ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့ (၄) (နုနုရည်-အင်းဝ)
ခင်ပိုင်တို့နောက်မှာ ကိုကတိုးက ဆရာရော၊ လေးလေးရော အစုံခေါ်ပြီး ပိုက်ဆံတောင်းနေပုံရတယ်။ နောက် ခဏနေမှ ပြေးထွက်လာတယ်။
“မြင်းလှည်းပေါ်မှာကျ ကိုကတိုး အိတ်ထောင်ထဲက မညီမညာ ထွက်နေတဲ့ ပိုက်ဆံတွေကို ဒေါ်စိန်ငွေက စောင်းကြည့်ပြီး... “ဟဲ့...ပိုက်ဆံရခဲ့လား။ ရမှာပါ။ ဒီခေတ်က လူပြက် မိုးကောင်းတဲ့ ခေတ်"
ကိုကတိုးက “အသာနေစမ်းပါဗျာ” လို့ ပြန်ပြောရင်း အမေ့ လှမ်းမေး ငေါ့ပြီး...
“ကလေးမလေးအတွက် စိတ်မချဖြစ်မနေနဲ့ အဒေါ်…နော၊ ကျွန်တော် တို့ရှိတယ်လို့”
ကိုကတိုးကလည်း စလိုက်ရော...အမေ့မှာ ပျာလို့။
“အေး…အေးကွယ်၊ အဲဒါပဲပြောမလို့။ မင်းကို အပ်ပါတယ်ကွယ်... ကိုယ့်နှမလေးလို၊ တူမလေးလို စောင့်ရှောက်ပါလို့။ အဒေါ်တို့က အငြိမ့်တွေ ပွဲတွေနဲ့ အစိမ်းအရိုင်း၊ ဘာမျိုးရိုးမှ ရှိတာမဟုတ်ဘူး။ ဘာမှ နားမလည် ဘူး။ ခုနတုန်းက အငြိမ့်ဆရာပြောတဲ့ အစုတို့၊ ဘာတို့ဆို ဘာမှမသိဘူး။ဟင်...ခင်ပိုင်၊ ညည်းရော သိလား"
“အို..အမေကလည်း၊ နောက်သိသွားမှာပေါ့”
ကိုကတိုးက ရယ်တယ်။
“အေး..ဟုတ်တယ်၊ နောက်မှ တဖြည်းဖြည်း သိရတာဟ။ နေဦး အဒေါ်ရဲ့။ အစုနဲ့ပေးတယ် ဆိုတာကတော့ ကျွန်တော်တို့ ခုအငြိမ့်မှာ ယိမ်း ကောင်မလေးတွေရယ်၊ ထမ်းဆင့်ကောင်လေးတွေရယ်၊ ဟိုး...ဂစ်တာတို့၊ အော်ဂင်တို့၊ လေမှုတ်တာတွေတို့ရယ်က ပုတ်ပြတ်ပေးတယ်။ တစ်ည တစ်ဆယ်ဖြင့်တစ်ဆယ်၊ နှစ်ဆယ်ဖြင့်နှစ်ဆယ်။ အစားစားပေါ့။ ကျန်တဲ့ ကျွန်တော်တို့ လူရွှင်တော် လေးယောက်၊ မင်းသမီးသုံးယောက်၊ အတီးသမား ခြောက်ယောက်ရယ်က အစုသမားတွေ။ အစုနဲ့ရတယ်။ တစ်ကျပ်စု၊ ငါးမတ်စု၊ သုံးမတ်စု စသည်ဖြင့်ပေါ့ဗျ။ အဲ.....အစုခွဲပုံ ခွဲနည်းကတော့ စာရွက်နဲ့ ချတွက်ပြမှဗျ။ ပါးစပ်က ပြောလို့မရဘူး။ ဒီလိုပါပဲ။ သိပ်မခက်ပါဘူး။ နောက်တော့ သိသွားမှာပေါ့၊ ဟဲ.....ဟဲ "
“ဟင်း...အဒေါ်ဖြင့် နားမလည်ပေါင်ကွယ်”
ဟုတ်ပါ့။ အမေ့လိုပဲ ခင်ပိုင်လည်း သိပ်နားမရှင်းပါဘူး။ ရှုပ်ပါတယ်။ ကိုယ်က အတွက်အချက်က ဖျင်းဖျင်းနဲ့တော့။ အင်းလေ….ပေးတာ ယူလိုက် ရုံပေါ့။ မဟုတ်တာ လုပ်လိမ့်မယ် မထင်ပါဘူး။ ကိုကတိုးတို့ ကြည့်ရတာ လည်း ဒီလိုပဲ နေမှာပါ။ သိပ်ပြီး ရေရေရာရာ သိဟန်မတူပါဘူး။ ဒေါ်စိန် ငွေလည်း မင်းသမီးအမေ၊ မင်းသမီးပွဲစား ရင့်မကြီးသာ လုပ်တယ်။ ဒီကိစ္စ မှာတော့ သိပ်သိဟန်မတူဘူး။ “နောက်တော့ သိမှာပေါ့အေ” ဆိုပြီးတော့သာ ရောချတယ်။
ဒေါ်စိန်ငွေတို့ အိမ်ရှေ့ရောက်တော့ ကိုကတိုးက “ကဲ...သွားမယ်နော်၊ တီးလုံးတိုက်တော့ လာပြောမယ်။ စိတ်ချ၊ စိတ်ချ အဒေါ်။ ပိုက်ဆံရှင်းတာ၊ အသုံးချေတာ အကုန်လုံး ကျွန်တော် လုပ်ပေးမယ်။ ဪ...ဟေ့...မြင်း လှည်း၊ ဘယ်လောက်တုံးဆိုပြီး အိတ်ထောင်ထဲကို လက်နှိုက်တယ်။
"အို..အို......နေ နေ၊ မပေးနဲ့။ မဟုတ်တာ။ အဒေါ်ပေးပါ့မယ်”
အမေက အတင်းဝင်ပေးတယ်။ ဒေါ်စိန်ငွေကတော့ “ဟဲဟဲ ရပါတယ် အဒေါ်ရဲ့ သွားမယ်” ဆိုပြီး ထွက်သွားတဲ့ ကိုကတိုးကို “ဒါမျိုးကတော့ တတ်တယ်” တဲ့။ ပြီးတော့မှ ခင်ပိုင်တို့ကို...
"ကဲ..လာ၊ အမောအပန်းဖြေကြဦး။ ပြီးပြီ။ ဘာမှစိတ်ပူမနေကြနဲ့တော့။ ရှေ့လျှောက် နာမည်ကျော် မင်းသမီးဖြစ်ဖို့ပဲ ရှိတော့တယ်။ ဟဲ ဟဲ..”
