တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၄) (မောင်စိန်ဝင်း-ပုတီးကုန်း)
{ ၄ } ( ၇ )စာမေးပွဲအတွက် စာကျက်စရာရှိလိုဟု အကြောင်းပြကာ စံရိပ်ငြိမ်မှ သူငယ်ချင်းရှိရာ အဆောင်ကို သူရောက်လာသည်။ သူငယ်ချင်းက ငှားပေး သဖြင့် ထိုအဆောင်မှာပင် အခန်းတစ်ခန်းကို သူယူလိုက်၏။ အစ်ကို့ဆီက ငွေမတောင်းဘဲ သူ့ မုန့်ဖိုးထဲက စုထားသည့် ငွေနှင့်ပင် သုံးလစာ ကြိုပေးပြီး အခန်းငှားဖြစ်သွားသည်။
သည်မှာပင် ကိုဌေးနှင့် သူ ရင်းနှီးသွားသည်။ ကိုဌေးက ရုံးအလုပ် တစ်ဖက်ဖြင့် ညနေဘက်မှာလည်း လှည်းတန်းပလက်ဖောင်းပေါ်မှာ စာအုပ် ဟောင်းရောင်းသည့် အလုပ်ကို လုပ်သူ၊ သူက စာကြမ်းပိုး။ စာအုပ်ဟောင်းတွေကို ရှာဖွေဖတ်တတ်သူမို့ အရင်ကတည်းက မျက်မှန်းတန်းဖူးသူ။ တစ်ဆောင် တည်းမှာ အတူလာဆုံတော့ ဝါသနာတူချင်း ရင်းနှီးလာသည်။
နောက်တော့ ညနေဘက်မှာ ကိုဌေးဆိုင်ကို သူလိုက်ထိုင်သည်။ ကိုဌေးကို ကူညီပြီး သူစာအုပ် ရောင်းပေးဖြစ်တော့၏။
“ကျွန်တော် ကျောင်းပိတ်ရက် အိမ်မပြန်ချင်တော့ဘူး ကိုဌေးရာ စာအုပ်ဟောင်း ရောင်းတဲ့အလုပ်ကို ကျွန်တော် လုပ်ကြည့်ချင်တယ် ဖြစ်ပါမလား"
သူ ကိုဌေးကို တိုင်ပင်ကြည့်သည်။
“ဘာလို့ မဖြစ်ရမှာလဲ ဗညားရဲ့ ၊ မင်းလောက် စာဖတ်အား ကောင်း တဲ့ကောင် ဘာလို့ မဖြစ်ရမှာလဲ၊ ဒါပေမယ့် . . . မင်းက တိုက်နဲ့ ကားနဲ့နေတဲ့ ကောင် ၊ ငါ့ကို လာနောက်မနေစမ်းပါနဲ့”
ကိုဌေးက မယုံစကားဆိုသည်။
“ကျွန်တော် တကယ်ပြောနေတာ ကိုဌေး၊ တိုက်ပေါ်မှာ ကျွန်တော် စိတ်ညစ်မခံချင်ဘူး၊ ကိုယ့်လုပ်အားနဲ့ ကိုယ် ဆင်းဆင်းရဲရဲ ရပ်တည်ရင်း စိတ်လွတ်လပ်ချင်တယ်ဗျာ”
ဆေးပေါ့လိပ်ကို မီးကူးညှိရင်း ပြောလိုက်သည်။
“မင်း... တကယ် ပြောနေတာလား ဗညား”
ဆေးပေါ့လိပ်ကို ပြန်ယူရင်း မေး၏။
“တကယ်ပေါ့ ကိုဌေးရ”
“ဒါဆိုရင် လွယ်ပါတယ်ကွာ စောစောက ငါပြောတဲ့ စာဖတ်အား ကောင်းတာပဲဆိုတာက အလကားပြောတာမဟုတ်ဘူးကွ၊ စာဖတ်အား ကောင်း တဲ့လူက စာအုပ်တန်ဖိုးကို ပိုသိတာပေါ့ကွာ၊ ဘယ်စာအုပ် ဘယ်လောက် တန် တယ်၊ ကောင်းတယ်ဆိုတာ ပိုနားလည်တာပေါ့ ဒီအတွက်တော့ မပူပါဘူး၊ မင်းက မဂ္ဂဇင်းမှာ ကဗျာလေး ဘာလေးတွေတောင် ရေးနေတဲ့သူ ၊ စာအုပ် တွေနဲ့ ရင်းနှီးပြီးသား လူပဲ ၊ နောက်တစ်ချက်ကတော့ ပလက်ဖောင်းပေါ်မှာ ဈေးရောင်းရဲတဲ့ သတ္တိရှိဖို့”
