နတ်ကြီးကောက် (ခင်ခင်ထူး)
(၁)
" တစ်ကြိမ်ငယ်မှ နှစ်ကြိမ်လေ၊ သုံးကြိမ်ငယ်မျှ ဦးတင်၊ ရွာတော်ရှင်မယ်လျှင် ကန်တော့ပါ၏ဘုရား၊ စုံလင်ငယ်မှ မယွင်း ပွဲစုံကျင်း၍၊ ထမင်းမုန့်နှော အုန်းငှက်ပျောနှင့်၊ သဘောကြည်လင်၊ ကျွန်ုပ်ကယ်တင်၊ စည်ပင်ထွန်းကား၊ မ,ပါလားဟု၊ အသနားရယ်ခံ၊ နန်းစံတဲ့ သခင်၊ မြို့ရွာကို အပိုင်စိုးတဲ့ မြတ်မျိုးရှင် "
နတ်ကတော် မင်းသားကြီး အောင်မင်းစိန်တစ်ယောက် မနက်အိပ်ရာထ ကိုယ်လက်သန့်စင် အမျှအတန်းဝေပြီးတာနဲ့ အိမ်ရှေ့ကပြင်မှာ တစ်ဖက်ရပ်အဆောင်ထုတ်ထားတဲ့ သူ့နတ်ခန်းကလေးထဲ ဝင်သွားတော့တာပဲ။ သည်အခန်းကို တစ်ခါတစ်ခါ နတ်ခန်းခေါ်လိုက်၊ တစ်ခါတစ်ခါ ဓါတ်ခန်းခေါ်လိုက်ဆိုတော့ သူနဲ့ဆက်ဆံရသူတွေကလည်း အလိုကြည့်ပြီး ခေါ်ကြရတယ်။ တစ်ခါတလေ ' ဓါတ်ခန်းမဟုတ်ဘူးဟဲ့ နတ်ခန်း နတ်ခန်း ' လို့ အော်တာမဟုတ်လား။ နတ်ခန်းခေါ်ပြန်တော့ ' ဓါတ်ခန်း လုပ်ကြပါအေ ' လို့ ပြောချင်ပြောပြန်ရော။
မနက်ပိုင်း နတ်ခန်းထဲဝင် အမွှေးတိုင်တွေ အပူးလိုက်ထွန်း၊ ရေတော်သန့်သန့်လဲ၊ ပန်းတွေ ဝေနေအောင် ထိုးပြီးရင် ဘုရားကို ထိချင်းငါးပါးနှင့် ကျကျနန ကန်တော့တယ်။ ဘုရားကန်တော့ပြီးပြီ ဆိုရင်တော့ ရထားသမျှ နတ်ပင့်စာတွေ တသီကြီး ရွတ်တော့တာပဲ မပြီးနိုင်ဘူး။ ရှေးခေတ် ဇာတ်မင်းသားကြီးကလည်း ဖြစ်ပြန်၊ ယောက်ျားနတ်ကတော်ကျကလည်း ဖြစ်ပြန်ဆိုတော့ မင်းသားကြီး အောင်မင်းစိန်မို့ နတ်တကာစုံအောင် ပင့်ပြီဆိုရင် နားထောင်လို့ အင်မတန်ကောင်းတာကလား။ သူ့နတ်ခန်းကလေးထဲမှာ နတ်ပုံတော်တွေ ဆိုတာ မနည်းဘူး။ ပုံတော်တွေက တစ်ထွာ တစ်မိုက်တွေ မဟုတ်ဘူး။ အငယ်ဆုံးတောင် တောင်ဆုပ်လောက် ကြီးတယ်။
မင်းမဟာဂီရိပုံတော် ရှိတယ်။ ကိုကြီးကျော် ပုံတော်ရှိတယ်။ မန္တလေးဘိုးတော်ပုံ ရှိတယ်။ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ပုံတော် ရှိတယ်။ ညောင်ချင်းအိုနတ်ပုံတော်ရှိတယ်။ မငွေတောင်၊ နံကရိုင်းမယ်တော်၊ အမေ ရေရင်၊ ရွှေနပေ၊ မနှဲမိ၊ အမေဂျမ်း စတဲ့ မိန်းမက ဖြစ်တဲ့ နတ်ပုံတော်တွေကလည်း သူ့နေရာနှင့် သူကိုး။ ပွဲဈေးတန်းထဲ ချရောင်းတဲ့ သူငယ်တော်ရုပ်တွေ ကျလို့၊ စုံလို့။ သည်ပုံတော်တွေကို ဆိုင်ရာဆိုင်ရာအလိုက် တင်မြှောက်ပသထားတဲ့ ပန်းတော်၊ ရေတော်ခွက်တွေကလည်း စင်ပေါ် ပိုးဟပ်တက်စရာ နေရာမရှိဘူး ဆိုပါတော့။
ကိုကြီးကျော်ပုံတော်ဘေးမှာ နိုင်ငံခြားဖြစ် အရက်ပုလင်း ထောင်ထားတာမျိုး၊ အမေဂျမ်း ပုံတော်ဘေး လက်ဖက်သားနှပ် အစ်ကလေးနဲ့ ဆေးပေါ့လိပ် ထောင်ထားတာမျိုး၊ မနှဲမိ ပုံတော်ဘေးမှာ ပုခက်သေးသေး၊ ဖိနပ်သေးသေး၊ ဘဲဥနှစ်လုံး ဆက်ထားတာမျိုးတွေကလည်း သူ့နတ်နဲ့သူ့ ပစ္စည်း အံကျ။ နံကရိုင်းမယ်တော်ဘေးမှာ ကျွဲခေါင်းရုပ်ကြီး ချထားတာမျိုး၊ အမေ ရွှေနပေပုံတော်ဘေးမှာ စဉ့်အင်တုံကလေးထဲ ရေအပြည့် ဖြည့်ထားတာမျိုး စသည်ဖြင့်ပေါ့လေ။
တချို့ပုံတော်တွေက ရွှေချထားပေမယ့် တချို့ပုံတော်ကျတော့လည်း စင်ပေါ်မှာ မည်းမည်းကြီးတွေ။ နတ်တွေ အချင်းချင်း ဘယ်လိုနေကြသလဲတော့ မသိဘူး။ ကြည့်ရတာနဲ့တင် မူးလောက်တယ်။ နေရာလွတ်လို့ ချထားတဲ့ ကျားစီး ၊ ဆင်စီးရုပ်တွေကလည်း ပါသေးတာပါ။
