ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့ (၂) (နုနုရည်-အင်းဝ) - တမာသားလေးမှတ်စု

ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့ (၂) (နုနုရည်-အင်းဝ)

  အပိုင်း-၂

“မင်္ဂလာရယ်...မှ မဏ္ဍိုင်..လေး..”

ကျောင်းခန်းပေါ်တက်လာတဲ့ ခင်ပိုင်တို့ ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွား တယ်။ ကောင်းလိုက်တဲ့အသံ။ ဘယ်သူရှိရဦးမှာလဲ။ တတိယနှစ်က မလေးစန်းပေါ့။ ဪ… ဧည့်သည်တွေလည်း ရောက်နေတာကိုး။

မျက်မှန်နဲ့ လူကြီးနှစ်ယောက်။ မျက်မှန်ထဲက မျက်လုံးကြီးတွေ ကျွတ်ထွက်မတတ် ကြည့်နေလိုက်ကြတာ။ ဟုတ်ပါ့။ မလေးစန်းကလည်း မလေးစန်းပါပဲ။ 


ခါးတောင်အင်္ကျီ မဝတ်ရဘဲနဲ့တောင် ခါးကလေးက ႏွဲ ့နိုင်ရန်ကော။ ဗလာ ထဘီ မဝတ်ရသေးဘဲနဲ့တောင် ထဘီရှည်ကို ခြေဖျားနဲ့ ပင့်ခတ်လိုက်ပုံကိုက လှနိုင်ရန်ကော။


နေ့ကျောင်းဆင်းမယ့် အချိန်ပေမယ့် ဧည့်သည်တွေကြောင့် မဆင်းသေး တာထင်ရဲ့။ အဆိုသင်တန်းဘက်ကနေ ထမင်းဆာဆာနဲ့ ပြေးလာကြတဲ့ ခင်ပိုင်တို့ ပထမနှစ် ခုနစ်ယောက် ထမင်းဆာတာ ဘယ်ပျောက်မှန်း မသိဘဲ နဲ့ မလေးစန်းကို ထိုင်ကြည့်မိကြတယ်။ ခင်ပိုင်တို့ ပညာယူရမယ်လေ။ အထူးသဖြင့် မိခင်ပိုင်ပဲပေါ့လို့ ခပ်ရှက်ရှက်တွေးမိတယ်။ 


ကံကောင်း ထောက်မစွာနဲ့ နံပါတ်ခုနစ်ချိတ်ပြီး ပွတ်ကာ သီကာ ပါခဲ့တဲ့ ခင်ပိုင် ကျောင်းစ တက်တက်ချင်း။ ကဗျာလွတ်မှာ ခါးအတောင့်သားကြီးနဲ့ ဆရာမ ခါးမနည်း ချိုးပေးခဲ့ရတဲ့ ခင်ပိုင်။ ဒီလိုဟာမျိုးကို သေသေချာချာ ကြည့်ရမယ်လေ။


ဘာပဲပြောပြော၊ မလေးစန်းကိုသာ မမီရှိရမယ်။ ဟောဒီ ပထမနှစ် ခုနစ်ယောက်ထဲမှာတော့ ခင်ပိုင် အညံ့ဆုံး မဟုတ်ပါဘူး။ အလယ်အလတ် တန်းလောက်မှာပါ။ ဒါ ပညာကိုပြောတာ။ ကတာ၊ ဆိုတာကို ပြောတာ။ ဟင်း..ရုပ်ကတော့ မလေးစန်း ခင်ပိုင့်ကို မမီနိုင်ပါဘူး။


မလေးစန်းက ပညာကောင်းပေမယ့် ရုပ်က သိပ်မလှပါဘူးမလှပါဘူး ဆိုမှ အရေးထဲမှာ သူက ပါးကွက်ကြီး တကွက်ကွက် အမြဲလုပ်ထားတတ် သေး။ မိတ်ကပ် မရှိတောင် ပါးအို့နီလေး ဘာလေး နည်းနည်းခြယ်မှာပေါ့။ ကိုယ်က မင်းသမီးလောင်းပဲ ဥစ္စာ။ ခင်ပိုင်ကတော့ မနက် ကျောင်းလာခါ နီး သနပ်ခါးပါးပါးလေးပေါ်မှာ ပါးအို့နီလေး နည်းနည်းတင်ရမှ။ မျက်ခုံးမွေး လေးလည်း ဆွဲရမှ၊ နှုတ်ခမ်းနီလေးလည်း ဆိုးလိုက်ရမှ။ အင်း..အမေက လည်း အရှည်ကို မျှော်ကိုးပြီး ကြည်ကြည်ဖြူဖြူ ဝယ်ပေးပေလို့။ တစ်ခုပဲ ဆိုးတယ်။ မုန့်ဟင်းခါးအိုး ရွက်ရတုန်း၊ နို့ထမင်းအိုး ရွက်ရတုန်း၊ အိမ်အလုပ် စုံ လုပ်ရတုန်းဆိုတော့ လက်တွေကတော့ တုတ်နေမြဲပဲ။


“ကဲ….ကဲ..ငါ့သမီးလည်း မောပါပြီ။ ဘယ့်နှယ်တုံး..မောင်ဘိုညိုတို့ ကရော သဘောကျရဲ့လား"


အမေက မင်းသမီးဟန်ပါပါ မေးကလေးငေါ့ရင်း မေးတော့ နာမည်နဲ့ လိုက်အောင် အသားညိုတဲ့ လူကြီးက အားနာသလို ပြုံးနေတယ်။ မလေးစန်း က ချွေးတွေကို တို့သုတ်နေရင်း မျက်နှာလေး ငယ်သွားတယ်။   


 “ပြောပါ...အားမနာပါနဲ့၊ အလုပ်ဖြစ်မယ်ထင်မှ ခေါ်။ ဟုတ်တယ်လေ၊ တော်ကြာ ကိုယ့်အငြိမ့်နဲ့ မကိုက်တော့ အလကား။ အဲ..ဒီကောင်မလေး…… တော့ ငါ့ထဲမှာ အတော်ဆုံးပဲ”


ဪ.. သူတို့က အငြိမ့်အဖွဲ့က လူကြီးတွေ။ မင်းသမီး လာရှာတာပေါ့။ အိုး...ခေါင်းဆောင်ဆိုရင်တော့ မလေးစန်းတို့ ဟန်ကျပြီ။ ဒါပေမဲ့ လူကြီး က သူ့ခေါင်းကို ကုတ်နေရင်း...