“ကျွန်တော် ကိုဌေးကို ကူရောင်းပေးနေတာပဲ”
“မဟုတ်ဘူးကွ ၊ လူ့စိတ်ဆိုတာ ဆန်းတယ်၊ ငါ့ဆိုင်မှာ မင်းကူရောင်း ရဲတယ်၊ ပလက်ဖောင်းမှာ မင်းထိုင်ရောင်းရဲတယ်၊ ဒါပေမယ့် မင်းစိတ်ထဲမှာ မင်းဟာ လမ်းဘေးမှာ စာအုပ်ရောင်းတဲ့ အလုပ်ကို လုပ်နေတဲ့သူ မဟုတ်ဘူးလို့ ကိုယ့်ဘာသာကိုယ် လိပ်ပြာသန့်နေတယ်၊ မင်းကိုယ်တိုင် တကယ် စာအုပ် ရောင်းသမားဖြစ်ပြီဆိုတော့ ငါ လမ်းဘေးမှာ စာအုပ်ထိုင်ရောင်းနေရပါလား ဆိုတဲ့ အသိစိတ် မင့်မှာ ရှိလာပြီ၊ အဲဒီစိတ်က ရှက်သလို ကြောက်သလို၊ လိပ်ပြာ မလုံသလို အစမှာ မင်းခံစားရလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ မင့်အသိတွေ မင်း မိတ်ဆွေတွေ ၊ နောက်ဆုံး မင်းချစ်သူပေါ့ကွာသူတို့ အားလုံးအကြည့်တွေ ကို မင်း စပြီး ရင်ဆိုင်ရမှာ”
ကိုဌေးစကားက စဉ်းစားစရာပင် သဘာဝလည်းကျပါသည်။ အကြည့်များစွာ ၊ စကားများစွာ၏ ရိုက်ပုတ်မှုကို ရှေးဦးစွာ ခံနိုင်ရည်ရှိရမည်ဟု နားလည်လိုက်မိပြန်၏။
“အစတော့ ရိုးတိုးရှန့်တန့် ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ ဘာဖြစ်လဲ နောက်တော့လဲ သူ့ဟာသူ အံဝင်ခွင်ကျဖြစ်သွားမှာပဲပေါ့”
“ပြီးရောလေ ၊ ဒါဆို .…. မင်း ကြိုက်တဲ့အချိန်စ ငါ အားလုံး ကူညီမယ်”
“စာမေးပွဲပြီးရင် အိမ်ပြန်ပြီး အစ်ကို့ကို ပြောမယ်ဗျာ၊ အိမ်က စာအုပ် တွေလဲ မ,လာခဲ့မယ်၊ ကျွန်တော်လုပ်မယ်၊ သူများကို မှီတွယ်ပြီး စိန်နားကပ် အရောင်နဲ့ ပါးပြောင်ရတဲ့အဖြစ် ကျွန်တော် မုန်းတယ်ဗျာ”
ကိုဌေးက ပြုံးရင်း သူ့ပခုံးကို ပုတ်လိုက်သည်။
••••••••
( ၈ )
တင်မကျော်ကို သူ ဖွင့်ပြီး တိုင်ပင်လိုက်သည်။
“နင် ဘာအရူးထတာပဲ ဗညား”
ဟု သူ့ကို ကြည့်ရင်း မကျော်က မေးလိုက်သည်။ မေကျော်ကို သူက မမကေသီနှင့် ပြဿနာကို ဘာမှ ထည့်မပြောမိ၊ သူ့အစ်ကို အိမ်ထောင်ရေး ကိစ္စမို့ တခြားသူကို ဘာမှ အသိမပေးချင်။ ပြီးတော့ သူနှင့် မမကေသီ ကိစ္စ ကလည်း သူ့အိမ်တွင်းရေးမို့ မပြောဘဲ ချန်ထားလိုက်သည်။
“ဘာဖြစ်ဖြစ်ဟာ ကုသိုလ်ကံကြောင့် တိုက်ပေါ်တက်နေပြီး အေးအေးဆေးဆေး နေနေရပေမယ့် ငါ လိပ်ပြာမသန့်ဘူးငါ့ ကိုယ်ပိုင် အရည် အချင်းနဲ့ ငါနေနိုင်တာမှ မဟုတ်တာပဲ ၊ ငါ့ဟာ ငါ အလုပ်လုပ်ကြည့်ချင်တယ်ပြီးတော့ ကြီးကျယ်တယ်ထင်ချင်ထင် ၊ ငါ့ ခြေပေါ် ငါရပ်နိုင်အောင် ကြိုးစားကြည့်ချင်တယ် မေကျော်”
