏၊ နှလုံးသားကြီးသူက နှလုံးသားကို 

ဦးစားပေးမည်ဖြစ်၏။

 

မည်သို့ပင်ဖြစ်စေ စာပေနှစ်ခုလုံးက မှတ်သား

နားလည်စရာနှင့် ခံစားနားလည်စရာဆိုတော့ 

နားလည်မှုပေးနိုင်စွမ်းသတ္တိ ရှိကြတာချင်းတော့ 

အတူတူပင်ဖြစ်၏၊ နားလည်ဆိုသည်မှာ သိသွား

ခြင်း၊ သဘောပေါက်သွား ခြင်း၊ အသိတစ်ခုခုရ

သွားခြင်းဟု အဓိပ္ပာယ်ထွက်၏၊ မှတ်သားနား

လည်မှုပဲ ဖြစ်စေ၊ ခံစားနားလည်မှုပဲဖြစ်စေ၊ တစ်ခု 

ခုကိုပေးနိုင်လျှင် စာပေတာဝန်က ကျေပွန်ပါ၏၊ 

စာဖတ်ပရိသတ်တစ်ဦးဦးအနေနှင့် မှတ်သားလို့ပဲဖြစ်စေ၊ ခံစားလို့ပဲဖြစ်စေ၊ အသိတစ်ခုခုရသွားလျှင်စာပေ၏တာဝန်ကျေပြီဟု သတ် မှတ်နိုင်၏။

 

ထို့နောက်မှာတော့ စာဖတ်ပရိသတ်၏ တာဝန်

သာဖြစ်၏၊ စာဖတ် ပရိသတ်အနေနှင့် မှတ်သား

နားလည်ရုံ၊ ခံစားနားလည်ရုံနှင့် မပြီးသေး၊ နား

လည်သိရှိလိုက်ရသည့်အတိုင်း အဖြစ်နိုင်ဆုံး၊ 

အစွမ်းနိုင်ဆုံး လက်တွေ့ ဘဝထဲမှာ ဆက်လက်

ကျင့်သုံးဖို့ တာဝန်ရှိ၏၊ စာပေ၏ ရည်စူးချက်က

လည်း ထိုအဆင့်အထိ ရည်စူးထားခြင်းဖြစ်၏။

 

သုတစာပေနှင့် ရသစာပေဟု ယေဘုယျခွဲခြား

ခေါ်နေရသော်လည်း အမှန်တော့ သုတစာပေမှာ 

ရသပါသလို ရသစာပေမှာလည်း သုတ ပါသည်

သာဖြစ်၏၊ မှတ်သားစရာထဲမှာ ခံစားစရာပါသလို 

ခံစားစရာထဲမှာ လည်း မှတ်သားစရာပါသည်သာ

ဖြစ်၏၊ အားသာသောဘက် စောင်းပေးပြီး သုတ

နှင့် ရသဟု ခွဲခေါ်နေကြခြင်းဖြစ်၏၊ မည်သည့်စာ

ပဲဖြစ်စေ၊ စာဖတ်သူ ကျေနပ်နှစ်ခြိုက်သွားလျှင် 

ခံစားမှုရသပေါ်သဖြင့် ရသစာပေဟု ဆိုနိုင်၏၊ 


စာတစ်ခုခုကိုဖတ်ပြီး ရေရွတ်ဆဲဆို တက်ခေါက်

မိလျှင်သော်မှ ရုဒ္ဒရသဖြစ် သဖြင့် ရသစာဟု ဆိုနိုင် သည်သာ။

 

တစ်ခုရှိတာက သုတစာပေက သုတသန့်သန့်

ပေးလို့ရ၏၊ ရသမပါသော်လည်း ကိစ္စမရှိ၊ ရသ

စာပေကတော့ ရသတစ်ခုတည်း ရသသန့်သန့် 

ပေးလို့မရ၊ ရသတစ်ခုတည်းပေးလျှင်တော့  

အားလုံးဒုက္ခရောက်သွားနိုင်၏၊ ဇာတ်သမားပြန်

လျှင် မှတ်သားစရာကျန်ရမည်ဟု ဆို၏၊ ရသ

စာပေသည် သုတပါမှ အဓိပ္ပာယ်ရှိ၏။

 