“ဟုတ်ပါတယ် ဒေါ်စိန်ရယ်၊ ဒါပဲရှိတော့တာပေါ့”လို့ ပြောရင်းက ဘော်လီအိတ်ထောင်ထဲက ပိုက်ဆံတွေကို ထုတ်နေတယ်။
“ကျေးဇူးလည်း တင်ပါတယ် ဒေါ်စိန်ရယ်၊ ဒေါ်စိန့်ကို ကျွန်မတို့ ဘယ် လောက်ပေးရမလဲဟင်”
“ဪ…မသောင်းရယ်၊ တစ်ယောက်နဲ့ တစ်ယောက်ကို ပြောနေရမယ့် လူတွေလား၊ ၃၀ဝ ပဲပေး”
“ဟင်…၃ဝဝ”
ခင်ပိုင် လွှတ်ခနဲ ထွက်သွားမိတယ်။ အမေ ဒီတစ်ခါ ဒေါ်စိန်ငွေ အပြော‘ေဩာ်’မလိုက်နိုင်တော့ဘူး။ ဒေါ်စိန်ငွေကတော့ ခပ်အေးအေးပဲ။
“မဟင်နဲ့ မယ်ခင်ပိုင်လေးရေ၊ ဒါ ထုံးစံ၊ ၁ဝဝဝ ကို ၁ဝဝ ပဲ။ ညည်း တို့ကို ဒေါ်စိန်က ပိုယူရမှာလား”
ခင်ပိုင်နဲ့ အမေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြတန်းရုတ်တရက် ဒေါ်စိန်ငွေက ခင်ပိုင့်လက်ကိုဆွဲပြီး.. “လာ..လာ..ခင်ပိုင်။ သွားရည်ယိုစရာတွေ ပြရဦးမယ်။ ခုမှ သတိရ တယ်”
အခန်းထဲကို ဆွဲခေါ်သွားတယ်။ ဒီမိန်းမကြီး ဘာတွေလုပ်ဦးမှာပါလိမ့်။ ခုတင်အောက်က သေတ္တာအကြီးကြီး တစ်လုံးကို ဒေါ်စိန်ငွေက ဆွဲထုတ်ပြီးဖွင့်လိုက်တယ်။
“ကြည့်ပါဦး ခင်ပိုင်ရယ်၊ ညည်းအစ်မလေ၊ မထားထား စွန့်သွားတဲ့ဟာတွေ။ သူဌေးကတော်ဖြစ်တော့ ဒါတွေမေ့ပြီပေါ့အေ”
ဟင်...အင်္ကျီအဝတ်အစားတွေ။ သေတ္တာတစ်ခုလုံး။ တလက်လက်နဲ့ အကုန်လုံး ရွှေတစ်ဆုပ်တွေနဲ့ ချုပ်ထားတာ။ ဪ….သူ့သမီး ထားထားတို့ ခေတ်က ရွှေတစ်ဆုပ်ခေတ်ကိုး။ ဒေါ်စိန်ငွေက အပေါ်ဆုံးက အင်္ကျီလေး တစ်ထည်ကို တယုတယ ကောက်ကိုင်တယ်။
“ဘယ်လောက်လှလဲ။ အဖိုးတန်တွေ...အဖိုးတန်တွေ။ ချုပ်လိုက်ရတာ ပိုက်ဆံမနည်းဘူး။ မှန်း...မှန်း၊ ကပ်ကြည့်ရအောင်၊ အမယ်...ထားထားနဲ့ ညည်းကိုယ်လုံးက မကွာလှပါလား။ အတော်ပဲ၊ ညည်းလိုချင်ရင် ယူသာ သွား။ ဒေါ်စိန် လျှော့ပေးမယ်။ ညည်း ချုပ်ခဖိုးတော့ ကောင်းကောင်း သက်သာစေရမယ်။ အေး ဟုတ်ပြီလား”
ဟောတော့၊သူ့သမီးခေတ်က မစွံတော့တဲ့ အဝက် အစားတွေကို ခင်ပိုင့်ဆီ ထိုးချနေပါရောလား။ ဒုက္ခပါပဲ။ ဒီခေတ်က တစ်ဆုပ်ခေတ် မဟုတ်တော့ဘူး။ တက်ထရက်ရှံတို့၊ အိရှံတို့ပေါ်မှာ ရွှေ ချည် ငွေချည် ဒီဇိုင်းအဆန်း ထိုးတဲ့ခေတ်။ ဒါတွေ သွားဝတ်လို့ကတော့ဟားခံလိုက်ရမယ့် အမျိုး။ အို...မတတ်နိုင်ဘူးလေ။
“ဝယ်တော့ ဝယ်ချင်တာပေါ့ ဒေါ်စိန်ရယ်၊ ဒါပေမဲ့ ဒေါ်စိန့်အမြင်ပဲ။ပိုက်ဆံက ဘယ်လောက်မှ..”
“အမယ်လေး..ပိုက်ဆံ၊ ရပါတယ် ငါ့တူမရယ်။ ခု တစ်ဝက်ပေးခဲ့။ကျန်တာနောက်မှပေးပေါ့။ ဒါများ”
“ဟင့်အင်း….နေပါစေတော့ ဒေါ်စိန်၊ ပိုက်ဆံရှိတော့မှ ကျွန်တော် လာယူ မယ်နော်”
ပြောပြောဆိုဆိုနဲ့ ခင်ပိုင် အခန်းအပြင်ဘက် ထွက်တော့မှ ဒေါ်စိန် က သေတ္တာကို ဆောင့်ပိတ်ပြီး “သဘော၊ သဘော၊ ရစေချင်လို့ ပြောတာ” တဲ့။ ကျေးဇူးကြီးတင်ပါတယ် ဒေါ်စိန်ငွေရယ်။ ဒါလောက်နဲ့တော့ တော်ပါ ရစေတော့။
နောက်ဆုံး သူ့ ပွဲခအတွက် တောင်းတောင်းပန်ပန်နဲ့ ငွေတစ်ရာပဲ ပေးတဲ့ အချိန်မှာတော့ ဒေါ်စိန်ငွေရဲ့ ဇာတိရုပ်က လုံးလုံးပေါ်သွားပြီ။
“မရဘူး၊ မရဘူး။ ကျားသားမိုးကြိုးအေ၊ ငါ ထုံးစံအတိုင်း ယူတာ။ တစ်ပြားမှ ပိုတောင်းတာ မဟုတ်ဘူး။ ငါးပြားစေ့ အလျော့မခံနိုင်ဘူးအေ၊ သုံးရာပဲ။ မပြည့်ရင် ညည်းတို့ အိမ်ထဲကမထွက်နဲ့ ၊ ဒါပဲ”
ဘုရား…ဘုရား၊ ခုနက ဒေါ်စိန်ငွေနဲ့ အခု ဒေါ်စိန်ငွေ ကွာခြားသွားလိုက် တာ။ သူ့ကျေးဇူးကြောင့် ဆိုပေမယ့် ဒီလောက် ခဏလေးနဲ့ ၊ ဒီလောက်လေး လိုက်ပေးတာနဲ့ ၊ ပြောပေးတာနဲ့ ငွေ ၃၀၀ ဆိုတော့ လွန်တာပေါ့နော်။ လခ တစ်လစာလောက်ကြီး။
အမေက နောက်ထပ် ငွေငါးဆယ်ချပေးရင်း တတွတ်တွတ် တောင်းပန် နေတယ်။ ခင်ပိုင့်ရင်ထဲမှာတော့ မျိုထားရတဲ့ ဒေါသရယ်၊ မခံချင်တာရယ်၊ စိတ်ပျက်တာရယ်။ လေမှာ ဖျပ်ဖျပ်လွင့်နေတဲ့ ထရံပေါ်က ပြက္ခဒိန်အဖုံးမှာ အကကြီးက၊ အပြုံးကြီး ပြုံးနေတဲ့ မင်းသမီးဓာတ်ပုံက ခင်ပိုင့်ကို လှောင်နေ တယ်။ ဪ…အငြိမ့်လောကရဲ့ တွေ့ စဦး။ လက်လေးတွေကို မြှောက်ကြည့် ဖို့ အင်အားတွေတောင် ခင်ပိုင်မှာ မရှိတော့သလိုပါပဲ။
* * * * *
“ကဲ..မင်းသမီးရေ၊ သီချင်းလေး ကြောင်းကြည့်ရအောင်၊ အဖွင့်မှာ ဗေတိုးဗေ ခံမယ်၊ ဒိုးဆရာ သိတယ်နော်၊ စမယ်ဗေတိုးဗေ ဂျီး"
“….မြမန္တလာ နန်း က .. ရွှင်လန်းသမျှ ရွှင်လန်းသမျှ နှစ်ခါနော်၊ ကျွန်မ..ပညာသည်..ဗတ်တပ်တပ် ဗတ်တပ်တပ်…ဂျေး...ဂျေး၊ တပ်ဂျေး... တပ်ဂျေးတပ်။ အဆစ်ရတယ်နော်။ ဟုတ်ပြီ ခဏနေဦး။ ဆိုတဲ့နေရာမှာ ကျွန်မ ပညာသည်၊ ‘သည်” မှာ ရစ်ပြီး ဆွဲနိုင်သမျှ ဆွဲနော် ခင်သက်ပိုင်”
“ဟုတ်ကဲ့” လိုက်ရင်းက ခင်ပိုင် မျက်နှာမထားတတ်အောင် ဖြစ်ရတယ်။ ခင်သက်ပိုင်ဆိုတဲ့ အငြိမ့်နာမည်ကို ပထမဆုံး စခေါ်တဲ့သူ၊ အငြိမ့်ဆရာရဲ့ သားကြီး ကိုဇော်ဇော်၊ တစ်ငြိမ့်လုံးက ခေါ်တော့ ကိုဇော်၊ ခင်ပိုင့်ကို သီချင်း ရေးပေးတဲ့ ဆရာဇော်ဇော်ကတော့ ခင်ပိုင့် ရှက်မျက်နှာကို သတိထားမိဟန် မတူဘဲ သူ့အလုပ်သူ ဆက်လုပ်တယ်။
“အဲ...ဂျေးတပ်ပြီးရင် ဝါးလတ် လာမယ်၊ သဘင်သည်လား...ကျောင်း သူလား...သဘင်သည်လား ကျောင်းသူလား...တွေးတောရင်း...ငေးမောမိ သည်...သဘင်သည် ဆိုရင်ကော...မောင့်သဘောကို စောကြောစေချင်... ကျောင်းသူဆိုမှ ချစ်မှာလားရှင်။ အဲ ဒါပြီးရင် ပတပ်ဂျေ တို့ ခံမယ်၊ ပြီးမှ ဝါးပြေးလာမယ်။ ပျော်ပျော်ပင်..ရွှင်ရွှင်ပင်..ကျွန်မဘဝ ရွက်လှပန်းအသွင်။ ဒါပဲ။ ကဲ...ဒိုးဆရာလေး ဗေဒါရွှေလေး။ ရပြီနော်။ ခင်သက်ပိုင်လည်း တစ်ခေါက်လောက် ဆိုကြည့်လိုက်ဦး။ မရတာ ကိုယ့်ကိုမေး”
“မရတာ ကိုယ့်ကိုမေး”တဲ့။ ကိုဇော့်အသံက နွေးနွေးထွေးထွေး ရှိလိုက် တာ။ ပြီးတော့ ကိုဇော့်သီချင်းကို ခင်ပိုင်ကြိုက်တယ်။ သီချင်းဆိုကြည့်ရင်း ပျော်လာပြီး လိုက်ကမိတယ်။ ကိုဇော်က ခင်ပိုင် ဆိုကြည့်တာကို ဂရုစိုက် နားထောင်နေရင်း...
