တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၆) (မောင်စိန်ဝင်း-ပုတီးကုန်း) - တမာသားလေးမှတ်စု

တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၆) (မောင်စိန်ဝင်း-ပုတီးကုန်း)


  “ဟာ .. အစ်ကို”

အဆောင်ဝက အထွက်မှာ ထိုးရပ်လာသည့် ကားပေါ်၌ အစ်ကို့ကို ရတာတွေ၊ လက်လှမ်းမြင်သည်။

“မင်း . . . ကျောင်းသွားမှာလား”

“ဟုတ်တယ် . . . အစ်ကို”


စက်ရုံအသွားမှာ အစ်ကို သူ့ဆီဝင်လာတာမှန်းသိ၏။


“လာကွာ .. တစ်နေရာ သွားရအောင် ၊ လက်ဖက်ရည်ဆိုင်တစ်ဆိုင်.ဆိုင်ပေါ့”


ကားထဲဝင်ထိုင်လိုက်သည်။


“မင်း ကျောင်းနဲ့လဲ နီးနီးနားနား စမိုင်းလ်ကို သွားရအောင်” 


“အစ်ကို သဘောပဲ"


အဆောင်ရှေ့မှ ကားကွေ့ထွက်ခဲ့သည်။


 “မမကေသီ နေကောင်းလား "

 

မီးပွိုင့်မှာ ကားရပ်နေစဉ် အစ်ကို့ကို လှည့်မကြည့်ဘဲ မေးလိုက်၏။ အစ်ကိုက ရုတ်တရက် သူ့ဘက်လှည့်ကြည့်တာ သိလိုက်သည်။ ပြီးမှ မျက်နှာ ကို တူရှုလှည့်လိုက်ရင်း .“ကောင်းပါတယ်” ဟု အသံပြတ်နှင့် ပြောသည်။


စမိုင်းလ် ခြံဝင်းထဲသို့ ကားထိုးဝင်သည်အထိ အစ်ကို ဘာတစ်ခွန်းမျှမပြောတော့ ။ မမကေသီနှင့် ပတ်သက်၍ အစ်ကို ပြဿနာတစ်ခုခု ဖြစ်လာ ပြန်ပြီဟု နားလည်လိုက်သည်။ အစ်ကို့မျက်နှာက ခါတိုင်းနှယ် မရွှင်မလန်း။ သစ်ရိပ်အောက်မှ ခုံအပုလေးမှာ ဝင်ထိုင်ရင်း မင်း ဘာစားမလဲဟုအစ်ကို မေးသည်။


“လက်ဖက်ရည်ပဲ သောက်မယ်”


အနားလာရပ်သည့် ကောင်လေးတစ်ယောက်ကို . “ကော်ပြန့်သုပ်တစ်ပွဲ ၊ လက်ဖက်ရည် ချိုပေါ့ကျ တစ်ခွက်” ဟု အစ်ကို မှာ၏။


ပြီးတော့ အင်္ကျီအိတ်ထဲက မာလ်ပိုလို စီးကရက်ဘူးကို ထုတ်၍ တစ်လိပ်ယူသည်။ သူ့ရှေ့မှာ ဆေးလိပ်ဘူးကို ချပေးလိုက်၏။ မီးညှိပြီး ဖွာရှိုက် လိုက်ပုံမှာ သာမန်ထက်ပို၍ ပြင်းသလို ထင်၏။စီးကရက်တစ်လိပ်ကို ထုတ်ယူရင်း သူ မီးညှိဖွာလိုက်စဉ်မှာပင် . . .


"ကေသီနဲ့ ငါ စကားပြောရတယ်”ဟု အစ်ကို့နှုတ်က အသံထွက်လာသည်။


အစ်ကို့မျက်နှာကို စူးစိုက်ကြည့်ရင်း နားထောင်နေမိ၏။


"သူ့ အမျိုးသားနဲ့က ရုံးချင်းလဲ နီးနေတော့ မပြတ်ကြဘူး၊ ကင်တင်း မှာ ထိုင်နေတုန်း ငါရောက်သွားတယ်၊ ငါ့ကိုတောင် ကေသီက မိတ်ဆက်ပေးလိုက်သေးတယ်၊ အိမ်ရောက်လို့ စကားများကြတော့ အသိမိတ်ဆွေတွေအနေဆိုင်ထိုင်တာလောက်ကို ငါက ခွင့်လွှတ်ရမယ်တဲ့”


စကားကို ဖြတ်ရင်း စီးကရက်ပြာတောင့်ကို ခြွေသည်။


“မင်း . . . စဉ်းစားကြည့် ဗညား၊ ယောက်ျားတိုင်းနဲ့ ငါက လိုက်ပြီး ... သဝန်တိုနေတာ မဟုတ်ဘူး၊ ဒီကိစ္စကိုတော့ ငါ ခွင့်လွှတ်လို့ မရဘူး၊ အဲဒီညပဲ သူ့မိဘတွေဆီသွားပြီး ငါက အကျိုးအကြောင်း ပြောပြလိုက်တယ်”


“သူတို့က ဘာပြောလဲ”


“သူတို့ကတော့ မင်းတို့ လင်မယားကိစ္စ မင်းတို့ဘာသာ ရှင်းကြလို့ ပြောတာပေါ့ သူတို့ပြောတာ မှန်ပါတယ်”


“မမကေသီကရော”


အစ်ကိုရှေ့မှာ အကြမ်းပန်းကန်ထဲကို ရေနွေးနည်းနည်းထည့်ပြီးလက်ဖြင့် ပွတ်သပ်ဆေးနေခိုက်မှာ မေးလိုက်သည်။


 “နောက်ဆုံးတော့ ကွာရှင်းဖို့ ပြောကြတာပေါ့”


ကျင်းထားသည့် ရေနွေးကို ပတ်လိုက်ရင်း အစ်ကို့မျက်နှာဆီ အကြည့်ရောက်၏။


“အစ်ကို မစဉ်းစားတော့ဘူးလား”


“ဘာကိုလဲ”


သူ့ကို ကြည့်ရင်းမေးသည်။


“အစကတည်းက မိဘစိတ်ချမ်းသာအောင် အစ်ကို မိဘစိတ်ကြိုက်အိမ်ထောင်ပြုခဲ့တာပဲ ၊ အခုလို ကသိကအောက်ဖြစ်ရင် အစ်ကို မိဘတွေ ဘယ်လိုလုပ် စိတ်ချမ်းသာပါ့မလဲ”


ပြောရင်း အစ်ကို မျက်နှာကို ကြည့်သည်။


“ငါလဲ တတ်နိုင်သလောက် သည်းခံနေတာ မင်းအသိဆုံးပဲလေ ၊ဒီထက်တော့ စိတ်ညစ်မခံနိုင်တော့ဘူး ၊ ဖေဖေတို့ မေမေတို့ကိုလဲ ငါရှင်းပြပြီးအကျိုးအကြောင်း စာရေးမယ်”


အစ်ကိုက မမကေသီနှင့် ကွာရှင်းရန် ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်းနားလည်လိုက်၏။


“မမကေသီကရော”


ရောက်လာသည့် ကော်ပြန့်သုပ်ပန်းကန်ကို အစ်ကို့ရှေ့မှာချရင်းလက်ဖက်ရည်ခွက်ကို လှမ်းယူသည်။ တူကို ယူလျက် ပဝါဖြင့် သုပ်နေရင်း . . .