ကိုယ်သန်ရာသန်ရာ ကိုယ့်အပိုင်းနှင့် ကိုယ်တော့ 

ရှိပါလိမ့်မည်၊ ဦးနှောက်သမားတွေက သုတလိုင်း

ကို ပိုမိုနှစ်သက်လိမ့်မည်၊ နှလုံးသား သမားတွေ

ကတော့ ရသလိုင်းကို ပိုမိုနှစ်သက်လိမ့်မည်၊ 

စာရေးဆရာက နှစ်လိုင်းရှိသလို စာဖတ်ပရိသတ်

ကလည်း အုပ်စုနှစ်စု ရှိပါလိမ့်မည်၊ မည်သို့ပင်

ဖြစ်စေ နောက်ဆုံးတော့ အသိတရား တစ်ခုခု

ရသွားဖို့၊ အသိပညာ တစ် ခုခုရသွားဖို့ အရေးကြီး

ပါ၏။

 

စာက လေးလေးနက်နက်စာ၊ လေးလေးပင်ပင်

 စာနှင့် ပေါ့ပေါ့ပါး ပါးစာဟူ၍ နှစ်မျိုးရှိ၏၊ ရှေ့

အမျိုးအစားက သုတစာပေဖြစ်၏၊ နောက် အမျိုး အစားက ရသစာပေဖြစ်၏၊ သုတစာပေဆိုသည်မှာ ကျက်ရ၊ဖတ်ရ၊ မှတ်ရသောစာပေဖြစ်၏၊ သုတစာ

ပေမှ အတတ်ပညာတွေ အသိပညာတွေ ရ၏၊


 ရသစာပေက ခံစားရ၊ အတုယူရ၊ အားကျရသော စာပေဖြစ်၏၊ ရသ စာပေမှ အသိပညာတွေရ၏၊ အတတ်ပညာပိုင်းဆိုင်ရာ သင်ရိုးညွှန်းတမ်း စာပေတွေ၊ သတင်းအချက်အလက်တွေသည် သုတစာပေထဲပါဝင်၏၊ စာ သင်ကျောင်းအသီးသီးမှာ ကျက်ရ၊ မှတ်ရသောစာပေအများစုသည် သုတ စာပေက များ၏၊ 

ရသစာပေက အနည်းစုပင်ဖြစ်၏၊ ဂျာနယ်အများစုသည် သုတလိုင်းဟု ဆိုရလိမ့်မည်၊ သို့သော် ရသလည်းပါဝင်မှဖတ်ရသူမှာ အရသာရှိ၏။

 

ဘုရားဟော ပိဋကတ်စာပေတွေလည်း သုတ

စာပေက အများစု ဖြစ်၏၊ ဇာတ်နိပါတ်တော်တို့၊ 

ဓမ္မပဒအဋ္ဌကထာတို့၊ အပဒါန်တို့စတာတွေသာ 

ရသစာပေဖြစ်၏၊ လူမှာ တတ်ဖို့နှင့် သိဖို့က 

အဓိကလိုလိမ့်မည်ဟု ထင်၏၊ နောက်မှသာ 

ခံစားနားလည်မှုဆိုတာက လိုလာ၏၊ သို့ဆိုလျှင် 

သုတစာပေကများ အဓိကကျနေရော့မလား၊ 

ထိုသို့လည်း အတတ်ပြော၍ မရသေး။

 

ရသစာပေဆိုသည်မှာ ခံစားမှုဦးစားပေးသော 

ကာတွန်း၊ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ အတ္ထုပ္ပတ္တိ

စသော စာပေများဖြစ်၏၊  ကာတွန်း ဝတ္ထုတို့၌ 

ချစ်ခန်း၊ ကြိုက်ခန်း သိင်္ဂါရရသကို ဦးစားပေး

သည်မှာ မှန်၏၊ ဟာသရသ လေးပါးထည့်ထား

လျှင် ရယ်ရမောရစိတ်ရွှင်ရ၏၊ ရယ်မောရခြင်း

သည် စိတ် အညောင်းဖြေဆေးဖြစ်သလို 

အကြောအခြင်တွေလည်းပြေ၏၊ မျက်ရည် 

ထွက်အောင် အားရပါးရရယ်မောလျှင် အကြော

အခြင်တွေ လျော့သွားပြီး နေရထိုင်ရပေါ့သွား

၏။

 

