ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့ (၃) (နုနုရည်-အင်းဝ) - တမာသားလေးမှတ်စု

ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့ (၃) (နုနုရည်-အင်းဝ)


    အပိုင်း-၃

နတ်ကတော်

ကဗျာလွတ် စတုတ္ထဆင့်

ပဒေသာဆင့်

ယိမ်းများ

အဆို အငို

တတိယနှစ် သင်ရိုးညွှန်းတမ်း ရေးထားတဲ့ ဘောကြီးကို တစ်ခါမှ မမြင်ဖူးသလို ခင်ပိုင် စိုက်ကြည့်နေမိတယ်။ အောက်ဆုံးမှာ ရေးထားတဲ့ အဆိုအငို” ဆိုတဲ့ စာကို ပိုပြီး အငြိုးတကြီး ကြည့်မိတယ်။ အဆိုအငို ဘာ အဆိုအငိုလဲ။ ခင်ပိုင် မုန်းတယ်။


“ကိုဥဂ္ဂါရယ်၊ မယ်နာယကကို ဒီလိုမပြောပါနဲ့ မောင်ရဲ့” 


ချိုချို အော်လိုက်တဲ့ ငိုသံပါ အသံစူးစူးလေးက တခြား ဆူညံနေတဲ့အသံတွေကြားက ထိုးဖောက်ထွက်လာတယ်။ ခင်ပိုင် ရင်ထဲမှာ ကျင်ခနဲ ပဲ။ အားကျစိတ်နဲ့လည်း ချိုချို အငိုကျင့်တဲ့ဆီကို ငေးကြည့်မိတယ်။ ချိုချို ဘေးမှာ `ဥဂ္ဂါသေန ဲ့ သူဌေးသားလုပ်မယ့် မင်းသားတန်းက ကောင်လေး ကလည်း ရင်ကိုထုကာထုကာနဲ့ အငိုကျင့်နေလိုက်တာ။


 “အဖေပေးတာကို ဓနကြေး အသပြာ..အထုပ်ရတနာငွေ ရသော်လည်း ဥဂ္ဂါသေနမှာ လိမ်လိမ် မာမာ မဟုတ်တာကြောင့်...ထဘီဖာ..ပခြုပ်ကိုထမ်း...”


ခင်ပိုင်တို့တစ်တွေ ကျောင်းဆင်းပွဲအတွက် အကတွေ တိုက်နေကြရလေ ပြီ။ ခင်ပိုင်တို့ အခန်းပေါ်မှာ မင်းသားလောင်းတွေရော၊ မင်းသမီးလောင်း တွေရော၊ ဆိုင်းဝိုင်းကြီးရော တရုန်းရုန်းနဲ့ ပျော်စရာကြီး။ မင်းသမီးလောင်း တွေက အကြမ်းဝတ်ကဖို့ ဇင်အပြာ၊ ဗလာထဘီကို အနားဖြူတပ်ပြီး ချုပ်ထားတဲ့ မင်းသမီး ထဘီတွေ အနားတခတ်ခတ်နဲ့။


ဟင့်အင်းခင်ပိုင် မပျော်ပါဘူး။ အင်မတန်ခတ်ချင်တဲ့ ထဘီနားလည်း ခတ်မကြည့်ချင်တော့ဘူး။ ခင်ပိုင် မျှော်လိုက်ရပါတဲ့ ကျောင်းဆင်းပွဲ၊ အား ခဲလိုက်ရပါတဲ့ ကျောင်းဆင်းပွဲ။ ကျောင်းဆင်းပွဲမှာ ပါနေကျ ဇာတ်ကြီးမှာ မင်းသမီးအဖြစ်နဲ့ စိတ်ကူးယဉ်လိုက်ရတာလေ။ ခုတော့ ဇာတ်ကြီးက မင်းသမီးက ချိုချိုတဲ့။ ခင်ပိုင့်လောက်မလှတဲ့ ချိုချိုကို ရွေးသတဲ့လေ။ ဟင်း... ခင်ပိုင့်ကိုတော့ နတ်ကတော်ယိမ်း ခေါင်းဆောင်တဲ့ခင်ပိုင်ဟာ ယိမ်းခေါင်း ဆောင်လောက်ပဲ ဖြစ်ထိုက်တဲ့ သူလားလို့ ဝမ်းပန်းတနည်း တွေးမိတယ်။