“အမေရေ၊ ခု အငြိမ့်ခေတ်က အမေတို့ခေတ်လို မဟုတ်တော့ဘူး။ ပညာခေတ် မဟုတ်တော့ဘူး။ ရုပ်ခေတ်။ ရုပ်ခေတ်ဖြစ်သွားပြီ။ အထူးသဖြင့် ခေါင်းဆောင်ပေါ့။ ခေါင်းဆောင်မင်းသမီးက အသံမကောင်းရင်နေ၊ အက မကောင်းရင် နေ၊ ရုပ်ကလေးရှိရင် ပြီးရော။ အင်း...ဟိုတုန်းက လေပါတီ တို့၊ ဒေါ်သြဘာသောင်းတို့၊ ဒေါ်လှလေးစိန်တို့ ခေတ်ကများ ဒီလို မဟုတ်ပါ ဘူး အမေရာ…နော်။ ဒေါ်သြဘာသောင်းဆို အရုပ်ဆိုးတာပဲ။ ဒါပေမဲ့ ပရိသတ်က သိပ်စွဲတာပဲ မဟုတ်လား”


အမေက ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ ခင်ပိုင့်ရင်ထဲမှာတော့ ထိတ်ခနဲ ခုန်နေတယ်။ လူကြီးပြောတဲ့ သြဘာသောင်းတို့ ဘာတို့ကို ခင်ပိုင် တစ်ခါမှ မကြားဖူးသလို စိတ်လည်း မဝင်စားလှပေမယ့် ခေါင်းဆောင်မင်း သမီးဆိုတာ အသံမကောင်းရင်နေ၊ အကမကောင်းရင်နေ၊ ရုပ်ကလေးရှိဖို့ပဲ ဆိုတဲ့ စကားကိုတော့ ခင်ပိုင် နားဝင်ချိုလှတယ်။


ဒီလိုဆိုရင် ခင်ပိုင် ခဏ ခဏ ကျောင်းပျက်ရတာတွေအတွက် တွေးပူ စရာ မလိုတော့ဘူးပေါ့။ ကျောင်းပျက်လို့ မလိုက်နိုင်တဲ့ အကတွေ သိပ်မကျေရင်လည်း ကိစ္စမရှိဘူးပေါ့။ အရေးကြီးတာက စာမေးပွဲမှာ ထူးထူး ချွန်ချွန် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အောင်သွားဖို့ပဲ။


ကျောင်းပျက်ရတာကလည်း ခင်ပိုင် ပျက်ချင်တာ ပျင်းချင်တာက နည်းနည်းပါ၊ အမေပေါ့။ သူပဲ မင်းသမီး ဖြစ်စေချင်တာ နှစ်ယောက်မရှိ ဘူး။ တကယ် ပန်တျာတက်ရပြီဆိုတော့ ဒီနေ့ အငယ်လေး နေမကောင်းလို့ ဈေးရောင်းပေးဦးတို့၊ ပွဲဈေး မိုးအလင်းထွက်ရမှာတို့နဲ့ ခဏ ခဏ ကျောင်း ပျက်ရတယ် ဟင်း...စတိုင်ပင် ခုနစ်ဆယ့်ငါးကျပ်ကိုတော့ သုံးပြပါလိမ့် မယ်။ 


ထုတ်လာလာချင်း ပက်ခနဲ ပြောင်အောင် နေ့ပြန်တိုးတွေ ဆပ်ပြပါ လိမ့်မယ်။ ခင်ပိုင့်ပေးတဲ့ မုန့်ဖိုးလေးကဖြင့် တစ်နေ့မှ ငါးမူး။ ဘာသွားဝယ် စားရမှာလဲ။ ဒါတောင် ဘတ်စ်ကားမစီးလို့။ ခြေကျင်လျှောက်လို့။ နေ့လယ် ထမင်းစားပြီး ထန်းလျက်လေး၊ ဆီးထုပ်လေးနဲ့ အချိုတည်းနိုင်တာ။ အေး...နေနှင့်ဦးပေါ့ကွယ်။ နိုင်ငံကျော် မင်းသမီးကြီး ဖြစ်တော့မှ။ 


“ဟဲ့...ခင်ပိုင် လာလေ၊ ထမင်းသွားစားကြစို့။ ဟိုကောင်မတွေတောင် ပြေးပြီ”


ဟင်...ဟုတ်ပါ့။ ထမင်းဘူးတွေ ကိုယ်စီနဲ့ ဟိုကောင်မတွေ ကျုံးဘေး တောင် ရောက်တော့မယ်။ ဘာမှန်းလည်း မသိဘူး။ ထမင်းစားချိန်ဆို ထမင်း ဘူးတွေကိုင်ပြီး ကျုံးရေစပ်ကိုအရောက် အပြေးပြိုင်ရတာ ပျော်စရာကောင်း တယ်။ မှောက်လျက်လဲပြီး ထမင်းဘူးမှောက်ကျလို့ ငိုရတာလည်း တစ် ယောက်ပြီး တစ်ယောက်ပဲ။ သူဝင်တိုက်လို့၊ ငါဝင်တိုက်လို့နဲ့ တစ်ယောက် ပေါ်တစ်ယောက် လိုက်ချရင်း ရန်ဖြစ်ကြတာလည်း အကြိမ်ကြိမ်ပဲ။


ခင်ပိုင်နဲ့ ချိုချို ပြေးချလာတော့ မလေးစန်းနဲ့ အမေရယ်၊ ဧည့်သည်တွေ ရယ် စကားပြောရစ်ကြတုန်း။ ခင်ပိုင် သိပါတယ်။ လူကြီးတွေက တောင်းပန် နေတာ။ သူတို့လိုတာက ခေါင်းဆောင်တဲ့။ ရုပ်မရှိတဲ့ မလေးစန်းနဲ့ ဘယ်လို ဖြစ်မှာလဲ။ ဟဲဟဲ...နောင် နှစ်နှစ်နေလို့ကတော့ အဲဒီနေရာဟာ မိခင်ပိုင်တို့ ပေါ့နော်။ ကြည့်နေ...တတိယနှစ်ရောက်ရင် နေ့တိုင်း မိတ်ကပ်လိမ်းမယ်။ ခင်ပိုင်တို့နှစ်ယောက် ထမင်းဝိုင်းမှာ ထိုင်မိတော့ မလေးစန်းအကြောင်းပြောနေကြတာ တစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေပြီ။