ကျန်းမာရေးကောင်းချင်လျှင် တစ်နေ့သုံးကြိမ် 

အားရပါးရရယ်ရ မည်ဟု အဆိုရှိ၏၊ ဒါလည်း 

ဖြစ်နိုင်ခြေရှိ၏၊ အနောက်နိုင်ငံတွေက တချို့ 

ဆေးရုံတွေမှာ လူနာတွေကို စိတ်ပြေလက်

ပျောက်ဖြစ်ဖို့ လူရွှင်တော်တွေ ခေါ်ကာ ရယ်

စရာပြက်လုံးတွေ ပြက်ခိုင်းကြသည်ဟု ဆို၏၊ 

တချို့ ကင်ဆာ ရောဂါသည်တွေသော်မှ ဟာသ

ပြက်လုံးတွေကို နားထောင်ရယ်မောပြီး ရောဂါ

သက်သာရာရကြသတဲ့၊ ဟာသရသသည် ထိုမျှ

လောက် အစွမ်းထက်၏။

 

လူမှာ အရေးကြီးဆုံးအင်္ဂါအစိတ်အပိုင်း နှစ်ခု

ရှိ၏၊ ဦးနှောက်နှင့် နှလုံးသားဖြစ်၏၊ လူတစ်

ယောက်အတွက် ဦးနှောက်ကောင်းဖို့ လိုသလို 

နှလုံးသားကောင်းဖို့လည်း လို၏၊ ဦးနှောက်

မကောင်းလျှင် ဦးနှောက်ပျက်ပြီး ရူးသွားနိုင်၏၊ 

မတော်တဆထိခိုက်မှုဖြစ်ပြီး ဦးနှောက်ထိသွား

လျှင် အတိတ် မေ့သွားတတ်၏၊ ဦးနှောက်သေ

သွားလျှင်တော့ ဘာမျှမသိရှာတော့၊ ဘဝက 

ပြီးပြီ။

 

နှလုံးမကောင်းလျှင် နှလုံးရောဂါရလိမ့်မည်၊ 

နှလုံးရောဂါရလျှင် အချိန်မရွေး ဘဝပြောင်း

သွားနိုင်၏၊ နှလုံးရပ်သွားပြီး နှလုံးသေသွား

လျှင် တော့ တစ်ဘဝဇာတ် အဆုံးသတ်လေပြီ၊ 

ထို့ကြောင့် လူမှာ ဦးနှောက် ကောင်းဖို့ နှလုံး

\ကောင်းဖို့ လွန်စွာပဲအရေးကြီးလှ၏၊ ရှင်သန်နေ

ရသော ဘဝ၏ သော့ချက်ဖြစ်၏၊ 


လူမှာ ပညာနှင့်မေတ္တာက အရေးကြီးဆုံးဖြစ်၏၊ ပညာတတ်၊ ပညာတော်လျှင် လူတော်ဖြစ်၏၊ 

မေတ္တာပြည့်ဝ နှလုံးလှလျှင် လူကောင်းဖြစ်၏၊ 

လူတော်ဖြစ်ဖို့ ပညာလိုသည်၊ ပညာတတ်ရမည်၊ ပညာရှိ ရမည်၊ လူကောင်းဖြစ်ဖို့ မေတ္တာလိုသည်၊ 

မေတ္တာကိန်းသော နှလုံးသား ရှိရမည်၊ သတ္တဝါတွေအပေါ် မေတ္တာထားတတ်ရမည်။

 

မေတ္တာ၏ သရုပ်သကန်အနေနှင့် သည်းခံခွင့်

လွှတ်တတ်ရမည်၊ စွန့်လွှတ်အနစ်နာခံရမည်၊

 ကြင်နာသနားတတ်ရမည်၊ ကူညီရိုင်းပင်း

တတ်ရ မည်၊ ပေးချင်စိတ်၊ ကျွေးချင်စိတ်ရှိရ

မည်၊ ပေးရကျွေးရမည်၊ ပေးခြင်း၊ ကမ်းခြင်း၊ 

ကျွေးခြင်း၊ မွေးခြင်း၊ ကူညီထောက်ပံ့ခြင်း၊ 

လက်၏စောင်မခြင်း၊ နှုတ်၏ စောင်မခြင်းဖြင့်

သာ မေတ္တာကို သရုပ်ဖော်နိုင်၏။

 