"ခင်ပိုင်က ရုပ်ရှိပေမယ့် အငိုသိပ်မတတ်ဘူး ဆရာလေးရေ။ ပြီးတော့ ဇာတ်က တကယ်ကရမယ့်ဇာတ်၊ ချိုချိုနဲ့မှ ဖြစ်မှာ။ မိတ်ကပ်နဲ့ဆို ချိုချို ရုပ်ထွက်လာကောင်းပါရဲ့"


ဇာတ်ကြီးမင်းသမီးအတွက် အမေနဲ့ ဆရာလေး ပြောကြတာကို ခင်ပိုင် ခုထိ နားထဲက မထွက်သေးဘူး။ ဆရာလေးရယ်၊ ဒီ ဥဂ္ဂါသေန ဇာတ်ကိုမှ ရွေးရသလား။


ဥဂ္ဂါသေနဇာတ်က သူဌေးသား ဥဂ္ဂါသေနက ကချေသည် မယ်နာယက ကို စွဲလမ်းမိရာက တောင်းရမ်း လက်ထပ်ပြီးယောက္ခမမင်းသမီးအဖေ ခိုင်းတဲ့အတိုင်း မင်းသမီး ထဘီဖာကိုထမ်းပြီး ပွဲကရာနောက် လိုက်သွား တော့ ပါလာတဲ့ ပိုက်ဆံ ကုန်တဲ့အခါမှာ ယောက္ခမက မကြည်ဖြူတာ ခံရ၊ မယားလုပ်တဲ့သူကို အပျိုပါဆိုပြီး ပွဲကထည့်လိုက်တာ ကြည့်နေရနဲ့ဖြစ်တော့ မခံချင်ဖြစ်ပြီး သဘင်ပညာ သွားသင်တယ်။ သဘင်ပညာကို တစ်ဖက်ကမ်း ခပ် တတ်လာတော့ မယ်နာယကနဲ့ အကချင်း ပြိုင်ကြတယ်လေ။


အဲဒီ အကချင်းပြိုင်တဲ့ အခန်းမှာက ခဲရာခဲဆစ် အကတွေကို မင်းသား တန်းက အကအကောင်းဆုံး ကောင်လေးနဲ့ အပြိုင်ကရမှာတဲ့။


ဒါကို ထားပါဦးလေ၊ ခင်ပိုင် မလုပ်နိုင်ဘူးပဲ ထားပါ။ ခင်ပိုင် မခံချင် အဖြစ်ဆုံးက အငြိမ့်ခန်း။ အငြိမ်းခန်းကို ဒုတိယနှစ်ကျောင်းသား ကျောင်းသူ တွေအတွက်လို့ သတ်မှတ်လိုက်တော့ သေပြီပေါ့။ ဟင်း... အငြိမ့်မင်းသမီး ကတော့ ဘယ်သူရှိရဦးမှာတုံး။ နာမည်ကျော် မိခိုင်ပေါ့။ ကဲ...ကျောင်းဆင်း ပွဲမှာ လာကြည့်မယ့် အငြိမ့်က လူကြီးတွေက နတ်ကတော်ယိမ်းထဲက ခင် ပိုင်နဲ့ တစ်ယောက်ထီးတည်း အငြိမ့်ကနေတဲ့ မိခိုင်၊ ဘယ်သူ့ကို အရင်မြင် မလဲ။ 


