ဗိုလ်ချုပ် (ဟိန်း-ပြင်ဦးလွင်)
*နတ်မောက်…မင်းဘာမှ ထပ်မလုပ်နဲ့
အောင်ဆန်းကို ငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ ။
*ခင်ကြည်… ညည်းယောက်ျားကို သေချာကြည့်ထား
သမီးကလေး ခမည်းပေးဖိုိ့ု့ ရွှေကလေး တစ်ပဲ တစ်မူးကလေးတောင်
အမေအိုဆီ လက်ဖြန့်မယ့်လူသား ။
*နိုင်ငံ့ခေါင်းဆောသ် ငမွဲကို ညည်းစိတ်ပျက်ချင်ပျက် သမိုင်းက စိတ်မပျက်စေနဲ့ ။
*ဗိုလ်ထွန်းလှ… ခင်ဗျားဆရာကိုကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်စားနေတာ နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင် ရှက်နေရှာပါဦးမယ်။
*ဆရာတော် ဦးသောဘိတ…ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကိုမရိုက်ပါနဲ့
ရရင်ရ မရရင်ချဆိုတာ တပည့်တော်တို့အတွက်ပါဘုရား။
*ဦးဘဝင်း…ခင်ဗျားညီအငယ်ဆုံးလေးကို ခွင့်လွှတ် ပေးပါဗျာ
သူပြောခိုင်းတဲ့ ရည်းစားစကားပြောပေး လိုက်ပါ
စစ်သားကြီးအသဲက ဆေးရုံပေါ်မှာပဲ ကျန်ခဲ့ရင် ကျွန်တော်တို့ပဲ နစ်နာကြရမှာ။
*ရဲဘော် ကျော်စိန်…ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်မောင်း
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့ရဲ့ အတိတ်ကြီး
ကျွန်တော်တို့ရဲ့ အနာဂါတ်ကြီး ကျွန်တော်တို့ရဲ့ ပစ္စုပ္ပန်ကြီးဗျ။
*ဟေ့လူ ပလေဒီယမ် ရုပ်ရှင်ရုံမန်နေဂျာ…သူ့ဟာ သူ ငါးမူးတန်းကြည့်ကြည့် တစ်မတ်တန်းကကြည့်ကြည့် သွားမတားပါနဲ့ဗျ ၊
ဘဝမှာအပန်းဖြေစရာ လက်တစ်ဖက်မပြည့်တဲ့သူ စိတ်လွတ် ကိုယ်လွတ် ခံစားပါစေဗျာ။
*ဗိုလ်မှူးကြီး ဆူဇူကီး…တွေ့တယ်မလား ခင်းဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကိုတိုက်သင့်ရင် တိုက်ရမှာပဲလို့ ပြောခဲ့တဲ့
အညာသားလေးကိုလေ အဲသလို သတ္တိ အဲသလိုစကားကို
သေချာမှတ်ထား နှောင်းမြန်မာတွေထဲမှာ အဲဒီလိုပြောရဲတာ တစ်ကောင်မှ မရှိဘူး။
*အမွိုင်…မင်းမြေကိုသူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို ၂လလောက်ထမ်းထားလိုက်ရတာ
အခုထိ မင်းဂုဏ်ယူ မဆုံးဘူးမလား ။
*မစ်စတာ နေရူး…ခင်ဗျားသူ့ကို long coat ကြီးပေးလိုက်တာ ကျေးဇူးပါဗျာ ၊
အခုကျွန်တော်တို့မှာ အဲဒါကြီး ခြုံပြီး နွေးနေရတာဗျ။
*ပဲခူးဆောင်… ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေကို မောင်းမထုတ်လိုက် ပါနဲ့၊
စာအုပ်တွေကို ရှင်းမပစ်လိုက်ပါနဲ့၊ မခေါက်ရသေးတဲ့အဝတ်တွေ တန်းပေါ်မချိတ်လိုက်ပါန၊ဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ ဇိမ်နဲ့နေနေရတာ မဟုတ်လား။