မေကျော်က သက်ပြင်းရှည်ချတာ တွေ့သည်။ ပြီးတော့ လက် တစ်ကမ်းမှာရှိနေသော ကံ့ကော်ရွက်လေးတစ်ရွက်ကို လှမ်းပြီးခြွေလိုက်တာ မြင်သည်။
“နှင့် စိတ်ဓာတ်ကိုတော့ ငါ လေးစားပါတယ် ဗညားရယ် ၊ ဒါပေမယ့် ရုန်းကန်ရတယ် ဘာညာဆိုတာ စာဖွဲ့လို့ကောင်းချင်ကောင်းမယ် ၊ တကယ်တမ်း မှာတော့ တကယ်စိတ်ညစ်စရာ ကောင်းတယ်နော်၊ မပြည့်စုံတဲ့ ဒုက္ခ၊ ဆင်းရဲတဲ့ ဒုက္ခဆိုတာ မချိုမြိန်တာတော့ အမှန်ပဲ ဗညား၊ လူကြားကောင်းအောင် စတန့်ထွင် ပြီးတော့ လုပ်တာမျိုးဆိုရင်တော့ နင့်ကို ရှုတ်ချရမှာပဲ”
“မဆိုင်တာဟာ .. ငါက ဘာလို့ စတန့်ထွင်ရမှာလဲ”
တင်မေကျော် မျက်နှာကို ကြည့်ရင်း ပြောဖြစ်သည်။ တင်မေကျော်က သူ့ကို ပြုံးကြည့်နေတာ တွေ့၏။
“မသိဘူးလေဟာ နင်တို့ စာသမားတွေ ၊ စာရေးဆရာဖြစ်ချင်တဲ့ သူတွေ အများစုက ဘဝသမားတွေ ၊ ဘဝဆန်မှ ဘာညာလို့ ငါကြားဖူးနေလို့၊ နင် သိပါတယ်၊ တချို့က တိုက်ပုံနီနွမ်းနွမ်းနဲ့ ခုံဖိနပ်စီးတာတို့ ဘာတို့လေ အဲဒါတွေ အားကျပြီး လုပ်ချင်တာလားလို့ ၊ နင်ကလဲ စာရေးဆရာ ရူးမို့ ပြောရတာ"
တင်မေကျော်က ခပ်ပြုံးပြုံးနှင့် သူ့ကို ပြောသည်။
"တမင်တကာ ဆင်းရဲအောင်လုပ်ယူတယ်ဆိုတဲ့ သူ မရှိပါဘူးဟား ဆင်းရဲမှ ဘဝအဓိပ္ပာယ် ပြည့်စုံတယ်ဆိုပြီး ဆင်းရဲချင်တဲ့ သူ ဘယ်သူရှိမှာလဲ၊ ဒါပေမယ့် အချောင်ရတဲ့ စည်းစိမ်ကို မမက်မောချင်တာ ၊ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်ကြီးပွားချင်တာတော့ အမှန်ပြောတာ မေကျော်”
“ဘာလဲ နင် အခု ကျောင်းပိတ်ရက်မှာ စရောင်းမှာလား”
“ဟုတ်တယ်၊ ငါ့အစ်ကိုကို နားလည်အောင် ရှင်းပြပြီး အခု ကျောင်းပိတ်ရက်မှာ စရောင်းမယ်၊ ငါ လုပ်တတ်တဲ့ အလုပ်ကို ငါ လုပ်ကြည့် ချင်တဲ့ သဘောပါပဲ"
“ကောင်းပါတယ်၊ နင် စာအုပ်ရောင်းနေတဲ့ အချိန်မှာ ငါလဲ အမှ ဆိုင်ကို ကူရောင်းပေးနေရမှာပါပဲ”
ပြောရင်း ပြုံးလိုက်သော်ငြား အပြုံးကား မလတ်ဆတ်ဟု နားလည် သည်။ ချက်ချင်းပင် မိသားစု၏ မပြေလည်မှုကို သတိတရ ရှိလိုက်သည့်နှယ် တင်မေကျော်၏ မျက်နှာမှာ ခံစားရိပ်ငွေ့ကို သူတွေ့လိုက်ရသလို ..