အို...ကျောင်းဆင်းပွဲ မတိုင်ခင်တုန်းက ခေါင်းဆောင်မင်းသမီး လာရှာ တဲ့ လူမတွေကရော တတိယနှစ်က ခင်ပိုင့်ကို မမြင်ဘဲနဲ့ ဒုတိယနှစ်က မိခိုင်ကို ပဲ ကျော်မြင်နေကြတာပဲ။ ဦးတင်အေးကြီးပြောတဲ့ “တွေ့လား၊ ‘စန်း’ချင်း ကွာတာဟ၊ မှတ်ထား” ဆိုတာကို ခင်ပိုင် ယုံရတော့မှာလား။ တကယ်တော့ မိခိုင်က ပညာသိပ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီခေတ်က ပညာမလိုဘူး လေ။ ရုပ်ရုပ်။ ရုပ်ပဲဥစ္စာ။ ခင်ပိုင်လည်း ရုပ်ကလေး အားကိုးနဲ့ပဲ မဟုတ်လား။


“ကဲလာ၊ လာ။ ယိမ်းတွေ ပြန်တိုက်မယ်ဟေ့” 


စိတ်မသက်မသာနဲ့ ခင်ပိုင် ထရပ်မိတယ်။ နောက်ကလှန်ပြီး ခါးမှာညှပ် ထားတဲ့ ထဘီနားကို ဖြုတ်ချလိုက်တယ်။


“ခင်ပိုင်၊ နတ်ကတော်ယိမ်းမှာ နတ်သံပစ်ကို စတဲ့အခါ သတိထား စမ်း၊ မင်္ဂလာရယ်မှ..”


“မဏ္ဍိုင်….လေး….”


ဆိုတဲ့ အသံကို အစွမ်းကုန်ထုတ်ဆိုရင်းက နတ်သံပစ် အလွန်ကောင်းတဲ့ မလေးစန်းကို ဖျတ်ခနဲ ခင်ပိုင် သတိရမိတယ်။ မနှစ်က ကျောင်းဆင်း ပြီး ဇာတ်ထဲလိုက်သွားတာ။ အိမ်ထောင်ကျသွားတာနဲ့ မကတော့ဘူးဆို လား။ နှမြောစရာ။


အမေက ခင်ပိုင်ဆိုဟန်ကို မျက်ခုံးမွေး သေးသေးလေးကျုံ့ပြီး နား ထောင်နေရာက...


“လုပ်ထားဦး….လုပ်ထားဦး၊ သိပ်မဟုတ်သေးဘူး။ ကဲ...ကဲ စ၊ စက မယ်။ ဟဲ့..ချိုချို၊ လိုက်အော်ပေးစမ်း”


နံရံမှာမှီနေတဲ့ ချိုချိုက နှာခေါင်းရှုံ့ပြတယ်။ ဒီကောင်မ နေမကောင်းဘူး၊ ဗိုက်နာနေတယ်။ သူ တစ်လတစ်ခါဖြစ်ရင် ဒီလိုချည်းပဲ။ ခုနက ကရဦးမှာ နဲ့ အေပီစီ ဝယ်သောက်လိုက်ပါဆိုတော့ ပိုက်ဆံမရှိဘူးတဲ့လေ။


ချိုချိုက ဗိုက်ကိုနှိပ်ထားရင်း ခင်ပိုင့်ကို ကူအော်ပေးတယ်။ 


“အတူလေးရယ်တဲ့ ယှဉ်ကာပြိုင်”


အပိုဒ်အကူးမှာ ဆိုင်းက ပိုပြီး မြူးလာတယ်။


“ဟုတ်ပြီ...ဟုတ်ပြီ။ ကစမ်း၊ ယိမ်းဆိုပြီး မခိုနဲ့နော်။ တကယ်ကတဲ့ လူက ချွန်ထွက်နေတာ အမြင်သာကြီး။ ကိုယ်ကောင်းရင် ကောင်းသလို ပေါ်တာ။ ဟုတ်ပြီ”