*ညိုညိုစိန်…ညည်းတစ်သက်လုံးမင်းသမီး လုပ်စားလာတာ အနယ်နယ်အရပ်ရပ်
ရွှေဘိုညချမ်း ကလိုသူရဲကောင်းမျိုး တွေ့ဖူးခဲ့လား တွေ့ခဲ့ဖူးရဲ့လား၊ ကျုပ်မှာ ကာမပိုင်နဲ့ဗျ....တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်တဲ့မင်းတောင် ကြက်သီး တဖြန်းဖြန်းထသွားရဲ့ မဟုတ်လား။
*ဆာစတက်စ်ဖိုဂရပ်…သူခင်ဗျားအင်္ကျီအိတ်ကြီးပြဲသွားအောင် ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့ဩပါနဲ့
၃၂နှစ်နဲ့ သေခဲ့တာတောင် အခုထိ သူက ကျွန်တော်တို့ နှလုံးသားတွေကို ဆွဲလုနေတုန်း။
*ဦးဋ္ဌေးမြိုင်(ခေါ်) ဒဂုန်တာရာ…ဇွတ်ချစ်မယ်ဆိုတဲ့ သီးချင့်းတွေအစား စစ်ချီစစ်တက်သီးချင်းတွေပဲ သူကကြားချင်တယ်ဆိုတီးပေးလိုက်ပါဗျ
နှလုံးသားမရှိလို့မဟုတ်ဘူး နှလုံးသားရှိလွန်းလို့ပါ။
*ဂျူဗလီဟော…ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားဘက် လှည့်မထားပါနဲ့ ခင်ဗျားကိုမြင်တိုင်း မျက်ရည်ဝဲရင်း အလေးပြုမိလို့ပါ။
*ရဲဘော်ကလေးတွေ…စိတ်မကောင်း မဖြစ်ပါနဲ့ မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာတိုက်တွေ ကားတွေလက်မဖွဲ့လို့ စိတ်ဆိုးမဲ့ လူသားလား။
*ငွေသော်တာ ရောင်ခြည်သီချင်းဆိုတော့ အရိုးသားဆုံး အပြုံးနဲ့ပျော်နေတတ်ခဲ့တာလေ။
*ပြည်ထဲရေးဝန်ကြီး ဦးမြ…ခင်ဗျားမှားတယ် သူ့ရုံးခန်းရှေ့ကတပ်စိပ်ကို သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ
အခုတော့ကျွန်တော်တို့မှာ ပြောခွင့်မရှိ တော့ဘူး။
*ကိုကျော့မောင်…သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့ ဆွဲယူလွှင့် ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ၊
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ အဲသလို အပိုဆာဒါးတွေ မပါဘူးဗျ။
*ဂဠူန် ဦးစော… ခင်ဗျားကိုတော့ မေ့ထားပါမယ်
ဒါပေမဲ့ ခွင့်လွှတ်လို့တော့မရသေးဘူး ဒါပေမဲ့ မပူပါနဲ့
ဒီနေ့ခေတ်မှာ ခင်ဗျားလိုလူတွေ အများကြီးပဲ။
*မေမြို့…ဝမ်းနည်းစိတ်ကို ကြိတ်မှိတ်ထားတော့
နိုင်ငံရေးလောကကထွက်ရင်ခြံစိုက်မယ် စာရေးမယ်ဆိုတဲ့သူ
ကျည်ဆံ ၁၃တောင့်စိုက့်သွားပြီ၊သူ့အကြောင်းတွေ တသသနဲ့
ရေးလို့မကုန်အောင် အခု ကျွန်တော်တို့တွေ ရေးနေကြရပြီ။
#ဗိုလ်ချုပ်
ကဗျာဆရာ
" #ဟိန်း"( ပြင်ဦးလွင် )
#တမာသားလေးမှတ်စု #စာပေရိပ်မြုံ #ကဗျာ
Leave a Comment