တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၁) (မောင်စိန်ဝင်း-ပုတီးကုန်း) - တမာသားလေးမှတ်စု

တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၁) (မောင်စိန်ဝင်း-ပုတီးကုန်း)


     { ၁ }

ရထားပေါ်က ဆင်းတော့ လက်ကနာရီကို ကြည့်လိုက်မိသည်။ ညနေ သုံးနာရီ ထိုးတော့မည်။ နွေနေသည် ခြစ်ခြစ်တောက်အောင် ပူနေဆဲ။ 

ဘူတာထဲ ဝင်ပြီး လက်ဆွဲအိတ်ထဲက လက်ကိုင်ပဝါကို ထုတ်သည်။ လက်ဆွဲအိတ်ကို ခုံပေါ်မှာ တင်လျက် မျက်နှာကို ပဝါဖြင့် သုတ်သည်။ ပြီးမှ

နေကာမျက်မှန်ကို ပြန်တပ်လိုက်သည်။ 

ဘေးဘေးဘီဘီကို ဝေ့ဝဲ၍ အကဲခတ်ကြည့်သည်။ ပထမဆုံးအကြိမ် ခြေချဖြစ်သည့်နေရာမို့ အစစအရာရာသည် သူစိမ်းဆန်လွန်း နေပြီထင်၏။ ခဏအကြာမှာ ဘူတာရုံ၌ လူစဲစပြုတာ သတိထားမိသည်။ 


ရထား ပေါ်မှ ဆင်းသည့် ခရီးသည်များ ဆိုက်ကား မြင်းလှည်းတို့ဖြင့် ဘူတာမှ ထွက်ခွာ သွားကြတာ တွေ့သည်။ ဘူတာသည် ကုန်းခပ်မြင့်မြင့်ပေါ်မှာ ရှိနေသဖြင့် မြို့ကွက်ကို ဆီး၍ မြင်နေရပြန်၏။ 


အရှေ့ဘက်မှာ မြို့ကွက်ကရှိနေပြီး ဘူတာရုံက မြို့စွန်မှာလိုဖြစ်နေတာ သူ သတိထားဖြစ်သည်။ 


“ရင်းတိုက်မှော်ကို ဘယ်လိုသွားရလဲဗျ”


ဘူတာရုံထဲက ဆေးလိပ် ကွမ်းယာ ရောင်းသည့် ဆိုင်ကလေး ရှေ့မှာရပ်ရင်း သူက မေးလိုက်၏။


“ရင်းတိုက်မှော်ရွာလား”


“ဟုတ်ပါတယ်”


ကွမ်းယာပေးနေရင်း ဆိုင်ရှင်က သူ့ကို မကြည့်ဘဲမေးသည်။ ကွမ်းယာ ဝယ်နေသူက သူ့မျက်နှာကို အကဲခတ်ကြည့် ကြည့်လိုက်တာ သူသိ၏။


“ရထားလမ်းအတိုင်း ရှေ့ဆက်လျှောက်သွားရင် လမ်းချိုးတစ်ခု တွေ့လိမ့်မယ်၊ အဲဒီလမ်းချိုးအတိုင်း လိုက်သွားရင် တာလမ်း ရောက်မယ် အဲဒီ တာလမ်းအတိုင်း လျှောက်သွားရင် ရောက်မယ်”


ကွမ်းယာကို လှမ်းပေးရင်း ဆိုင်ရှင်က ပြောသည်။


“တစ်ခုခုစီးသွားလို့ ရလားဗျ ၊ ဆိုက်ကားဖြစ်ဖြစ် ၊ မြင်းလှည်းဖြစ်ဖြစ်ပေါ့ဗျာ"


ဆိုင်ရှင်ကို ကြည့်ရင်း သူ မေးလိုက်သည်။


“မရဘူးဗျ ၊ တာလမ်းမဆိုပေမယ့် လူသွားလို့ပဲရတယ်၊ မြေဖို့တာ ပေါ့ဗျာ၊ ခင်ဗျား လမ်းလျှောက်သွားရမှာပဲ”


“ဘယ်လောက် ဝေးလဲဗျ"


“သုံးမိုင်လောက်တော့ရှိမယ်”


“ကျေးဇူးပဲဗျာ”


နှုတ်ဆက်ရင်း ဆိုင်ရှေ့မှ ခွာသည်။ ဘူတာရုံထဲကအထွက် နွေနေ သည် အသားကို ပူလောင်ထိစပ်နေဆဲ။


ရထားလမ်းဘေးမှ လက်ပံပင်ကြီးဆီ အကြည့်ရောက်တော့ လက်ပံပွင့်.နီနီတွေကို တွေ့သည်။လက်ပံပင်နားအရောက်မှာပင် လမ်းခွဲကို တွေ့လိုက်ရ၏။ 