ပညာက ဦးနှောက်ကို ကိုယ်စားပြု၏၊ မေတ္တာ

က နှလုံးသားကို ကိုယ်စားပြု၏၊ ပညာသည် 

ဦးနှောက်၏ ကိုယ်စားလှယ်ဖြစ်သည်။ မေတ္တာ 

သည် နှလုံးသား၏ ကိုယ်စားလှယ်ဖြစ်သည်၊ 

ပညာတိုးမှ ဦးနှောက်ဖွံ့ဖြိုး မည်၊ ဦးနှောက်ဖွံ့

ဖြိုးမှလည်း ပညာတိုးမည်၊ မေတ္တာမျှမှ နှလုံး

လှမည်၊ အထူး သဖြင့် သုတစာပေက ဦးနှောက်

အာဟာရဓာတ်စာ၊ ဦးနှောက်အားဆေး ဖြစ်၏၊ 


ရသစာပေက နှလုံးသားအာဟာရဓာတ်စာ၊ 

နှလုံးအားတိုးဆေး ဖြစ်၏၊ သုတစာပေက 

ဦးနှောက်ကြည်လင်ဖို့၊ ဦးနှောက်ကောင်းဖို့၊ 

ဦးနှောက် ဖွံ့ဖြိုး အသိညာဏ်တိုးဖို့ တာဝန်ယူ

ရမည်၊ ရသစာပေက မေတ္တာပြည့်ဝ နှလုံး 

လှဖို့ တာဝန်ယူရမည်၊ ဦးနှောက်ကောင်းဖို့ 

သုတစာပေမှာ တာဝန်ရှိ၏၊ နှလုံးလှဖို့ ရသ

စာပေမှာ တာဝန်ရှိ၏၊ ကိုယ့်တာဝန်ကိုယ် 

ကျေပွန်ရမည်။

 

ယနေ့ခေတ် ယနေ့ကမ္ဘာမှာ သိပ္ပံနည်းပညာ

တွေ အဆန်းတကြယ် အံ့သြဖွယ်တိုးတက်နေ

ပြီး ကံကောင်းသောလူသားတွေ ရုပ်ပိုင်းဆိုင်

ရာ ပြည့်စုံချမ်းသာနေကြတာတွေ့ရတော့ 

သုတစာပေ၏ တာဝန်ကျေသည်ဟု ပြောရ

လိမ့်မည်၊ သိပ္ပံနည်းပညာတွေကို သုတစာ

ပေက တင်ပြနိုင်လို့၊ လက် ဆင့်ကမ်းဝေငှ

နိုင်လို့ ကမ္ဘာအနှံ့ပျံ့ပြီး လူသားတွေ လူနေမှု

အဆင့်အတန်း မြင့်မားကာ ချမ်းသာနေကြ

ရ၏။

 

သိပ္ပံနှင့် နည်းပညာတွေကြောင့် ထိုသို့ အတတ်

ပိုင်းဆိုင်ရာ၊ အသိ ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ

တွေ အံ့မခန်းတိုးတက်နေသော်လည်း စိတ်ပိုင်း 

ဆိုင်ရာမှာတော့ တိုးတက်မှုရှိမလာသေးချေ၊ 

လူအများစုသည် အပေါ်ယံ အပြောအဆိုအသွင်

အပြင်သာ ယဉ်ကျေးသည်ဟု ထင်နေရသော်

လည်း အတွင်းစိတ်ပိုင်းဆိုင်ရာမှာတော့ ရှေး

လူရိုင်းခေတ်ကနှင့် ဘာမျှထူး၍ တိုးတက်မလာ

သေးချေ၊ ကြီးနိုင်ငယ်ညှဉ်း သဘောတွေက

တော့ ပျောက် ကွယ်မသွားချေ၊ အနိုင်ကျင့်ကြ၊ 

ဗိုလ်ကျကြ၊ မတရားသိမ်းပိုက်ကြ၊ မတရား 

စိုးမိုးချုပ်ချယ်ကြ၊ မနာလိုဝန်တိုကြနှင့် ကမ္ဘာ့

ဒေသအသီးသီးမှာ ငြိမ်းချမ်း သည်ဟူ၍ မရှိ

ချေ၊ 


နှလုံးသားမှာ မေတ္တာတရား မကိန်းဝပ်ကြလို့ ထိုသို့ မတော်မတရား မမျှမတ ဖြစ်နေကြခြင်းလား၊ မေးခွန်းထုတ်ချင်စရာပင်၊ စာပေနှင့် စဉ်းစားတော့ ရသစာပေပိုင်းကများ အားနည်းနေလို့လားဟု စဉ်း စားချင်စရာပင်၊ မြန်မာနိုင်ငံလက်ရှိစာပေအခြေအနေမှာလည်း ရသစာပေ သမားစစ်စစ်များ စာပေစိတ် ဓာတ်တစ်ခုတည်းဖြင့် အတော်လေးရုန်းကန် 