“ငါ နင့်ကို အသိပေးတာပဲ ၊ ကျောင်းဖွင့်လို့ ပြန်လာရင် နင် အံ့ဩနေမှာစိုးလို့”
ပြုံးရင်း ပြောလိုက်စဉ် တင်မေကျော်က သူ့မျက်နှာကို လှမ်းကြည့်၏၊
“ငါ တစ်ခုခုလုပ်မယ်ဆိုရင် နင့်ကို အသိပေးဖို့တော့ သတိရနေတာပါပဲ”
တစ်ကိုယ်တည်း ပြောသည့်နှယ် ပြောဖြစ်ပြန်သည်။
“ဘာလို့ စကားအကုန်ပြောချင်တာလဲ ဗညား”
“ဘာဖြစ်လို့လဲ”
“ငါ့ကို အသိပေးလို့ မဖြစ်တဲ့ကိစ္စမျိုးတွေ နင့်မှာရှိလာတဲ့အခါ ဘယ်လိုလုပ်မှာတဲ့လဲ”
အကြည့်ဆုံရင်း ခဏ တွေဝေသွားမိသည်။
“မရှိနိုင်ဘူး ထင်တာပါပဲ မေကျော်”
ဆိုတော့ မေကျော်ပြုံးသည်။
“ဘာဖြစ်လို့လဲ သိလား”
စူးစိုက်ကြည့်ရင်း မေးဖြစ်သွားသည်။
"ဟင့်အင်း"
ဟု နှုတ်မှ အသံထွက်ကာ ခေါင်းကို ယမ်းခါပြသည်။ ပြီးတော့ စူးစိုက်ကြည့်မြဲ ကြည့်နေပြန်သည်။
“ငါ့ဘဝမှာ … … … ငါ့ကို နားအလည်ဆုံးဟာ နင်ဖြစ်မယ်ထင်လို့ပဲ မေကျော္"
ဆုံထားဆဲအကြည့်မှာ ကရုဏာရိပ်ငွေတို့ လွှမ်းနေမည်လား မသိ။ မေကျော်က မျက်လွှာကို အရင်ချသည်။ လက်ထဲမှာ ဆုပ်ကိုင်ထားသည့် ကံ့ကော်ရွက်ကို လုံးခြေနေတာအကြည့်ရောက်ပြန်၏။
သက်ပြင်းကို ချလျက် ဝေ့ဝဲကျနေသည့် ကျောပေါ်မှ ဆံနွယ်စ နက်မှောင်မှောင်ဆီ ငေးကြည့်နေလိုက်မိပြန်သည်။
•••••••
( ၉ )
“ကျွန်တော် စာအုပ်အဟောင်း ရောင်းကြည့်မလို့ အစ်ကို”
ဆိုတော့ အစ်ကိုက အံ့ဩစွာ ပြုံးပျာကြည့်သည်။ “ဘယ်လို စိတ်ရှူးပေါက်သွားတာလဲ ဗညား”ဟု သူ႔ကို ကြည့်ရင်း မေးသည်။
“အဲဒီအလုပ်ကို ကျွန်တော် စိတ်ဝင်စားလို့ပါ၊ ကျွန်တော် လုပ်ကြည့်ချင်တယ်"
“ဘယ်လောက်မြတ်မှာမို့လဲ ဗညားရယ်”
အစ်ကို့ကို ငေးကာကြည့်ရင်း ပြုံးမိပြန်၏။ တခြား တစ်ယောက်က ပြောလျှင်တော့ စိတ်ဆိုးကောင်း ဆိုးမိပေလိမ့်မည်။
"တိုက်ဆောက် ကားစီးနိုင်တဲ့ လုပ်ငန်းမျိုးတော့ မဟုတ်ဘူးပေါ့ အစ်ကိုရာ ၊ ထမင်းစားနိုင်ရုံရမယ် ၊ ကိုယ်ဝါသနာပါတာ လုပ်ရမယ် ၊ စာအုပ် တွေကြားမှာ နေရမယ်ဗျာ"
"အဲဒါပဲကွာ စာအုပ်တွေဝယ်စုပြီး မင်းဖတ်နေပါလား"
“မတူသေးဘူး အစ်ကို"
“ဘယ်လို မတူတာလဲ”
“ကျွန်တော် မပြောတတ်ဘူး၊ ခွေးမွေးတဲ့ သူနဲ့ ခွေးမွေးပြီး သားဖောက် ရောင်းတဲ့သူ ကွာသလို ပြောရင်ရမလားပဲ"