မင်းသားကြီးက သူ့နတ်ခန်းကလေးကိုတော့ အင်မတန် သန့်နေ၊ မြိုင်နေအောင် ထားတတ်ရဲ့ ။ သူ့နတ်ခန်းဆီက ထွက်လာတဲ့ စပယ်ဆီ၊ ဒေါနဆီနံ့တွေ ဆိုတာ အီနေအောင် လှိုင်လှိုင်ထနေတတ်လေတော့ ရွာထဲ ရပ်ထဲမယ် ရေမွှေးကလေးဆွတ်၊ ပေါင်ဒါကလေး ပုတ်ထားတဲ့သူကို " အမယ်လေး မွှေးချက် ကြိုင်ချက်ကတော့ မင်းသားကြီး အောင်မင်းစိန် နတ်ခန်းကျလို့တော် " လို့တောင် ပုံခိုင်းကြရတဲ့အထိပဲ။ မွှေးလိုက်တာမှ အနံ့မယဉ်သူတွေဆိုရင် မူးမိုက်လဲလောက်တယ်။
မင်းသားကြီး အောင်မင်းစိန်က အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်အတွင်း ရှိပါပြီ။ ဝဝဖိုင့်ဖိုင့် အသားဖြူဝါဝါကြီးဆိုတော့ လူက ပုအိုင့်အိုင့်ကြီး။ နို့ပျဉ်းကြီးတွေတောင် ကျလို့ပါ။ မင်းသားဘဝကတည်းက ပါခဲ့တဲ့ ဆံအုံကောင်းကောင်း သျှောင်တစောင်းထုံးကြီးကိုလည်း အခုထိ တသသရှိတုန်း။ လူက မျက်ပိုးကျကြီးနဲ့ဆိုတော့ မျက်ခွံတွေ ပိတ်ကျနေတာနှင့်တူတယ်။ နတ်ချီ နတ်ချော့ နတ်မို့ဝင်ပြီဆိုရင် ပွေးမျက်စိပေါက်ကလေးလိုပဲ မှေးကျဉ်းကျဉ်းနဲ့။ တချို့ကလည်း ' နတ်က တော်တော်ပါအေ ၊ မင်းသားကြီးက ပိုသာ ပါပါသယ် ' လို့ပြောကြရဲ့ ။ ပါးစုံကြီးတွေ တုန်တုန်တုန်တုန် နဲ့များ က,ရင် တချို့ကလည်း သနားကြတယ်။ 'ခမျာ ကြီးရှာပါပြီအေ လုပ်ချင်လို့ လုပ်စားနေရှာသာ ' လို့ ပြောတတ်ကြတယ်။
နတ်များ ချော့လို့ရှိရင် သူတကာ နတ်ကတော်တွေလို ချွေးသီးချွေးပေါက်ကျအောင် ခုန်ပေါက် ကတာမျိုး မရှိဘူး။ ခန္ဓာကိုယ်ကြီးကို ယိမ်းကာ ယိမ်းကာနဲ့ တနှဲ့နှဲ့ကလေး လှုပ်ကတာမျိုးပါ။ စည်းကျ ဝါးကျ ဟန်လှရုံ ကတာဆိုတော့ အောင်မင်းစိန် အလှည့် ရောက်ပတဲ့ဆိုလိုက်ရင် ဟိုဟိုသည်သည် ရောက်နေတဲ့လူတွေကတောင် ပြေးလာကြရတယ်။ လူတွေဆိုတာ အုံလို့ခဲလို့၊ ပိတ်နီ နဖူးစည်းတပ် ကနားတစ်ခုလုံး ပြည့်တဲ့အပြင် နောက်တန်းကလူတွေများဆိုရင် နီးရာခုံကိုတောင် ခုကြည့်ကြသေး။
ပြောခဲ့သလိုပါပဲ။ မင်းသားဟောင်းကြီးကလည်း ဖြစ်ပြန်၊ ဥပဓိရုပ်ကလည်း ပုံ့ပုံ့ဖောင်းဖောင်း၊ ခံ့ခံ့ရန့်ရန့်ကြီးဆိုတော့ ဆယ့်နှစ်ပွဲကျ နတ်ကတော်လောကမှာ မင်းသားကြီး အောင်မင်းစိန် အရှိန်အဝါကြီးလိုက်ပုံက သူမပါရင် နတ်ကနားပေးမဖြစ်လောက်အောင်ကို ခေတ်ထခဲ့တယ်ဆိုရင် ယုံတော့။ လက်ဆယ်ချောင်းစလုံးမှာ စွပ်ထားတဲ့ လက်စွပ်ဆယ်ကွင်းကလည်း ကွမ်းသီးလုံးလောက်ကြီးတွေနဲ့ကိုး။ လက်ချောင်းကြီးတွေကားပြီး ပိုလိုညှပ်သောက်ရင် သိပ်ဟန်ပါတယ်။ မီးခိုးတွေကို ခပ်မျှဉ်းမျှဉ်း မှုတ်ထုတ်ရာက ရယ်တာတောင် ရွရွကလေး ရယ်တာပါ။
(၂)