အမေက သူပါ ရောကပေးရင်း အော်တယ်။ ခင်ပိုင် ခေါင်းထဲမှာ အတွေး တစ်ခုက လက်ခနဲ ပေါ်လာတယ်။ အို...အမေပြောတာ ဟုတ်တာပေါ့။ ဒီထဲမှာ အကကောင်းတဲ့လူလိုပဲ လှတဲ့လူက ထင်းခနဲ နေမှာပေါ့။ ဒါဆို ခင်ပိုင့်ကို မြင်ကြမှာပေါ့။ ဟင်းဟင်း.ဟောဒီ ကျောင်းဆင်းပွဲဟာ ခင်ပိုင့်ကို အငြိမ့်ခေါင်းဆောင် မင်းသမီးအဖြစ် ပြောင်းလဲပစ်လိုက်တဲ့ပွဲ ဖြစ်ရမယ်ဖြစ်ကိုဖြစ်ရမယ်။


  * * *

ကြည့်စမ်း၊ အငြိမ့်ဆိုတာ ဒီလိုမှပေါ့နော်။ ဒီလို အငြိမ့်မျိုး ကလိုက်ရ မှ နာမည် ဟုန်းခနဲဖြစ်မှာ။ ကြည့်စမ်းပါဦး။ လူတွေက ပွဲခင်းကြီးတစ်ခုလုံး မည်းမည်းလှုပ်နေတာပဲ။ အငြိမ့်အပြင်အဆင်၊ အခမ်းအနားကလည်း လှလိုက်တဲ့ဖြစ်ခြင်း။ အဝတ်အစားတွေကလည်း ဖိတ်ဖိတ်တောက်လို့။ ဪ …မန္တလေးမြို့ရဲ့ နာမည်အကြီးဆုံး မြမန္တလာ”ပဲလေ။


“အေး...ညည်းလည်း 'မြမန္တလာ” ကိုကြည့်ပြီး ရူးနေ။ မြမန္တလာမှ၊ လမင်းတစ်ရာမှ၊ ရတနာပုံမှ လုပ်မနေစမ်းပါနဲ့ မိခင်ပိုင်ရယ်။ ညည်းဟာ ခေါင်းဆောင်ကလည်း တစ်ပြားမှ မလျှော့ချင်..”


အငြိမ့်စင်ဆီသို့ ခေါင်းတမော့မော့ လုပ်နေတဲ့ ခင်ပိုင့်ကို အမေက စိတ် မရှည်သလို လှမ်းပြောတယ်။ အမေ့လက်က တစ်ဝက်သာသာကြီးရှိသေးတဲ့ မုန့်ဟင်းခါးအိုးကို မွှေလို့။ ပွဲကောင်းရင် မုန့်မရောင်းရတဲ့ ထုံးစံအတိုင်း အမေ့ မုန့်ဟင်းခါးအိုးက မလျော့သေးဘူး။ ခင်ပိုင်ကတော့ ခဏပဲ လှည့် ကြည့်ပြီး အမေ့စကားကို မသိကျိုးကျွန်နဲ့။ မျက်လုံးတွေက အငြိမ့်စင်ဆီ မှာ။ အမေက သက်ပြင်းချတယ်။ ၁၇ နှစ်ထဲ ရောက်ပြီဆိုတော့ အလှစုံပြီး မင်းသမီးဟန်ပေါက်နေတဲ့ သူ့ သမီး အငြိမ့်စံရွေးတာနဲ့ ကြာရင် ဈေးသည် ဖြစ်မှာ အမေစိုးလှတယ်။ 