စိတ်ကူးထဲပေါ် လာတာကို ပြောလိုက်မိသည်။ ခွေးသားဖောက်ရောင်း သူက ရောင်းရသည့် ခွေးလေးတွေပဲဟု သံယောဇဉ်မဲ့မထား။ ဝယ်သူမရှိခင်မှာ တယုတယ ကျွေးမွေးပြုစုစမြဲ။ နောက်ဆုံး မရောင်းဘဲကျန်သည့် ခွေးကိုလည်း မွေးထားရစမြဲပင်။ ဘယ်လို လုပ်ပြီး သည်စိတ်ကူးပေါ်လာပါလိမ့်ဟု ဘာသာ တွေးမိသေးသည်။
“ကဲ... ထားပါတော့ကွာ ၊ ဒါဆိုရင် မင်း အိမ်မှာနေပြီး သွားရောင်းရတာပဲဟာ"
သူ့ကို ကြည့်ရင်း အစ်ကိုက ပြောလိုက်သည်။
“ဟာ..ဘယ်ဟုတ်မလဲ အစ်ကိုရ ၊ စာအုပ်သိမ်းတာနဲ့ ဘာနဲ့ အချိန် အခါရှိတာမှ မဟုတ်တာ၊ အခု ကျွန်တော် သူငယ်ချင်းအဆောင်မှာပဲ ကျွန်တော် နေပြီး လုပ်ချင်တာ၊ အဲဒီမှာက စာအုပ်ရောင်းနေတဲ့ ကိုဌေးလဲ ရှိတယ်ဗျ ၊ သူ့ဆီမှာ အနီးကပ် ပညာယူရဦးမှာ”
အစ်ကိုက ပြုံးသည်။
“ဗညားရယ် .. မင်း ဘာလို့ အစ်ကို့ကို လှည့်ပတ်ပြောနေရတာလဲ၊ မင်း ဒီမှာနေရတာ စိတ်ညစ်တယ်မဟုတ်လား၊ အစ်ကို့ကို မှန်မှန်ပြောစမ်း”
အစ်ကို့စကားကြောင့် ခေါင်းကို ငုံ့ထားလိုက်မိတော့သည်။ အစ်ကို သည် သူ့ရင်ကို ထိုးဖောက်မြင်နိုင် သိနိုင်စွမ်းတာ သူဘာကြောင့် မေ့ထားမိပါ သလဲ။
“ကေသီ ပြောဆိုနေတာတွေကို မင်းကြားတာ၊ သိတာတွေရှိမှာပဲ၊ ဒါကြောင့် မင်းစိတ်ဆင်းရဲတယ် မဟုတ်လား"
ခေါင်းကို မော့လိုက်သည်။ အကြည့်ကို ဆုံရင်း ..
"ကျွန်တော့်ကြောင့် အစ်ကို အိမ်ထောင်ရေး အဆင်မပြေဖြစ်မှာ ကျွန်တော် အစိုးရိမ်ဆုံးပဲ အစ်ကို၊ ကျွန်တော် ကြုံလို့ အစ်ကို့ကိုပြောမယ်၊ ဟိုနေ့ ရန်ဖြစ်ကြတုန်းက မမကေသီ ရုပ်ရှင်သွားကြည့်တာကို အစ်ကို ပြန်သိတဲ့ ကိစ္စ ကျွန်တော့်လက်ချက်လို့ မမကေသီ ထင်တယ်၊ ကျွန်တော် ကြားတာပဲ ၊ သူ ထင်ချင်လဲ ထင်မယ်အဲဒီနေ့က ရုပ်ရှင်ရုံမှာ ကျွန်တော်နဲ့ ဆုံခဲ့တယ်လေ”
“မင်းနဲ့ ဆုံတယ် ဟုတ်လား”
“ဟုတ်တယ် အစ်ကို ၊ စကားတော့ မပြောဖြစ်ဘူး၊ လှမ်းမြင်ကြရုံပါ”
“ငါ့ဆီကို ငါ့သူငယ်ချင်းရဲ့ ညီမ တစ်ယောက်က ဖုန်းဆက်ပြောတာကေသီနဲ့ သူတို့နဲ့ တစ်ကျောင်းတည်းလေး ကျောင်းမှာကတည်းက မတည့်ကြ ဘူး"
“ထားပါ အစ်ကို ၊ အဲဒီလို အစ်ကိုတို့ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော် ခဏအပြင်သွားနေချင်တဲ့ သဘောပါ။ အဆင် မပြေတဲ့ ကာလမှာ ကျွန်တော့်ကြောင့် တစ်ခုခု ထပ်မဖြစ်စေချင်ဘူး”
“သူနဲ့ ငါက ညှိလို့ မရနိုင်တော့ပါဘူးကွာ”