မင်းသားကြီး အောင်မင်းစိန်က မြင်းခြံနယ်သား။ မြင်းခြံမြို့ပေါ်မှာ ကိုယ်ပိုင်ဇာတ်ကြီးထောင်ပြီး ကခဲ့တာကပဲ နှစ်တွေ မနည်းဘူး။ မြင်းခြံဇာတ်ငှားမယ် ကြံရင် အောင်မင်းစိန်ဇာတ် စမြည်ကြတာပါ။ ဒါပေမယ့် သည်ဘက်ခေတ် ဇာတ်တွေက မင်းသားငယ်ငယ်ချောချောကလေးတွေ ဇာတ်ခုံပေါ် ကျွမ်းထိုး ရောက်လာကြတော့ အောင်းမင်းစိန်ဇာတ် အငှားမလိုက်ချင်တော့ဘူး။ သည်တော့ ကိုယ်ပိုင်ထောင်ထားတဲ့ဇာတ်လည်း တဖြည်းဖြည်း ခေါင်းကွဲကရော။ ခေါ်တာတော့ ခေါ်ကြပါတယ်။ ဟိုဇာတ် သည်ဇာတ်က နောက်ပိုင်းမင်းသားကြီးအဖြစ် အဘရယ် ဝင်ပေးပါ၊ ကပေးပါ ဆိုတာမျိုးတော့ ရှိကြပါရဲ့ ။ နို့ပေမယ့် လက်မခံခဲ့ဘူး။ တော်ပါပြီကွာ၊ ဇရပ်ပေါ်က လူနာ တက်မထောင်းပါရစေနဲ့တော့တဲ့။ မိန်းမလုပ်သူကတော့ ကျရာနေရာက ဝင်ကစေချင်တော့ ဖျောင်းဖျတယ်။
" ဇာတ်အဆီ ဇာတ်အသား အလေးထားတဲ့ခေတ် မဟုတ်တော့ပါဘူး မချိုးဖြူရယ်။ သည်အသက်အရွယ်ရောက်မှ ဇာတ်မကရရင် နေပါစေတော့။ သည်ခေတ်ကလေးတွေနဲ့ ဘယ့်နှယ့်လုပ် ကရမှာတုန်း။ ဆန်ချေးတာက နည်းနည်း၊ ဆဲတာက များများ ဖြစ်ကရော့ပေါ့ဟဲ့ "
မချိုးဖြူ ဆိုတာက အောင်မင်းစိန်ရဲ့ ဇနီး မင်းသမီး ချိုးဖြူခင်ကို ပြောတာပါ။ အောင်မင်းစိန် မင်းသားဖြစ်ကာစက ချိုးဖြူခင်ကလည်း သူ့ဇာတ်ထဲက အသံကောင်းရုပ်ချော မင်းသမီးကိုး။ လူပုံချောချော မင်းသားနဲ့ သနရုပ္ပ မင်းသမီးဆိုတော့ ပွဲကြည့်သူတွေကလည်း ချစ်ကြတယ်။ သူတို့ချင်းလည်း ဖူးစာပါတော့ ညားကြတာပါပဲ။ သည်အသက်အရွယ်အထိ မဖောက်မပြန် ပေါင်းကြပါရဲ့ ။
" ကျွန်မကတော့ ကိုအောင်စိန့် သဘောပါ။ ထမင်းတစ်လုပ် တစ်ဆုပ်တော့ ဈေးတောင်းခေါင်းတင်လည်း ရောင်းဝံ့ပါရဲ့ ။ ဒါပေသိ ကိုအောင်စိန် သိက္ခာ "
" ဘယ့်နှယ့်ပြောလိုက်ပါလိမ့် မိန်းမနှယ်၊ သည်မယ် မချိုးဖြူ ဈေးတောင်း ခေါင်းတင်တာ သမ္မာအာဇီဝမို့ သိက္ခာကျစရာ မရှိပါဘူးကွယ်။ ငရုတ်တစ်ကိုက် ထန်းတစ်ကိုက်ပေါ့အေ။ သို့ပေသိ မင်းသား အောင်မင်းစိန်ကြီး ဇာတ်မကရတော့ဘူးဆိုတာတော့ ငါ ရှက်သားကွဲ့ "
သည်လိုနှင့် မချိုးဖြူကလည်း ဈေးတောင်း ခေါင်းမရွက်ဖြစ်တော့ပါဘူး။ မင်းသားကြီးကလည်း ဇာတ်ဝင်မကဖြစ်တော့ပါဘူး။ ရှိတာလေး ထုခွဲပြီး လင်မယားနှစ်ယောက် တိုင်ပင်လို့ မန္တလေးကို ပြောင်းလာခဲ့ကြတယ်။ မန္တလေးမှာ အောင်မင်းစိန်ဇာတ်ထဲ နှစ်ပေါင်းများစွာ ဆိုင်းတီးခဲ့တဲ့ ဆိုင်းဆရာ ကိုကြာပွင့် ရှိတယ်။
ကိုကြာပွင့်ဆီ အကျိုးအကြောင်း စုံစုံ စာလှမ်းရေးလိုက်တော့ ကိုကြာပွင့်က " ဆရာနဲ့ ဆရာကတော် မန္တလေးသာ ပြောင်းခဲ့ကြပါတော့။ ဆရာ့ပညာနဲ့ဆိုရင် အဆင်မပြေစရာ မရှိပါဘူး " ဆိုတာနဲ့ ချက်ချင်း ထပြေးလာခဲ့ကြတယ်။ နတ်လိုမှ ဂြိုလ်မဆိုတာလို အခြေအနေပေးတုန်း လုပ်ရကိုင်ရမှာ မဟုတ်လား။
မင်းသားကြီး ဇနီးမောင်နှံမှာ သားသမီးကလည်း မပေါ်ပေါက်လေတော့ လင်ကိုယ်မယားနှစ်ယောက်တည်း ခေါင်းဝင်ကိုယ်ဆန့်ဆိုတော့ တခြားဗာဟီရတော့ များများမရှိပါဘူး။ လေပြည်ထိုးရထိုးရ၊ ပတ်ကြမ်းတိုက်ရတိုက်ရ ဖြစ်သမျှအကြောင်း အကောင်းချည်း သဘောထားပြီး ပြောင်းလာခဲ့ကြတယ်။