“ဟဲ့….မလေးစန်း ခေါင်းဆောင် ဖြစ်မှာပါ ဆိုမှ"


“မဟုတ်ဘူး..မဖြစ်ဘူး၊ ရုပ်မလှလို့တဲ့၊ နင် မကြားဘူးလား”


“ခေါင်းဆောင် မဟုတ်ပါဘူး၊ အလယ်ထွက်ပါတဲ့” 


“ဟင်း..မလေးစန်းရုပ်က ဒါလောက်မဆိုးပါဘူးဟယ်၊ မီးစားမယ့်ရုပ်ပါ"


ကျောင်းဘော်ဒါမှာနေတဲ့ ‘ရှမ်းမ’ဝင်ပြောတဲ့ မီးစားမယ့်ရုပ် ဆိုတာကို ခင်ပိုင် စိတ်ဝင်စားသွားတယ်။


“ဘာလဲ မီးစားမယ့်ရုပ် ဆိုတာ”


“ဪ….အပြင်မှာ မလှပေမယ့် ပြင်ဆင်ပြီး မီးထိုးလိုက်ရင် စင်ပေါ်မှာ လှလာတဲ့ ရုပ်ပေါ့။ ကြားဖူးတာလေ။ အသားဘယ်လောက်ညိုညို၊ မျက်လုံး မျက်ခုံး၊ နှာတံလှရင် မီးစားတယ်တဲ့။ အဲ..နင့်လိုရုပ်မျိုး နေမှာပေါ့”


 “တကယ်...”


ခင်ပိုင် တဟဲဟဲ သဘောကျရင်း ရှမ်းမ ထမင်းဘူးထဲကို ပဲဟင်းတွေ များများထည့်ပေးလိုက်တယ်။ ဒါပေမဲ့ ရှမ်းမကတော့ နှာခေါင်းရှုံ့တယ်။ 


“ဟင်း..နင်က ကုလားပဲ၊ ငါတို့ဘော်ဒါဟင်းက စွန်တာနီပဲ”


ရှမ်းမ အပြောကြောင့် အားလုံး ဝိုင်းရယ်ကြတယ်။ ဘော်ဒါဟင်း မကောင်းတာလည်း မပြောနဲ့လေ။ တစ်လကို ငါးဆယ်နဲ့ စားရတဲ့ဟင်းဟာ ဒါလောက်ပဲ ရှိမှာပေါ့။


ဘော်ဒါက ရပ်ဝေးက လူတွေအတွက် ထားပေးတာ။ ယောက်ျားလေး တစ်ဆောင်မိန်းကလေး တစ်ဆောင်ရှိတယ်။ ထမင်းလခ တစ်လ ငါးဆယ် ပေးရတယ်။ ဒီထဲမှာ စတိုင်ပင် ခုနစ်ဆယ့်ငါးကျပ်တည်းနဲ့ နေတဲ့လူကတော့ မလွယ်ဘူး။ ထမင်းလခ ငါးဆယ်ပေးလိုက်ပြီးရင် အစိတ်ပဲ ကျန်တော့တာ။ အဲဒီအစိတ်နဲ့ တစ်လလုံး အထွေထွေ အသုံးစရိတ်ကို ဘယ်လိုလုပ် စီမံခန့်ခွဲ မလဲ။ တကယ်ဆို အဲဒီအစိတ်ဟာ မုန့်ဖိုးပဲရှိတာ။


တချို့ မိဘနိုင်သေးတဲ့သူကတော့ အပြင် အသိအိမ်မှာ ထမင်းလခပေးစားပြီး တက်တယ်။ ထမင်းကောင်း၊ ဟင်းကောင်းလေး စားရ ပေမယ့် အသိအိမ်က အမြင်မတော်တာတွေ အကုန်ကူလုပ်ပေးရတဲ့အပြင် အိမ်မှာ ကတာ၊ ဆိုတာကိုလည်း မကြိုက်ဘူးတဲ့။ မလုပ်ရဘူးတဲ့။


တကယ်တော့ ခင်ပိုင်တို့လို လူမျိုးတွေအဖို့ ကတာ၊ ဆိုတာဟာ စာကျက်တာပဲပေါ့။ အင်း...အစိမ်း၊ အဖြူ ယူနီဖောင်းချင်းတော့ တူပါရဲ့။ ဒါပေမဲ့ စာသင်ကျောင်းက ကျောင်းသူတွေ စာကျက်သလိုတော့ စားပွဲမှာ ငြိမ်ကုပ်ပြီး ကြည့်နေလို့တော့ မရဘူး။


ကရမယ်၊ ခုန်ရ ပေါက်ရမယ်အော်ရ ဟစ်ရမယ်၊ အိမ်မှာ အားရင် အသံဆွဲနိုင်အောင် အော်ကြည့်နေရမယ်လို့ ကျောင်းက မှာတယ်လေ။ အဲဒါတစ်ခုတော့ ဘော်ဒါမှာနေရတဲ့သူတွေ ခင်ပိုင်တို့လို မိဘနဲ့နေရတဲ့လူတွေက ကောင်းတယ်။ အော်ချင်သလောက်အော်၊ ကချင်သလောက်က။ ရတယ်။ ဒါတောင် ခင်ပိုင်တို့အိမ်မှာ အဖေ မူးတဲ့အချိန်ဆို မရဘူး။ မျက်စိနောက်လို့ ဆိုပြီး အဖေက ဆူချင်တယ်။ အမေ ဟန့်လွန်းလို့သာ။


“ဟဲ့..ရှမ်းမကလည်း ပဲဟင်းမို့လို့သာ၊ ဝက်သားဟင်းဆိုလို့ကတော့ ထမင်းဘူးပါ မျိုလိမ့်မယ်။ ဟား ဟား...” 