သူ့ သမီးဟာ တကယ်တော့ ခုချိန်မှာ အငြိမ့်စင် ပေါ်မှာ ရှိနေရမှာ။ ပွဲဈေးတန်း မုန့်ဟင်းခါးအိုးရှေ့ထိုင်ပြီး ဟိုက ဒီက ထိကပါး ရိကပါးလုပ်တာခံဖို့ မဟုတ်ဘူး။ အငြိမ့်စင်မှာ ထိကပါး ရိကပါး လုပ်တာခံရတာမှ ကံကောင်းရင် ပိုက်ဆံရှိ ‘သား’နဲ့ ဖူးစာဆုံနိုင်သေးတယ်။ မဆုံလည်း အလုပ်သဘောမို့ အငြိမ့် 'က'ခ ပိုက်ဆံကတော့ ရနေမှာပဲ။ အင်း...ခု အရေးကြီးတာက ဒီကောင်မ လင်ကောင်းသားကောင်းရဖို့ထက် ပိုက်ဆံ၊ ပိုက်ဆံ။ နေ့ပြန်တိုးကြွေးက နင့်သလို သူ ့အဖေကလည်း ဆေးရုံ တက်လိုက်ရသေးတယ်။ အရက်နာကျပြီး အအေးပတ်သွားတာ။ တစ်ခါ တည်း တိုက်ဖွိုက်မဖြစ်ဘဲ အသည်း ဆန်ခါပေါက်ကျသွားရင် ကောင်းသား။


“အမေ..အမေ၊ ဟိုထိုင်မသိမ်း လှလိုက်တာ၊ ကျွန်တော်များ ၀တ်လိုက် ရရင်တော့..ဟင်း”


ခင်ပိုင့်ရင်ထဲမှာ ရွစိ ရွစိ ဖြစ်လာတယ်။ စင်ပေါ်မှာ ကနေတဲ့ ‘ပန်တျာ’ နာမည်မပါတဲ့ မင်းသမီးကို ကြည့်ပြီး မာနကြီးချင်လာတယ်။ ပန်တျာက ပညာတွေနဲ့ ခင်ပိုင့် အညုအခရာလေးတွေ၊ အပြောလေးတွေနဲ့ ပေါင်းပြီး ကလိုက်ရရင်… ။


“အဲဒါကြောင့် ငါ ပြောနေတာပေါ့ မိခင်ပိုင်ရယ်။ ဒီတစ်ခါကျ အသင့် အတင့် အငြိမ့်လေးဆို အလယ်ထွက်ဖြစ်ဖြစ် လိုက်လိုက်ပါတော့၊ ခု သင်္ကြန် နားနီးဆို ရှေ့နှစ်တွက် လူစုနေကြပြီ။”


ခင်ပိုင်က…“ဟင်း..အလယ်ထွက်ကို မြမန္တလာတို့၊ ရတနာပုံတို့ဆို တော်သေး” လို့ မပွင့်တပွင့် ထပ်ကွန့်တက်ရင်း အငြိမ့်စင်ကို ပြန်ငေးတယ်။ ဟုတ် တယ်လေ။ ခင်ပိုင့်ရုပ်ရည်နဲ့ ခေါင်းဆောင် မလုပ်ရတောင် ရှေ့ထွက်၊ အလယ်ထွက် ဖြစ်ဦး။ ဒီလို အငြိမ့်ကြီးတွေမှာပဲ ဖြစ်သင့်တာပေါ့။


ကြည့်ပါလား။ မြမန္တလာရဲ့ အငြိမ့်ခုံ အဆင်အပြင်ကိုက တခြား အငြိမ့် တွေနဲ့မှ မတူတာ။ ခုံက နှစ်ဆင့်။ အောက်ဆင့်ခုံကြီးပေါ်မှာက ဘယ်ဘက် ထောင့်မှာ ပတ်ဝိုင်း၊ ဒိုးချောင်၊ ကြေးနှဲနဲ့ မောင်းဆိုင်း။ ညာဘက်ထောင့်မှာ ကျ အဲယားတွေ။