“သူကလဲ ဘာမှ ခံစားနေရပုံ မရှိပါဘူး၊ ဒါပေမယ့် ငါက စပြီးကွာပေးဖို့ပြောတော့ သူက ပစ္စည်းစကားပြောတယ်”


အစ်ကိုဆက်ပြောမည့် စကားကို နားစွင့်နေလိုက်မိသည်။


“အခုနေတဲ့ ခြံနဲ့ အိမ်ကို သူ့နာမည်နဲ့ လွှဲပေးခိုင်းတယ်၊ သူ့လက်ဝတ် လက်စားလဲ ပါတာပေါ့"


“ခြံနဲ့ အိမ် လွှဲပေးဖို့ဆိုတာက ဘယ်တရားမလဲကွာ ၊ မင်းပဲ စဉ်းစား ကြည့် ၊ ရှိတဲ့ ပစ္စည်း တရားသဖြင့် ဝေခွဲယူတာမျိုး ငါ လက်ခံတယ်"


“ကျွန်တော်တော့ ဘာမှ မပြောချင်ဘူး အစ်ကို၊ ကျွန်တော့် သဘောကတော့ ပြန်ပြီး အဆင်ပြေစေချင်တာပါပဲ"


ပြောအပြီးမှာ လက်ဖက်ရည်ခွက်ကို ယူပြီးတစ်ကျိုက်သောက်သည်။ 


“အဆင်ပြေဖို့တော့ မရှိတော့ပါဘူး၊ ဒါပေမယ့် ကွာရှင်းဖို့ကတော့မပြီးမပြတ်ဖြစ်နေတော့တာပေါ့၊ သူ့ဘက်ကလဲ မလျှော့ဘူး ၊ ကွာရှင်းချင်ရင် သူတောင်းတာပေးပေါ့ "


စီးကရက်ကို ထိုးခြေရင်း အစ်ကိုပြောနေတာကို ငေးကြည့်နေမိ၏။


 “နောက်ပြီး မင်းကို တစ်ခုပြောမလို့ အစ်ကို အလုပ်ပြောင်းရမယ်”


“ဘာကိုလဲ”


"မေမြို႔ သံစီမံကိန်းကို"


“ဘယ်တော့လဲ အစ်ကို”


“အော်ဒါ အောက်ပြီ ၊ဒီစက်ရုံက လွှဲစရာရှိတာ လွှဲပြီးရင် ပြောင်းရ မယ်ပိုက်ဆံတော့ ဟိုကပဲ လစဉ် မင်းဆီပို့ပေးမယ်”


“အဲဒါက အကြောင်းမဟုတ်ပါဘူး အစ်ကို၊ အခုဆို ကျွန်တော့်အတွက်တော့ ကျွန်တော် စားလောက်ရုံ ရှာလို့ရတယ်”


“ဘယ်ဟုတ်မလဲကွာ” 


အခုလည်း အစ်ကို သူ့ကို မုန့်ဖိုးဆိုပြီး ပေးနေကျပင်။ အစ်ကိုပေးသည့် ပိုက်ဆံတို့ဖြင့် သူ စာအုပ်ရင်းနိုင်ခဲ့သည်ပဲ။


“ငါလဲ နယ်သွားမှာဆိုတော့ ကွာရှင်းဖို့ကိစ္စကတော့ ဒီအတိုင်း တန်းလန်းဖြစ်နေဦးမှာပဲ ၊ ကေသီကတော့ ငါလဲ မရှိဘူးဆိုတော့ အကြိုက်တွေ့နေလိမ့်မယ်"


ပြောရင်း သူ့ကို ကြည့်သည်။ သူဘာမှ ပြန်မပြောမိ။


ကျွန်တော့အတွက်တော့ ဘာမှ နောက်ဆံမတင်းပါနဲ့ အစ်ကို ၊အရာရာ စိတ်ချပါ"


အစ်ကို့ကို ကြည့်ရင်း သူပြောလိုက်မိသည်။


စိတ်ပင်ပန်းသည့်ဒဏ်ကြောင့်လား မသိ။ အစ်ကို့မျက်နှာ ချောင်ကျ သွားမှန်း သတိထားလိုက်မိသေးသည်။


•••••••••

    ( ၅ )

ရန်ကုန်တွင် အစ်ကို မရှိဟော့ပါလားဆိုသည့် အသိက မိမိကိုယ် မိမိ ပို၍ အထီးကျန်ဆန်သွားသလို ခံစားရပြန်သည်။ တင်ထွန်းမြင့်က မင်း အစ်ကို လာသေးလားမေးသည့်အခါ အလုပ်များနေလို့ထင်တယ် မရောက်ဘူး ဟု သူဖြေသည်။ နယ်ပြောင်းသွားတာတွေ ဘာတွေ ပြောမနေချင်တော့။ နယ်ပြောင်းသွားတယ်ဆိုရင် အိမ်ပြန်နေဖို့ ကောင်းတာပေါ့။ အိမ်မှာ ဘယ်သူ ရှိလို့လဲ၊ အိမ်ကို ပိတ်ထားရမှာပေါ့ သဖြင့် စေတနာစကားတွေဖြင့် တင်ထွန်းမြင့် ပြောနေလေဦးမည်။ တင်မေကျော်ကတော့ ဘာမှမမေး။ ဘယ်သူပဲ မေးမေး အစ်ကို ရန်ကုန်မှာ ရှိနေသလိုပင် ခပ်ပေါ့ပေါ့ ဖြေဖို့ သူ စဉ်းစားထားလိုက် သည်။


လက်ဖက်ရည်ဆိုင်ရှေ့မှာ လာရပ်သော ရုံးကားတစ်စီးကို ကြည့်ရင်း အစ်ကို့ဆီ အတွေးက ရောက်သွားပြန်သည်။အစ်ကို့ကို သတိတရဖြစ်မိပြန် သည်။


“ဘာ ငေးနေတာလဲ ဗညား"


 တင်ထွန်းမြင့် အသံကြားမှ စကားဝိုင်းဆီသို့ အာရုံက ပြန်ရောက်၏။


“နင့်ကြည့်ရတာ ငေးတိငေးငိုင်နဲ့”ဟု မူမူက ဝင်ပြော၏။


“ကျန်းမာရေးလဲ ဂရုစိုက်ပေါ့ ဗညားရယ် ၊ နင် အိပ်ရေးပျက်လို့လား” 


တင်မေကျော်ကို ပြုံးပြလိုက်မိရင်း . .