ပြောင်တလင်းခါနေတဲ့ ထမင်းဘူးထောင့်က ထမင်းလုံးတွေ ကော်စားနေတဲ့ ရှမ်းမ ရှက်သွားပြီး ချိုချိုကို မျက်စောင်းထိုးတယ်။ 


“ဟုတ်တယ်...နင်ကတော့ မစားနိုင်ရှာဘူး”


ဟုတ်သားပဲ။ ချို့ချို့ ထမင်းဘူးလည်း ပြောင်လို့။ ဘာထူးလဲ။ ခင်ပိုင်တို့ ထမင်းဘူးလည်း ပြောင်လို့။ ကန်စွန်းရွက်တွေပဲဟင်းတွေ၊ ခရမ်းသီးချက် တွေ ထည့်ထားတဲ့ ဟင်းခွက်လေးတွေလည်း ပြောင်လို့။ ကျုံးရေမှာ ဆေး စရာတောင် မလိုဘူး။


ထမင်းဘူးတွေ ကြည့်ပြီး ခင်ပိုင်တို့ ဘာရယ်မသိ၊ အတောမသတ် တခစ်ခစ် ရယ်နေကြရာက ရုတ်တရက် ချိုချိုက ထရပ်တယ်။ ပြီးတော့ မင်းသမီးဟန်အပြည့်နဲ့ လက်ညှိုးလေးထောင်လိုက်ပြီး..


"အို...မောင်မောင်...မောင်မောင်ရဲ့၊ စိမ်းကားလှချည်လား။ မျက်နှာချင်း ဆိုင်တွေ့လျက်နဲ့ မျက်နှာတော်လွှဲရက်တယ်။ ဟင်..အရင်တုန်းကတော့ အသည်းအသက်လို ကြင်မယ်ဆိုချစ်တဲ့သူကြီးရဲ့”


ကြည့်စမ်း။ တကယ်နောက်တဲ့ ချိုချို။ ငိုချင်းချသလိုနဲ့ ကျောင်းပေါက်ဝ ထွက်လာတဲ့ မင်းသားတန်းက ခပ်ခြောက်ခြောက် ကောင်လေးကို စနေ တာ။


တဗုန်းဗုန်း ခြေဆောင့်ပြီး မူသွားတဲ့ ကောင်လေးကို ကြည့်ပြီး ရယ်မိ ရင်းက ငိုချင်းဆိုတဲ့ ချို့ချို့အသံကို ခင်ပိုင် သတိထားလိုက်မိတယ်။ ချိုချို အသံက ကောင်းတယ်။ နောက်ပြီး ပထမနှစ်ရှိသေး၊ သူ ငိုချင်း ဆိုတတ် တယ်။ ဒါပေမဲ့ ချိုချိုက ရုပ်မလှရှာပါဘူး။


             ----------

“ကဲ..စမယ်နော်၊ လာပြီ။ တုံး တုံး တုံးပလပ် ဗေတုံဗြဲးပြီး တပ်ဗေ ဂျိ။ ဟုတ်ပြီနော်။ ဟောသလို တစ်ဆစ်၊ နှစ်ဆစ်၊ သုံးဆစ် ချိုးမယ်။ ကဲ…. လုပ်၊ ပြန်စ”


ဒိုးဆရာ ကိုတင်အေးရဲ့ ဒိုးသံက ခုန အမေတီးပေးတဲ့ ပါးစပ်ဆိုင်း အလိုက် လေးလေးမှန်မှန် ထွက်လာတယ်။ ဘုရား..ဘုရား...ယိုးဒယား တစ်ပင်တိုင် တစ်ပင်တိုင်နဲ့၊ ကြည့်တော့သာ ကောင်းတာ၊ တော်တော်ပင်ပန်း တဲ့ အကပါလား။


“ဪ......မိခင်ပိုင်ဟာလေ၊ ဟောဒီခါးကြီးက ဘာဖြစ်လို့ တောင့်ခံ နေတာတုံး။ ယိုးဒယားမှာ ခါးမပါလို့ကတော့ လှလိုက်မယ့်ဖြစ်ခြင်း။ ချိုးစမ်း ပါ၊ ချိုးစမ်းပါ။ နောက်နှစ်ဆို သင်တန်းဆင်းတော့မယ့်သူက ခုထိ ခါးမပါ သေးတာတော့ မဟုတ်သေးဘူး၊ လုပ်စမ်း...ပြန်လုပ်စမ်း”


စိတ်ညစ်လိုက်တာ။ ဒီခါးနဲ့ပဲ ခင်ပိုင် ဒုက္ခရောက်ရပေါင်း မနည်းတော့ ဘူး။ လာခဲ့။ ခါးပတ်ကို ပိုတင်းနေအောင် ခင်ပိုင် ပြင်ပတ်လိုက်တယ်။ ပြီးတော့ ဒိုးဆစ်ကို ပါးစပ်ကဆိုပြီး အမေ့ကို ကပြလိုက်တုန်း ကျောင်းခန်း လှေကားမှာ မင်းသားတန်းက ဆရာလေး ရောက်လာတာကြောင့် အမေ ခင်ပိုင့်ကို ထားခဲ့ရတယ်။ ဟင်း...။ သက်ပြင်းကြီး တစ်လုံးကို အားရပါးရ ချပြီး လွတ်လပ်သွားတဲ့ ခဏကို နားနေမိတယ်။ အိမ်မှာလည်း ခင်ပိုင် ကျင့်လိုက်ရတာ တဒုန်းဒုန်းနဲ့။ အလတ်ကောင် တင်မြိုင်နဲ့ ရန်ဖြစ်ရတဲ့အထိ ပဲ။ “ဒါ ယိုးဒယားတစ်ပင်တိုင်ဟဲ့” လို့ ခပ်ကြွားကြွားပြောတာကိုပဲ တင်မြိုင် က ဟားသေးတယ်။


 “နင့်လိုဟာမျိုးတွေ ဘယ်အငြိမ့်မှာမှ မပါဘူး။ ဒါမျိုး ဒါမျိုးတွေပဲ ပါတယ်”ဆိုပြီး ရှိတ်ဆွဲပြလိုက်သေးတယ်။ နောက်ပြီး “နင် အငြိမ့်ကချင်တယ်ဆိုရင် မေခလာတို့၊ မေဆွိတို့ သီချင်းတွေ ကျက်ဦး” တဲ့။ “ငါ့လာ ဆရာလုပ်မနေနဲ့”လို့ ခင်ပိုင် ငေါက်လိုက်ရပေမယ့် တင်မြိုင် ပြောတာလည်း ဟုတ်တုတ်တုတ်ပဲ။


ခင်ပိုင်လည်း ပွဲဈေးရောင်းရင်း တစ်လျှောက်လုံး ကြည့်ခဲ့တာပဲဟုတ် ပါတယ်လေ။ ဘယ်မင်းသမီးမှ တစ်ပင်တိုင်ကတာ မတွေ့ရပါဘူး။ မေခလာ မေဆွိ သီချင်းတစ်ပုဒ်ပုဒ်စည်ကိုနှက်ပြီး ရှိတ်ဆွဲတာကတော့ အငြိမ့်တိုင်း၊ပွဲတိုင်းပါပဲ။ ဒီလိုဆို ဒီအကတွေကို ဘာလို့ အပင်ပန်းခံပြီး သင်နေမလဲ နော်။