လမ်းခွဲအတိုင်း ချိုးချလိုက်သည်။ လမ်းခွဲအတိုင်း ဆက်လျှောက်ရင်း တာလမ်းမဆိုတာ ကို တွေ့သည်။ ခြောက်ပေနီးပါးကျယ်သော မြေဖို့ တာရိုးကလေးသည်လယ်ကွင်းရိုးပြတ်တွေကြားမှာ ထင်းနေ၏။


လှမ်းမျှော်အကြည့်မှာ ရွာတွေကို မြင်သည်။သုံးမိုင်လောက် ဝေးသည်ဆိုတော့ လှမ်းမြင်ရသည့် ရွာတွေသည် ရင်းတိုက်မှော်တော့ မဖြစ်နိုင်ဟု ဘာသာတွေးမိ၏။


ရွာတွေကို ကျော်၍ တာလမ်းအတိုင်း ရိုးကိုဆက်လျှောက်ရဦးမည်သိလိုက်၏။


ရင်းတိုက်မှော်က မမြဝေ ။ ဦးသိန်းထွန်း ၏ ညီမ မမြဝေ ။


သူ့ကို မှာလိုက်သည့် အမည်တို့ကို အတွေးဖြင့် ရေရွတ်ကြည့်နေမိပြန်၏။


•••••••••

လှမ်းမြင်နေရသော ရွာနှစ်ရွာကြားမှ လမ်းသည်ဖြတ်၏။


ဇရပ်တစ်ဆောင်သည် လမ်းဘေးမှာရှိသည်။ ဇရပ်နားမှာ ရေအိုးစင် တွေ့၍ ရေဝင်သောက်ရင်း ဇရပ်ပေါ်မှာ ထိုင်နေသည့် လူတစ်ယောက်ကိုမေးလိုက်မိပြန်၏။


“ရင်းတိုက်မှော်က ဝေးသေးလားဗျ”


“ရှေ့မှာ ရွာတစ်ရွာ တွေ့လိမ့်မယ် . . . . အဲဒီ ရွာကျော်ရင် “ရင်တိုက်မှော်” ပဲ . . . . ဟု သူ့ကို ပြန်ပြောသည်။ ကျေးဇူးပါပဲဆိုရင်း ဆက်လျှောက်၏။


သူနှင့် မျက်နှာချင်းဆိုင် တူရူမှလာပြီး ဖြတ်သွားကြသော အထမ်းသမားနှစ်ဦးနှင့် တွေ့သည်။ ဈေးဝယ်သွားကြသူတွေလား စဉ်းစားမိသေး၏။ လမ်းဘေးကို ဝေ့ဝဲကြည့်တော့ ရိုးပြတ်တောသည် တမျှော်တခေါ်။ မိုးတွင်းမှာဆို စိမ်းစိုနေမည့် လယ်ကွင်းပြင်ကို အတွေးဖြင့် မြင်ယောင်ကြည့်သည်။


ဇရပ်ပေါ်မှသူ ပြောလိုက်သည့် ရွာတစ်ရွာ၏ ထိပ်ကို ရောက်သည်။ ထိုရွာထိပ်မှ ကျော်၍ လယ်ကွင်းပြင်ကို ဖြတ်ပြန်သည်။


ရှေ့မှာ သစ်ပင်ဆိုင်းဆို့နေသော ရွာတစ်ရွာကို လှမ်းမြင်ရပြီ ။ ထိုရွာသည်ပင် 'ရင်းတိုက်မှော်” ဖြစ်မည်ဟု တွေး၏။ ခြေလှမ်းကို ပို၍ ခပ်သွက်သွက် လှမ်းမိပြန်သည်။


--------

ရွာကို မရောက်ခင် ရွာနားမှာ စေတီတစ်ဆူကို လှမ်းမြင်ရသည်။ စေတီ၏ ဘေးမှာ သရက်ပင်အုပ်အုပ်တို့ဖြင့် ခြံဝိုင်းတစ်ခုကို တွေ့သည်။


ဘုန်းကြီးကျောင်း ဖြစ်မည်ဟု အတွေးရောက်၏။


ထိုဘုန်းကြီးကျောင်းကို ဖြတ်ပြီးမှ ရွာထဲသို့ ဝင်ရမည်ဟု သိလိုက် သည်။ ဘုန်းကြီးကျောင်းမှာ ဝင်၍ ရေသောက်ရင်း စုံစမ်းကြည့်လျှင် ပို၍အဆင်ပြေမလား တွေးဖြစ်ပြန်၏။


ဘုန်းကြီးကျောင်းနားအရောက်မှာ တာကိုဖြတ်၍ ရေလွှဲလုပ်ထားသော တံတားတစ်ခုကို တွေ့ရသည်။ ထိုသစ်သားတံတားပေါ်မှာ ထိုင်နေသည့် ကလေးတစ်ယောက်ကို မြင်သည်။ တာဘေးမှ လယ်ကွက်တွေထဲမှာ နွားလေး ငါးခြောက်ကောင်ကို တွေ့ရတော့ နွားကျောင်းသားလေးဖြစ်ရမည်ဟု တွေး၏။