"ဟုတ်တယ် . . ညက စာဖတ်တာ မိုးလင်းခါနီးသွားတယ်”ဟု ပြန်ဖြေလိုက်သည်။ 


“ဪ ... ငါပြောဖို့ မေ့နေတယ် ၊ ဒိုင်းခင်ခင် ဖတ်ပြီးသွားပြီဗညား"


“ကြိုက်တယ် မဟုတ်လား”


“ကြိုက်တယ် ၊ သူ့အကြောင်းအစုံအလင်က အဲဒီအထဲမှာမှပါတယ်"


“ဟုတ်တယ် သူကတော့ ဒိုင်းခင်ခင် အကြောင်း သက်သက်ရေးထားတာ ပြည့်စုံတာပေါ့"


တင်မေကျော်တို့ ကြည့်ရင်း ပြောလိုက်၏။


“ဘာလဲ တောင်သမန်လယ်စား မောင်ဖေငယ်နဲ့ ဒိုင်းခင်ခင်အကြောင်းလား"


ဟု တင်ထွန်းမြင့်က မေးသည်။


"ဟုတ်တယ် မင်း ဖတ်ဖူးလား"


တင်ထွန်းမြင့်က ခေါင်းကို ခါသည်။


“နားစွန်နားဖျားသာ ကြားဖူးနေတာ ၊ အသေအချာ မသိဘူး၊ နင်တို့လို ဖတ်လဲမနေနိုင်ဘူး၊ ပြောစမ်းပါဦး ဗညား”


မူမူက ဝင်ပြောလိုက်သည်။ 


“သူ ဖတ်ပြီးပြီ ၊ သူ့ကို ပြောခိုင်း” 


တင်မေကျော် ဘက်လှည့်ပြီး ပြောလိုက်၏။


“နင် ပြောပြလိုက်ပါဟာ ငါက အသေအချာ မပြောပြတတ်ဘူး”


ဟု တင်မေကျော်က သူ့ဘက်ကို တွန်းပို့သည်။


“လုပ်ပါကွ ပြောစမ်းပါ”


တင်ထွန်းမြင့်က ထပ်ပြောပြန်၏။


“ဇာတ်လမ်းကို အကျဉ်းချုပ် ပြောရရင်တော့ ဘာမှမရှိပါဘူး၊ မောင်ဖေငယ်နဲ့ သီပေါနဲ့ ဒိုင်းခင်ခင်တို့ ဇာတ်ပေါ့ကွာ၊ မောင်ဖေငယ်ဆိုတာက ရွှေကူမင်းသားရဲ့ မြေးကွ ၊ ဒိုင်းဝန်မင်းက ဦးဘိုးကြီးတဲ့ ၊ သူတို့က သားထောက် သမီးခံ မရှိဘူး၊ မောင်ဖေငယ်ကို အရမ်းချစ်တယ်၊ သားအဖြစ် မွေးစားဖို့ တောင်းတော့ မောင်ဖေငယ်ရဲ့ မိဘတွေက အးအပိုင် မပေးဘူး ၊ ဒါနဲ့ နောက်တော့ ဒိုင်းဝန်မင်းကြီးကတော်ရဲ့ မောင်အရင်းက မွေးတဲ့ ခင်ခင်ကြီးကိုပဲ သမီးအဖြစ်နဲ့ မွေးစားလိုက်တယ်၊ မောင်ဖေငယ်ကလဲ ဒိုင်းဝန်မင်း အိမ်မှာ အနေများတော့ ငယ်ငယ်လေးကတည်းက မောင်နှမလို အရမ်းရင်းနှီးပြီး သံယောဇဉ်ရှိသွားတာပေါ့ ၊ နောက်တော့ မောင်ဖေငယ်က ခင်ခင်ကြီးကို ချစ်တယ်၊ ဖွင့်မပြောဘူး၊ ဒိုင်းဝန်လင်မယားကလဲ ခင်ခင်ကြီး ကြီးလာရင် မောင်ဖေငယ်နဲ့ ပေးစားမယ်ပေါ့။ အဲဒီအချိန်မှာပဲ သီပေါနန်းတက်လာရော"


စကားကို ဖြတ်ပြီး ဆေးပေါ့လိပ်ကို မီးညှိဖွာသည်။


“သီပေါရယ် ၊ ရနောင်မောင်မောင်တုတ်ရယ်၊ မောင်ဖေငယ်ရယ်အဲဒီသုံးယောက်က ငယ်သူငယ်ချင်းတွေ မဟုတ်လား”


တင်ထွန်းမြင့်က စကားထောက်သည်။


“ဟုတ်တယ် ... ငယ်သူငယ်ချင်းတွေ၊ သီပေါနန်းတက်တော့ သူတို့လဲ နေရာကောင်းရကြတာပေါ့ ၊ အရှိန်အဝါကြီးလာတာပေါ့ကွာ ၊ ရနောင် မောင်မောင်တုတ်ဆိုရင် ဘုန်းသိပ်ကြီးသွားတာပေါ့” 


"နေဦး…ဗညား ၊ ခင်ခင်ကြီးက အဲဒီအချိန် နန်းတော်ထဲမရောက်သေးဘူးပေါ့”


မူမူက ဝင်မေးသည်။


“မရောက်သေးဘူး၊ ဒိုင်းဝန်မင်းအိမ်မှာပဲ ရှိနေသေးတယ်”


ဟု တင်မေကျော်က ဝင်ဖြေ၏။


“ဘယ်လိုလုပ် နန်းထဲ ရောက်လာတာလဲ” 


“နေဦးလေကွာ မလောနဲ့ ၊ ပြောမှာပေါ့”


တင်ထွန်းမြင့်ကို လှမ်းပြောရင်း ဗညားက ဆေးလိပ်ကို ဖွာသည်။ပြီးမှ . . . .


“သီပေါနန်းတက်ပြီးတော့ နေပြည်တော်မှာ ကျောက်ရောဂါဖြစ်ရော၊ ကျောက်ရောဂါနဲ့ပဲ သီပေါနဲ့ စုဖုရားလတ်ရဲ့ သားတော်လေးက လသားနဲ့ သေသွားရတယ် ဒါနဲ့ အလှူအတန်းလုပ်ဖို့ ထီးဆောင်းမင်္ဂလာအခမ်းအနား လုပ်ဖို့ စီစဉ်ကြတယ်၊ သီပေါနန်းတက်ပြီးပေမယ့် အဲဒီလို ထီးဆောင်းမင်္ဂလာ လုပ်ပြီး မြို့ကို လှည့်ပတ်ဘိသိက် အသွန်းမခံရသေးဘူးတဲ့ကွ”


“သီရိပဝေသနာ ဘိသေကဘိသိက်ကို ခေါ်တယ်၊ ဟုတ်တယ်နော် ဗညား"


တင်မေကျော်က စကားထောက်ပေး၏။


“အင်း . . . ဟုတ်တယ်ထင်တယ် ၊ ငါမေ့နေပြီ”


“ကဲ . . . ဆကျပါဦး”


“အဲဒီ အခမ်းအနားမှာ ဘိသိက်တော်ဆက် ကညာခင်လုပ်ဖို့ လူလို လာတယ်”


“ဘာလဲ ဘိသိက်တော်ဆက် ကညာခင်ဆိုတာ”