“ဟဲ့ ကောင်မလေး၊ အကကျင့်နေတာတော့ မဟုတ်ဘူး။ ပြတင်းပေါက် သွား မျှော်နေ။ ဖြစ်ပါလိမ့်မယ် ခေါင်းဆောင်မင်းသမီး"


ဆေးလိပ်မီးခိုးတွေ တထောင်းထောင်းကြားကနေ လှမ်းအော်တဲ့ ဒိုး ဆရာ ကိုတင်အေးကို ခင်ပိုင် အားရပါးရ မျက်စောင်းထိုးပစ်လိုက်တယ်။ ဟင်း... အရာကျလို့။ သက်သက်မဲ့ အမေကြားရင် ဆဲဆိုခံရဦးမယ်။


“အေး...ထိုး...ထိုး၊ မျက်စောင်းထိုးကတော့ နင်က သင်စရာမလိုဘူး၊ကြာပစ်လည်း သင်စရာမလိုဘူး။ အကသာ နောက်ပိတ်” 


“ဦးတင်အေးကြီးနော်၊ လိုက်ရှည်မနေနဲ့၊ အကနောက်ပိတ်တော့ ဘာ ဖြစ်တုံး။ ရုပ်လှဖို့သာ အဓိက"


“အမယ်...နင့်ကိုယ်နင် လှတယ်ပေါ့၊ ဟုတ်လား” 


“ဟုတ်တယ်...ဟုတ်တယ်”


လို့ နှုတ်ခမ်းထော်ပြီး အော်ပစ်လိုက်တာတောင် ကိုတင်အေးက အစမသတ်သေးဘူး။ မျက်နှာခပ်တည်တည်နဲ့…


“ဟဲ့..ခင်ပိုင်၊ မှတ်ထား။ မင်းသမီးဆိုတာ ချောတိုင်း လှတိုင်း ကျော်တာ များ မမှတ်နဲ့။ စန်းရှိမှ။ နောက်ပြီး ရုပ်ကကို ဆွဲဆောင်မှုရှိမှ။ ခု ပထမနှစ် တက်လာတဲ့ထဲက 'မခိုင်” ဆိုတဲ့ ကောင်မလေးရုပ်မျိုး။ နင့်ရုပ်မျိုး မဟုတ် ဘူး”


ကြည့်စမ်း၊ ကြည့်စမ်း။ ခင်ပိုင့်ရုပ်ကိုများ။ ရှူးရှူးရှဲရှဲ ဖြစ်လာပြီး ပါးစပ် က ပွစိပွစိဆဲရင်း ခင်ပိုင် ခြေဆောင့်ထွက်လာခဲ့တယ်။


ဆေးလိပ် အသစ်မီးညှိရာကနေ ခင်ပိုင့် နောက်ကျောကြည့်ပြီး ကိုတင် အေး ခေါင်းညိတ်မိတယ်။ ကမြင်းမလေးတွေ၊ တင်အေးများဆို အင်မတန် မရိုမသေ လုပ်ချင်ကြတယ်။ “ဒိုးဆရာ”ဆိုတာကိုများ ဘာအောက်မေ့နေကြ ပါလိမ့်။ ဟင်း....အငြိမ့်ထဲမှာများ တွေ့ လို့ကတော့ သင်းလေးတွေ၊ တင်အေး ကို အစ်ကို အစ်ကို..လုပ်နေရမယ်။ ဒိုး ဆိုတာ အငြိမ့်မှာ အခရာ။ အချုပ်။ အို..ဒါတွေလည်း ဒီဟာမလေးတွေ မသိပါဘူး။ ပညာကို လေးစားရကောင်းမှန်း မသိပါဘူး။ သင်းတို့သိတာက မင်းသမီးဖြစ်ချင်တာ တစ်ခုတည်း။ အင်း..ရင်လေးစရာတော့ ကောင်းပါတယ်။ ဪ...သင်းတို့ ၁၄ နှစ်နဲ့ ပညာယူကြရရှာတာ။ ကလေးတွေမို့လေလို့ ခွင့်လွှတ်ချင်ပေမယ့် ဟို အရင့် အရင်နှစ်တွေက ကလေးမလေးတွေဆို ဘယ့်နှယ်လုပ်မလဲ။ ပညာမှ ပညာ။ သိတတ်လိုက်ကြတာ။ ကျောင်းမဆင်းသေးဘူး။ နာမည်က ကြီးနေပြီ။ ခေါ်ချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပြီ။


ခုတော့ ကြာပါပြီ။ အားမလိုအားမရ ဖြစ်ရင်းကပဲ ဟောတစ်နှစ်၊ ဟော တစ်နှစ် ပြီးသွားကြတာပဲ။ အပြင်ရောက်ပြီးမှလည်း နိုင်ငံကျော်တာ တစ်ယောက်မှ မကြားမိသေးပါဘူး။ ကိုယ့်အနေနဲ့ကလည်း အလုပ်မရှိလို့၊ ဒိုးမတီးရ မနေနိုင်လို့သာ ပန်တျာ ဒိုးတီး လက်ထောက်ဘဝမှာ နှစ်ပြီး နေနေရတာ။ တကယ်တမ်းကျ လခလေးက ၁၄ဝ ရယ်။ တီးရတော့ တစ်နှစ် လာလည်း ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်ရိုးတွေ။ တစ်ခါတလေ တော့လည်း ကိုယ်တီးချင်တာတွေကို စိတ်ရှိလက်ရှိ တီးပစ်ချင်လိုက်တာ။ အဲဒီလို တီးခွင့်ရဖို့ အငြိမ့်ထဲ လိုက်ချင်တာလည်း သေလုပေါ့။ ဒါပေမဲ့ ခု အငြိမ့်တွေက တော်ရုံ ဒိုးတီးဆို မသုံးချင်ကြဘူး။ ဒိုးဆို သူဟေ့ ဆိုတဲ့ နာမည်ကျော်တွေကိုမှ ခေါ်ချင်ကြတာ။ အေးလေ၊ နာမည်ကြီး ဒိုးတီးမဟုတ် လို့ အခေါ်မခံရတာကိုလည်း ဝမ်းနည်းမနေချင်တော့ပါဘူး။ ကလေးနှစ် ယောက်နဲ့ အိပ်ရာပေါ်ပက်လက် မိန်းမကိုထားသွားပြီး အငြိမ့်နောက်လိုက် လို့လည်း မဖြစ်ပါဘူးလေ...။