နေကြရသည်ဟု ကြားသိနေရသည်။ 

 

နှလုံးသားဖွံ့ဖြိုးတိုးတက်ဖို့၊ မေတ္တာကရုဏာ

တွေ အားကောင်းလာ ဖို့၊ စိတ်ကောင်းနှလုံး

ကောင်းရှိသော လူကောင်းသူကောင်းတွေ 

အရေအတွက်များလာဖို့ ရသစာပေမှာ 

တာဝန်ရှိ၏၊ ယနေ့ လူသားအများစု တရား

မမျှတမှုတွေ ခံစားနေရကာ ငြိမ်းချမ်းမှုအရ

သာစစ်စစ်ကို မခံစားရ တာတော့ အမှန်ပင်

ဖြစ်သည်၊ အရင်းခံကတော့ နှလုံးသားမှာ 

မေတ္တာအစေး ဓာတ်၊ မေတ္တာအအေးဓာတ် 

ခြောက်ခန်းနေကြသောကြောင့် ဖြစ်၏။

 

တရားတွေလည်း ဟောနေကြပါ၏၊ တရား

တွေလည်း နာနေကြ ပါ၏၊ တရားတွေလည်း 

အားထုတ်နေကြပါ၏၊ တရားစာတွေလည်း 

ရေးသားနေကြပါ၏၊ ဖတ်ရှုနေကြပါ၏၊ သို့

သော် ထိုတရားဆိုတာတွေက လူသားထု

နှလုံးအိမ်ထဲမှာ ရောက်ကောရောက်ကြပါ၏

လော၊ ရှိကောရှိကြ ပါ၏လော၊ ကိန်းကော

ကိန်းကြပါ၏လော၊ လူသားထုကြားမှာ ထိထိ

ရောက် ရောက် ပျံ့နှံ့ပါ၏လောစသည်ဖြင့် 

လောပေါင်းများစွာနှင့် မေးခွန်းထုတ်ချင်

စရာပင်၊ 


တရားတွေ ဟောသလောက်၊ ပြောသလောက်၊ 

တရားပွဲတွေ ကျင်းပသလောက်မတရားသောခေတ်ကြီး ဖြစ်နေ၏၊ တရားမမျှတသောခေတ် ကြီး ဖြစ်နေ၏၊  တရားမမျှတမှုကို ခံစားရေသည်မှာ နှစ်ပေါင်း 

များစွာကြာခဲ့ပြီ၊ တရားဟောဆရာတွေ ဘယ်လိုလဲ၊ တရားက ဘယ်လိုလဲ၊ ဘယ်လဲ၊ မေးခွန်းထုတ်ရတော့မည်။

 

စာရေးသူ၊ သို့မဟုတ် စာပေနှင့် အသက်မွေးသူ

ကို စာပေလုပ် သားဟု ခေါ်၏၊ စာပေလုပ်သားဟူ

သည် စာပေတာဝန်ကို ထမ်းဆောင်နေ သူဖြစ်၏၊

 စာပေတာဝန်ထမ်းဆောင်သူသည် ကိုယ့်ကျိုးစီး

ပွားထက် စာပေ ၏အကျိုးစီးပွားကို အဓိကထား

သင့်၏၊ ကိုယ်ကျိုးစွန့်ရမည်ဟု မဆိုလိုပါ၊ ကုသိုလ်

လည်းရ၊ ဝမ်းလည်းဝဆိုသော အနေအထားတော့ 

အနည်းဆုံးရှိ သင့်ပါသည်၊ ဝမ်းဝဖို့ချည်း တွက်နေ

ကြလျှင်တော့ စာပေကို ဖျက်ဆီးသော စာပေ၏

ရန်သူသာ ဖြစ်ပါလိမ့်မည်၊ 


စီးပွားဖြစ်၍ ကြီးပွားချင်လျှင် ကုန်သည် လုပ်ပါဟု နီတိကဆို၏၊ ကြီးပွားချမ်းသာချင်လျှင် ကုန်သည်လုပ်ပါ၊စာပေ ကိုတော့ ကုန်သည်စိတ်ဓာတ်၊ ကုန်သည်တွက်ကိန်းနှင့် မလုပ်ပါနှင့်၊ စာပေ စိတ်ဓာတ် တကယ်