“မင်းကလဲကွာ ၊ ဘိသိက်သွန်းတဲ့အခါမှာ ဘိသိက်ရေကို ဘိသိက် ပန်းတို့ ထည့်တဲ့ ဖလားကို ကိုင်ဖို့အတွက်ပေါ့” 


“ဟုတ်ပြီ . . . ဟုတ်ပြီ” 


"အဲဒီကိစ္စအတွက် အပျိုတော်ရှာဖို့ မောင်မောင်တုတ်နဲ့ မောင်ဖေငယ် ကို စုဖုရားလတ်က တာဝန်ပေးတယ်တဲ့ ၊ နန်းတော်ထဲက မင်းသမီးတွေ အပျို တော်တွေကို မကြိုက်လို့တဲ့” 


 “ဒါနဲ့ ခင်ခင်ကြီးကို ရွေးလိုက်တာပေါ့"


“ဟုတ်တယ် မူမူ ၊ ခင်ခင်ကြီးက အရည်အချင်းလဲ ပြည့်စုံတယ်ပေါ့၊ ချောတာလှတာလဲ ဘာမှ ပြောစရာမရှိဘူး၊ ဒီလို အခွင့်အရေးရတုန်း ပွဲထုတ် ရမယ်ဆိုတဲ့ သဘောနဲ့ ခင်ခင်ကြီးကို ရွေးလိုက်တာပဲပေါ့ ၊ ဒီပွဲမျိုးမှာ မိဖုရားကြီး ကလဲ သဘောကျပြီး အပျိုတော်အဖြစ် သတ်မှတ်လိုက်ရင် နန်းထဲချက်ချင်း ရောက်သွားနိုင်တာပေါ့ကွာ” 


“တိုတိုပြောရရင်တော့ကွာ ... အဲဒီပွဲမှာပဲ ခင်ခင်ကြီးကို သီပေါ ကလဲ သတိထားမိတယ်၊ စုဖုရားလတ်ကလဲ သတိထားမိတယ်၊ သီပေါကတော့ ခင်ခင်ကြီးကို ကြိုက်သွားတယ်ပေါ့ ။ မိဖုရားကြီးကတော့ ခင်ခင်ကြီးကို သူ့အပါး မှာ ခစားဖို့ အပျိုတော်တစ်ယောက်အနေနဲ့ သဘောတွေ့သွားတာပဲပေါ့၊ အခမ်း အနားလဲပြီးရော ခင်ခင်ကြီးကို မိဖုရားကြီးက သူ့အပါးမှာ ခစားဖို့ ခေါ်လိုက် တော့တာပဲ ၊ ခင်ခင်ကြီးအတွက် အားလုံးက ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတာ ပေါ့ကွာ"


“အချီးအမြှောက်ခံလိုက်ရတဲ့ သဘောပေါ့"


“အင်းပေါ့”


“နောက်တော့ကွာ အတိုချုပ်ပြောရရင် သီပေါကလဲ မောင်မောင်တုတ်နဲ့ မောင်ဖေငယ်ကို ခေါ်ပြီး ခင်ခင်ကြီးကို မြောက်နန်းမိဖုရား မြှောက်ချင် တယ်ဆိုတာ ခေါ်တိုင်ပင်တော့တာပဲ"


“ခဏနေဦး ဗညား ၊ မောင်ဖေငယ်နဲ့ ခင်ခင်ကြီးက ချစ်သူဘဝ ရောက်ပြီလား”


မူမူက စကားဖြတ်မေးလိုက်သည်။ 


“မရောက်သေးဘူး မူမူ ၊ ဒါပေမယ့် မောင်ဖေငယ်ကမူ သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ခင်ခင်ကြီးလဲ ရိပ်မိတယ်၊ မောင်ဖေငယ်က ဖွင့် တော့ မပြောသေးဘူး”


“ဒါဆို “ဒါဆို .. သီပေါက အခုနလို မိဖုရားမြှောက်ဖို့ ပြောလိုက်တော့ မောင်ဖေငယ် အရမ်းခံစားရမှာပဲနော်” 


“မူမူပဲ စဉ်းစားကြည့်လေ ၊ ဘယ်လောက်ခံစားရမယ်ဆိုတာ သူငယ် ချင်းဆိုပေမယ့် သီပေါက ဘုရင်ဖြစ်နေတော့ သူ့ရင်ထဲရှိတာလဲ သူ့ဘယ်ပြော ရဲပါ့မလဲ ၊ နောက်ပြီး နောက်တစ်ချက်က သူနဲ့ ယူလိုက်တာနဲ့ စာရင် သီပေါနဲ့ ဆို ခင်ခင်ကြီး မြောက်နန်းစံမိဖုရားကြီး ဖြစ်မယ်ဆိုတဲ့ အတွေးလဲပါတယ်၊ သူ့ ချစ်သူ မိဖုရားကြီးဖြစ်ပြီး ကောင်းစားစေချင်တဲ့ စိတ်နဲ့ ဘုရင်ရဲ့ အာဏာကို မဖီဆန်ရဲတဲ့စိတ် ၊ အဲဒီစိတ်နှစ်ခုနဲ့ မောင်ဖေငယ်က ခင်ခင်ကြီးကို အောင်သွယ် လုပ်ပေးရတော့တာပေါ့"


“ခင်ခင်ကြီး ဘက်ကရော”


တင်ထွန်းမြင့်က မေးသည်။


“ခင်ခင်ကြီးက ကြောက်တယ် ငြင်းတယ် ၊ ပြီးတော့ မောင်ဖေငယ် သူ့ကို ပြောနေတုန်းမှာ ဘယ်လိုခံစားနေရတယ်ဆိုတာကို ရိပ်မိတယ် ၊ ဒါပေမယ့် ခင်ခင်ကြီးကလဲ ဘုရင့်အမိန့်ကို မလွန်ဆန်ရဲဘူးပေါ့"


တင်ထွန်းမြင့် ဘက်လှည့်ပြီး တင်မေကျော်က ပြောလိုက်သည်။


“ဒါဆို . . ခင်ခင်ကြီးက သီပေါကို ကြိုက်လို့တော့ မဟုတ်ဘူးပေါ့" ဟု မူမူက မေးသည်။


“ဘာသံယောဇဉ်မှ မရှိခဲ့ဖူးတာပဲ ၊ ဘယ်ကြိုက်မလဲ၊ ကြောက်လို့သာ သွားတွေ့ရတာ ၊ ဒါပေမယ့် နောက်တော့ ခင်ခင်ကြီးက သီပေါကို အရမ်းစွဲလမ်းသွားတယ်” 


“သီပေါကို စွဲလမ်းသွားတယ် . . . ဟုတ်လား”


“ဟုတ်တယ် မူမူ ၊ ခင်ခင်ကြီးအတွက်တော့ သီပေါဟာ အချစ်ဦးဖြစ်သွားတာပေါ့”


ဟု မူမူ့ကို ကြည့်ရင်း ဗညားက ပြောလိုက်၏။


“နောက်ဆုံးတော့ စုဖုရားလတ် သိသွားတယ် ဆိုပါတော့”