အပေါ်ဆင့်က ခုံလေးမှာက ဂစ်တာတွေရယ်အော်ဂင်တွေရယ်၊ ဒရမ်ဆက်ရယ်က တဖိတ်ဖိတ်လက်လို့မြန်မာဝိုင်း၊ ကာလပေါ်ဝိုင်း။ မင်းသမီး ကြိုက်သလို ကပေတော့။ ပျံနေအောင် ကပေတော့။ မီးတွေက လည်း သိပ်သုံးတာပဲ။ ကားလိပ်တွေကလည်း သစ်လိုက်တာ လွင်လို့။


အင်း...ဒီလိုခမ်းနားတဲ့ အငြိမ့်မျိုးကလည်း မန္တလေးအငြိမ့် ၂ဝ ကျော် လောက်မှာ ပြေးရေလိုက်မှ လေး ငါးငြိမ့်ရယ်။ ဒီ မြမန္တလာရယ်၊ လမင်း တစ်ရာရယ်၊ ရတနာပုံရယ်၊ လပြည့်ဝန်းရယ်၊ သစ်လွင်ရယ်။ ဒါလောက်ပဲ ရှိတာဆိုတော့ တော်ရုံတန်ရုံ ဝင်ကဖို့တော့ မလွယ်ပါဘူးလေ။


"ဟင်...ခင်ပိုင်၊ နက်ဖြန် ဒေါ်စိန်ငွေ...ငါ သွားပြောလိုက်မလို့။ လိုတဲ့ အငြိမ့်မှာ တစ်နေရာရအောင်လေ၊ တော်ကြာ လက်လွန်သွားမှာစိုးလို့” 


ဪ… အမေကလည်း တစ်မျိုး။ မြမန္တလာကိုတောင် အေးအေးဆေးဆေး စိတ်ကူးမယဉ်ရဘူးနော်။


“ဒေါ်စိန်ငွေဆိုတာ ဘာလဲ အမေရဲ့။ သူက အငြိမ့်ထောင်လား...”


“မဟုတ်ဘူး၊ သူက ပွဲစား၊ သူက..


“အမေကလည်း ပွဲစားဆိုတော့ ပိုက်ဆံပေးရမှာပေါ့” 


“အိုအေ..နည်းနည်းပါးပါးတော့ ပေးရမှာပေါ့။ သူက အဆက်အသွယ် တတ်တာကိုးအေ့။ နောက်ပြီး သူ့ သမီးက အရင် နာမည်ကျော် အငြိမ့်မင်း သမီးပဲအေရယ်။ ဘယ်သူဆိုလား၊ နာမည်တော့ ငါမေ့နေပြီ။ ဒေါ်စိန်ငွေက အငြိမ့်လောက အရည်ကျိုသောက်လာတာ။ လည်တာမှ သူ့ သမီးကို ဇာတ် မင်းသားနဲ့ ရနေရာကနေ အခုညားနေတဲ့ ဆီစက်ပိုင်ရှင် တရုတ်ကပြား သူဌေးနဲ့ ရအောင် လုပ်ထားတဲ့ မိန်းမကြီး။ ဟိုနေ့က နို့ထမင်းခေါ်ဝယ်ရင်း စပ်မိလို့ ညည်း ပန်တျာဆင်းထားတာ သိသွားတာ။ သူ လုပ်ပေးမယ်တဲ့။ သူထည့်ပေးလိုက်တဲ့ မင်းသမီးတွေ မနည်းတော့ဘူးတဲ့"


အမေက တတွတ်တွတ် ပြောနေရာက ခင်ပိုင်စကားမပြန်တော့ ဆက် ပြီး..