ကိုကြာပွင့်က ဇာတ်ထဲတီးတဲ့ ဆိုင်းဆရာဆိုပေမယ့် မန္တလေးရောက်တော့ တည်တည်ပပထဲကတော့ မဟုတ်ရှာပါဘူး။ အလှူပွဲ၊ မင်္ဂလာပွဲတွေကို လိုက်တီးတဲ့ ဆိုင်းကြီးဝိုင်းကြီးနဲ့ ဆိုင်းဆရာလည်း မဟုတ်ရှာဘူး။ ကိုကြာပွင့်က နတ်ဆိုင်းဆရာ၊ နတ်ကန္နားပွဲတွေမှာ လိုက်တီးရတာများတယ်။ ကိုကြာပွင့်အိမ်မှာ ယောင်တောင်တောင် စတည်းချနေရစဉ် တစ်လျှောက်လုံး နတ်ဆိုင်းသံတွေ၊ ဒိုးသံတွေချည်း ကြားနေရတော့ မင်းသားကြီးတို့ လင်မယားလည်း ပုဏ္ဏားမြင်မှတော့ ဗေဒင်မေးချင်သား ဆိုတာမျိုးပေါ့လေ။ တစ်ခါတလေ နတ်သီချင်း ဝင်ဆိုပေးတာမျိုး၊ ကိုကြာပွင့်ကို နတ်ချင်းကလေးတွေ ရေးပေးတာမျိုး လုပ်ပေးတယ်။ ကိုကြာပွင့်ကလည်း ကန်တော့ပါရဲ့ ။ ကြာတော့ မင်းသားကြီးလည်း နတ်စိတ်ဝင်လာရာက နတ်ပွဲထဲဝင် ကရာကစပြီး လူကြိုက်များလာပါရော။ သည်လိုနဲ့ သူ့ကို မငွေတောင် ကောက်တယ် ဖြစ်ကရော။
" နတ်မယ်တော်များဖြစ်တဲ့ မယ်ဝဏ္ဏတို့ အမေဂျမ်းတို့ အမေရေရင်တို့ကို အဖေတို့က ကောက်မဖြစ်ဘူး။ သားတော်အရာ နေကြရတယ်။ မငွေတောင်ကျတော့ လင်သားအရာ ကောက်နိုင်တယ်။ မငွေတောင်ကို မဖြူလွတဲ့၊ အမတော်ဘုရားတဲ့ ခေါ်ကြတာ "
နတ်ဆိုင်းဆရာ ကိုကြာပွင့်က နတ်ဆိုင်းတီးတာ ဝါကလေးရှိတော့ နတ်အကြောင်း တီးမိခေါက်မိရှိတယ်။ သူ့ဆရာ မင်းသားကြီး အောင်မင်းစိန်ကို မရှိရှိတာလေး ခြစ်ခြုတ်ပြီး မငွေတောင်နဲ့ နတ်နဲ့လက်ထပ်မင်္ဂလာပွဲဆိုပြီး အရပ်ထဲမှာ နတ်ကန္နားပေးတယ်။ နတ်နဲ့လက်ထပ်ရတယ် ဆိုတဲ့ ကိစ္စကလည်း လွယ်လွယ်ကူကူတော့ မဟုတ်ဘူးကိုး။ လူမိန်းမကို ယူရသလိုပဲ ဖိတ်စာရိုက်ရတယ်။ ကတိရေစင် သောက်ရတယ်။ စံခန်းဝင် မင်္ဂလာပွဲ လုပ်ရတယ်။ စံခန်းဝင်တယ် ဆိုတာက လိုအပ်တဲ့ ပစ္စည်းပစ္စယ အစုံဝယ်ပြီး ခုနစ်ရက် ခုနစ်လီ အခန်းဝင်ပြီး နေရတာကို ပြောတာပါ။
တောင်ရှည်ပုဆိုး သုံးအုပ်၊ ခေါင်းအုံးနှစ်လုံး၊ ဖျာနှစ်ချပ်၊ ရှန်နီငါးတောင်၊ ရှန်ဖြူငါးတောင်၊ စောင်နှစ်ထည်၊ အပ်ခုနစ်ချောင်း၊ အပ်ချည်ဖြူ ခုနစ်လုံး၊ အပ်ချည်နီ ခုနစ်လုံး၊ ဘီးနှစ်လက်၊ မှန်နှစ်ချပ်စတဲ့ ပစ္စည်းတွေအပြင် အုန်း ငှက်ပျောကန်တော့ပွဲ၊ သပြေပန်း၊ ပစ္စည်းပန်းညို၊ ဒေါန၊ မြေစာ၊ အုန်းလက်၊ ထန်းလက်၊ ဆီးခက်ကအစ ပြည့်စုံအောင် စီမံရတာဆိုတော့ နတ်နဲ့ မင်္ဂလာဆောင်ရတာလည်း အကုန်အကျတန်း မသေးလှဘူး။ ခုနစ်ရက် ခုနစ်လီ နတ်ထိန်း နတ်နေတွေအပါအဝင် နတ်ကတော်ကြီး နတ်ကတော်ငယ်တွေကိုလည်း ဧည့်ခံရသေးတာပါ။ ဆိုင်းဆရာကိုကြာပွင့်ကတော့ ဆရာ့ပိုက်ဆံ အထိမခံပါဘူး။ သူ့အိမ်ဂရမ်ပေါင်ပြီး ဆရာကို မိန်းမပေးစားတယ်။
ဇာတ်ကတုန်းက သည်လောက် နာမည်မကြီးခဲ့တဲ့ မင်းသားကြီးအောင်မင်းစိန်ရဲ့ နတ်စန်းကလည်း အတော်ကောင်းတယ် ပြောရမလားပဲ။ စံခန်းဝင်နေတဲ့ ကာလမှာကို နတ်စီးပြီး ဟောတာပြောတာတွေက ဒက်ထိ မှန်တယ် ဖြစ်ပါရော။ စံခန်းဖွင့်ပြီး နတ်လိပ်ပြာကပ်ပြီး ကနားသုံးပွဲ၊ ဓါးသုံးလက်ပြည့်အောင် ဆရာ့ကို အပ်ပြီးတာနဲ့ မင်းသားကြီးလည်း ဆရာက ခွဲပေးလိုက်တဲ့ ဓါးတစ်လက်၊ ငွေဖလားတစ်လုံး၊ ကြက်ရုပ်တစ်ရုပ် ပိုက်ပြီး ကနားခွဲတော့တာပဲ။ မင်းသားကြီး အောင်မင်းစိန် နတ်ကြီးကောက်တန်းပြည့် နတ်ကတော်ဘဝ ရောက်တော့ အချီအချော့ ကနားပွဲတွေမှာ ဦးစီးခွင့်ရပြီ။