အစ်ကို့ကို ကြည့်ရင်း ကရုဏာ သက်နေမိပြန်၏။ ဘာမှတော့ ဆက်မပြောမိတော့ ။
"နောက်တစ်ခုက မင့်ရွာက ဘုန်းဘုန်း သိရင်လဲ ဘယ်ကောင်းပါ့မလဲ ဖေဖေတို့ သိရင်ကော ငါ့ကို ဘယ်လိုပြောမလဲ၊ မင်းစဉ်းစားကြည့် ဗညား”
"အစ်ကိုကလဲ ကျွန်တော်က မိသားစုက ခွဲထွက်ပြီး အပြီးသွားတာမှ မဟုတ်တာ ၊ ခဏတစ်ဖြုတ်ပါ ”
အစ်ကိုက လေပူကို မှုတ်ထုတ်သည်။
“အေးလေ . . . မင့်သဘောပဲ ၊ မင်း အနေအထိုင် ကျဉ်းကျပ်တာလဲ ငါ မကြည့်ချင်ပါဘူး၊ တစ်ခုတော့ရှိတယ်ကွာ မင်း ထွက်သွားရင်လဲ ငါတို့ အိမ်ထောင်ရေးကတော့ ပြန်အဆင်ပြေဖို့ မလွယ်ပါဘူးမင်းနဲ့ မဆိုင်တဲ့ ကိစ္စပဲသူ့ရည်းစားဟောင်းနဲ့ သူ ပြန်တွဲနေတာကို ငါ ဘယ်လိုလုပ် ခွင့်လွှတ်လို့ ရမလဲဗညား"
“အေးအေးဆေးဆေး ဆွေးနွေးပါ အစ်ကိုရာ သူ နောက်ထပ် ဒီလို မလုပ်တော့ပါဘူးဆိုရင်လဲ အစ်ကိုက သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်လိုက်ပေါ့”
စီးကရက်ကို ပြာခံခွက်မှာ ခါးညွှတ်ရင်း ထိုးခြေသည်။
“ဝေးသေးတယ် ဗညား ၊ ကေသီစိတ်က မင်း မသိပါဘူး၊ သူကသာ အမှားလုပ်တာ ၊ သူများကို ဘယ်တော့မှ တောင်းပန်ဝန်ချချင်တာ မဟုတ်ဘူး ထပ်ပြီးသာ အရွဲ့တိုက်ချင်တိုက်မယ့် မိန်းမမျိုး"
အစ်ကို့ကို ကြည့်ရင်း သက်ပြင်းရှည်ကိုသာ ချလိုက်မိတော့၏။
•••••••••
( ၁၀ )
“နင့်အစ်ကိုကို ပြောပြီးပြီလား”
ဆိုတော့ ခေါင်းကို ညိတ်ပြလိုက်မိသည်။
ဘူတာကြီးစင်္ကြံမှာ မျက်နှာချင်းဆိုင်ရပ်လျက် ခပ်တွေတွေ ဝေးနေ မိကြရာမှ တင်မေကျော် စကား စ၏။ စာမေးပွဲပြီးပြီဆိုတော့ အားလုံးက ဇာတိ ရပ်ရွာ ပြန်ကြလေမည်။ ချစ်သူချင်းချင်း၊ မိတ်ဆွေချင်းချင်း လွမ်းချင်းကို ဖွဲ့ဆို ကြပြီ။ ခွဲခွာနှုတ်ဆက်ခြင်းဖြင့် ဝေဒနာအပူငွေ့ သည် ရင်၌ ဖြစ်တည်ကြပြီ။
“မူမူ ပြန်သွားပြီလား”
“ပြန်သွားပြီ”
စကားစကို ရှာပြီး တစ်လုံးချင်း ပြောနေမိဖြစ်အောင် ဘာကြောင့်များ နှုတ်အနေမိကြပါသလဲ။ တင်ထွန်းမြင့်ကို ခေါ်တော့ သူကလည်း မအား။ တင်ထွန်းမြင့် ပါလာလျှင် သည်နှယ်သွေ့ခြောက်ခြောက် စကားဝိုင်းမျိုး ဖြစ်မည် မထင်၊။
"နင် စာအုပ်ရောင်းမယ်ဆိုတော့ အဆောင်မှာပဲ နေဖြစ်ပြီပေါ့"
သူ့ကို ကြည့်ရင်း တင်မေကျော် မေးသည်။
“ဟုတ်တယ်”
“တစ်ယောက်တည်းနေတာဆိုပြီး သိပ်လွတ်မနေနဲ့ဦး. . ."