ရင်ထဲမှာ ကျပ်ခဲခဲကြီး ဖြစ်လာတဲ့ ကိုတင်အေးက ဒိုးတွေကို အကြောင်း မဲ့ ချွေတီးပစ်လိုက်တော့ ချိုချိုနဲ့အတူ အကကျင့်နေတဲ့ ခင်ပိုင့်မျက်စောင်းက ရောက်လာတယ်။


နှုတ်ခမ်းတွေကို ချွန်နေအောင် ခင်ပိုင် စူထားတယ်။ ရင်ထဲမှာ မပြေသေး ဘူး။ ဟင်း..အမေ့ကိုကြောက်လို့သာ။ နို့မို့သာတော့လား၊ ဒီလူကြီးကို ခင်ပိုင် အော်ဆဲပစ်လိုက်ချင်တယ်။ ဘာစန်းလဲ၊ ဘာဆွဲဆောင်မှုလဲ။ အို….ဒါတွေကို ခင်ပိုင် မသိချင်ပေမယ့် ခင်ပိုင် အမြဲအားကိုးခဲ့ရုပ်ကို ထိပါးတာရင်ထဲမှာ ကျင်ခနဲတောင် နာတယ်။ ဒါပေမဲ့ ပထမနှစ် တက်လာတဲ့ ဟိုကောင်မလေး မိခိုင်ရဲ့ ရုပ်ကလေးကို ကြည့်ရတာ တစ်မျိုးပဲ ဆိုတာတော့ ခင်ပိုင် ဝန်ခံရလိမ့်မယ်။ ကောင်မလေးက ချောတာထက် သူပြောတာ၊ ဆို တာ၊ ရယ်တာလေးတွေက ပိုပြီး ကြည့်လို့ကောင်းတယ်။ ချစ်ဖို့ကောင်းတယ်။ ဒါဟာ ဦးတင်အေးကြီးပြောတဲ့ စန်း”ဆိုတာလား။ ဆွဲဆောင်မှု ဆိုတာလား။ အဲဒါတွေရှိမှ နာမည်ကျော်မှာတဲ့လား။


၁၅ နှစ်သမီး ခင်ပိုင့် ခေါင်းထဲမှာ ရှုပ်ထွေးစ ပြုလာတယ်။ အမေပြော တာကတော့ “မင်းသမီးဆိုတာ အရှက်မရှိ လုပ်ရဲရင် ဖြစ်တာပါပဲအေ” တဲ့။ ဘာတွေမှန်းလည်း မသိဘူး။ တော်ပြီ၊ တော်ပြီ။ ဒါတွေ မစဉ်းစားချင် ဘူး။ နောက်တော့ သူ့ဘာသာသူ ဖြစ်လာမှာပေါ့။ လောလောဆယ်က ခါးကျိုးနေအောင် ကျင့်ဖို့။ ဟော...ဟိုမှာ အမေပြန်လာနေပြီ။ တင်းနေအောင် ပတ်ထားတဲ့ ခါးပတ်အောက်က ဗိုက်ကို တအားရှပ်ပြီး ခင်ပိုင် အသက်ကို ဝဝရှူလိုက်တယ်။


    * * *

“ဟင်...ပိုက်ဆံကလည်း ဒါပဲလား။ ပါးစပ်ကတော့ ထောင်းထောင်းကို ထနေတာပဲ”


“ထတော့ ဘာဖြစ်လဲကွာ၊ ကဲ...”


သွားပြီ။ လက်ဖက်ရည်သောက် ပန်းကန်လား၊ မုန့်ဟင်းခါး ပန်းကန် လား။ အမေ့ရဲ့ မအေကိုင်တုတ်တဲ့ အသံက ဒေါသတကြီး ပေါ်လာသလို အဖေ့ရဲ့ ထရံကို လက်သီးစာကျွေးတဲ့ အသံ တဗုန်းဗုန်းကလည်း ပေါ်လာ တယ်။


စိတ်ပျက်လိုက်တာ။ ညနေတိုင်း ဒီရန်ပွဲကို ခင်ပိုင် ရိုးနေပေမယ့် အက ကျင့်မလို့ လုပ်နေတုန်းဆိုတော့ လူက စိတ်မပါတော့ဘူး။ မော့ပြီး ပြုံးထား တဲ့ မျက်နှာကို ဘယ်လိုလုပ်လိုက်ရမှန်း မသိဘူး။ လက်ခုပ်တီးမလို့ ဟန်ပြင် ထားတဲ့ ခင်ပိုင်ညီမ မိလှိုင်လည်း ချောင်သွားကုပ်တယ်။ အဖေနဲ့လည်း စိတ်ညစ်တယ်။ မူးရင် သိပ် သွေးဆိုးတာက ခင်ပိုင်တို့အတွက် တစ်ဒုက္ခပဲ။ သိပ် မမူးရင်တော့ အဖေက ငြိမ်ပါတယ်။ ဒါပေမဲ့ မူးအောင်တိုက်မယ့် ဒကာတွေနဲ့ တွေ့ လာလို့ကတော့ မလွယ်ဘူးမှတ်။


“ဘာလဲ၊ ဟိုကောင်မလေးကလည်း တစ်ချိန်လုံး ဒီသောက်အက လောက် လုပ်နေတာပဲ။ ဟင်း...ငါ မပြောချင်လို့ ကြည့်နေတာ၊ မင်းသမီး ဆိုတာ အလကားကောင်မတွေ လုပ်တာ၊ နန့်ကြောဆွဲချင်တဲ့ ကောင်မတွေလုပ်တာ၊ မှတ်ထား”


ဘုရားရေ။ အဖေ့မြားဦးက ခင်ပိုင့်ဘက် လှည့်လာပြီ။


“ဟင်..ကိုဖိုးစု၊ ရှင့်ပါးစပ်ကို မပိတ်ဘူးလား၊ ရှင် နားမလည်ဘဲနဲ့ လျှောက်မပြောနဲ့”


အမေက ခင်ပိုင်တို့ ညီအစ်မဆီ ဦးတည်နေတဲ့ အဖေ့လက်ကို ဆွဲခေါ် တယ်။


“ဖယ်စမ်းပါ။ သောက်ကမြင်းမတွေနင်တို့ကရော ဘယ်လောက်နား လည်လို့လဲ။ ဟိုကောင်မ ခင်ပိုင်၊ နက်ဖြန်ကစပြီး အကမသွားနဲ့။ ဈေး ရောင်း။ မင်းသမီးဆိုတာ အလကား။ လူတကာကိုမြူ..”