“ရှေ့က ရွာက ရင်းတိုက်မှော်လား"ဟု တံတားကို ဖြတ်စဉ် သူမေးလိုက်၏၊


"ဟုတ်တယ် . . . ဒီဘုန်းကြီးကျောင်းဘေးက ဖြတ်သွား၊ ရွာထဲ တန်းရောက်တယ်”


ဘုန်းကြီးကျောင်းကို လက်ညှိုးညွှန်ရင်း ပြော၏။ ကျေးဇူးပါပဲကွယ်ဟု ပြောရင်း ဘုန်းကြီးကျောင်းရှိရာဘက်သို့ ချိုးချသော ကန်သင်းလမ်းပေါ် တက် လိုက်သည်။


သရက်ပင်ညိုညို အုပ်ဆိုင်းနေသော ဝိုင်းကြီးထဲမှာ ဘုန်းကြီးကျောင်း အဆောက်အဦးကလေးကို လှမ်းမြင်သည်။ သရက်ပင်တို့၏ အောက် မြေတလင်းမှာ လှည်းကျင်းထားသဖြင့် ပြောင်နေတာ တွေ့၏။


“အခန့်မသင့်ရင် ဘုန်းကြီးကျောင်းမှာပဲ ဒီည အိပ်ချင်အိပ်ရမှာ ၊ ဘုန်းကြီးကို ဝင်ဖူးလိုက်တာ ကောင်းမယ်” ဟု အတွေးရောက်ပြန်၏။ ရွာင္သူတွေ့လိုသော ဦးသိန်းထွန်းနှင့် ဒေါ်မြဝေတို့ကို မတွေ့ပါက သည်ည အတွက် ဘုန်းကြီးကျောင်းမှာပင် တစ်ညတာ အိပ်ရမှာကို ချက်ချင်း သတိရ လိုက်သည်။


ကျောင်းဝင်းထဲကို လှမ်းဝင်စဉ်မှာ သစ်ရိပ်ဝါးရိပ်ဖြင့် အေးမြသွားစေ တာကို ချက်ချင်း သတိပြုမိပြန်၏။


ဟိုဟိုသည်သည် လှမ်းအကြည့်မှာ ရေတွင်းဘေး အုတ်လမ်းကလေး မှာ စင်္ကြံလျှောက်နေသော ဆရာတော်တစ်ပါးကို မြင်သည်။


ရေတွင်းဆီသို့ လျှောက်လာခဲ့၏။ မျက်လွှာကို ချလျက် စင်္ကြံလျှောက် နေသော ဆရာတော်က သူ့ကို မြင်ဟန်မတူ။


ရေတွင်းဘေးက နှင်းပင်ကြီးတစ်ပင်အောက်မှာ သူ့လက်မှ အိတ်နှင့် ဖိနပ်ကို ချသည်။ ဆရာတော် အနားရောက်အလာကို စောင့်၏။ ဆရာတော် သူ့ရှေ့နားရောက်လာခိုက်မှာ ဆရာတော်ကို သူက ဦးတိုက် ဝတ်ပြုလိုက်သည်။ သူ ဝတ်ပြုနေစဉ်မှာ ဆရာတော်က ရပ်နေတာ သူသတိထားလိုက်မိ၏။


“တပည့်တော်က ရန်ကုန်က ဧည့်သည်ပါ ဘုရား ၊ ဒီရင်းတိုက်မှော် ရွာကို ကိစ္စလေးတစ်ခုရှိလို့ လာခဲ့တာပါ ဘုရား”


လျှောက်ရင်း ဆရာတော်ကို ကြည့်သည်။ အသက်ငါးဆယ်ကျော် လောက်ဟု ခန့်မှန်းရသော်လည်း ဆရာတော်က ပို၍ နုနေသေးဟန် ထင်၏


“ဒကာ .. ဘယ်သူ့အိမ်ကို သွားမှာလဲ”


“တပည့်တော် တွေ့ချင်တာက ဒေါ်မြဝေပါ ဘုရား”


“မြဝေ.. ဟုတ်လား”


ဆရာတော်က မျက်မှောက်ကြုတ်၍ မေးလိုက်တာ သတိထားဖြစ်ပြန်၏။


“တင်ပါ့ဘုရား . . ဦးသိန်းထွန်းရဲ့ ညီမ ဒေါ်မြဝေပါ ဘုရား” 


သူ့မျက်နှာကို အံ့ဩစွာ ကြည့်နေရင်းမှ ဆရာတော်က အကြည့်လွှဲ လိုက်တာကို သတိထားဖြစ်သည်။