ထုံစံအတိုင်း အမိန့်သံပါပါ စကားမျိုးကို တင်မေကျော် ဆိုသည်။ ခပ်လှမ်းလှမ်း အုပ်စုမှ ဝါးခနဲ ရယ်သံအကြားမှာ အကြည့်ရောက် သွား၏။ ပြီးမှ တင်မေကျော်၏ မျက်နှာဆီ အကြည့်ပို့သည်။
"ဘာမှ မလုပ်ပါဘူးဟ”
"မဟုတ်ဘူးလေ၊ အစားအသောက်မမှန် ၊ အအိပ်အနေမမှန်နဲ့ ဖြစ်သလို နေနေမှာစိုးလို့ အဆောင်နေတယ်ဆိုတော့ နင် စားချင်တဲ့အချိန်စား၊ မစားချင်လဲ လက်ဖက်ရည်နဲ့ပဲ ထမင်းလွတ်ချင် လွတ်သွားမှာ၊ ပြီးတော့ မအိပ် ဘဲနဲ့ စာဖတ်ချင် ဖတ်နေမှာ၊ ဘယ်သူက လာပြောမလဲ"
စိုးရိမ်စကား၊ စေတနာစကားဟု နှလုံးသားမှ နားလည်သည်။ သံယောဇဉ်ငွေဖြင့် ဝေ့ဝဲနေသည့် စကားဟုလည်း ကြည်နူးစွာ ခံစားမိပြန်၏။ မိဘမဲ့သူတစ်ဦး၏ ခံစားမှု မေတ္တာငတ်မွတ်ခြင်း အခံသည် ရင်ထဲမှာလျှံဝေ၍ လာပြီထင်၏။
“နင် ငါ့ကို စိုးရိမ်လို့လား မေကျော်”
အတော်ကြာမှ တင်မေကျော်၏ မျက်နှာကို စူးစိုက်ကြည့်ရင်း စကားသံတီးတိုးဖြင့် မေးလိုက်မိသည်။
လွယ်ထားသော ကချင်လွယ်အိတ်ကြိုးကို လက်နှစ်ဖက်ဖြင့် ဆွဲချ နေ ရင်း . . . .
“မစိုးရိမ်ဘဲ ပြောပါ့မလား”
ဟု စကားသံမှာ ရှက်ဟန်နှော၍ ထွက်လာသည်။
“နှင့် သိပါတယ် မေကျော် ၊ ငါ့ဘဝမှာ မိဘရဲ့ ရင်ငွေ့ဆိုတာကို မထိတွေ့ ခဲ့တဲ့သူပဲ ၊ ညီအစ်ကို မောင်နှမတွေရဲ့ အကြင်နာဆိုတာ မရခဲ့ဖူးတဲ့ သူပဲ ၊ ဒါကြောင့် အစ်ကို့ကိုလဲ ငါ့အစ်ကို အရင်းလိုပဲ ချစ်တာ ၊ နင်က ငါ့ကို စိုးရိမ်စကားမျိုးပြောတော့ ငါ အရမ်းခံစားရတာပဲ ၊ ငါ အရမ်းလဲ ကြည်နူး တယ်လေ။ အဲဒီလိုမျိုး ငါ့နှလုံးသားမှာ ဘယ်လောက် ငတ်မွတ်နေတယ်ဆိုတာ အစက ငါ မသိခဲ့ဘူး”
အကြည့်ကို လွှဲ၍ ထိုးထားသော ရထားတွဲတွေဆီ ငေးရင်း ဖြည်းဆေးစွာ ပြောနေလိုက်မိတော့သည်။
“ငါ နင့်ကို နားလည်ပါတယ် ဗညားရယ်”
အကြည့်ဆုံမိကြပြန်၏။ လေပူကို မှုတ်ထုတ်ရင်း . . . . .