 “ကဲ..ကဲ...ဒီပါးစပ်က”


အမေက ဒေါသဖြစ်ဖြစ်နဲ့ ပါးစပ်ကိုပိတ်တာတောင်၊ အဖေက ဝူးဝါး ဝူးဝါးနဲ့ အော်တုန်းခင်ပိုင့်ကိုလည်း မေးတာလွန်ရော။ ထွက်မလား၊ မထွက် ဘူးလားနဲ့။ နောက်ဆုံး အမေက စိတ်တိုတိုနဲ့...


“ကဲ...ခင်ပိုင့်ကို ထွက်ခိုင်းမယ်၊ တစ်လကို ခုနစ်ဆယ့်ငါးကျပ်နဲ့ စတိုင် ပင် သုံးနှစ်စာ ရှင်လျော်မလား။ ကဲ..ပြော..ဟင်း..ထွက်ချင်တိုင်း မရဘူး၊ နားလည်လား” လို့ အော်တော့မှ အဖေ ငြိမ်သွားတယ်။


ဒီလိုပဲ အဖေပြီးသွားပေမယ့် ခင်ပိုင့်ရင်ထဲမှာတော့ နောက်နေ့ ကျောင်း သွားတဲ့အထိ ဒီအဖြစ်က မပြီးသေးဘူး။ အဖေ့ရဲ့ မင်းသမီးဆိုတာကြီးက တစ်မျိုး။ အမေ့ရဲ့ မင်းသမီးဆိုတာကြီးက တစ်မျိုး။


ခင်ပိုင့်ခေါင်းထဲမှာ ရှုပ်ထွေးနေကြတယ်။ ကျောင်းက ဆရာမ အမေ ကတော့ အငြိမ့်ခန်းသင်ပြရင်းနဲ့ အငြိမ့်ခန်းမှာ မင်းသမီးက ပရိသတ်ချစ် အောင်၊ ခရာတတ် တာတတ်ရမယ်။ အဆို၊ အက ကောင်းရုံနဲ့ မဟုတ်ဘူး။ပြီးတော့ အမြဲတမ်း အပျိုဖြစ်နေမှတဲ့လေ။ ဒါပေမဲ့ ကိုယ် နာမည်ကြီးအောင် လုပ်ပေးမယ့် လူတွေကိုတော့ အလိုက်အထိုက်ပေါ့...တဲ့။


ဟင်း...။ အမေ ဟိုတုန်းက ပြောသလို မင်းသမီးဖြစ်ရတာ မလွယ်လှ ပါဘူး အမေရာ။ မှတ်သား နာယူစရာတွေကလည်း များလိုက်တာ။ ဒီကြား ထဲမှာ အဖေတို့ အမေတို့ စီးပွားရေး မပြေလည်တာက တစ်မှောင့်။


အရင်ဆို မင်းသမီးပုံစံအပြည့် လိမ်းခြယ်ထားတဲ့ ခင်ပိုင်ဟာ ကျောင်း သွားရာလမ်းမှာ မင်းသမီးဟန်အပြည့်နဲ့ ကြည်ကြည်နူးနူး စိတ်ကူးယဉ် လမ်းလျှောက်နေကျ။


ကျောင်းသွားချိန်ဆုံတဲ့ ဟိုကောင် တင်လှိုင်တို့၊ အောင်ဒင်တို့ အရင်လို မပြောင်ဘဲ သဘောကျတဲ့အကြည့်နဲ့ ကြည့်သွားတာကို သာယာသလိုဖြစ် ရင်း လျှောက်နေကျ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲဒါတွေအားလုံးကို ဘာမှ မကြည်နူး၊ မသာယာနိုင်တဲ့ပြင် ကျောင်းနားနီးလို့ ကြားရတဲ့ ဆိုင်းသံ၊ ဗုံသံ၊ စည်းဝါးသံတွေနဲ့ လက်ချိုးပြီး ကျောင်းထဲဝင်တဲ့ အကျင့်ကိုတောင် မလုပ်မိတော့ဘူး။


“ဟယ်...မင်းသမီးက ပါးအို့နီတောင် မတင်နိုင်ပါလား၊ ဘာဖြစ်လာ သလဲ မိမိရယ်”


ကျောင်းခန်း အပေါက်ဝကနေ ယိုးဒယားဟန်နဲ့ လှမ်းလာတဲ့ ချိုချိုကို ကြည့်ရတာ အမြဲတမ်း လန်းနေတဲ့ ပန်းလေးလိုပဲ။ ချိုချိုက သူ့ ခါးပတ်ကိုငုံ့ပြီး ပတ်နေရင်းက…


“ဟင်…ခင်ပိုင်၊ နေမကောင်းဘူးလား။ ရှမ်းမလည်း နေမကောင်းလို့တဲ့၊ စိန်လေးကို ခွင့်စာပေးလိုက်တယ်။ ပြီးတော့လေဟယ်...စိန်လေး လာတော့ ရှမ်းမ ငိုနေသတဲ့”


ချိုချိုက ခေါင်းမော့လာပြီး မျက်နှာညှိုးညှိုးနဲ့.


“သူ့မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ဘူးတဲ့” 


ခင်ပိုင်က ငေးပြီး နားထောင်ရာက ရုတ်တရက်...