“အင်း...အင်း...ဟုတ်ပြီ။ အသံကို သိပ်ညှစ်ထုတ်မဆိုနဲ့လေ၊ အဆို တတ်ဖို့၊ သီချင်းစာသား ပီသဖို့က ပိုအရေးကြီးတာ”
ထင်သလောက် မကောင်းတဲ့ ကိုယ့်အသံအတွက် ခင်ပိုင် အားမလို အားမရ ဖြစ်ရတယ်။ ကျောင်းတုန်းကတည်းက ခင်ပိုင် အသံကို အဆို ဆရာမက ပြောသား။ အသံက အက်တက်တက်နဲ့၊ ဆိုတာကလည်း ရင်ထဲက မလာဘူးတဲ့လေ။
“နောက်ပြီးတော့ ခင်သက်ပိုင်၊ ကပြီးလို့ သီချင်း နောက်ထပ် မကျော့ ခင်မှာ စကားပြောရမယ်နော်။ လူရွှင်တော်တွေကို အစ်ကိုတို့ရေ..ခုန ကျွန်မ ဆိုသွားတဲ့ သီချင်းလေးနာမည်က ရွက်လှပန်း သဘင်သည်တဲ့။ ကျွန်မက ခုမှ ပန်တျာဆင်းခါစ အသက်ကလေးက ငယ်သေးတော့ ကျွန်မ ချစ်သူက ကျွန်မကို ကျောင်းသူလေးပဲလား၊ သဘင်သည်မှ ဟုတ်ရဲ့လားလို့ ထင်မှာစိုး မိတယ်။ သဘင်သည် ဆိုခဲ့ရင်လည်း ကျွန်မကို ချစ်မယ့် သူ့သဘောကို စောကြော စေချင်သေးတယ်ရှင်။ ကျွန်မက အငြိမ့်သမ မဟုတ်လား။ ကျောင်း သူဆိုမှ သူက ချစ်မှာလား ဆိုတာကိုလည်း ကျွန်မ တွေးပြီး ပူပန်မိတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘယ်တော့မှ မညှိုးမနွမ်း လန်းဆန်းတတ်တဲ့ ရွက်လှ ပင်လေးလို အမြဲတမ်း ကပြ အသုံးတော်ခံနေမယ့် ရွက်လှပန်း သဘင်သည် လေးပါလို့”
“ကောင်းလိုက်တဲ့ အဓိပ္ပာယ်လေးပါလား ခင်သက်ပိုင်ရဲ့"
ကိုဇော့် အပြောအဆုံးမှာတော့ ထောင့်ကနေ နားထောင်နေတဲ့ ကိုကတိုးက ဝင်ထောက်တယ်။ ကိုကတိုး ဘေးနားမှာ သီချင်းကြောင်းကြည့်နေတဲ့ခက်ခက်ဝေက မျက်စောင်းထိုးတယ်။ ကိုဇော်က ကိုကတိုးကို လှမ်းပြီး “ခင်ဗျား ခွင်ပေါ်မှာလည်း ဒီအတိုင်းနော်” လို့ လှမ်းပြောတော့ ခက်ခက် ဝေက ဖျတ်ခနဲ မတ်တတ်ရပ်ပြီး၊ ခင်ပိုင်တို့ဘက် လျှောက်လာရင်းက မျက်နှာ ကို မသိကျိုးကျွန်ဟန် ပုံစံနဲ့ ပါးစပ်ကလည်း..
“အင်း..အိုက်လိုက်တာ..ပူနေလိုက်တာနော်၊ ဝါဆိုလ….ဝါဆိုလ”
ဟင်း၊ တော်တော်ပေါ့တန်တဲ့ မျက်နှာ။ ဆံပင်တွေကလည်း တစ်ခေါင်းလုံး ကောက် ထားရတဲ့အထဲ သနပ်ခါးပိန်းကြမ်းနဲ့ မျက်ခုံးမွေး ရိတ်ထားတဲ့ မျက်ခုံးပြောင် နဲ့၊ အိပ်ရေးပျက်တဲ့ မျက်လုံးတွေက နီကြင်ကြင် ရီဝေဝေ။ အသားလေးက တော့ ဖြူပါရဲ့။ ဒါပေမဲ့ ခုပုံစံနဲ့ မြမန္တလာ အငြိမ့်စင်ပေါ်က သိပ်လှတဲ့ ခက်ခက်ဝေနဲ့တော့ တခြားစီပါပဲ တော်ပါသေးတယ်ဆံပင်အလှပြင်ဆိုင် က မိန်းမ မြှောက်ပေးတဲ့ဟိုနေ့က ဆံပင်တွေ မကောက်ခဲ့မိလို့။ ပန်တျာထဲက ပုံမကျ ပန်းမကျ စုစည်းထားခဲ့ရတဲ့ ဆံပင်တိုကို ပုံဆန်းဆန်းလေး ညှပ်မလို့ သွားတာလေ။ မင်းသမီးဆိုတာနဲ့ တစ်ခေါင်းလုံး ဆံပင် ကောက်ခိုင်းတဲ့ တရုတ်မကို လက်ထဲဆုပ်ထားတဲ့ မဖြစ်စလောက် ပိုက်ဆံ တစ်ဆယ်မျက်နှာနဲ့ ဇွတ်ငြင်းမိပေလို့။ နို့မို့သာဆိုရင်တော့ ဟောဒီ ခက်ခက် ဝေပုံ ပေါက်နေမှာ။ ကြည့်...ကြည့်၊ ပြောရင်း ဆိုရင်းကို မထီတရီ မျက်နှာ ထားနဲ့ ကိုဇော့်နား ကပ်သွားလိုက်တာ။ မျက်နှာချင်း ထိလုမတတ်။ သူ့ပုလဲ ရှံနီရဲ လက်ပြတ်ရဲ့ ရင်ဘတ်က ဟိုက်လွန်းရတဲ့ အထဲမှာ ခံဝတ်ထားတဲ့ ဘော်လီက ချွန်မြလို့။ ကိုဇော့် မျက်လုံးတွေက သူ့ရင်ဘတ်ပေါ်မှာ မဝဲချင်မှ အဆုံး။ အို...ခုနကတည်းကပါ။ သူ ကုန်းလိုက်၊ ကွလိုက်တိုင်း ဒီထဲက တီးလုံးတိုက်နေတဲ့ သူတွေ အကုန်လုံး မျက်လုံးဝဲမိကြတာချည်းပဲ။
သူက ကိုဇော့်ဗိုက်ကို တံတောင်နဲ့ တွက်လိုက်သေးတယ်။
“ကဲ..ဘယ်လိုလဲ၊ ကျွန်တော်မျိုးမက သီချင်း ဘယ်အချိန် တိုက်ရမှာ လဲ။ အချိန်မပေးနိုင်တော့ဘူးပေါ့လေ”
ကြည့်လေ။ အချိန်မပေးနိုင်တော့ဘူးပေါ့လေ ဆိုတဲ့စကားက ဘယ်လို စကားကိုဇော်ကတော့ ခက်ခက်ဝေ တစ်ခက်တည်း ခက်ချိန်ဆိုတော့ အလိုက်အထိုက်ပဲ ထင်ပါရဲ့။
“ဟဲ ဟဲ...အချိန်ပေးနိုင်ပါတယ်ဗျာ။ ကဲ...တိုက်၊ အခုတိုက်ရမလား၊ ရတယ်ခက်က ရင့်ပြီးသား၊ အတွေ့ အကြုံတွေ အများကြီးမို့။ ခင်သက်ပိုင်က…
“ဟုတ်တယ်...ဟုတ်တယ်၊ ခင်သက်ပိုင်က အတွေ့ အကြုံ မရှိသေးဘူး၊ သင်ပေးရမယ်၊ ဒါ ကိုဇော့်တာဝန်”
ခုတော့လည်း ခက်ခက်ဝေ မျက်နှာက အတည်ပေါက်နဲ့ ဖြစ်သွားပြန် ပြီ။ ခင်ပိုင့်ဘက်လှည့်ပြီးတော့တောင် “ခင်သက်ပိုင်၊ ကိုဇော့်ဆီက သေချာ သင်နော်” လို့ ပြောလိုက်သေး။ ပြီးတော့ ကိုဇော်ရော၊ ခက်ခက်ဝေရော။ ကိုကတိုးရော၊ ဒိုးတီး ကိုမောင်ရွှေလေးရော ဝိုင်းရယ်ကြပြန်တယ်။
ဘာတွေမှန်းလည်း မသိဘူး။ ခင်ပိုင့်မှာ လိုက်ရယ်ရမလို၊ တည်လိုက် ရမလိုနဲ့ ရောယောင်ပြီးတော့သာ ပြုံးနေလိုက်ရတယ်။ ကိုဇော်က ခင်ပိုင့် မျက်နှာကို ရိပ်မိဟန်တူရဲ့။ ခက်ခက်ဝေကို အသာတွန်းပြီး...