"သူတို့ ဒီရွာက ပြောင်းသွားကြလို့လား ဘုရား”


စိတ်ထဲက အတွေးကို မမျိုသိပ်နိုင်တော့ဘဲ မေးလိုက်မိပြန်သည်။ 


“ဒကာက သူတို့နဲ့ ဘယ်လို ပတ်သက်နေလို့လဲ ၊ သူတို့ အသိ မိတ်ဆွေပဲလား"


ဆရာတော်က သူ့ကို ငုံ့ကြည့်ရင် မေးလိုက်ပြန်သည်။


“မဟုတ်ပါဘူး ဘုရား ၊ တပည့်တော်နဲ့ သူတို့နဲ့ မသိပါဘူး ၊ တပည့်တော်ကို ဦးသာဒွန်းက လွှတ်လိုက်လို့ပါ ဘုရား” 


“ဘာ ... သာဒွန်း ဟုတ်လား”


“ဟုတ်ပါတယ် ဘုရား”


“သိုင်းဆရာ သာဒွန်းလား”


“ဟုတ်ပါလိမ့်မယ် ဘုရား ၊ အရင်ကတော့ သိုင်းတွေ ဘာတွေသင်ပေးခဲ့ဖူးတယ် ပြောပါတယ် ဘုရား"


ဆရာတော်က အကြည့်ကို လွှဲကာ သက်ပြင်းငွေ့ငွေ့ ချတာ သတိပြုလိုက်မိပြန်သည်။


"လာ- - ဒကာ ၊ ကျောင်းပေါ်သွားရအောင်”


ပြောပြီး ဆရာတော်က ကျောင်းဆီကို ကြွသွားသည်။


သူ့လက်ဆွဲအိတ်ကလေးနှင့် ဖိနပ်ကို ယူရင်း ဆရာတော်၏ နောက်မှ လိုက်သွားမိသည်။


နှစ်ထပ်ကျောင်းဆောင် အပေါ်ထပ်သို့ ဆရာတော် တက်သွားသဖြင့် ဖိနပ်ကို ချထားခဲ့ကာ ကျောင်းပေါ်သို့ တက်၍ လိုက်သွားသည်။


••••••°°

“ဒကာ့နာမည်က … 


“ကျော်မင်းဆွေပါ ဘုရား”


ပြောရင်း အင်္ကျီအိတ်ထဲမှာရှိသော အလုပ်သမားမှတ်ပုံတင်ကတ်ကိုထုတ်ယူလိုက်မိသည်။


“ဒါ ... တပည့်တော်ရဲ့ အလုပ်သမား ကတ်ပြားပါ ဘုရား” ဟု လျှောက်ရင်း လှမ်းပေးလိုက်၏။ 


ဆရာတော်က ယူပြီး ကြည့်သည်။ အလင်းရောင် အားကောင်းသော ပြတင်းဆီသို့ တိုးလျက် ကတ်ပြားပေါ်မှ စာကို ဖတ်ကြည့်နေပြန်သည်။  


“မင်းက အင်ဂျင်နီယာလား"


 “ဟုတ်ပါတယ် ဘုရား”


  “ကဲ . . . ပြောပါဦး ၊ သာဒွန်းနဲ့ ဘယ်လိုပတ်သက်ပြီးတော့ မြဝေတို့ ... သိန်းထွန်းတို့ဆီ လိုက်လာရတာလဲ”


ကတ်ပြားလေးကို လှမ်းပေးရင်း ဆရာတော်က မေးလိုက်သည်။ လှမ်းယူလျက် အိတ်ထဲသို့ ထည့်လိုက်၏။ ပြီးတော့လည်း ချောင်းကို ရှင်းကာ.. “ဦးသာဒွန်းက တပည့်တော်တို့ အိမ်မှာ ဒရိုင်ဘာလုပ်ပါတယ် ဘုရား” ဟု စကားစလိုက်သည်။


••••••


“အစကတော့ ဦးသာဒွန်းက မာလီပါ။ အိမ်မှာ အလုပ်လုပ်ရင်း လေးငါးနှစ်ကြာတော့မှ အိမ်က ဒရိုင်ဘာ အလုပ်ထွက်သွားတော့ ဦးသာဒွန်းကို ကားမောင်းခိုင်းခဲ့တာပါ ဘုရား ၊ 


ဦးသာဒွန်းကလဲ လိုင်စင်တွေ ဘာတွေ ရှိထား ပါတယ် ဘုရား ၊ ဒီလိုနဲ့ နှစ်တွေ ကြာလာတော့ ဦးသာဒွန်းဟာ ဖေဖေရဲ့ တပည့်ရင်း ဖြစ်လာပြီးတော့ အိမ်သားတစ်ယောက်လို ရင်းနှီးလာကြပါတယ် ဘုရား 