မင်းသားကြီးအောင်မင်းစိန် ကနားစီးဖြစ်တော့ ဆိုင်းဆရာ ကိုကြာပွင့်၊ နတ်အဆိုတော် ချိုးဖြူခင်နဲ့ နတ်ဇာတ်ကြီး ဖွဲ့ရပြီပေါ့။ ဇယ်ကြီးတော့ ဒိုးကြီးကိုင်ရဆိုတာလို တက်လာတဲ့ စန်းနဲ့မှီအောင် ချဲ့ကြရပြီ။ မင်းသားကြီးရဲ့ နတ်ဟန် နတ်အက၊ ချိုးဖြူခင်ရဲ့ ဆူဆူဝေတဲ့ နတ်ချင်းသံ၊ ကိုကြာပွင့် ရဲ့ ဒစ္စကိုနတ်ဒိုးသံ တဗြောင်ဗြောင်ကို ဘယ်ကနားစီးမှ လိုက်မမီဘူး။ သည်တုန်းကတော့ ငါးအိုင်ဆေးခတ်သလို ပိုက်ဆံဆိုတာ ပွစာတက်လို့။
(၃)
" ကိုတက်ခါးရယ် မှီခိုစရာပ ဒီကိုလာပါတော့်။ ဟောဒီ မြိုင်သာတဲ့စခန်းမှာလှ၊ အခြေချပါတဲ့ မွေးမေဂျမ်းရဲ့ ဒေသရွာ၊ ကိုတက်ခါးရယ် မှီခိုစရာပ၊ ဒီကိုလာပါတော့်။ အမေဂျမ်းရဲ့ ကျားညီနောင် ကြောင်နှစ်ကွင်းရယ်နဲ့ ထဘီအသာထုပ် အစုတ်မကျန် ဘီးနဲ့မှန်ပါတော့် "
ချိုးဖြူခင်ရဲ့ အမေဂျမ်းနတ်ချော့သံက ခပ်စီစီ၊ နတ်ဒိုးသံက ခပ်ထီထီဆိုတော့ လိုက်ဖက်လွန်းလို့ နတ်ပွဲလာကြည့်ကြတဲ့သူတွေမှာ အမေဂျမ်း နတ်ချော့တဲ့ နတ်ကတော်ကိုတောင် စိတ်မရောက်ကြဘူး။ ဆိုင်းဝိုင်းနောက်မှာ မတ်တပ်ရပ်ပြီး သီချင်းဆိုနေတဲ့ ချိုးဖြူခင်ကိုပဲ ငေးကြတယ်။ ချိုးဖြူခင်က အသက်ငါးဆယ်ကျော်ဆိုပေမယ့် တံကောက်ရိုက်နေတဲ့ ဆံပင်ရှည်ကြီးကို နဖူးကလေး တင်းပြောင်နေအောင် ဖြီးပြီး နောက်တွဲဆံထုံးကြီး ချလိုက်လို့ ကောင်းလိုက်တဲ့ အသံနှယ်အေ၊ ကြား မကြားဖူးပေါင်ဆိုသူက များများ။ မျက်လုံးမျက်ဖန်ကောင်းကောင်း အသားဖြူဝင်းဝင်းဆိုတော့ ' မင်းသားကြီးအောင်မင်းစိန်မယားရယ် မပြောရဘူး၊ ဥပဓိကောင်းပါ့တော် ' လို့ ချီးမွမ်းကြတာလည်း အများကြီး။
အရပ်ထဲမှာ ကနားပွဲရှိသတဲ့၊ နတ်ကတော် အောင်မင်းစိန်တဲ့ဆိုတာနဲ့တင် သည်ကနား လူစည်ပြီသာမှတ်။ ကနားပွဲ ကြည့်လို့ကောင်းတာကလည်း တစ်ကြောင်း၊ အောင်မင်းစိန် နတ်ဟောတာ ဒက်ထိမှန်တယ်ဆိုတာကလည်း တစ်ကြောင်း ဆိုတော့ ကနားမှ ပေးမယ့်ကြံရင် မင်းသားကြီးအောင်မင်းစိန်ကိုခေါ်ပြီး ကနား အပ်လိုက်ကြတာများတယ်။
နတ်ပွဲချီကလည်း စိပ်လိုက်သမှ ပြက္ခဒိန်မလောက်ချင်ဘူး။ နတ်ပွဲရာသီ တပို့တွဲ၊ တပေါင်းဆိုရင် ယားလို့မှမကုတ်အားဘူး။ ပွဲလိုက်ရလွန်းလို့ နတ်ပုံတော်တွေ၊ ဆိုင်းဝိုင်းတွေ၊ နတ်ဝတ်နတ်စား သေတ္တာတွေဆိုတာ အိမ်ကို ခဏတဖြုတ် ကပ်ရတယ်မရှိပါဘူး။ ကနားတစ်ခွင်က တစ်ခွင် ကားနဲ့ကူး၊ လှည်းနဲ့ကူး ကူးသွားရုံပါပဲ။
မင်းသားကြီး ကနားကိုလာပြီဆိုရင် မြင်းလှည်းထိပ်မှာ ပုံ့ပုံ့ကြီး ထိုင်လိုက်လာတတ်တယ်။ မြင်းလှည်း ရှေ့ခုံမှာ မြင်းလှည်းသမားရယ်၊ နတ်ရုပ်တွေ ထိုးထိုးထောင်ထောင် ထည့်လာတဲ့ တောင်းကြီးတစ်တောင်းရယ်၊ မားမားကြီးပါလာတဲ့ အောင်မင်းစိန်ရယ်ဆိုတော့ ကြော်ငြာပြီးသား ဖြစ်ပါရော။
" လာပါပြီတော် ၊ ကိုအောင်မင်းစိန်တို့ "
နတ်ပွဲ အင်မတန်ကြိုက်တဲ့ အဘွားကြီးတွေဆို လမ်းပေါ်ထွက်ပြီး မြင်းလှည်းကို ပြူးပြူးကြီး ထွက်ကြည့်နေလိုက်ကြတာ မျက်တောင်မခတ်ဘူး။ မင်းသားကြီးရဲ့ နတ်စန်းက အဲသလောက်ကြီးတယ်။ နတ်စန်းကြီးသလို ရတဲ့ လာဘ်ကလည်း ကြီးပေါ့။ မြင်းခြံက မန္တလေးပြောင်းလာကာစက ကိုကြာပွင့်အိမ်မှာ ကပ်နေရတာထား။ မငွေတောင် နတ်နဲ့လက်ထပ်တော့ ဆိုင်းဆရာခမျာ အိမ်ပေါင်လိုက်ရတာ မနည်းရွေးယူရတယ်။ သို့ပေမယ့် မင်းသားကြီးက ကျေးဇူး မမေ့ရှာပါဘူး။ ရလာတဲ့ ပိုက်ဆံတွေနဲ့ မုဆိုးမ ဖဲ့ရောင်းတဲ့ မြေတစ်ကွက် ဝယ်၊ နှစ်ထပ် နံကပ်တိုက်ကလေး ဆောက်ပြီးတော့ ကိုကြာပွင့်တို့ မိသားစုကို တိုက်ပေါ် ခေါ်တင်တယ်။