“ဘယ်လို သိသွားတာလဲ"


ဟု တင်ထွန်းမြင့်က မေးပြန်သည်။


“အဲဒါတွေ အသေးစိတ်ပြောပြနေရင် အရမ်းရှည်နေလိမ့်မယ် ၊ သီပေါနဲ့ ခင်ခင်ကြီးက ဥယျာဉ်တော်စံနန်းမှာ ချိန်းချိန်းတွေ့ကြတာ ၊ ခင်ခင်ကြီးကို လူပျိုတော်လို ဝတ်ခိုင်းပြီး မောင်မောင်တုတ်တို့က သွင်းပေးရတာ၊ အဲဒါကို ပြင်သစ်အပျိုတော် မတ်တီက စုဖုရားလတ်ကို လျှောက်လို့ စုဖုရားလတ်က သိသွားတာကွ ၊ မတ်တီကလဲ စုဖုရားလတ်ကို လျှောက်ဖို့ အကြောင်းတွေ ရှိလာ တယ်၊ အဲဒါတွေ ထားပါ ၊ စုဖုရားလတ် သိသွားတော့ ဒေါသူပုန်ထတာပေါ့ကွာ၊ပြီးတော့ မိအောင်ဖမ်းတယ် ၊ မိမိချင်း သီပေါစိတ်ပြေအောင် မိဖုရားမြှောက်ပေး မယ်၊ ညာပြောပြီး ခင်ခင်ကြီးကို သူ့နန်းဆောင်မှာ ခေါ်ထား တယ်အဲ နောက်တော့မှ မောင်မောင်တုတ်က စပြီး မျိုတော့တာပေါ့"


“တိုတိုပြောရရင်ဟယ် .. မောင်မောင်တုတ်ကို သတ်လိုက်တယ်ခင်ခင်ကြီးကို ပထမအကျဉ်းချတယ်၊ မောင်ဖေငယ်ကို မိုးကောင်းအကျဉ်း ထောင်ကို ပို့လိုက်တယ်"


ဟု တင်မေကျော်က ဝင်ပြောလိုက်သည်။


တ်တင်မေကျော် ပြောနေစဉ်မှာ ဗညားက ဆေးလိပ်ကို ဖွာသည်။


 “မောင်ဖေငယ်က ခင်ခင်ကြီးကို ဖမ်းတာ သူမသိဘူး၊ ခင်ခင်ကြီး မိဖုရားဖြစ်နေပြီပဲထင်တာ ၊ မိုးကောင်းမြို့ဝန်က သူ့ကျေးဇူးမကင်းခဲ့တဲ့သူဆို တော့ နေပြည်တော်က သတင်းကို စုံစမ်းခိုင်းတယ်၊ ခင်ခင်ကြီး မိဖုရားဖြစ်မဖြစ် သေချာအောင် သူ သိချင်နေတယ်၊ တစ်နေ့တော့ နေပြည်တော်က လူတွေ ရောက်လာတယ်၊ ရောက်လာတာက မောင်ဖေငယ်ကို ဗန်းမော်အကျဉ်းထောင် ပြောင်းဖို့ကိစ္စ စုဖုရားလတ်အမိန့်နဲ့ ရောက်လာတာ၊ ဒါပေမယ့် မိုးကောင်း မြို့ပန်က သိတယ်၊ ဗန်းမော် ပြောင်းခိုင်းရင် အသတ်ခိုင်းတာပဲ ၊ မောင်ဖေငယ် သေရတော့မယ်ဆိုတာ နားလည်တယ်၊ ဒါနဲ့ မိုးကောင်းမြို့ဝန်က ဗန်းမော် ပြောင်းဖို့ကိစ္စပြောရင်း ခင်ခင်ကြီးလဲ မြောက်နန်းစံမိဖုရားကြီးဖြစ်နေပြီလို့ နေပြည်တော်ကလာတဲ့ သူတွေဆီက သတင်းရတယ်လို့ စိတ်ချမ်းသာအောင် ညာပြောလိုက်တယ်။


“အရမ်းပျော်သွားမှာပေါ့နော်" ဟု မူမူက ပြောသည်။


“သူ့ချစ်သူ ကောင်းစားသွားပြီဆိုတော့ သူသေရမှာကိုတောင် မေ့သွား နိုင်အောင် ပျော်သွားပုံရတယ် ၊ သူ ဗန်းမော်ပြောင်းတော့ မိုးကောင်းမြို့ဝန်က လိုက်ပို့ပေးတယ်၊ အသက်ခံရခါနီးမှာ မိုးကောင်းမြို့ဝန်ဆီက အကူအညီ တောင်းပြီး ကဗျာလေးတစ်ပုဒ် ရေးခဲ့သေးတယ်၊ ခင်ခင်ကြီးလက်ထဲရောက်အောင်ထည့်ပေးပါလို့ မှာသတဲ့”


“သနားစရာပဲနော်”


“ဟုတ်တယ် ၊ ကဗျာရေးပြီးတော့ အသတ်ခံသွားရတာပဲ”


“သူ့စိတ်ထဲမှာတော့ ခင်ခင်ကြီး မိဖုရားဖြစ်ပြီထင်သွားတာပေါ့”


“ဒါပေါ့ မူမူ ၊ သူ့ချစ်သူ ကောင်းစားသွားပြီပေါ့ ၊ သူ့ချစ်သူကောင်းစားရင် ပြီးရော ၊ ဒီအကြောင်းတွေ သိလို့ စုဖုရားလတ်အမိန့်နဲ့ သူသေရရင်လဲ သေရကျိုးနပ်ပြီဆိုတဲ့သဘော ဖြစ်မှာပေါ့ဟာ”


တင်မေကျော်က ပြောရင်း ရေနွေးကြမ်းကို ကောက်မော့လိုက်၏။ 


“ခင်ခင်ကြီးကရော”


“ခင်ခင်ကြီးအဖြစ်ကလဲ ရင်နာစရာပဲ ၊ ခင်ခင်ကြီးကို အကျဉ်းထောင် ချထားတုန်းမှာ ကိုယ်ဝန်ရှိတယ်ဆိုတာသိတော့ တိုင်းတားမင်းကြီးက ခိုးထုတ် ထားလိုက်တယ်၊ ဘုရင့်ရင်သွေးရှိနေရင် မသတ်ရဘူးတဲ့ ၊ ဘုရင့်ရင်သွေး မြေကျရင် ထီးနန်းဆက် သုဉ်းတတ်တယ်ဆိုတဲ့ အယူရှိတယ်၊ ဒါကြောင့် မီးဖွား ပြီးမှ သတ်မယ်ပေါ့ကွာ ၊ ခင်ခင်ကြီးကလဲ သီပေါဘုရင်ဟာ သူ့ကို သိပ်ချစ်တယ် လို့ ယုံတယ်ပြီးတော့ သူအားကိုးရတဲ့ မောင်မောင်တုတ်နဲ့ မောင်ဖေငယ်လဲ ရှိတယ်၊ သူလွတ်မှာပဲ မျှော်လင့်နေတယ်”