သူ့မှာကလဲ တစ်ကောင်ကြွက်ဆိုတော့ တွယ်တာစရာဆိုလို့ တပည့် တော်တို့ မိသားစုပဲရှိတာ ဘုရား ၊ နောက်တော့ လခတောင် မယူတော့ပါဘူး။ သူလိုသလောက် အိမ်က တောင်းယူသုံးတယ်၊ ဒီလိုနဲ့ တစ်နေ့တော့ ဖေဖေနဲ့ မေမေ လားရှိုးကို ကားနဲ့အသွားမှာ လမ်းမှာ ဓားပြတိုက်ခံရပါတယ် ဘုရား၊ 


အဲဒီတုန်းက ဓားပြတွေက ပစ္စည်းယူရုံတင်မကဘူး၊ ဖေဖေ့ကို သေနတ်နဲ့ အပစ် မှာ ဦးသာဒွန်းက ဓားပြကို ဝင်လုံးလိုက်လို့ ဖေဖေ အသက်မသေခဲ့ပါဘူး ဘုရား၊ ဦးသာဒွန်းကတော့ ပေါင်ကို ထိပြီး ပေါင်တစ်ဖက် အရင်းက ဖြတ်ပစ်လိုက်ရတယ်၊ အဲဒီကစပြီး ဖေဖေတို့ဟာ ဦးသာဒွန်းကို သူ့အသက်သခင်ဆိုပြီး ဦးသာဒွန်း အပေါ်မှာ ပိုပြီး သံယောဇဉ်ထားပါတယ် ဘုရား”   


စကားကို ခဏဖြတ်ပြီး ဆရာတော် မျက်နှာဆီ အကြည့်ရောက်ခိုက် မှာ ဆရာတော်က ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေလိုက်တာ တွေ့ရ ပြန်သည်။


“ဆက်ပါဦး”


ဆရာတော်က ပြောလိုက်သည်။


“တို့တို့ ပြောရရင်တော့ ဘုရား ၊ ဦးသာဒွန်းကို ဖေဖေက ကျေးဇူး ဆပ်မကုန်နိုင်အောင် ကျေးဇူးတင်နေခဲ့တာပေါ့ နောက်ဆုံး ဖေဖေနဲ့ မေမေက တပည့်တော်ရဲ့ အစ်ကိုကြီးရှိတဲ့ နိုင်ငံခြားကို အပြီးထွက်သွားကြတော့ တပည့် တော်ကို ဦးသာဒွန်းနဲ့ ထားခဲ့ပါတယ်။ တပည့်တော်နဲ့ အတူနေတုန်းမှာပဲ ဦးသာဒွန်းက မကျန်းမမာဖြစ်ပါတယ် ဘုရား၊ အခု တပည့်တော် ဒီကိုလာတော့ သူ ဆေးရုံမှာ ကျန်ခဲ့ပါတယ် ဘုရား”


“အင်း . . . နည်းနည်းတော့ ဇာတ်ရည်လည်လာသလိုပဲ ၊ ဆက်ပါဦး ဒကာ"


“ဒါနဲ့ . . . တပည့်တော်ကို မနေ့ကတော့ ဦးသာဒွန်းက အကူအညီ တောင်းခဲ့ပါတယ် ဘုရား”


“ဒီရွာကို လိုက်သွားဖို့ပေါ့”


“တင်ပါ့ဘုရား ... တပည့်တော်ကလဲ ဦးသာဒွန်းဟာ ဖေဖေရဲ့ အသက်သခင်ဆိုတာ သိထားပြီး ဖေဖေကိုယ်တိုင်ကလဲ အားကိုးမှန်းသိတော့ သူ့အပေါ်မှာ သံယောဇဉ်လဲရှိပါတယ် ဘုရား၊ သူက တပည့်တော်ကို ပြောပါ တယ်ဘုရား ၊ သူ ကြာကြာနေရတော့မှာ မဟုတ်ပါဘူးတဲ့၊ နောက်ဆုံး သူမသေ ခင်မှာ သူ့ရင်သွေးကို တွေ့သွားချင်ပါတယ်တဲ့၊ ပြီးတော့ ဒီဘဝမှာ ဘယ်လိုမှ မပျောက်နိုင်တဲ့ အမှားတစ်ခုကို သူ ကျူးလွန်ခဲ့လို့ အဲဒီအမှားအတွက် သူစိတ်သက်သာသွားရအောင် သူ့ရင်သွေးကို တပည့်တော်က တာဝန်ယူဖို့ ကတိ ပေးပါလို့ ပြောပါတယ် ဘုရား”


စကားကို အဆုံးသတ်လိုက်တိုင် ဆရာတော်၏ မျက်နှာဆီ အကြည့် ရောက်ပြန်၏။ ဆရာတော်က ပြတင်းဝမှ လှမ်းမြင်နေရသော ရေတွင်းဘေးမှ ကွမ်းသီးပင်တွေဆီ ငေးနေတာ တွေ့သည်။