"ကဲပါ…ခက်က မောင်ရွှေလေးနဲ့ အဆစ်တွေ အရင်ညှိလိုက်ပါဦး။ ဒီမှာ ခင်သက်ပိုင်ကို ဝါးလတ်နဲ့ အသိမ်းလေး ပြီးအောင် ကြောင်းလိုက်ဦး မယ်"
“ဟုတ်ပါပြီ..ဟုတ်ပါပြီ”လို့ အငေါ်တူးသွားတဲ့ ခက်ခက်ဝေ မျက်နှာ က ဦးမောင်ရွှေလေး နားလည်းရောက်ရော မျက်နှာက ချက်ချင်း ပြီတီတီ မျက်နှာ။ မောင်ရွှေလေးပါးကို ဆွဲလိမ်ရင်း...
“မောင်လေးရေ၊ ဗေဒါရွှေလေးရေ။ မမခက်ကို အဆစ်ကောင်းကောင်း လေး ဟိုတစ်ခါတုန်းကလို နော်...မောင်လေး နော်...”
စိတ်ထဲက မပါတဲ့စကားတွေနဲ့ မထိခလုတ် ထိခလုတ် တို့ထိနေတဲ့ ခက်ခက်ဝေကို ကိုမောင်ရွှေက နဖူးပေါ် လက်အုပ်ချီပြီး ကြောက်ပါရဲ့ တဲ့ အမူအရာ လုပ်ပြနေပေမယ့် မျက်နှာကတော့ ပြုံးဖြီးဖြီး။ သဘောကျနေတဲ့ ပုံ။ ပြီးတော့ ချက်ချင်းပဲ လက်ထဲက ထွေကြည့်နေတဲ့ ဖဲသုံးလေးချပ်ကို ပစ်ချပြီး အဆစ်တွေ ထည့်ပေးနေလိုက်တာ။
ဒိုး ကိုမောင်ရွှေလေးက တော်တော်ငယ်သေးတာ။ ခင်ပိုင်တို့ထက် ကြီးလှ သုံးလေးနှစ်ပဲ။ သူ့အဖေက နာမည်ကျော် ဒိုးဆရာကြီးတစ်ယောက် တဲ့။ သူက သေသွားတဲ့ သူ့အဖေ လက်ကျတွေ အကုန်ရလိုက်တယ်။ ဒါ ကြောင့် အသက်ငယ်ငယ်နဲ့ လက်သံပြောင်လွန်းလို့ ဗေဒါရွှေလေး၊ ဗေဒါ ရွှေလေးနဲ့တောင် ခေါ်ကြတာ။ ဒါပေမဲ့ သူ့ဝါသနာက ဖဲတဲ့။ ဖဲရိုက်ရမယ် ဆိုရင် ထမင်းမေ့ ဟင်းမေ့၊ ဒိုးမေ့။ ရသမျှ ညကြေး ဖဲနဲ့ကုန်တဲ့လူ။ သား မယား မရှိပေမယ့် မအေ မုဆိုးမကြီးနဲ့ ညီအစ်ကို မောင်နှမတွေက ရှိသေး တော့ သူ့အမေကြီးက တစ်လတစ်ခါ ညကြေးရှင်းတော့မယ်ဆို၊ တဖားဖား နဲ့ လိုက်တောင်းရတာ အမော။ ဦးကျော်လေးတို့ကို ငိုငိုတိုင်ရတာကလည်း အမောတဲ့။ အင်း...အဲဒီ ဖဲရောဂါကလည်း ခက်ပါတယ်။ ကိုကတိုးကြီး လည်း ဖဲရိုက်တတ်သတဲ့။
“ရတယ်နော်..ခင်သက်ပိုင်၊ အဲလိုဆို အကလေး ဘာလေး ကကြည့် လေဒီဒိုးဆစ်နဲ့ ကလို့ ကောင်းရဲ့လား၊ မကောင်းဘူးလား ကြည့်။ ကလို့ မကောင်းရင် ဒိုးသမားနဲ့ညှိ"
ကိုဇော် ပြောနေတုန်း စာရင်းစာအုပ်တစ်အုပ်နဲ့ အလုပ်ရှုပ်နေတဲ့ ဒေါ်မြ ချစ်က သူ့သားကို လှမ်းခေါ်တယ်။ ယိမ်းသမတွေကို အကပြနေတဲ့ ဒေါ်မြ ချစ်က ကိုဇော့်ကို လှမ်းကြည့်တဲ့ မျက်နှာက တစ်မျိုး။ မလိုတဲ့မျက်နှာ။ ဪ... သားမှ မဟုတ်တာကိုး။ မယားကြီးက မွေးထားတဲ့ သားဆိုတော့ ဒါလောက်တော့ ရှိမှာပေါ့။ ဒါပေမဲ့ ဒေါ်မြချစ်ကလည်း ခက်ခက်ဝေ ကျနေ တာပဲ။ မျက်နှာက အမျိုးမျိုး ပြောင်းတတ်တယ်။ လူရှေ့မှာကျရင်တော့ ကိုဇော့်ကို “သားကြီးရေ...ကိုဇော်၊ မေမေချစ်ကလေ...” နဲ့ ချိုဆိမ့်နေတာပဲ။ ကိုဇော်ကလည်း သိပ်ကြည်ဟန်မတူဘူး။ လူရှေ့ဆို ဟုတ်...ဟုတ်ကဲ့ လုပ်ပြီး ကွယ်တာနဲ့ လက်ခါပြတာပဲ။ ဒါပေမဲ့ ဘာပြောပြော ကိုဇော် ကံ ကောင်းပါတယ်။ ဒေါ်မြချစ်က ဦးကျော်လေးနဲ့ သားသမီးမရဘူးလေ။
ဪ...ခက်ခက်ဝေကလည်း ကကြည့်လို့မှ ပြီးနိုင်ပါတော့မလား မသိဘူးနော်။ ဦးမောင်ရွှေလေးကလည်း မမောနိုင် မပန်းနိုင် တီးပေးနေ လိုက်တာ။ ဘေးက ပတ္တလားတီးပေးတဲ့ လူရော၊ စည်းဝါးတီးပေးတဲ့ လူရော ကို ခက်ခက်ဝေက ပါးနားတမင်ကပ်ပြောလိုက်၊ လက်တို့ပြောလိုက်နဲ့ဟာ။ ခက်ခက်ဝေ ကိစ္စဝိစ္စ အားလုံး ပြီးသွားတော့မှ အနားလာရပ်စောင့်နေတဲ့ ခင်ပိုင့်ကို ဒိုးကိုမောင်ရွှေလေးက “ကကြည့်မလို့လား” တဲ့။ မေးဖော်ရတော့ တယ်။
ခက်ခက်ဝေလည်း ကြည့်နေတာနဲ့ အကတွေကို လှနေအောင် တတ် သမျှ မှတ်သမျှ ကမိတယ်။ အိုး...ဒါပေမဲ့ ဟောဒီနားက တီးပေးတဲ့ ဒိုးဆစ် က တစ်မျိုးကြီး။ ခင်ပိုင် ရပ်လိုက်တယ်။
“ကိုမောင်ရွှေ၊ ဟိုနေရာလေ၊ သဘင်သည်ဆိုရင်တော့...မောင့်သဘော ကို စောကြောစေချင်..အပိုဒ်က အဆစ်ပြောင်းပေးပါဦးနော်၊ ကလို့မကောင်း ဘူး”
“ဟာ...နင်ကလည်း ခုနကတော့ မပြောဘူး၊ ဒိုးဆစ်ဆိုတာ ဘန်ဒစ် မှတ်ထား၊ တစ်ခါတည်း အသေမှတ်ထားမှ အလုပ်လုပ်လို့ ကောင်းတာ။ ခဏ ခဏ ပြောင်းနေလို့ ဖြစ်တာမဟုတ်ဘူး”