" ဆရာ့ရှိတာ မင်းဥစ္စာပဲ၊ ကိုယ့်အိမ် ကိုယ်ယာလိုသာ နေကြထိုင်ကြ။ ဘာမှမပူနဲ့၊ မင်းကျေးဇူး ငါ့မှာရှိတယ်၊ တို့မှာလည်း သားထောက်သမီးခံ ရှိတာမှ မဟုတ်ဘဲကွယ် "
ကိုကြာပွင့်မှာက သားသမီး သုံးယောက်ရှိတယ်။ ကိုကြာပွင့်ဇနီး မတိုးကလည်း သွက်လက်ချက်ချာတော့ ဒေါ်ချိုးဖြူကလည်း သဘောကျတယ်။ သားသမီးမရှိတော့ မတိုးတို့ သားသမီးတွေကိုပဲ ကိုယ့်သားသမီး သဘောပြုပြီး ချစ်ရတယ်။
ရေမြင့်တော့ ကြာတင့်ဆိုသလို မင်းသားကြီး ကောင်းစားတော့ ကိုကြာပွင့်တို့မိသားစုပါ အဆင်တပြေဖြစ်ရတာပေါ့။ ဇာတ်မင်းသမီးဘဝတုန်းကတောင် နားကပ်တစ်ရန်က တစ်ရန်ကူးပြီး တူတူတန်တန် ဝယ်မဝတ်နိုင်တဲ့ ချိုးဖြူခင်တစ်ယောက် အခုတော့ ငါးကျပ်သားဘတ်ကြိုးကုံးကြီး ကုပ်ကျိုးအောင် ဆွဲနိုင်ပြီ။ လက်ကောက်တွေဆိုတာတော့ မပြောပါနှင့်တော့။ ကုလားမတွေလက်က ဖန်လက်ကောက်တွေလိုပဲ။ ကျောက်လက်စွပ် ရောင်စုံတွေကလည်း ဖြူဖြူပြာပြာ နီနီစိမ်းစိမ်းကိုး။
လင်သားက ယောက်ျားနတ်ကတော်ဖြစ်လာတော့ ချိုးဖြူခင်လည်း နတ်လက်ဆွဲပုံး ဖြစ်လာတော့တာပေါ့။ အိမ်က နတ်ခန်းဆိုရင် ခန်းလုံးပြည့် ကော်ဇောကြီး ခင်းလိုက်လို့။ ပုံတော်တွေဆိုတာလည်း ရွှေချထားတာပိန်းလို့၊ အထူး သဖြင့် ချိုးဖြူခင်က မငွေတောင်ပုံတော်ကို တရိုတသေ တယုတယ ရှိရှာတယ်။ ကိုယ့်လင်ကို ကောက်တဲ့ နတ်မိန်းမဆိုပေမယ့် လူလို နောက်မယားယူတာမျိုးမှ မဟုတ်တာဘဲ။ မကျေနပ်စရာ မရှိတဲ့အပြင် ကျေးဇူးတောင် တင်ရသေး။ မငွေတောင် ကျေးဇူးကြောင့် သည်ဘဝရောက်ရတာဆိုတော့ မယ်မင်းကြီးမ မ,ပေလို့သာကိုး။ သည်တော့လည်း တခြားနတ်ရုပ်တွေထက် မငွေတောင်ကို ဖူးဖူးမှုတ်ထားတာ မဆန်းဘူး။
မင်းသားကြီးကတောင် နတ်ကကောက်ထားတဲ့ လင်ရယ်လို့ ဘာသိဘာသာနေသေး။ ချိုးဖြူခင်က မနက်မိုးလင်းပြီဆိုတာနဲ့ နတ်ခန်းဝင်ရင်း မငွေတောင်ကို ချော့လိုက်သေးတာပါ။
" မျိုးနွယ်က ဖြိုးကြွယ်ဝသာယာလေ၊ တိမ်ပြာ မိလ္လာ ထိန်ဝါလေ ယှက်သန်း …. လှကျက်သရေဆောင် … မငွေတောင် မငွေတောင် စလွန်းတောင်သို့ လှမ်း "
(၄)
သည်ဘက်နှစ်တွေမှာတော့ မင်းသားကြီး အောင်မင်းစိန်ကိုယ်တိုင် နတ်ချီ နတ်ချော့အလုပ်က နားလိုက်ရပြီ။ လူက ချော့ချင်ပါရဲ့ ၊ စိတ်က ကချင်ပါရဲ့ ။ ခန္ဓာကိုယ်က ခွင့်မပြာတော့တာပါသလို ခေတ်ကလည်း ပြောင်းသွားခဲ့ပြီ မဟုတ်လား။ နတ်ကနားပေးမယ်ရယ်လို့ လူတွေလည်း အာရုံနည်းသွားကြာတာ အမှန်ပဲ။ ဟိုတုန်း ဟိုခါကလို တချိန်းချိန်းကဟယ်၊ ခုန်ဟယ်၊ ဆက်ဟယ်၊ သဟယ် မလုပ်နိုင်ကြတော့ဘူး။ သည်ကြားထဲ တပည့်ကျော် ကိုကြာပွင့်တို့ မိသားစုကလည်း လုပ်ကိုင်စားရတာ အဆင်မပြေလို့ ယောက္ခမများရှိတဲ့ ရွာမှာ ဒိုးတူပေါင်ဖက် လုပ်စားကြမဟဲ့ဆိုပြီး ထွက်သွားကြတော့ ဒေါ်ချိုးဖြူခမျာ ကလေးတွေ လွမ်းရာက အိပ်ရာထဲ ဗုန်းဗုန်းလဲလိုက်တာ တော်တော်ကုယူရတယ်။ ကိုယ့်ဝမ်းနဲ့ လွယ်မွေးရတာ မဟုတ်တော့လည်း ဈေးစပါး အဖျင်းများတယ် သဘောထားကြရတော့တာပါ။