"သာဒွန်းက မြဝေအပေါ် တော်တော်လေး ရက်စက်ခဲ့တာလား၊ ရက်စက်တယ်ဆိုတာထက် ယုတ်မာတယ်ပြောရင် ပိုမှန်မယ်ထင်တယ်၊ အဲဒါ တွေကို သာဒွန်းက ပြောပြသေးလား”


သူ့ဘက်သို့ ရုတ်တရက်လှည့်ကာ ဆရာတော်က မေးလိုက်သည်။


“အဲဒါတွေတော့ တပည့်တော် ဘာမှ မသိပါဘူး ဘုရား၊ တပည့်တော် လဲ မမေးဖြစ်ပါဘူး ဘုရား၊ ဆေးရုံပေါ်မှာလဲ သူက အသည်းအသန်ဖြစ်နေတော့ စကားသိပ်မပြောစေချင်တာလဲ ပါပါတယ် ဘုရား”


“အင်း . . . လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်လောက်က သူ ဒီရွာကို ရောက်လာတာပေါ့၊ အဲဒီတုန်းက သူက သိုင်းဆရာလေ ၊ သူ့ကို ခေါ်လာတာက သိန်းထွန်းပေါ့”


---------


“သိန်းထွန်းက ပန်းရံလုပ်တယ်သူ့ဆရာက ပြည်မြို့မှာရှိတယ်၊ ပြည်က အလုပ်ရှိရင် သိန်းထွန်းက ပြည်သွား အလုပ်လုပ်ရတယ်၊ အဲဒီလို ပြည်သွားအလုပ်လုပ်ရင်း သူက သာဒွန်းနဲ့ ရင်းနှီးလာတယ်၊ ညနေတိုင်း သောက်နေကျ အရက်ဆိုင်မှာ ဆုံတာလို့ ပြောတယ်၊ 


အဲဒီတုန်းက သာဒွန်းက ပြည်က ရပ်ကွက်တစ်ခုမှာ လာပြီး သိုင်းသင်တန်းဖွင့်နေတာတဲ့ ၊ ဒါနဲ့ စကားစပ်မိကြပြီးတော့ သာဒွန်းက သိန်းထွန်းအပြန်မှာ လိုက်လာတယ်၊ ဒီရွာမှာ သိုင်းသင်တန်း ဖွင့်တယ်ပေါ့ကွာ၊ ဒီရွာနီးချုပ်စပ်က ကလေးတော်တော်များများ ကလဲ သိုင်းရူး ရူးကြတာပေါ့၊ 


သာဒွန်းက သိန်းထွန်းအိမ်မှာ တည်းနေတယ်ဒီလိုနဲ့ တစ်နှစ်လောက်ကြတော့ အိမ်သားလို ရင်းနှီးသွားကြတာပေါ့၊ သာဒွန်း ကလဲ သူ သိုင်းသင်တန်းဖွင့်လို့ရတဲ့ စပါးလေး၊ ငွေလေးတွေကို သိန်းထွန်းတို့ မိသားစုကို ပေးတယ်ထင်ပါရဲ့ ၊ မြဝေက သိန်းထွန်း ညီမကွသိန်းထွန်းတို့ မိသားစုနဲ့အတူနေရတာပေါ့ ၊ 


မိဘတွေကလဲ မရှိတော့ဘူးလေ၊ ကောင်မလေး က ရိုးတယ်၊ ခပ်နုံနုံ ခပ်ထိုင်းထိုင်းရယ်၊ သာဒွန်းနဲ့ မြဝေကိစ္စက ဘယ်သူမှ ရိုးတိုးရိပ်တိတ်တောင် မသိကြဘူး၊ တစ်နေ့တော့ ရွာမှာ ဆွမ်းတော်ကြီးကပ်ပွဲ ရှိတယ်ကွ ဆွမ်းတော်ကြီးကပ်ပွဲဆိုရင် ဒီမှာက အငြိမ့်ငှားပြီး ကကြတာ ထုံးစံ ရှိတယ်ရွာက ကလေးတွေလဲ မအားကြဘူးပေါ့၊ 


ဇာတ်စင်ထိုးရတာနဲ့ ဘာနဲ့အဲဒီမှာ ပွဲစုံစမ်းရအောင် ရန်ကုန်ခဏသွားမယ်ဆိုပြီး သာဒွန်း ထွက်သွားတယ်ခါတိုင်းတော့ ပြည်က အငြိမ့်လောက်ပဲ ငှားကြတယ်သာဒွန်းရောက်လာတော့ ရန်ကုန်အငြိမ့်ကို ငှား၊ သူ တာဝန်ယူတယ်သူနဲ့ ရင်းနှီးတဲ့ သူတွေရှိတယ်ဈေးမကွာလှဘူးဆိုပြီး အပြောကောင်းတာနဲ့ သူ့ကို စုံစမ်းဖို့ လွှတ်လိုက်တယ်ကွဒီလိုနဲ့ တိုတိုပြောကြပါစို့ကွာ ၊ သာဒွန်း ရွာပြန်ရောက်မလာတော့ဘူး”