“မောင်တုတ်တို့ မောင်ဖေငယ်တို့ သေတာမသိဘူးပေါ့”


“မသိဘူးကွ ၊ ဒါပေမယ့် နောက်ဆုံးတော့ ဒိုင်းခင်ခင် မသေသေးတာ ကို စုဖုရားလတ်က သိသွားတယ်၊ တိုင်းတားမင်းကြီးက လျှောက်တာကိုလဲ နားမဝင်ဘဲ ချက်ချင်းသတ်ခိုင်းတော့ ခင်ခင်ကြီးလဲ အသတ်ခံလိုက်ရတယ်” 


“ဟင် ... ကိုယ်ဝန်နဲ့ အသက်ခံရတာလား"


“ဟုတ်တယ် မူမူ”


“ခင်ခင်ကြီးကလဲ မောင်ဖေငယ် အသတ်ခံရတာမသိ ၊ မောင်ဖေငယ်ကလဲ ခင်ခင်ကြီး အသတ်ခံရတာ မသိပေါ့”


ဟု တင်ထွန်းမြင့်က ပြောသည်။


“အဲဒါပဲကွာ”


စကားကို အဆုံးသတ်လျက် ငှဲ့ထားသော ရေနွေးကြမ်း ပန်းကန်ကို ကောက်ယူမော့သည်။ 


“တိုင်တာူမင်းကြီးစကားက မှန်နေလား မသိဘူးနော်၊ ဘုရင့်ရင်သွေးမြေကျလို့ နောက်ဆုံးနန်းဆက်ဖြစ်သွားတာလားမှ မသိတာ”


မူမူက ထင်မြင်ချက်ပေးသည်။


“မူမူကလဲ မမြင်ရသေးတဲ့ ဘုရင့်ရင်သွေးကို ထားပါဦး၊ အရွယ် ရောက်နေတဲ့ ဘုရင့်သွေးသားတော်စပ်တဲ့ ညီအစ်ကို မောင်နှမတွေ အများကြီး သွေးမြေကျပြီးမှ သီပေါက နန်းတက်လာရတာပဲဟာ”


ဟု တင်မေကျော်ကပြောလိုက်သည်။


••••••••••••

“ရော့ . . နင့်ပိုက်ဆံ ၊ ဒီတစ်ခါ ငါကျွေးပါ့မယ်"


စာအုပ်ဝယ်တဲ့နေ့က ယူထားသည့် ပိုက်ဆံကို ပြန်ပေးရန် အင်္ကျီအိတ် ထဲက နှိုက်သည်။ ပြီးတော့ ပိုက်ဆံကို တင်မေကျော် လက်ထဲထည့်၏။ ပိုက်ဆံ နှိုက်စဉ်ကပါလာသော အိတ်ထဲက စာရွက်ခေါက်ကို အင်္ကျီအိတ်ထဲ ပြန်ထည့် ၏။


မူမူနှင့် တင်ထွန်းမြင့်ကို ရှာမရသဖြင့် အကြော်ဆိုင်ကို သူတို့ နှစ်ဦးတည်း ရောက်လာခဲ့ကြသည်။


“ဘာလဲ . . . နင် ကဗျာရေးဖြစ်လား . . ငါ့ကိုပြလေ” 


တင်မေကျော်က ပေးသည့် ပိုက်ဆံကို ယူပြီး စာအုပ်ကြားညှပ်ရင်း သူ့အင်္ကျီအိတ်ထဲ ပြန်ထည့်သော စာရွက်ကို ရည်ညွှန်း၍ပြောမှန်းသိသည်။ “မဟုတ်ပါဘူးဟာ ၊ ရေးမလို့ ဟိုခြစ်ဒီခြစ်နဲ့ ရေးလို့မပြီးပါဘူး” ပြောရင်း စာရွက်ခေါက်ကို ထုတ်သည်။ ပြီးတော့ ဖြန့်ပြရင်း . . “ကိုယ့်ဟာကိုယ့် ရေးမရတာနဲ့ မနေ့က ပြောဖြစ်တဲ့ မောင်ဖေငယ် အကြောင်း သတိရပြီးတော့ သူ့ကဗျာကို ချရေးထားတာ”ဟု ပြော၏။


ပြီးတော့ စာရွက်ကို လှမ်းပေးလိုက်သည်။


ချစ်ရသူ ခင်ခင်ငဲ့ 

ဘဝင်မြင့်သက်ညှာ 

ဆင်မသင့်ခက်ပါပြီ 

သက်သာရာမရ ။


သည်ကိုယ်ဖြင့် တိမ်းခဲ့ချော်ပြီ 

စိမ်းနဲ့နော် ဘုန်းခင်လာပ ။


ကလာပ်စုရုပ်ကြွင်းကိုယ်

ပြုတ်ထွင်းယိုကာလ 

ဖုတ်သင်္ဂြိုဟ် ဈာပန

ပြာကျမှ ပြန်ပါ။


ဝဇီရာ မိန်သံလျင်းငယ်နှင့် 

တရှိန်ချင်းလှမ်းချင်လို့မှာ 

ဝတိံဆင်းနန်းကိန္နရာလို 

လျမ်းထိန်ဝါဝေဝင်းနှင့် 

ရွှေပယင်း ငွေလက်တော် ဘုန်းကိုင်ခဲ့နော် 


အသုဘ ကမ္မဋ္ဌာန်းတော်ကို

ကြငှာန်းပျော် အို . . ရှုလှည့်လေး ။


“ဒါ သေခါနီးမှာ ရေးပြီး မိုးကောင်းမြို့ ဝန်လက်ထဲ ထည့်သွားတဲ့ကဗျာနော်”


ဟု ပြောရင်း စာရွက်ကလေးကို ပြန်ခေါက်လျက် တင်မေကျော်ကလှမ်းပေးသည်။


“သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ့် အချိန်လောက် တုန်လှုပ်စရာ ကောင်းတဲ့အချိန် ရှိမှာမဟုတ်ဘူး၊ မေကျော် ၊ ချစ်သူကို ချစ်တဲ့ စိတ်ကြောင့် အဲဒီ တုန်လှုပ်မှုတောင်မှ မရှိတော့လို့ ကဗျာတစ်ပုဒ်ကို ရေးလို့ ရသွားတာပေါ့” 


“ကျောင်းပိတ်ရက်တုန်းက မပြီးသေးတဲ့ ကဗျာကို အဆုံးသတ်ဖြစ်ရဲ့လား"


တင်မေကျော်က သူ့ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။ ဘူတာရုံမှာ တင်မေကျော်လက်ထဲ ထည့်လိုက်သည့် သူ့ ကဗျာကိုသူ အမှတ်တရ ရှိနေပြန်၏။


သက်ပြင်းငွေ့ငွေ့ချလျက် ခေါင်းကို ခါယမ်းပြမိပြန်သည်။


“ကျောင်းပိတ်ရက်တွေတုန်းက အဲဒီကဗျာဆက်ရေးဖြစ်ဖို့လဲ ကြိုးစားတယ်၊ ပြီးတော့ နင့်ကို အရမ်းသတိရလို့ ရေးဖြစ်တဲ့ စာတွေကို နင့်ဆီ ထည့်ဖြစ် အောင်လဲ ကြိုးစားတယ် ၊ ဘာတစ်ခုမှ အရာမထင်ခဲ့ဘူးလေ”