ဟင်း...ကြည့်ပါဦး။ ခက်ခက်ဝေနဲ့တုန်းက မျက်နှာနဲ့များ ကွာလိုက်တာ။ ပတ္တလားသမားနဲ့ စည်းတီးကလည်း ဆေးလိပ်တွေ ကောက်ဖွာကြ လို့။ ကိုမောင်ရွှေကလည်း ခင်ပိုင့်ကို မြည်တွန်ရင်းက ဘေးနားက ဖဲချပ်လေး တွေကို ကောက်ကိုင်စပြုတယ်။ ခင်ပိုင့် ရင်ထဲမှာ ဖျတ်ခနဲ သတိရမိတယ်။ ကျောင်းတုန်းက အငြိမ့်ခန်းသင်ရင်း အမေပြောတဲ့စကားလေ။ ကိုယ်နာမည် ကြီးဖို့အတွက် အားလုံးနဲ့ အလိုက်အထိုက်...အလိုက်အထိုက်” ဆိုတဲ့စကား။ ခုနက ခင်ပိုင် အမြင်ကတ်ခဲ့တဲ့ ခက်ခက်ဝေ မျက်နှာပေါ်က လုပ်သွားတဲ့ အမူအရာတွေ။ ဟင်...အဲဒါတွေဟာ အလိုက်အထိုက် လုပ်သွားတာတွေ မဟုတ်ဘူးလား။ အို...အဲလောက်ကြီး မျက်နှာပြောင်ဖို့တော့...
“ဟေး…ဗေဒါရွှေလေး၊ ပြောင်းပေးလိုက်ပါဟ အဆစ်ကို။ ကကောင်း အောင် လုပ်လိုက်စမ်းပါ ဆရာလေးရဲ့”
ကြည့်စမ်း။ ကိုဇော်ကလည်း လှမ်းအော်ရော မီးသေလိုက်တာ။ ပတ္တလား ဆရာက ဖျတ်ဆို လက်ခတ်ကောက်ကိုင်သလို စည်တီးကလည်း ဆေးလိပ် လေးချလို့။ ကိုမောင်ရွှေကလည်း ပတ်စာပေါ် လက်တင်စမ်းလို့။ ဒါပေမဲ့ သူက စည်တီးဘက် အသာခေါင်းလေးစောင်းပြီး ပြောလိုက်သေးတယ်။
“လုံးစိမ်းဆို သူ ဒီလိုပဲ သောကများတတ်ရှာတယ်” တဲ့။ ဘာကိုပြောတာလဲ။ ဘယ်သူ ကိုပြောတာလဲ။ `လုံးစိမ်း ဆိုတာကရော ဘာလဲ၊ နေဦး၊ ပြန်ခါနီးမှ ကိုကတိုးကို မေးကြည့်ရဦးမယ်။
စမယ်ဆိုတဲ့ သဘောနဲ့ ခေါင်းဆတ်ပြတဲ့ ကိုမောင်ရွှေကို “ကျေးဇူးပါ အစ်ကိုရာ၊ ဒီတစ်ခါ ကျွန်တော် သေချာ မှတ်ထားပါ့မယ်”
လို့ ပြုံးပြုံးရွှင်ရွှင်လေး ပြောပြီး ပတ္တလားနဲ့ စည်းတီးဘက်လည်း လှမ်း ပြုံးပြလိုက်တယ်။ ဟင်းဟင်း...ဒါလောက်တော့ ခင်ပိုင်လည်း ရပါတယ်။ ဂါရ၀တရားနဲ့ အစ်ကိုခေါ်တာ ပြီတယ် မခေါ်နိုင်ပါဘူးလေ။ လှလှပပလေး ကရင်း ကိုဇော်ကိုလည်း လှမ်းပြုံးပြလိုက်တယ်။ တကယ်။ ကိုဇော့်ကို ကျေးဇူး တင်ပါတယ်။ သူ့ ကြောင့် သူ့ကြောင့် အဆစ်ပြောင်းပေးတာ။ ခက်ခက်ဝေလို ပရောပရည်မလုပ်လိုက်ရဘဲနဲ့ အဆစ်ပြောင်းပေးတာ သူ့ကြောင့်။ အင်း.. ဒီတစ်ဖွဲ့လုံးမှာ ကိုဇော်ဩဇာရှိတယ်။ အငြိမ့်ဆရာရဲ့ သားလည်း သားကြီး ကိုး။ ကိုဇော်ပြောရင် အားလုံးပြီးမှာပဲ။ ဒါကို ခင်ပိုင် သိရမယ်။ မှတ်ထားရမယ်။ ကိုဇော်နဲ့ ခင်ခင်မင်မင်နေရမယ်။ ကိုဇော်ကလည်း ခင်ပိုင့်ကို ခင်ရှာ၊ အရေးပေးရှာပါတယ်လေ။ ဒါဟာ ခင်သက်ပိုင်တို့ ကံကောင်းမယ့် အချက် ပေါ့နော်။
* - * - *
“ဟင်းဟင်း...ဟင်းဟင်း...ညည်းကလည်း ဒီလောကသားလုပ်ပြီး ဒီ လောက်လေးမှ မသိတာ ခံရတာကောင်းတယ်။ သူတို့ပြောသလို ညည်းက တကယ့် ‘လုံးစိမ်း’ပဲ။ မှတ်ထား။ ‘လုံးစိမ်း' ဆိုတာ တို့လောကနဲ့ မကျွမ်း သေးတဲ့ အသစ်လေး၊ အစိမ်းသက်သက်လေးကို ပြောတာ”
“ဪ….ကျွန်တော်မှ မသိတာကို မထိပ်ခေါင်ရဲ့"
ထိပ်ခေါင်တင်တင်က ဆီးပေါင်းအိတ်ထဲကို တံဆိပ်တစ်ခုထည့်ရင်း ကိုယ်ကိုလှုပ်ပြီး ရယ်ပြန်တယ်။
“ဟား...ဟား...ညည်းက ငါ့ထက်တော့ တော်ပါသေးတယ်အေ၊ ငါတို့ စရောက်ခါစတုန်းကများ ကိုယ့်ရှေ့တင်ထားပြီး ဇလိုး”လို့ ပြောတာ ခံရတာ။ ‘ကောပေါက်’လိုက်တာများ မပြောနဲ့တော့။ ဟား...ဟား...ခင်ပိုင်ရယ်၊ “ခွေး” လို့ ပြောခံရတာတော့။ `ဇလိုး”ဆိုတာ တို့စကားနဲ့ “ခွေး” တဲ့၊ မှတ်ထား”
“ကောပေါက်တယ် ဆိုတာကရော”
“ဪ….ကောပေါက်တယ်ဆိုတာက ဒေါကန်တာ။ ပြီးတော့ ရှိသေး တယ်။ ယောက်ျားကို မနုပ်”တဲ့။ နွားကို “ဇု”တဲ့၊ ခြင်ထောင်ကို 'လုံ”တဲ့။ ငိုတာကို ‘စံပယ်ကြွေ” တယ်တဲ့။ “အုံ” ဆိုတာ အပေါ့။ 'နက်' ဆိုတာ အလေး။ ‘အုံထစ်’တယ်၊ နက်ခါ”တယ်လို့ ပြောတယ်။ ထမင်းကို ‘ပုန်း’ ထမင်းစားတာကို “ပုန်းတွတ်တယ်တဲ့။ အမယ်လေး၊ အများကြီး အများကြီး။ နောက်တော့ ညည်းသိလာမှာပါ။ တတ်လည်း တတ်ထားမှအေ့ သိလား။ တခြား ‘လုံးစိမ်း” တွေရှေ့မှာ တို့အချင်းချင်း စကားပြောရတာ တယ်အရသာရှိတယ်၊ ဟား...ဟား”