“ငွေတွေရော ယူသွားတာပေါ့”


“ငွေကတော့ သိပ်မပါဘူး ထင်တယ်ကွ ၊ ပွဲငှားဖို့ မဟုတ်သေးဘူး၊ အဲ စုံစမ်းရုံဆိုတော့ လမ်းစရိတ်လောက်ပဲ ပါပါလိမ့်မယ်အဲ ... သူ ပြန်မလာ ဘူးဆိုတော့ ရွာက ကလေးတွေရော သိန်းထွန်းတို့ရော စိတ်ပူတာပေါ့ကွာ ၊ လမ်းမှာ တစ်ခုခုပဲ ဖြစ်နေသလား၊ ရထားတွေဘာတွေပေါ်ကပဲ လိမ့်ကျလို့ များလား၊ ရန်ကုန်မှာ ကားတိုက်ခံရသလား၊ တွေးပြီး စိတ်မဖြောင့်ကြဘူးပေါ့ ကွာ၊ ဆွမ်းတော်ကြီးကပ်ပွဲသာ ပြီးသွားတယ်၊ သာဒွန်းကို တမျှော်မျှော်နဲ့ပေါ့၊


ရွာက လူတွေကလဲ တစ်နှစ်လောက် အတူနေလာကြတာဆိုတော့ သံယောဇဉ် ရှိကြတာပေါ့ ပြီးတော့ သူက သိုင်းဆရာဆိုတော့ ကလေးတွေ အားလုံးအပေါ် ဩဇာကလဲ ညောင်းတာကိုး”


ဘုန်းကြီးက စကားဖြတ်လျက် ဘေးမှာရှိသော ထွေးခံကို ယူရင်း တံတွေးကို ထွေးထည့်သည်။


"တိုတိုပြောကြပါစို့ကွာ .. နောက် တစ်လလောက်ကြာတော့မှ မြဝေမှာ မပေါ့မပါးဖြစ်လာကြတာ သိကြရော ၊ ဒီတော့မှ သာဒွန်းနဲ့ဆိုတာ သိပြီးတော့ သာဒွန်း ဒီကိစ္စကြောင့် ရှောင်သွားတာပါလားလို့ အားလုံးက နားလည်လိုက်ကြတယ်”


“ဦးသာဒွန်း ယုတ်မာတာပေါ့ ဘုရား” 


“ယုတ်မာတာပေါ့ကွာ ၊ တို့တောမှာဆိုတာက ဒီကိစ္စမျိုးကို သိပ် အရှက်အကြောက်ကြီးကြတာ၊ တစ်ရွာလုံးကလဲ ရှက်လိုက်ကြတာ ၊ ပြီးတော့ သာဒွန်းကိုလဲ ဒေါသထွက်ပေါ့၊ ဒါပေမယ့် ဘာမှမတတ်နိုင်ဘူး၊ သိန်းထွန်း ကတော့ ပြည်မြို့မှာ သူ သိုင်းသင်တန်းဖွင့်ခဲ့တဲ့ ရပ်ကွက်သွားပြီးတော့ သာဒွန်း လိပ်စာ သိမလား စုံစမ်းသေးတယ်တဲ့ ၊ ဘယ်သူမှ ရေရေရာရာ မသိကြဘူး၊ ရန်ကုန်က သိုင်းဆရာဆိုတာလောက်ပဲ သိကြတာ၊ ဒီလိုနဲ့ ခြေရာပျောက်သွား တာပေါ့”


“အရင်က သူ သိပ်ဆိုးခဲ့ ပေခဲ့တယ်ဆိုတာတော့ ဦးသာဒွန်း ခဏ ခဏ ပြောပါတယ်”


“ဆိုးရုံ ပေရုံတင် ဘယ်ကမလဲကွ ၊ ယုတ်မာတာ ၊ လူမဆန်တာ ခေါ် တယ်၊ သိန်းထွန်းတို့ မိသားစုဆို အရှက်တကွဲဖြစ်ပြီး ရွာရိုးတောင် မလျှောက် ရဲသလောက်ပါပဲ ၊ မြဝေဆိုတာကတော့ ကြောင်တောင်တောင်ဖြစ်သွားတယ်၊ သိန်းထွန်းကလဲ မူးလာပြီး ဒေါသထွက်လာရင် နှမကိုပဲ မဲပြီး ရိုက်တာ ၊ နောက်ဆုံး မြဝေဟာ မီးဖွားရင်း ဆုံးသွားရှာတယ်"