“မိခင်ပိုင်၊ ညည်း သိရမှာက ကိုယ့်အိမ်အခြေအနေ၊ အေးလေ...ပြော ပေါင်းလည်း များပါပြီ။ ညည်းလည်း သိတာပါပဲ။ အရင် နေ့ပြန်တိုးက ဒီလောက်မဖိဘူး။ ညည်း စတိုင်ပင် ခုနစ်ဆယ့်ငါးကျပ်က တစ်လုံးတည်း တစ်ခဲတည်းလေးဆိုတော့ ဈေးရင်းလို့ ရသေးတယ်။ ခု ဘယ်မတုံး။ ဈေး ကလည်း သိပ်မဟုတ်နဲ့"


ခင်ပိုင် စိတ်ရှုပ်လာတယ်။ ခေါင်းဆောင်။ ခေါင်းဆောင်ဆိုတဲ့ အစွဲကို ရင်ထဲက လွှင့်ပစ်လိုက်ရတော့မလား။ ခင်ပိုင် သက်ပြင်းရှိုက်လိုက်တယ်။ 


“သဘောပဲ အမေရာ။ သွားပြောချင်လည်းပြော။ ဒါပေမဲ့ မြမန္တလာမှာ ဆိုရင်တော့ ပိုကောင်းတာပေါ့လေ”


   * * *

အသားဖြူဖြူ၊ ပုပုလုံးလုံး၊ မျက်နှာပေါ်က တင်းတိပ်တွေပေါ်မှာ မိတ် ကပ်နဲ့ သနပ်ခါးထူထူ ရောဖို့ထားတဲ့ ဒေါ်စိန်ငွေက တစ်မတ်တန် ဆင်ဆင်ဆေးပေါ့လိပ် ရှည်မျောမျောလေးကို ဟန်ပါပါဖွာရင်း ခင်ပိုင့်ကို ခြေဆုံး ခေါင်းဖျား ကြည့်တယ်။


“အင်း...ကိုကျော်လေးတို့ စားရဦးမယ့် ရုပ်ပဲဟေ့ မသောင်း၊ ညည်းသမီး က မဆိုးဘူးဟဲ့။ ခေါင်းဆောင်တောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုကျော်လေး တို့ အငြိမ့်မျိုးမှာ ရှေ့ထွက်ဆိုတာကလည်း ခေတယ် မအောက်မေ့နဲ့။ ကို ကျော်လေးရော သိရဲ့လား။ မြမန္တလာ အငြိမ့်ဆရာလေ၊ ဟင်း....ဟင်း.."


ဒေါ်စိန်ငွေ ပြောသမျှကို သမီး မင်းသမီးဖြစ်တော့မယ်ဆိုတဲ့ အသိနဲ့ဝမ်းသာနေတဲ့ အမေက


"ဪ..ဟုတ်...ဒေါ်စိန်...ဟုတ်” ဆိုပြီး ခေါင်းတညိတ်ညိတ်နဲ့။


သူကသာ ခေါင်းဆောင်ဖြစ်နိုင်နေပေမယ့် တကယ့်တကယ်ကျတော့အလယ်ထွက်တောင် မဟုတ်ဘဲ၊ ရှေ့ထွက်က စရမှာကို သိပ်မကျေနပ်ချင်တဲ့ ခင်ပိုင်ကတော့ ငြိမ်နေမိတယ်။ တော်တော့ တော်သေးတာပေါ့လေ။


မြမန္တလာရဲ့ ရှေ့ထွက်ဆိုတာ တခြားအငြိမ့်တွေရဲ့ ခေါင်းဆောင်လောက်အဆင့်ရှိတဲ့ သူတွေကို ထားလေ့ထားထ ရှိတယ်ဆိုတော့။ အင်း...ခင်ပိုင်ဖြေလိုက်လို့ ရပါတယ်။ 