“ဒါဖြင့် လာ…ရှမ်းမဆီ သွားရအောင်၊ ကျောင်းမှ မတက်သေးတာ။ ဟိုမှာ...စိန်လေးလည်း ခေါ်လိုက်”


ရှမ်းမလိုပဲ ဘော်ဒါနေတဲ့ စိန်လေးကိုခေါ်ပြီး သုံးယောက်သား မိန်း ကလေး ဘော်ဒါဆောင်ဆီ ပြေးခဲ့ကြတယ်။ ဟင်း...တကယ်တော့ ရှမ်းမကို သနားလို့သာ လာခဲ့ရတာပါ။ ချိုချိုမှာရော၊ ခင်ပိုင်မှာရော ပါတဲ့ပိုက်ဆံက ငါးမူးစီရယ်။


“လာ...ဟိုမှာ”


စိန်လေးပြရာ လှမ်းကြည့်လိုက်တော့ ရှမ်းမက ခင်ပိုင်တို့ကို ကျောပေး ပြီး အိပ်နေတယ်။ ရှမ်းမ ခုတင်အောက်မှာ သံသေတ္တာ သေးသေးလေး တစ်လုံး။ ရှမ်းမက နေမကောင်းတယ်သာဆိုတယ်၊ သူအိပ်တဲ့အောက်မှာ အိပ်ရာခင်းလေး ဘာလေးလည်း မရှိဘူး။ ဟင်...ရှမ်းမတင် မဟုတ်ပါဘူးဘော်ဒါတစ်ခန်းလုံးက သုံးထပ်သား ခုတင်တွေပေါ်မှာလည်း ဘာအခင်းမှ မရှိပါဘူး။ သင်ဖြူးလေး တစ်ချပ်စီခင်းလို့။ တချို့လည်း ပလတ်စတစ်ခင်း လို့။ အမယ်..ကြည့်စမ်း။ ရှမ်းမလေးက နံရံမှာ၊ ဘာတဲ့။ “ပေတစ်ရာစိန် (ခေါ်) မိရှမ်းပျို ယုယုဆွေ အငြိမ့်” တဲ့။ မြေဖြူနဲ့ ရေးထားတယ်။


ချိုချိုက အဲဒီစာဖတ်ပြီး အဟိ”ကနဲလုပ်ရင်း ‘ရှမ်းမ….ရှမ်းမ”နဲ့ခေါ်တော့ ရှမ်းမ ကပျာကယာ လှည့်လာတယ်။ ဟောတော့...ရှမ်းမက ငိုတုန်း။ မျက် ရည်စီးကြောင်းတွေနဲ့။


“နေမကောင်းဖြစ်နေတာကို ဘာဖြစ်လို့ ငိုနေတာလဲ မိရှမ်းပျို ယုယုဆွေ"


ချိုချိုက နောက်တော့ ရှမ်းမ ပြုံးသွားတယ်။ သူ ့စာတန်းလေးကို လှမ်း ကြည့်ရင်းက…


“နေမကောင်းလို့ ငါငိုတာ မဟုတ်ဘူးဟ။ အိမ်ပြန်ချင်လို့” 


“နင်ကလည်း ကျောင်းပိတ်တော့ ပြန်ရမှာကိုများ”


“အေးလေ...နင်ပဲ ကနေရရင် ဆွေမျိုးမေ့တယ်ဆို" 


ခင်ပိုင်တို့ တစ်ယောက်တစ်ပေါက် ဝင်ပြောတာကို ရှမ်းမက တွေပြီး နားထောင်နေတယ်။ သင်တန်းမှာဆို ရှမ်းမက ချိုချိုပြီးရင် အကအကောင်း ဆုံးပဲ။ သူက သဲတော၊ ဝမ်းတွင်းဘက်က။ ရှမ်းစပ်။ ငယ်ငယ်တုန်းကတည်း အရပ်ပွဲတွေမှာ လမ်းတကာ လျှောက်ကခဲ့တဲ့သူ။ သူတို့အရပ်မှာ “ပေတစ်ရာစိန်”လို့ နာမည်ရတဲ့အထိပဲ။ သူ ဝါသနာပါလွန်းလို့သာ ပန်တျာ တက်ခိုင်းလိုက်တာ။ မိဘကတော့ မထောက်နိုင်ရှာဘူး။ စိန်လေးက သူ့ခု တင်ပေါ်က ဘော်ဒါမှာဝတ်တဲ့ အင်္ကျီအနွမ်းလေးတွေကို ခေါက်နေရင်းက လှမ်းပြောတယ်။


“သူက အပြီးပြန်ချင်တာတဲ့”


“ဟင်..ဟုတ်လား ရှမ်းမ” လို့ ခင်ပိုင်မေးရင်း ရုတ်တရက် သတိရပြီး... 


“ပြန်လို့ မရဘူးလေဟယ် ရှမ်းမ၊ ပိုက်ဆံတွေ အများကြီး လျော်ရမှာ” 


“ငါ သိပါတယ်ဟယ်၊ ဒါပေမဲ့ ငါ့ပိုက်ဆံအတွက်ကို တွေးရတာနဲ့ သေလိမ့်မယ်။ လတိုင်းပဲ ထမင်းလခ ငါးဆယ်ပေးပြီးရင် ကျန်တဲ့အစိတ်ကို မစားရက်မသောက်ရက် သိမ်းရတာ။ မနေနိုင်လွန်းမှ တို့ပြီး ဝယ်စားရတာ။ ဒါပေမဲ့ ဟင်းက မကောင်းတော့ ခဏခဏ မုန့်ဝယ်စားမိတာပဲ။ အဲဒီတော့ ငွေအစိတ်က ရက်နှစ်ဆယ်ဆို ပြောင်ပြီ။ ငါတော့လေ အဘတို့ အမေတို့ နဲ့ပြန်ပြီး ယာသမ ကိုင်းသမပဲ လုပ်လိုက်ချင်တော့တယ်”


သူ့ရင်ထဲရှိတာတွေကို မရပ်မနား ပြောနေတဲ့ ရှမ်းမကို ခင်ပိုင်တို့တစ်တွေ ငေးကြည့်နေမိကြတယ်။ မျက်ရည်လွယ်တဲ့ စိန်လေးက မျက်တောင်တဖျပ် ဖျပ်ခတ်လို့။ သူလည်း ဘာထူးလို့လဲလေ။ အတူတူပဲဥစ္စာ။ ဪ...ခင်ပိုင် တို့၊ ချိုချိုတို့တွေကရော ဘာထူးမှာလဲ။ အတူတူဘဝတွေချည်းပါပဲ။ ဒီ အဖြစ်တွေဟာ ခင်ပိုင်တို့တတွေ နိုင်ငံကျော် မင်းသမီးကြီးတွေ ဖြစ်ရင်တော့ ပျောက်ကွယ်သွားနိုင်ကောင်းပါရဲ့နော်။


*** ****

၃ဆက်ပါမည်

#ရသလွင်ပြင် fb စာမျက်နှာမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#နုနုရည်အင်းဝ #ဗိုလ်ကေတစ်ထောင်မှာတစ်ယောက်လောက်တော့စွဲကောင်းပါရဲ့ #ဝတ္ထုရှည် #တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.