ရှိမှသာ စာပေအလုပ်ကို လုပ်သင့်ပါသည်၊ စာပေ

သည် တိုင်းပြည်အတွက် စတုတ္ထမဏ္ဍိုင်ဟု ပညာ

ရှင်တို့ သတ်မှတ်ကြ၏၊ စာပေ နိုဘယ်ဆုရ ပြင်သစ်စာရေးဆရာကြီး အဲလ်ဘတ်ကမူးက စာပေသမားဆို တာသစ္စာတရား၏ အမှုတော်ထမ်းပဲဟု ဆိုခဲ့၏။

 

ကျေးဇူးတော်ရှင် အမရပူရ၊ မဟာဂန္ဓာရုံဆရာ

တော်ဘုရား၏ နံနက်ခင်းသြဝါဒတစ်ခုမှာ 

''ကိုရင်တို့၊ ဦးဇင်းတို့ ...ဂုဏ်လာဘ်ကို ပန်းတိုင်

မလုပ်ကြနဲ့၊ ဂုဏ်လာဘ်ဆိုတာ သေရာပါတာ

မဟုတ်ဘူး၊ စေတနာကသာ သေရာပါတာ''ဟု 

ဆုံးမခဲ့၏၊ သတိပြုရမည့် အဆုံးအမတော်တစ်ခု 

ဖြစ်၏၊ သေရာပါတာဆိုလို့ စေတနာတစ်ခုပဲ ရှိ၏။

 

ယနေ့ခေတ်သည် စာပေခေတ်ဖြစ်၏၊ ဂျာနယ်

တွေ၊ မဂ္ဂဇင်းတွေ ပေါမှပေါ၊ များမှများ၊ ဝမ်းသာ

စရာဖြစ်ပါ၏၊ စာအုပ်စာပေ လူ့မိတ်ဆွေဟု ဆို

သည့်အတိုင်း မိတ်ဆွေတွေ ပေါလာခြင်းဖြစ်၏၊ 


သို့သော် မိတ်ကောင်း ဆွေကောင်းဖြစ်ဖို့တော့ 

လိုပါ၏၊ ပေါ်ပင်လိုက်၊ လူပြိန်းကြိုက်၊ ငါဝမ်းဝပြီး 

ရောဆိုသည့် စိတ်ထားမျိုးနှင့်တော့ စာပေ

လောကထဲ ဝင်မလာသင့်ချေ၊ စာပေအလုပ် 

မလုပ်သင့်ချေ၊ ကုန်သည်စိတ်ဖြင့် စျေးကွက်

နောက်လိုက်ပြီး၊ မျှောစာတွေ၊ မျောစာတွေ၊ 

ဖောစာတွေ မဖြစ်သင့်သလို တချို့ပရိသတ် 

အကြိုက် လိုက်ပြီးတော့လည်း မျှောစာတွေ၊ 

မျောစာတွေ မဖြစ်သင့်ချေ။

 

စာရေးသူသည် စာဖတ်သူအပေါ် စေတနာ

ထားဖို့လို၏၊ သုတရေး သူက စာဖတ်သူကို 

မှတ်သားဖွယ်၊ လိုက်နာကျင့်သုံးဖွယ်၊ ပညာရ

ယူဖွယ်ရာ တွေ ပေးမည်ဆိုသော စေတနာမျိုး

ထား၍ ရေးသင့်၏၊ ရသရေးသူက ခံစားနား

လည်ဖွယ်၊ အတုယူအားကျဖွယ်တွေ ပေးမည်၊ 


သနားကြင်နာတတ်၊ သည်းခံခွင့်လွှတ်တတ်၊ 

အနစ်နာခံတတ်၊ ကိုယ်ချင်းစာတရားထားတတ် 

သော ကောင်းမြတ်သော သဘောတရားတွေ 

စာဖတ်သူနှလုံးသားထဲ ကိန်း အောင်းသွားစေ

မည်ဆိုသော စေတနာမျိုးထား၍ ရေးသင့်၏၊ 


မိမိ၏ ဂုဏ် လာဘ်၊ မိမိ၏ ပကာသန၊ မိမိ၏ အောင်မြင်ကျော်ကြားမှုအတွက် စာပေကိုတော့ 

အသုံးမချသင့်ပေ၊ စာပေကိုတော့ ခုတုံးမလုပ်

သင့်ပေ၊ စာပေ အပေါ် သစ္စာမဖောက်သင့်ပေ၊ 

ဂုဏ်လာဘ်ပကာသနကို လိုချင်လျှင် အခြား 

နည်းနှင့်သာ ရှာသင့်ပါသည်။

 