မထိပ်ခေါင်နဲ့ စကားပြောရတာ ကိုယ့်အတွက် ဗဟုသုတတော့ ရပါရဲ့။ ဒါပေမဲ့ စကားပြောရင်း အော်အော်ရယ်တာက ခက်လှတယ်။ ကိုယ် တွေကို လှုပ်ခါလိုက်တာကလည်း အလွန်။ ဘေးမှာ ဆီးပေါင်းထုပ်နေကြတဲ့ အလုပ်သမလေးတွေ၊ ယိမ်းသမလေးတွေက လှမ်း လှမ်း ကြည့်ကြတယ်။ တန်းလျားလေးပေါ်မှာ ရေနွေးဓာတ်ဘူးတစ်ဘူး၊ လက်ဖက်တစ်အုပ်နဲ့ နှပ် နေတဲ့ အငြိမ့်ဆရာရဲ့ အစ်မ ဆီးပေါင်းတိုက်ပိုင်ရှင် အန်တီသေးကလည်း လှမ်း လှမ်းကြည့်တယ်။ သူ့အလုပ်ကို အလကားလုပ်ပေးနေတာမို့သာ ဘာမှမပြောတာ။ မျက်နှာကြောကတော့ တည့်ဟန်မတူဘူး။ ဒါပေမဲ့ မထိပ် ခေါင်ကတော့ ဘယ်သူ့ မှ သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ နေ့လယ် တီးလုံး တိုက်တာ နားတဲ့အချိန်၊ ဒီ ဆီးပေါင်းထုပ်တာတို့၊ တံဆိပ်ကပ်တာတို့ ကူ လုပ်ရတာကိုလည်း သူ အမြဲ အတင်းပြောတယ်။ အငြိမ့်ဆရာ ကြောက်လို့၊ မလွန်ဆန်နိုင်လို့သာတဲ့။ ကိုယ်နဲ့မဆိုင်တဲ့အလုပ်ကို လုပ်ပေးနေမယ့်အစား ဒိုးဆရာနဲ့ ဖြစ်ဖြစ်၊ လူရွှင်တော်နဲ့ဖြစ်ဖြစ် သွားပလူးနေတာကမှ ကိုယ့်အတွက် အကျိုးရှိသေးတယ်တဲ့လေ။ စကားပြောကလည်း ကြက်သီးထလောက် အောင် ပက်စက်တဲ့ မထိပ်ခေါင်။
အင်း... သူများတွေ ပြောကြတာကလည်း မထိပ်ခေါင်ဟာ အင်မတန် ယောက်ျားများတဲ့ မိန်းမ၊ ပွေတဲ့ ရှုပ်တဲ့ မိန်းမတဲ့။ ခုလည်း သူက ယောက်ျား နဲ့ ကွဲနေတာ။ ယောက်ျားကလည်း နာမည်ကြီး လူရွှင်တော်တစ်ယောက်ပဲ။ အဲဒီယောက်ျားကိုလည်း သူက ကွဲလာတာ။ အဲဒီယောက်ျားနဲ့ အငြိမ့်တွဲက ရင်းကို သူက ဟောတစ်ယော. ဟောတစ်ယောက်တဲ့လေ။
ဘာပဲပြောပြော၊ ခင်ပိုင်ကတော့ သူ့ပညာကို လေးစားတယ်။ သူ ရုပ် မလှတာဟာ၊ သူ့အသံနဲ့ အပြောအဆို၊ အကတွေက အမြဲဖုံးလွှမ်းသွား တာပဲ။ အရင်ကလည်း အငြိမ့်စင်နောက်က ကြည့်ဖူးပါတယ်။ ဆိုလိုက်၊ ပြောလိုက်တာများ ငေးနေရတာ။ နောက်ပြီး သူက လူရွှင်တော်တွေကိုလည်း သိပ်နိုင်တာပဲ။ သူကတောင် ရော ပြက်လိုက်သေးတယ်။
ခင်ပိုင် အကြိုက်ဆုံးကတော့ သူ ကဟန်ပဲ။ အင်မတန်လှတဲ့ လက်ချိုး၊ ခြေချိုးနဲ့ ကျိုးလိုက်တဲ့ခါး။ ကိုယ်က ပန်တျာမှာ ခါးကျိုးဖို့ တစ်ကျော် တောင် သင်ခဲ့ရသူဆိုတော့ မထိပ်ခေါင်ရဲ့ ခါးကို အားမကျဘဲ မနေနိုင်ဘူး။
အားလုံးပါပဲလေ။ မထိပ်ခေါင်ရဲ့ မခို့တရို့ ချီထားတတ်တဲ့ ရင်။ တဆတ် ဆတ်လှုပ်ပြီး ကတတ်တဲ့ ပခုံးသားလေးတွေလည်းလေ။ ဒါပေမဲ့ ဝမ်းနည်း ဖို့ကောင်းတာက မထိပ်ခေါင်မှာ စန်းမရှိရှာတာ။ ရုပ်မရှိရှာတာပဲ။ အငြိမ့်က တာပဲ ဘယ်လောက်ကြာပြီလဲ။ ခုထိ ခေါင်းဆောင် မဖြစ်သေးဘူးလေ။ အလယ်ထွက်ပဲ။
ခုခေတ် အငြိမ့်တွေမှာ အလယ်ထွက်ဆိုရင် ပညာသန်တဲ့ မင်းသမီးကို ထားတယ်ဆိုတာ လူတိုင်းသိပေမယ့် ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုတော့ ဘယ်အငြိမ့်မင်းသမီးဖြစ်ဖြစ် ယူချင်ကြတာချည်းပဲပေါ့။
အလကား။ ခက်ခက်ဝေက စန်းနဲ့ရုပ်ပဲရှိတာ။ ပညာကတော့ သိပ် မဟုတ်လှပါဘူး။ အဲလိုတွေးမိရင်တော့ ခင်ပိုင့်ရင်ထဲ အားတက်လာတတ် တယ်။ မထိပ်ခေါင်က ပန်တျာဆင်းလေ။ ခင်ပိုင်လည်း ပန်တျာဆင်း။ ပြီးတော့ ခင်ပိုင်မှာ ရုပ်ရှိတယ်။ ဘာလို့ တစ်နေ့မှာ နာမည်ကျော် ခေါင်း ဆောင်မင်းသမီး မဖြစ်ရမှာလဲ။ ဒီတစ်ချက်မှာတော့ ခက်ခက်ဝေနဲ့ယှဉ်ရင် ပန်တျာဆင်း ဖြစ်ရတဲ့အတွက် ခင်ပိုင် မာနတက်ရသေးတယ်။
“ဟင်း..ကရတာ မောတာကတစ်မျိုးနဲ့၊ နောက်ကျောတက်လို့ သေတော့မယ်။ ပစ္စည်းတွေ သွားရွေးတဲ့ ဟာတွေလည်း ကြာလိုက်တာ။ ပစ္စည်း တွေတင် မဟုတ်ဘူး။ မမြချစ်ပါ စိန်စီနေလား မသိဘူး”
မထိပ်ခေါင်က ခါးကိုလိမ်ချိုးရင်း တိုးတိုးညည်းတယ်။ ဟုတ်တယ်။ ဆီးပေါင်းတံဆိပ် ထိုင်ကပ်ရတာကလည်း ကြာတော့ ညောင်းသား။ အရင် နေ့တွေက နားတုန်းခဏပဲ ဝိုင်းလုပ်ရတာ။ ဒီနေ့ကတော့ ကိုဇော်တို့ မိသားစု သားအမိ သားအဖသုံးယောက် အော်ပရာမှာ သုံးဖို့ ပစ္စည်းတွေ သွားယူတာ ကြာလို့ ဒီလောက်ထိုင်နေရတာ။ ခင်ပိုင်တို့ ဝတ်စုံပြည့် တိုက်နေတာ ဒီနေ့ ဆို နှစ်ရက်ရှိပြီလေ။
“အော်ပရာဝတ်စုံတွေက ဘာတွေလဲဟင် မထိပ်ခေါင်၊ အသစ်တွေဆို တော့ ကောင်းတာပေါ့နော်”
“သိပ်ကောင်းတာပေါ့အေ။ ဝတ်စုံတွေကလည်း အများကြီး ရှိမှာပေါ့။ ဈေးကြီးပေ့ဆိုတဲ့ လှပေ့ ညွန့်ပေ့ ဆိုတဲ့ ဟာတွေ နေမှာပေါ့။ ဒါမှ မြမန္တလာနာမည်ကြီးသထက်ကြီး၊ တို့ 'ဘုံကြီးစရိတ်”ကလည်း ကြီးသထက်ကြီးပေါ့အေ"
“ဟင်...ဘာစရိတ်၊ မထိပ်ခေါင်”
မထိပ်ခေါင်က မပြောချင်တော့ဘူးဆိုတဲ့ ပုံစံနဲ့ ခင်ပိုင့်ကို မျက်စောင်းထိုးကြည့်ပြီး..