သူ့မျက်နှာကို စူးစိုက်ကြည့်ရင်း နားထောင်နေရာမှ ကမ်းစပ်ကိုလာ သော အင်းလျားရေလှိုင်းအိကို အကြည့်လွှဲလိုက်ပြန်သည်။


“မေ့သွားမှာကို တကယ်စိုးရိမ်တယ်၊ ပြီးတော့ ဝေးသွားမှာကို တကယ်တုန်လှုပ်တယ်၊ ဒါပေမယ့် ကိုယ်နဲ့ ပတ်သက်လို့ ဝေဒနာရပြီး လွမ်းနေရမှာ ကိုလဲ စိုးတယ် ၊ ကဗျာက အဲဒီမှာတင် ရပ်သွားတာ" 


တင်မေကျော်က သူ့မျက်နှာဆီ အကြည့်ပို့ကာ မျက်ဝန်းချင်း ဆုံလိုက်၏။


“ကိုယ်ပဲ ပူမယ် ၊ ကိုယ်ပဲ လွမ်းမယ် ၊ သူမသိစေချင်ဘူးရှိပါစေတော့ လို့ နင့်ကဗျာ ၊ နောက်ဆုံးမှာ ပါတယ်လေ”


“ဟုတ်တယ်”


“အဲဒီ ခံစားမှုတွေဟာ ဖွင့်ပြောမှ သိနိုင်တဲ့ ခံစားမှုတွေလို့ နင် ယူဆ ထားလို့လားဟင်”


တင်မေကျော် အမေးကို သူ ဘာမှ ပြန်မဖြေဖြစ် ။


“တစ်ယောက်ကို တစ်ယောက် နားလည်ပြီဆိုတဲ့ အခါမှာ တစ်ယောက်ရင်ထဲက ခံစားမှုကို တစ်ယောက်က မြင်တယ်၊ သိတယ်ဆိုတာ နင် မယုံဘူးလား ဗညား"


“မသိဘဲနေရင် သိပ်ကောင်းမှာပဲလို့ တွေးမိတာတော့ အမှန်ပဲမေကျော်”


“နင်တစ်ယောက်တည်း နှလုံးသားရှိတာ ၊ နင်တစ်ယောက်တည်းပဲ ခံစားတတ်တာလို့ ထင်နေလို့လား”


အသံက တုန်ခါသွားသည်။ ပြီးတော့ အကြည့်ကို ချက်ချင်းလွဲ၍ အင်းလျားရေပြင်ဆီကို ငေး၏။ နှုတ်ခမ်းသားတို့ တုန်ယင်နေတာ သတိထား ဖြစ်ပြန်သည်။ 


“မပြတ်မသားနဲ့ ယောက်ျားမျိုးကို သိပ်မုန်းတယ်လို့ အမှတ်မထင်နင်ပြောခဲ့တဲ့ စကားကို ငါမှတ်မိနေပါတယ် မေကျော်”


ရုတ်တရက် မျက်နှာကို လှည့်ကြည့်သည်။ ပြီးတော့ ချက်ချင်းပင် အကြည့်ကို ပြန်လွဲ၏။ သက်ပြင်းကို ချကာ စကားကို ဆက်၏။


“သူများတကာတွေလို လူတစ်ယောက်ကို သိပ်ချစ်တာပဲလို့ ငါ လွယ်လွယ်မပြောချင်ဘူးမပြောရဲဘူး၊ အဲဒီလိုပြောတော့ ငါ နင့်ကို တကယ် နင့်နှင့်သည်းသည်း မချစ်သေးလို့ ၊ ကိုယ့်ဟာကိုယ် မရေရာသေးလို့လို့ မထင်နဲ့ မေကျော် ငါ နင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါ့ဘာသာငါ အသိဆုံးပဲ၊ ဒါပေမယ့် ငါ့ရင်ထဲမှာ စွဲနေတဲ့ ခံစားမှုတစ်ခုရှိတယ် ၊ အစွဲအလမ်းလို့ပဲ ခေါ်မလား မသိဘူး၊ ကျန်တဲ့ လူတွေမှာ မရှိနိုင်တဲ့ အစွဲအလမ်းဖြစ်ချင်မှ ဖြစ်မယ်၊ အဲဒါက ငါ့အဖေနဲ့ ပတ်သက်လို့ပဲ” 


စကားကို ရပ်လိုက်၏။မျက်ဝန်းနှစ်ဘက်ကို မေကျော်က လက်ကိုင်ပဝါဖြင့်တို့ လိုက်တာ တွေ့သည်။ ပြီးတော့ သူ့မျက်နှာဆီလှည့်ကာ အကြည့်ဆုံသည်။ ဝှေ့တိုက် သွားသောလေသည် မေကျော် ဆံပင်ဖားလျားကို ထိတို့ကစားသွားသေး၏။


“ငါ့အဖေသာ မိန်းမ ပွေခဲ့ရှုပ်ခဲ့တဲ့သူ ၊ ငါ့အမေနဲ့ ပတ်သက်လို့ တာဝန်မကျေတဲ့ ယောက်ျား၊ မိန်းမတစ်ယောက်ကို လှည့်စားဖြားယောင်းပြီး တော့ ဘဝပျက်အောင် လုပ်သွားတဲ့ သူ ၊ အဲဒီလိုပဲ ပတ်ဝန်းကျင်က သတ်မှတ်ကြတယ်တကယ်တမ်းဒီလို ထင်စရာမျိုး လုပ်သွားခဲ့တယ်လေ၊ ငါ့ရွာက လူတွေဆိုတာ ငါ့အဖေကို အရမ်းမုန်းတီး ရွံရှာကြတယ်၊ သူမရှိတော့ပေမယ့် သူ့ကို မုန်းတီးရွံရှာမှုဟာ ငါ့ဆီ ကူးလာတယ်ငါ့ကို အဖက်မတန်သလို ရှောင် ချင်ကြတယ်၊ ဘုန်းဘုန်းဆီမှာ ငါရှိတုန်းကဆိုရင် ဆွမ်းအုပ်တွေ ဘာတွေ သွားပို့ရင်း ကျောင်းနေဖက် သူငယ်ချင်းမိန်းကလေးအိမ်တွေရောက်လို့ နှုတ်ဆက် စကားပြောရင် သူတို့ မိဘတွေက မကြိုက်ကြဘူး၊ ငါနဲ့ လက်ပွန်း တတီးရှိနေတာကို မနှစ်မြို့ကြဘူး ၊ ဘာဖြစ်လို့လဲဆိုတာ နင်သိမှာပါ မေကျော်၊ ဒီဖအေရဲ့ သွေးက ဒီလို ဗီဇရှိတဲ့ ယောက်ျားပဲဖြစ်မှာဆိုတဲ့ အတွေးနဲ့ ကိုယ့် သမီးအတွက် စိုးရိမ်မကင်းဖြစ်ကြတာပဲပေါ့”