“ဟာ . . . ဒေါ်မြဝေ ဆုံးသွားတယ်ပေါ့”


“ဟုတ်တယ် ဒကာ . . . မြဝေ မီးတွင်းမှာပဲ ဆုံးသွားတယ်”


“ကလေးကတော့ အသက်ရှင်ရဲ့လား ဘုရား”


“အင်း…ကလေးက အသက်ရှင်ပါတယ်။ သားလေး. . . ဒါပေမယ့် ဒီကလေးကံကလဲ မကောင်းဘူးကွယ်၊ ဒီကလေး မီးဖွားလို့ မအေလဲ ဆုံးရတယ်ဆိုတော့ တကယ့် ဂြိုဟ်ကောင်လေးလို့ တစ်ရွာလုံးက ပြောချင် ကြတာ"


“ကလေးကိုတော့ ဦးသိန်းထွန်းတို့က မွေးရမှာပေါ့နော်”


“အေးပေါ့ကွာ သူ့နှမသေတော့ ကလေးက သူတို့နဲ့ ကျန်ရစ် ... ခဲ့တာပေါ့ဒါပေမယ့် သူ့မှာလဲ သားသမီးက များတော့ ကလေးက ညှပ်တယ်၊ ဒီကြားထဲမှာ မိုးကခေါင်၊ သိန်းထွန်းကလဲ အရက်ပဲ သောက်နေတော့ စီးပွားရေး အဆင်မပြေကြဘူး၊ စီးပွားရေး ကျပ်တည်းလာတော့ ဒီကလေး မွေးပြီးမှ ဂြိုဟ်ဝင်တယ်ဆိုပြီး သိန်းထွန်း မိန်းမက ပိုပြီး အယူသည်းလာတာပဲပေါ့ ၊ ကလေးကို မွေးချင်တဲ့သူရှိရင် ပေးမယ် ဘာညာနဲ့ သတင်းလွှင့်ပေမယ့် ဘယ်သူ ကမှ မမွေးချင်ကြဘူး၊ နောက်ဆုံးတော့ ဒီကလေး အသက်ငါးနှစ်လောက်မှာပဲ ဦးပဉ္စင်းက ခေါ်မွေးလိုက်ရတယ်"


“ဟာ . . . ဦးပဉ္ဇင်းဆီမှာပေါ့"


“ဟုတ်တယ် ဒကာ ၊ သိန်းထွန်းတို့က နောက်ဆုံး ပြည်ကို ပြောင်း တော့မယ်ကလေးကို ဦးပဉ္စင်းကျောင်းမှာ ထားခဲ့ချင်တယ်လို့ လာပြောတော့ ကဲ .. မထူးဘူး ၊ မင်းတို့ အပြီးအပိုင် ငါ့ကို ပေးခဲ့မလား၊ ငါမွေးမယ်ဆိုတော့ သူတို့ကလဲ ပေးသွားခဲ့ကြတယ်”


“ဒါဆို တပည့်တော် ရွာထဲသွားစရာတောင် မလိုတော့ဘူး၊တပည့် တော် ကျောင်းကို ဝင်လိုက်တာ အရမ်းမှန်သွားတယ်”


ဆရာတော်ကို ကြည့်ရင်း ရွှင်လန်းစွာ လျှောက်လိုက်မိသည်။


 “တော်တော်ကြာရင် ပြန်လာလိမ့်မယ်၊ ရွာ ထဲကို ဆွမ်းအုပ်သွားပို႔နေတယ်၊ အခုတော့ ဒီကောင် ဘုန်းကြီး ပုံသွင်းထားတဲ့ အတိုင်းဖြစ်နေပြီ" 


“ဘယ် အရွယ်ရှိပြီလဲ ဘုရား”


“အင်း . . . ဆယ့်ခြောက် ဆယ့်ခုနစ်ပေါ့ကွာ ၊ ဒီနှစ် ဆယ်တန်းတက်မှာပဲ”


“ဆယ်တန်းတောင် ရောက်ပြီပဲ”


“စာတော့ တော်တယ် ၊ သူ့ဘဝကို သူနားလည်အောင် သူ့အဖြစ်ကို ဘုန်းကြီးက အားလုံး ပြောပြထားတယ်။ သူ့နာမည်ကိုတောင် ဗညားလို့ ဘုန်းကြီ ပြောင်းပေးထားတယ်”


"ဗညား"


သူ့နှုတ်မှ တီးတိုးရေရွတ်မိသေးသည်။ ပြတင်းမှ အပြင်ကို လှမ်းအဝေးမှာ နေရောင်သည် ဆည်းဆာသို့ လု၍ နေပြီ ……။


*** *** ***

၂ဆက်ရန်

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့

#တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.