ဆိုင်းဆရာ ကိုကြာပွင့်တို့ခမျာလည်း ဆရာနဲ့ ဆရာကတော်ကို ခွဲချင်လို့ ခွဲရတာမှ မဟုတ်ဘဲ။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို သူတို့မိသားစုဝန်က မင်းသားကြီးအပေါ် တက်နေမှာ စိုးရှာတာကလည်း ပါပါတယ်။ ဝါးစည်းဖြေချလိုက်သလို လူစုတွေကွဲသွားတော့ မင်းသားကြီးတို့လင်မယားလည်း ရှိတာလေး ထုခွဲစားလိုက်ကြတာ တတိတတိနဲ့ ငါးပိကျီးချီ ဖြစ်ကရော။
စီးပွားလျော့ချင်တော့လည်း အကြောင်း ခိုင်ခိုင်မာမာမရှိဘဲနဲ့ ကုန်တာမျိုး မဟုတ်လား။ တိုက်ကလေးရောင်း၊ ပျဉ်ထောင်အိမ်ကလေး ဆောက်၊ ပျဉ်ထောင်အိမ်ကလေး ရောင်း၊ ထရံအိမ်ကလေးဆောက် ဖြစ်ကြရှာတယ်။ ညွှတ်နေတဲ့ ရွှေတွေဆိုတာလည်း တဖြည်းဖြည်း ပဲ့လာလိုက်တာ လူနဲ့ နတ်ရုပ်ပဲ ကျန်တော့သာပဲ။ နတ်ခန်းတို့ ဓါတ်ခန်းတို့ ဝေးလို့ လူတောင် မနည်းနေရတဲ့ဘဝ ရောက်သွားတော့ နတ်တွေလည်း ချောင်တစ်ချောင်မှာ မြွေရေခွံအိတ်တွေနဲ့ နေကြရတယ်။
" မပူပါနဲ့ မချိုးဖြူရယ်၊ ကျုပ်ကို မငွေတောင် အိပ်မက်ပေးတယ်။ နတ်ဗေဒင် ဟောတဲ့ဗျာ။ သူ မ, မယ်တဲ့။ အိပ်မက်ထဲမှာ လှလိုက်ပုံများတော့အေ။ ကိုင်း ညည်းက လူသာရှာတော့။ ကျုပ်ဟောမယ် "
တစ်ရက် မင်းသားကြီးက မချိုးဖြူကို စကားစတယ်။ ဟောလည်း ဟောတာပါပဲ။ မင်းသားကြီး အောင်မင်းစိန် နတ်ဗေဒင်ဟောတဲ့ သတင်းကြားနဲ့ ဒုက္ခရောက်ကြသူတွေ လာကြတယ် ဆိုပေမယ့် ယတြာချေဖို့ ဖယောင်းတိုင်တောင် အနိုင်နိုင်တွေကိုး။ လုံးကြီးခဲရ ရတာမျိုး ဘယ်ရှိပါ့မလဲ။ မြို့သစ်လိုနေရာသစ်မှာ လူသစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရတာရော၊ နတ်ဗေဒင် အယုံအကြည် နည်းလာကြတာရောဆိုတော့ မင်းသားကြီးအောင်မင်းစိန်ကို လူတွေက မေ့ကုန်ကြပြီ။ ဒေါ်ချိုးဖြူခင်ကလည်း တခြားနတ်ရုပ်တွေကိုသာ အိတ်ထဲ ထည့်ချုပ်ထားတာပါ။ မငွေတောင်ကိုတော့ ပသတာ မပျက်ဘူး။ အမွှေးဆက် မပျက်ဘူး၊ မငွေတောင် နတ်ချော့အဆို မပျက်ဘူး။
တစ်ရက်တော့ သူတို့မျှော်နေတဲ့ကား ရောက်လာတယ်။
" ဟော ကိုအောင်စိန်ရေ ပေါ်လာပါပြီတော်၊ တော်မျှော်နေတဲ့ကား "
ဒေါ်ချိုးဖြူက လင်သားကိုအော်ရင်း တံခါးပြေးဖွင့်တယ်။ သျှောင်တစောင်းကြီးနဲ့ ဦးအောင်စိန်ကတော့ အိမ်ရှေ့ကပြင်မှာ ပုံ့ပုံကြီးထိုင်ရင်း ဧည့်သည်တွေကို ဧည့်ခံတယ်။ ပြီးမှ အိမ်ထောင့်က နတ်ရုပ်ထုပ်ကြီးဖွင့်ပြီး တစ်ရုပ်ချင်း ပြတော့တာပါ။ ကားနှင့်လာတဲ့ မိန်းမတွေက တစ်ပုံချင်းစီ ကြည့်တယ်။ ဖုန်တွေတက်နေလို့ဆိုပြီး ဒေါ်ချိုးဖြူက ပုဆိုးဟောင်းနဲ့ ခါခါပြီး ထောင်ထားလိုက်တာ မနည်းဘူး။ မင်းသားကြီးတောင် နတ်ရုပ်တွေနဲ့ ရောသွားတော့တာပါ။
" တစ်ခုတော့ရှိတယ် မာမီသိန်းရယ်။ မငွေတောင်တော့ ကျွန်မတို့ ထည့်မရောင်းပါရစေနဲ့ "
နတ်ရုပ်လာကြည့်တဲ့ မိန်းမတွေက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြတယ်။
" အဲသလိုတော့ မဟုတ်ဘူးလေ ဒေါ်ချိုးဖြူရဲ့ ။ နတ်စုံပင့်ချင်တာပါ ဆိုမှတော့ မငွေတောင် ချန်ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ "
မငွေတောင်မှ ထည့်မရောင်းရင် နတ်တစ်ပြုံလုံး မယူတော့ဘူးဆိုတဲ့ လေသံကို ဇာတ်ကလာတဲ့ ဒေါ်ချိုးဖြူ သိတာပေါ့။ မငွေတောင်ကြောင့် ဈေးပျက်မှာစိုးတာက တစ်ကြောင်း၊ လင်သားဖြစ်သူနဲ့ လက်ထပ်ထားတဲ့နတ် ဆိုတာက တစ်ကြောင်းဆိုတော့ ဝေခွဲရခက်နေတယ်။ ဒါနှင့် မင်းသားကြီးကို လှမ်းကြည့်တယ်။ ကျုပ်တော့ မပြောတတ်တော့ဘူးဆိုတဲ့ ပုံနှင့် ကြည့်တာပါ။
မင်းသားကြီးကတော့ သည်နတ်တွေ အိမ်ကထွက်သွားရင် ပြီးတာပဲဆိုတဲ့ မျက်နှာနဲ့ ဒေါ်ချိုးဖြူကို တစ်ချက်လှမ်းကြည့်ပြီး ခွင့်ပြုတယ်။
"ထည့်သာပေးလိုက်ပါအေ၊ ဝယ်သူများခမျာ ပြည့်စုံမှလည်း ကောင်းပါတယ်။ ကနားတစ်စုံစာ မပြည့်တော့ ခမျာများ ဘက်ပဲ့နေမှာပေါ့ကွယ် "
သည်စကားကို ကြားတော့ ဒေါ်ချိုးဖြူက ထိတ်ခနဲ ပျာသွားတယ်။ ဘယ့်နှယ် မငွေတောင် ပုံတော် ရောင်းရမှာလဲ။ ကိုယ်နဲ့လက်ထပ်ထားတဲ့ နတ်များ အနှမျောမရှိ၊ သံယောဇဉ်မရှိ၊ ခွင့်ပြုနေပါရောလား။ ကံအလှည့်မသင့်လို့ ဆင်းရဲသွားပေမယ့် မ,တုန်းက မ,ခဲ့တဲ့ နတ်မဟုတ်လား။
" မငွေတောင်ကို ပြောနေတာ ကိုအောင်စိန်ရဲ့ "
" အေးပါ ၊ ထည့်ပေးလိုက်ပါ "
သည်လိုနှင့် မငွေတောင်လည်း နတ်ရုပ်တွေနဲ့ရောလို့ ကားပေါ်ပါသွားလေရဲ့ ။
(၅)
နတ်ရုပ်တွေတင်ထားတဲ့ ကားထွက်သွားတော့ ဒေါ်ချိုးဖြူက ငိုတယ်။
" တခြားနတ်ရုပ်တွေ ကျုပ် မမက်ပါဘူးတော်၊ မငွေတောင်ကိုတော့ တော် ရောင်းရက်လိမ့်မယ် မထင်ဘူး။ တော် ရက်စက်လှချည်လား ကိုအောင်စိန်ရဲ့ " လို့ အော်အော်ငိုတာ ရက်ကွက်အဖျားကတောင် ကြားရလောက်တယ်။
မင်းသားကြီး ဦးအောင်မင်းစိန်ကတော့ ဘာမှ မပြောပါဘူး။ မျက်ခွံပိတ်ကြီးနဲ့ ထိုင်နေတာပါပဲ။ ဒေါ်ချိုးဖြူ အငိုတိတ်မှ ပြောရှာတယ်။
" မငွေတောင်ကို ငါတောင် မစွဲဘဲ ညည်းက ဘာကြောင့်စွဲနေရတာတုန်း မချိုးဖြူရဲ့ ။ မငွေတောင်ရှိနေသရွေ့ ငါတို့ နတ်ကျင်းထဲက ရုန်းနိုင်မှာ မဟုတ်ဘူး။ ရှိတာလေး ထုခွဲပြီး ငါလည်း ရဟန်းဘဝ ခံယူချင်ပြီ။ ညည်းလည်း စဉ်းစားတော့”
မင်းသားကြီးစကား ကြားတော့ မင်းသမီးကြီး ချိုးဖြူခင် လင်သားကို မော့ကြည့်တယ်။ ဘဝတစ်လျှောက်လုံး ပါရမီဖြည့်ကျင့်ခဲ့ရတဲ့ သူ့ယောက်ျားကို အခုမှ ပိုကြည်ညိုလာရတယ်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့ ။ သူတို့မှာ လင်ကိုယ်မယား နှစ်ယောက်တည်းနှင့် လုပ်ကိုင်စားရတာ ပင်ပန်းလှပြီပဲ။ အသက်တွေလည်း ရလှပြီမဟုတ်လား။ ဘဝမှာ ဇာတ်ကရတာနှင့်၊ နတ် ကရတာနှင့် ပြီးလို့လည်း မဖြစ်သေးဘူးကိုး။ စဉ်းစားစရာ မလိုတော့ပါဘူး။ သူ့စိတ်ထဲရှိတာ ပြောလိုက်တာပါပဲ။
“တော် ရဟန်းဝတ်ရင် ကျုပ်ကလည်း ဘိက္ခုနီမ လုပ်ရုံပေါ့ ကိုအောင်စိန်ရယ်။ အပါယ်တံခါးပိတ်ဖို့ အချိန်မီကောင်းပါရဲ့”
-----------------------
ခင်ခင်ထူး
ပန်းအလင်္ကာမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၀၈။
Crd :Original Uploader
#ခင်ခင်ထူး #နတ်ကြီးကောက်
#တမာသားလေးမှတ်စု #စာပေရိပ်မြုံ #ဝတ္ထုတို
Leave a Comment