“ဘာပြောပြော နင် ဒီနေ့ ပြန်တော့မယ်ဆိုတာ သိတော့ ညက ငါ တော်တော် ခံစားရတယ် မေကျော် ၊ အိပ်လို့ မပျော်ဘူးနင်ရှိနေရင် ဘာဖြစ်ဖြစ် ငါရင်ဖွင့်စရာ တိုင်ပင်စရာ တစ်ယောက်ရှိနေတယ်လို့ ထင်တာ ငါ ကဗျာတစ်ပုဒ် ရေးကြည့်တယ် ၊ ဒါပေမယ့် အပြီးထိ မရဘူး"
“ဟုတ်တယ် ... နင့်ကို ပြောဖို့ မေ့နေတယ် ၊ စာအုပ်ဟောင်းရောင်းရ လို့ မအားလို့ပါဆိုပြီး ကဗျာမရေးဘဲတော့ မနေပါနဲ့ ဗညားရယ် နှင့် ကဗျာ လေးတွေ သုံးလေးပုဒ်တောင် မဂ္ဂဇင်းမှာ ပါနေပြီ ၊ ဆက်ရေးပါ ၊ ပြစမ်း . . . နှင် ညက ရေးတာ"
“ရေးလို့ မပြီးဘူး”
“အဲဒါ ပါလာလား ၊ မပြီးသေးတာဘဲ ပြလေဟာ”
အင်္ကျီအိတ်ထဲက စာရွက်ကို ထုတ်လိုက်သည်။
"အမှန်တော့ နင်ဖတ်စေချင်လို့ ငါယူလာခဲ့တာ၊ တကယ် နှင့် ရှေ့ရောက်တော့ ပေးဖတ်ရမှာ တစ်မျိုးဖြစ်နေပြန်ရော”
ပြောရင်း စာရွက်ကို လှမ်းပေး၏။
“ငါ အခုဖတ်မှာနော်၊ နင်ရှက်ရင် ဘေးလှည့်နေ"
တင်မေကျော်က အရယ်စကားဆိုရင်း စာရွက်ကို ဖြန့်သည်။ တင်မေကျော်က ကဗျာကို ဖတ်နေစဉ်မှာ သူ့နှလုံးသားကို တင်မေကျော် ကြည့်နေလေသလားဟု အတွေးရောက်ပြန်သေး၏။
မေ့မှာစိုးလို့
မြတ်နိုးတွယ်ငင် ၊ သံယောဇဉ်ဖွဲ့
မြင်ကြည့်လှည့်လေ ၊ သိစေချင်သည်။
ဝေးမှာစိုးလို့
နှောင်ကြိုးပတ်ရစ် ၊ ထပ်ထပ်သစ်ချည်
နားလည်ငဲ့ညာ ၊ မခွာရက်ရဲ မခွာနဲ့နော် ၊
ခေါ်လိုက်ချင်သည်။
လွမ်းမှာစိုးလို့
ချစ်ခြင်းတစ်စ ၊ သမုဒယအပူ
မြတ်နိုးမိခြင်း ၊ နှောင်ရစ်တင်းသည့်
သူ့မှ သူဆိုသည့် အစွဲ ၊ ရင်ထဲမြေ့ကျွမ်း ကိုယ်ပဲလွမ်းမယ် . . .
တမ်းတမြိုက်ဆူ ၊ ကိုယ်ပဲယူမယ်
သူမသိ စေ ၊ ရှိပါစေတော့ ။
နှစ်ခေါက် သုံးခေါက် ဖတ်နေမှန်းသိလိုက်သည်။ ပြီးတော့ စာရွက်ကိုပြန်ခေါက်သည်။
“ဆက်ရေးဖို့နဲ့ ခေါင်းစဉ်တပ်ဖို့ လိုသေးတယ်နော်”
“ဟုတ်တယ် . . . မေကျော် ၊ ဆက်ရေးလို့ မရတော့တာ”
“ဆက်ရေးကြည့်လေ ၊ ရတဲ့နေ့ကျရင် ငါ့ကို ထပ်ဖြည့်ပြီး ကူးပေး ၊ ငါ သိမ်းထားမယ် ဟုတ်လား”
ခေါင်းမညိတ်မိ။ နှုတ်စကား မတုံ့ပြန်မိဘဲ အကြည့်ဖြင့်သာ စကားဆိုနေမိပြန်သည်။
“ရထားထွက်တော့မယ် ထင်တယ်သူများတွေ တက်ကုန်ပြီ”
တင်မေကျော်၏ နှုတ်မှ စကားသံထွက်လာတော့ ပစ္စည်းတွေ ထားသည့်နေရာကို အကြည့်ရောက်သည်။ အထုပ်အပိုးဆွဲသူ ဆွဲ ၊ ရထားတွဲ ပေါ် တက်သူတက်နှင့် လှမ်းမြင်ရ၏။
“လာ .. သွားရအောင်”
“နေဦး ငါ့လိပ်စာ နင့်မှာရှိတယ်နော်”
“အင်း”
“နှင့် အဆောင်က ဟို စံရိပ်ငြိမ် အဆောင်ပဲ ဟုတ်တယ်နော်”
“အင်း”
အထုပ်အပိုးတွေ ထားသည့်နေရာကို သွားရင်း တင်မေကျော် သူ့ကိုမေးသည်။
“စာအုပ်ကောင်းကောင်းတွေ ဖတ်မိရင် ငါ့ဖို့ မှတ်ထား၊ ကဗျာတွေ ရေးလို့ရရင် ကျောင်းဖွင့်တော့ ရွတ်ပြ”
ပြုံးလျက် နှုတ်ဆက်ပြော ပြောသည်။ အကြည့်ဆုံကာ ခေါင်းကို ညိတ်လိုက်မိ၏။
** ** **
၅ဆက်ရန်
#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့
#တမာသားလေးမှတ်စု #Book_House
Leave a Comment