မေကျော်က သူ့စကားကို စူးစိုက်နားထောင်ပြီးနေသည်။ မေကျော် မျက်ဝန်းမှာ ကရုဏာငွေ့ကို သူတွေ့နေသည်ပဲ။


“ငါ ဘယ်လောက် ခံစားရမယ်ဆိုတာ နင်စဉ်းစားကြည့်လေ ၊ ငယ်ငယ်တုန်းကတော့ မိဘမရှိတဲ့ တစ်ကောင်ကြွက်မို့ အနှိမ်ခံရတယ်ဆိုတဲ့ အသိနဲ့ ဝမ်းနည်းရတာပဲရှိတယ် ၊ အရွယ်ရောက်လို့ အကြောင်းစုံသိတဲ့အခါ လူတွေရဲ့ အကြည့်တွေ မျက်နှာတွေပေါ်က ငါ့ကို မနှစ်မြို့တာတွေကို နားလည် လာရတယ်၊ ငါဘာမှ မလုပ်ခဲ့တဲ့ အပြစ်တွေကို ငါခံနေရပါလားလို့ တွေးပြီး ကြေကွဲရတယ်၊ တကယ်ပြောတာ ၊ နောက်ဆို ဘယ်မိန်းကလေးနဲ့မှ ရောရော နှောနှော ငါ မနေရဲအောင်ဖြစ်သွားတယ်၊ ငါ့မှာ ဆုံးဖြတ်ထားတာရှိတယ် ၊ ငါ တကယ်ချစ်တဲ့ မိန်းကလေးအပေါ်မှာ အဆုံးစွန်အထိ တာဝန်ကျေဖို့ ၊ အဆုံးစွန် ထိ သစ္စာရှိဖို့ သူ့ဘဝကို ငါတာဝန်ယူနိုင်မှ သူ့ကို လက်ထပ်ဖို့ အစရှိသဖြင့် ပေါ့ဟာ ၊ အဲဒါတွေက နောက်တော့ ငါ့စိတ်ထဲမှာ အကြီးမားဆုံး အစွဲအလမ်း ကြီးလို ဖြစ်နေတော့တယ်၊ ငါ့ကြောင့် မိန်းကလေးတစ်ယောက် တစ်ခုခုဖြစ်မှာ လားဆိုတဲ့ စိုးရိမ်တွေးက ငါ စိတ္တဇလိုဖြစ်နေတတ်တယ်၊ ငါ့အဖေရဲ့ အမှားတွေအားလုံးကို ချေဖျက်ဖို့ လောကကို ငါရောက်လာရသလို ထင်ရင်းထင်ရင်း ငါ့ဟာ ငါအနေရ အထိုင်ရကျပ်လာတယ်၊ ကျဉ်းကျဉ်းကျပ်ကျပ် ခံစားမှုမျိုးတွေဖြစ်လာတယ်"


စကားကို ရပ်လိုက်သည်။


“မေကျော်”


မေကျော်က သူ့ကို စူးစိုက်ကြည့်နေဆဲ။


“အဲဒါပဲ . . . . ကိုယ် မေကျော်ကို ချစ်ပါတယ် ပြောပြီးရင် မေကျော် ဘဝတစ်ခုလုံးကို ကိုယ်တာဝန်ယူချင်တယ်၊ တာဝန်ယူနိုင်တဲ့သူ ဖြစ်ချင်တယ်၊ တာဝန်ယူနိုင်ပါ့မလား၊ တာဝန်ယူနိုင်တဲ့ အနေအထားမျိုး ရှိပါ့မလား တွေးရင်း တွေးရင်းနဲ့ပဲ အချစ်ကို မျိုသိပ်ထားခဲ့ရတာ ၊ မေကျော် ကိုယ့်ကို နားလည်ပါ” 


မေကျော်က မျက်လွှာကို အရင်ချသည်။ ပြီးတော့ ခေါင်းအနံ့မှာ ဆံစ ဖားလျားမှ ဆံနွယ်တချို့ ရှေ့သို့ ကျလာ၏။


“နင် ငါ့ကို အထင်သေးလား၊ မိန်းကလေးက ရေလာမြောင်းပေး စကား ပြောတယ်ထင်လားဟင်”


ခေါင်းငုံ့ထားရာမှ မေကျော် ခပ်အုပ်အုပ် ပြောလိုက်သည်။ ဘယ်ဘက်လက်မှ လက်သည်းကလေးကို ညာဘက်လက်ချောင်းကလေးတွေနှင့် ကုတ်ခြစ်နေတာ တွေ့၏။


“မေကျော်ရယ် ၊ တစ်ယောက်ကို တစ်ယောက် နားလည်နေတဲ့သူတွေချင်း ဘာထင်စရာရှိမှာတဲ့လဲ” ဟု ပြောရင်း မေကျော် လက်ချောင်းကလေးတွေကို သူ့လက်ဖြင့်အုပ်၍ ကိုင်လိုက်မိသည်။ ခပ်တင်းတင်း ဖျစ်ညှစ်ထားမိသောအခါ မေကျော်က ခေါင်းမော့လာပြီး သူ့မျက်နှာကို ကြည့်သည်။


စူးစိုက်ကြည့်နေဆဲ မျက်ဝန်းနှစ်စုံ၏ အဆုံမှာ မေတ္တာငွေ့တို႔ ဝေ့၍နေလေမည်။


“မေကျော်”


တီးတိုးခေါ်လိုက်မိသည်။ပြန်မထူးဘဲ မေကျော်က တံတွေးမျိုချလိုက်တာသိ၏။


“သိပ်ချစ်တာပဲ မေကျော်”


ရင်ထဲက စကားကို သူ ပြောလိုက်မိသည်။


“မယုံပါဘူး”ဟုပြောရင်း ရှက်ဟန်ဖြင့် ခေါင်းကိုငုံ့သည်။


မယုံသူ၏ လက်ဖျားကလေးများကို ပို၍ တင်းကျပ်စွာ ဖျစ်ညှစ်ထားလိုက်မိပြန်၏။


သည်တစ်ခါ ဝေ့လိုက်သည့် အင်းလျားကန်ဘက်မှ လာသော လေပြည်မှာ မေတ္တာရနံ့တို့ တွဲခိုပါလာသည်ဟု သူတို့နှစ်ဦး သိလိုက်သလိုပင်။


** ** **

၇ဆက်ပါမည်

( ရာဇဝင်နောက်ခံလေးတွေကို ဝတ္ထုရဲ့ နိမိတ်ပုံအဖြစ်သုံးပြီး ရေးတတ်တဲ့ ဆရာ့လက်ရာတွေကို သဘောကျမိတာ မိုးညှင်းသတိုး မိဖုရားစောဥမ္မာ တို့ရဲ့နောက်ခံသမိုင်းနဲ့ ရေးထားတဲ့ဝတ္ထုလေးကိုလည်း သတိရမိ အမည်မမှတ်မိတော့ဘူး )

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့

#တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.