“ငါ့နှယ် သေချင်တယ်။ နက်ဖြန် သန်ဘက်ပဲ ပွဲထွက်ကတော့မယ်။ “ဘုံကြီးစရိတ်” မသိသေးဘူး။ ဟင်း...တို့ အခုကနေတဲ့ အော်ပရာတို့၊ ပြဇာတ်တို့က ဇာတ်ဝင်ပစ္စည်းတွေ အကုန်လုံး ပန်းချီကားတွေ ဘာတွေရော ပေါ့အေတစ်နှစ်လုံးသုံးမယ့် အဲဒီပစ္စည်းတွေရဲ့ ကုန်သမျှစရိတ်ကို ငါတို့ အစုစား ဆယ့်လေးယောက်က ဘုံစရိတ်ဆိုပြီး စုခံရတာ မယ်မင်းကြီးမ ..မှတ်ထား။ တို့ရမယ့် ပိုက်ဆံက ဘုံစရိတ်တို့၊ ပုတ်ပြတ်သမားတွေ အတွက်တို့လေမှုတ် ဝိုင်းငှားခတို့ အားလုံးနုတ်ပြီးမှ အစုခွဲတာ...”
“ဟင်...မသိပါဘူး မထိပ်ခေါင်ရယ်၊ အဲဒီ အစုဆိုတာကြီးကိုလည်း ကျွန်တော်ဖြင့် မရှင်းပါဘူး။ ကိုကတိုးကလည်း အူလည်လည်နဲ့”
“အဲဒါတော့ မပြောနဲ့ဟေ့၊ ကတိုးတို့လည်း မသိဘူး။ ငါ့လည်း မမေး နဲ့၊ မသိဘူး။ ယောင်ဝါးဝါးပဲ။ ပေးတာ ယူလိုက်တာပဲ။ ခက်တယ်အေ။ လေးလေးတို့ဆီမှာ စာအုပ်ကြီးနဲ့ တွက်ထားတာပဲ။ ကြည့်...ကြည့်.... ပြောပေမယ့် တစ်ခါမှ ကြည့်မိပေါင်အေ။ ကြည့်လည်း ကိုယ်မှ မတွက် တတ်တာကို အလုပ်ရှုပ်ခံလို့”
အေးရော။ မထိပ်ခေါင်ကျမှ ကိုကတိုးထက် ပိုရှင်းတော့တယ်။
“ဒါဖြင့်ရင်လေ မထိပ်ခေါင်။ မြမန္တလာက ဇာတ်စင် ပစ္စည်းတွေဟာ အဖွဲ့ ပိုင်တာပေါ့။ ဒီလိုဆို ရှေ့နှစ်ကျွတ်လို့ အဖွဲ့ က ထွက်တဲ့သူတွေ ရှိရင် ကော"
“ထွက်လေ၊ ထွက်ပေါ့။ ဒီတိုင်းပဲ ထွက်ပေါ့"
“ဟင်...ဟိုအဖွဲ့ပိုင်ပစ္စည်းတွေက"
“အိုအေ...ညည်းကလည်း၊ ဒီပစ္စည်း တိုလီမုတ်စတွေကို ဘယ်လိုလုပ် အချိုးကျ ခွဲယူမလဲ။ ကဲ….ရပါပြီ ထားဦး၊ ကိုယ့်အတွက်လည်း ဘာမှအသုံးဝင်တာ မဟုတ်ပါဘူးအေ။ ဘာလို့ ယူနေမှာတုံး။ ဒီလိုပဲ ထားပစ်ခဲ့ကြတာ ပါပဲ။ သိပ်မကျေနပ်လွန်းမှ ကားလိပ် ဓားနဲ့ခွဲခဲ့တာလောက် လုပ်တာပါ။ အေး..ဒါပေမဲ့ အဲဒီလို ကိုယ်က ညာတော့လည်း အငြိမ့်ဆရာများက ကန်းတက်ပြန်ရောအေ့။ သူ့ ဆီ ကျန်ခဲ့မယ့် ပစ္စည်းဆိုတော့ ကြာကြာလုပ် စားလို့ရအောင် အကောင်းစား၊ အညွန့်စားတွေကို ဈေးကြီးပေးပြီး လုပ်တော့တာပဲ။ ပြီးတော့ ဘုံစရိတ်က ခံဟပဲ။ ဟော….ဒီနှစ် သုံးပြီးသား ဟာများ မောင်မင်းကြီးသားတို့က နောက်နှစ်ပြန်မသုံးဘူးတော်။ နောက်နှစ် လည်း ချုပ်ဟ ချုပ်ဟ၊ ဝယ်ဟ ဝယ်ဟပဲ။ အဲ...ပြီးတော့ ဘုံစရိတ်က ခံဟ ခာံပေါ့ အေ...