လူမှာ တာဝန်သိစိတ်၊  တာဝန်ယူမှု၊ တာဝန်ခံမှု၊

 တာဝန်ကျေပွန်မှု တို့ အထူးလိုအပ်၏၊ ရသ

စာပေ၌ ထိုသဘောတွေ ပါရှိရမည်၊ ရသစာပေ

က ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်စသော ဖျော်ဖြေ

ရေးနှင့်ပါ ဆက်နွယ်နေ၏၊ ရသစာပေက ထိုသို့

အနုပညာနှင့် တိုက်ရိုက်ဆက်နွယ်နေတော့ 

ပြည်သူ့ ကြားကို ပို၍ရောက်၏၊ အထူးသဖြင့် 

ရုပ်ရှင်၊ ဂီတ၊ သဘင်တို့သည် လူငယ် တို့အပေါ်

 သြဇာသက်ရောက်မှု ကြီးမား၏၊


 ထို့ကြောင့် ရသစာပေက ပို၍ အရေးကြီး၏၊ ရသ စာပေသည် ဖတ်ကောင်းရုံ၊ ရုပ်ရှင်ရိုက်ကောင်းရုံ၊ 

ဝင်ငွေ ကောင်းရုံနှင့်မပြီး၊ တိုင်းပြည်နှင့် လူမျိုး

အပေါ် ကောင်းစေချင်၊ ဖြစ်ထွန်းစေ ချင်၊ တိုးတက်

 စေချင်သော စိတ်စေတနာကောင်းပါဖို့တော့ အထူးလိုအပ် ပေမည်၊ တိုင်းပြည်ကို စာပေနှင့် မြှင့်တင်လို့ရပါ၏၊စာပေမြင့်လျှင် တိုင်းပြည် မြင့်မည်၊ စာပေမြင့်လျှင် အနုပညာမြင့်မည်၊ အနုပညာမြင့်လျှင်တိုင်းပြည် မြင့်သည်၊ယနေ့ ကိုရီးယားကားတွေ ကောင်းသည် ဆိုရာမှာ ရသစာပေ မြင့်လို့ အနုပညာမြင့်ခြင်းဖြစ်မည်ဟု မှန်းဆမိ၏။

 

မိမိတို့စာကို ဖတ်လို့၊ မိမိတို့ဝတ္ထုကို ရုပ်ရှင်ဗွီဒီယိုရိုက်အသုံးပြုလို့ လူငယ်လူရွယ်တွေ ကြိုးစားချင်စိတ် ပေါ်လာပါစေ၊ စွန့်လွှတ်စွှန့်စားချင်စိတ် ပေါ်လာပါစေ၊ စိတ်ကောင်းနှလုံးကောင်း မွေးမြူလိုစိတ် ကြီးထွားလာပါစေ၊ မေတ္တာကရုဏာတွေ ရင့်သန်လာပါစေ၊ 

တိုင်းပြည်နှင့် လူမျိုးကို စစ်စစ်မှန်မှန် ချစ်တတ်ပါစေ၊ လူသားအချင်းချင်း ကူညီလိုစိတ်၊ ရိုင်းပင်းလိုစိတ်၊သူတော်ကောင်းစိတ်ထားတွေ တိုးပွားလာပါစေဆိုသော စေတနာမျိုးနှင့် ဇာတ်လမ်း ဆင်၊ ဇာတ်အိမ်

ဖွဲ့၊ သရုပ်ဖော်ရေးသားကြဖို့ လိုလိမ့်မည်ဟု ထင်ပါ၏။

 

ရသစာပေက ရုပ်ရှင်ဗွီဒီယိုအဖြစ်ပုံဖော်ပြီး လူထုအကြား ပိုမို ပေါက်ရောက်သဖြင့် ရသစာပေအဆင့် အတန်း မြင့်ဖို့လိုပါသည်၊ ရသစာပေမြင့်မှ ရုပ်ရှင်ဗွီဒီယိုစသော အနုပညာတွေ  အဆင့်မြင့်မည်၊ မေတ္တာ ကရုဏာစသည့်စိတ်ကောင်းစိတ်မြတ်တွေပေါ်လွင်သော အဆင့်အတန်း ရှိ၊ အဆင့်အတန်းမြင့် ရုပ်ရှင်ဗွီဒီယိုမှတဆင့် လူငယ်လူရွယ်များ၊ မေတ္တာ ကရုဏာ

အားကြီးမားလာကြမည်၊ မေတ္တာကရုဏာအား 

ကြီးမားလာသော လူငယ်လူရွယ်တွေများလာမှ 

တိုင်းပြည်မှာ လူကောင်းသူကောင်းတွေ ပေါများ

လာမည်၊


 သို့သော် ယခုခေတ် ဗွီဒီယိုကားအများစုသည် ဆူလွယ်၊ နပ်လွယ်၊ ပြီးစလွယ်၊ စီးစလွယ်၊ ပြီးပြီးရော၊ဖြစ်ကတတ်ဆန်း၊ ဟိုက ကူးချ၊ သည်က ကူးချနှင့် 

အဆင့်အတန်းမဲ့စွာ အပေါစားတွေဖြစ်နေတာကတော့ စာပေနှင့် မသက်ဆိုင်ချေ၊ ထိုအဆင့်အတန်းမရှိသောကားမျိုးကို ဖန်းတီး သူတို့နှင့်သာ သက်ဆိုင်

သည်၊ အလုံးစုံပျက်သုဉ်းခြင်းဟူသော ခေါင်းစဉ် 

အောက်က လာသည်ဟုသာ ဆိုရတော့မည်။

 

အနာဂတ်တိုင်းပြည်၏ တာဝန်ကို ယနေ့ခေတ်

လူငယ်တွေက ပခုံး ပြောင်းတာဝန်ယူကြရမှာ

ဆိုတော့ ယနေ့ခေတ်လူငယ်တွေက ကြီးပြင်း 

လာသော လူကြီးလူကောင်းတွေ တာဝန်ယူ

သော တိုင်းပြည်အနေနှင့် ကောင်းလာဖို့ဆို

သည်မှာ ဗေဒင်မေးစရာ မလိုတော့ပေ၊ စာပေ

ဆိုသည်မှာ တန်ခိုးသြဇာကြီးမားပါသည်၊ 

တိုင်းပြည်ကို ပြုနိုင်သလို တိုင်းပြည်ကိုလည်း 

ဖျက်နိုင်ပါသည်၊ သုတစာပေက သုတပိုင်းက

နေ တိုင်းပြည်ကို မြှင့်တင်ပေး နိုင်သလို ရသ

စာပေကလည်း ရသပိုင်းကနေ တိုင်းပြည်ကို 

မြှင့်တင်ပေးနိုင် ပါသည်။

 

''စာရေးတယ်ဆိုတာ လက်နဲ့စကားပြောတာပဲ''

ဟု လူထုဒေါ်အမာက ဆိုခဲ့၏၊ ''စာရေးတယ်ဆို

တာ ပြောစရာရှိလို့၊ ပြောချင်လို့ ရေးရတာ

 ပြောစရာမရှိရင် စာမရေးနဲ့''ဟု ဆရာကြီး

ရွှေဥဒေါင်း၊ ဆရာလူထုဦးလှတို့က ဆိုခဲ့၏၊

 စာရေးဆရာအများစုသည် ပြောစရာရှိနေလို့ 

ရေးခြင်းဖြစ်၏၊ ပြောစရာကို ပါးစပ်ကိုယ်စား 

လက်နှင့် ပြောခြင်းဖြစ်၏၊ ထိုသို့ ပြောစရာရှိလို့ 

ရေးကြရာ၌ သုတကို ရေးသည်ပဲဖြစ်စေ၊ ရသ

ကို ရေးသည်ပဲဖြစ်စေ၊ တိုင်း ပြည်ကို ချစ်သော

မေတ္တာ၊ လူမျိုးကို ချစ်သောမေတ္တာ၊ တိုင်းပြည်

နှင့် လူမျိုးကို ကောင်းစားစေချင်၊ အများနည်းတူ 

အဆင့်အတန်းရှိရှိ နေနိုင်၊ ထိုင်နိုင်၊ ဝတ်နိုင်၊ စားနိုင် 

ပါစေဆိုသော စေတနာမျိုးထား၍ ရေးကြမည်ဆို

လျှင် စာပေလုပ်သားတစ်ယောက်အနေနှင့် စာပေတာဝန်ကျေပွန်ပါပြီဟု ဆိုပါရစေ... 


၂၀၀၈ )

Crd:

#အရှင်သံဝရာလင်္ကာရ

#ဓမ္မပီယဆရာတော်

No comments

Powered by Blogger.