“အိုး..ဒါကတော့ ဘယ်ဟုတ်မလဲ မထိပ်ခေါင်ရဲ့။ ဘာဖြစ်လို့ အဲဒီ ဘုံစရိတ်ဆိုတာကြီး လုပ်ပါလိမ့်နော်”
“ဒါတော့ ကျွန်တော်မျိုးလည်း မလျှောက်တတ်။ ဟိုး...ရှေးကတည်း က ရှိခဲ့တာနေမှာပေါ့အေ။ အငြိမ့်ဆရာတွေကတော့ ချွန်ပြီး မလုပ်ဘူး။ ရှိပါလိမ့်မယ်။ ရှေးအစဉ်အလာဆိုတာ ဒီလိုပဲပေါ့။ အများမိုးခါးရေသောက်၊ သောက်ချင်းပေါ့”
မထိပ်ခေါင်နဲ့ စကားပြောကောင်းတုန်း တိုက်အပေါက်ဝမှာ ကိုကတိုးကြီး ပေါ်လာတယ်။
“ဟေ့ ကောင်မလေးတွေ၊ လာကြဟေ့။ မထိပ်တို့ ခင်ပိုင်တို့ရော။ ကိုဇော်တို့ ပြန်လာပြီ”
မထိပ်ခေါင်က ………“ခုမှပဲ ဝဋ်ကျွတ်တယ်” ဆိုပြီး ထိုင်ရာက ထတယ်။ ခါးတွေကိုလည်း တဂျွမ်းဂျွမ်း လိမ်ချိုးလိုက်သေးတယ်။ ဆီးပေါင်းထုပ်လက်စတွေနဲ့ ယိမ်း သမလေးတွေကလည်း မြန်လိုက်ကြတာ။ ဖျတ်ခနဲ ဖျတ်ခနဲ။ ဟုတ်တယ် လေ၊ ပင်ပန်းတာ၊ ညောင်းတာချင်းအတူတူ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ချင် ကြတာပေါ့။ ဒါကတော့ အငြိမ့်ဆရာနဲ့ မမချစ်က သူတို့အစ်မကို ဖားတာ ပါ။ အဲ...သူတို့ရှယ်ယာလည်း ဒီဆီးပေါင်းလုပ်ငန်းထဲမှာ ပါတယ်လို့လည်း ပြောရဲ့။ ဘယ်သူကမှတော့ သိပ်မပြောကြပါဘူး။ ကိုယ့်ဆရာသမား အလုပ်ဆို ခိုင်းခိုင်း၊ မခိုင်းခိုင်း အမြင်မတော်ရင် လုပ်ပေးကြရမှာပဲဥစ္စာ။ ဟို ဒေါ်မြ ချစ်ဆီမှာ ပညာသင် လာအပ်ထားတဲ့ ကောင်မလေးတွေဆို ကိုယ့်ဆန်၊ ကိုယ့်ဆီ စိုက်စားပြီး၊ တစ်အိမ်လုံးရှိတဲ့ အလုပ်တွေ မှန်သမျှ သိမ်းကျုံးလုပ် ရတာ။ ပညာသင်ရတာက နည်းနည်း။ ကိုကတိုးမှ အပြောကောင်းတယ်။ ဒေါ်မြချစ်ဆီ ပညာလာသင်တဲ့ ကောင်မလေးတွေက မင်းသမီး မဖြစ်လည်း ပူစရာမလိုဘူး၊ အိမ်ဖော်လုပ်စားလိုက်ရုံပဲတဲ့။
အေးလေ။ သူတို့လည်း ဒီမှာ အောက်ကျနောက်ကျခံပြီး သင်မယ့်အစား ပန်တျာမှာ စတိုင်တင်းတင်းနဲ့ တက်ချင်မှာပေါ့။ ဒါပေမဲ့ တချို့ကကျ ပန်တျာ တက်ဖို့ အရွယ်လွန်နေပြီ။ ဆယ့်လေးနှစ် ကျော်နေပြီ။ တချို့ ကျတော့လည်း ပန်တျာ အင်တာဗျူးမှာ ပြုတ်ကျခဲ့တဲ့သူတွေ။ အင်း...တချို့ကျတော့လည်း ကိုယ့်ရုပ်လေးနဲ့ အရပ်ထဲမှာ မတောက်တခေါက် ပွဲတိုးဖူးတာတွေ အားကိုးပြီး ပန်တျာသုံးနှစ် အချိန်ကုန်မခံတော့ဘဲ ဒီမှာ တစ်နှစ်လောက် သင်တာနဲ့ ဖြတ်လမ်းလိုက်ချင်တဲ့ သူတွေလည်း ပါတာပေါ့လေ။ ခက်ခက်ဝေက အဲဒီ လို ဖြတ်လမ်းနဲ့ အောင်မြင်သွားတဲ့သူ။ သူ့ခမျာလည်း နာမည်သာ ကြီးရတာ၊ စင်ပေါ်မှာသာ ဘုရား။ ဒေါ်မြချစ်နဲ့ကျရင်တော့ အရေးကြီးဧည့်သည်ကို ထမင်းပွဲ ယင်မောင်း၊ ယပ်ခတ်ပေးရတဲ့ အဆင့်ပဲရှိတယ်။ ခင်ပိုင်တောင် ဟိုနေ့က လုပ်ပေးရပြီးပြီ။ ခက်ခက်ဝေနဲ့အတူ နာမည်ကြီး ပြဇာတ်ရေးဆရာ တစ်ယောက်နဲ့ လေးလေး ဦးကျော်လေး ထမင်းပွဲမှာ ယင်မောင်းပေးရပြီးပြီ ကိုကတိုးက ခင်ပိုင်နဲ့ မထိပ်ခေါင်ကို စောင့်ခေါ်ပြီး ဟိုဘက်တိုက်အကူး လမ်းမှာ ခပ်တိုးတိုး...
“ပစ္စည်းတွေကတော့ ပျံနေတာပဲ မထိပ်ရေ၊ ဘုံစရိတ်ထဲမှာတော့ ဈေးက တင်လိုက်မယ့်အမျိုး”
မထိပ်ခေါင်က နှုတ်ခမ်းကို မလှမပ မဲ့တယ်။
“လုပ်ပါစေပေါ့၊ ဘုံစရိတ်ထဲမှာ တစ်ကျပ်ကို ငါးကျပ်ရေးတဲ့အလုပ် ဟာ သူ့အလုပ်ပဲဥစ္စာ”
ကိုကတိုးက မချင့်မရဲနဲ့ နှုတ်ခမ်းကိုက်တယ်။
“နေဦး၊ ဒီ “ဇုကြီး” နဲ့တော့ တစ်ကွေ့ ကွေ့ တွေ့ မယ်။ အေးလေ၊ သူ.“နွားကြီး”လို့ ပြောရတော့လည်း ငါပဲ နွားတပည့် ဖြစ်ဦးမယ်”
အတည်ကနေ ပြက်လာတဲ့ ကိုကတိုးကို မထိပ်ခေါင်က မျက်စောင်းထိုးရင်း...
“ဘာတွေ့မှာလဲ။ ရှင်တို့ဆရာတပည့်၊ အကြံတူ ဉာဏ်တူ၊ ဝေစား မျှ စား။ ရှင်နဲ့ အဲဒီ ‘ဇုကြီး” နဲ့ အတည့်ဆုံး"
“ဟား...ဟား..အဲဒါ အလကား။ ကျုပ်က သူနဲ့ အမဲချဉ် ဆက်ဆံ ရေး။ သူကလည်း ကိုယ့်ကို အမဲပဲ။ ကိုယ်ကလည်း သူ့ကို အချဉ်ပဲလေ... ဟား...ဟား..ဟား...
စင်ပေါ်က မျက်နှာမျိုးနဲ့ ကိုကတိုးက တဟားဟား အော်ရယ်ပြီး တိုက်ထဲ အရင် ဝင်ပြေးတယ်။ ခေါင်းရှုပ်စ ပြုနေတဲ့ ခင်ပိုင်က “ကိုဇော်က တော့ သဘောကောင်းတယ်နော် မထိပ်ခေါင်” လို့ တိုးတိုး ပြောမိတာကိုပဲ မထိပ်ခေါင်က အာကျယ်လျှာကျယ်နဲ့
“ဘာလဲ၊ ညည်းအပြန်ကို စူပါကပ်လေးနဲ့ လိုက်လိုက်ပို့လို့လား”
အို..ဒုက္ခပါပဲ။ လမ်းထောင့်က စောင့်နေတာကို သူ ဘယ်လိုလုပ် သိ သလဲ။ ဒီမိန်းမ သိရင်တော့ မောင်းထက်ဆိုးဦးမယ်။ ခင်ပိုင် ဇွတ်မှိတ်ပြီး...
“မဟုတ်တမ်းတရမ်းတွေ မထိပ်ခေါင်ရယ်၊ ပေါက်ပေါက်ရှာရှာ”
မထိပ်ခေါင်က မျက်စိမျက်နှာပျက်ပျက်၊ အသံတုန်တုန်နဲ့ ခင်ပိုင့်ကို သနားစရာလေးလို ကြည့်ပြီး အူလန်ပက်လန် ရယ်လိုက်သေးတယ်။ ပြီးတော့ မှ
“ထိပ်ခေါင်တင်ဆိုတာ နာမည်တစ်လုံးနဲ့ နေတာပါ ခင်သက်ပိုင်ရယ်။ တီးလုံးတိုက်ရင်း ညည်းတို့ ရွဲပက်”နေတာ မမြင်ချင်အဆုံး။ ဟဲဟဲ..ကြည့် ချင်းဆုံပြီး မျက်လုံးချင်း ကြည်နေကြတာလေ။ ပြော.....မှတ်ထား ဦး မယ်မင်းကြီးမလေး၊ ‘ရွဲ’ဆိုတာ မျက်လုံး မျက်လုံး၊ မျက်လုံးကို ခေါ်တာ”
*** **** ***
၅ဆက်ပါမည်
( အမြီးနှုတ်ခေါင်းနှုတ်နဲ့ အဆုံးကျလည်း အငြိမ့်ထောင်သာချမ်းသာဖို့ ကပေးကြရတဲ့ အငြိမ့်သမတွေ မထိန်းနိုင်ရင်ဘဝပျက်နစ်မွန်းရဦးမယ့် အဖြစ်တွေ )
#ရသလွင်ပြင် fb စာမျက်နှာမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
#နုနုရည်အင်းဝ #ဗိုလ်ကေတစ်ထောင်မှာတစ်ယောက်လောက်တော့စွဲကောင်းပါရဲ့ #ဝတ္ထုရှည် #တမာသားလေးမှတ်စု #Book_House
Leave a Comment