ဒေါ်စိန်ငွေကြီး ပြောတာ တစ်ခုတော့ မှန်သား။ ရုပ်မဆိုးဘူးလို့ ချီးမွမ်း တဲ့အတွက်ပေါ့။ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်တင်းတင်း။ မျက်လုံး၊ မျက်ခုံး၊ နှာတံလှလှနဲ့ တသွေးတမွေးရှိလှတဲ့ ကောင်မလေးရဲ့ အရိပ်ကို ဒေါ်စိန်ငွေရဲ့ ဗီရိုက ကိုယ်လုံးပေါ်မှန်ထဲမှာ ခင်ပိုင် တွေ့ နေရတယ်။ ရုတ် တရက် စိတ်ထဲမှာ ရွှင်လာပြီး လက်ကလေးကိုတောင် ညွှတ်ကွေးချင်လာ တယ်။ မြမန္တလာရဲ့ ခေတ်မီလှပတဲ့ အဆင်အပြင်၊ အခမ်းအနားတွေ၊ ပျော် ရွှင်တက်ကြွဖို့ကောင်းတဲ့ တီးလုံးသံတွေကြားထဲမှာ ဆိုရင်တော့ ဘယ်လို နေရာကပဲ ကရ ကရ၊ ပျော်စရာကောင်းမှာပါ။ နာမည်ကြီးမှာပါ။ မိတ်ကပ် ကောင်းကောင်း၊ ထိုင်မသိမ်း လှလှလေးနဲ့များဆိုရင် မီးရောင်အောက်မှာ ရှုမငြီးနိုင်တဲ့ ကိုယ့်ရုပ်ကိုကိုယ် စိတ်ချပြီးသား။ ကျောင်းဆင်းပွဲမှာတုန်းက တည်းက ခင်ပိုင် သိပြီးသား။


“ကဲ..ဒီလိုဆို သွားကြရအောင်လေကိုကျော်လေးနဲ့ ဆယ့်နှစ်နာရီ ချိန်းထားတာ နေတောင်ပူလှပြီ”


ပြောပြောဆိုဆိုနဲ့ ဒေါ်စိန်ငွေက သူ့ရှေ့က ခေါက်ထီးအနက်လေးဆွဲ ပြီး ဆင်းတယ်။ ခင်ပိုင့်အမေက သူ ့နောက်က။ အိမ်ပေါ်က မဆင်းခင်။ မှန်ရှေ့မှာ ထဘီအနီကို ကပျာကယာ ပြင်ဝတ်လိုက်ရသေးတယ်။ ထောင်း ခနဲ ပြုတ်သွားတဲ့ အင်္ကျီအနီ အောက်ဆုံး နှိပ်သီးကိုလည်း ဗိုက်ရှပ်ပြီး ပြန်တပ်လိုက်ရသေးတယ်။ အင်္ကျီအနီက တော်တော်ကျပ်နေပြီ။ ဒါတောင် သီတာတွေ အကုန်ဖြုတ်ထားလို့။ အင်းလေ..ကြာလည်း ကြာပြီပဲ။ သုံးနှစ် တောင် ကျော်ပြီပဲဟာ။ ခင်ပိုင်ကလည်း ၁၄ နှစ် ခင်ပိုင်မှ မဟုတ်တော့တာ လေ။ ၁၇ နှစ်အရွယ် အပျိုကိုယ်လုံးကို ပီပီသသ ပိုင်ဆိုင်နေတဲ့ ခင်ပိုင် ဖြစ်ခဲ့ပြီဥစ္စာ။


ဒေါ်စိန်ငွေက သူ့ အိမ်တံခါးကို သော့ခတ်ရင်းနဲ့ ခင်ပိုင့်ကို တစ်ချက် ကြည့်ပြီး...


“နေက ပူရတဲ့အထဲ ခင်ပိုင်ကလည်း အနီ ဝတ်လာတယ်” ”


“ကျွန်တော်က အနီကြိုက်တယ် ဒေါ်စိန်ရဲ့"


လို့ ညာပြောလိုက်ပြီးမှ အမေ့မျက်နှာကို ခင်ပိုင် မလုံမလဲ လှမ်းကြည့် လိုက်မိတယ်။ မနက်က ဒီကိုလာခါနီး ပြင်ဆင်နေတုန်းကပဲ အနီအင်္ကျီကို မုန်းလှပြီလို့ ခင်ပိုင် ညည်းညူခဲ့သေးတယ်။ အင်း…ခင်ပိုင့်ကို ပြန်ကြည့်တဲ့ အမေ့မျက်နှာမှာလည်း နားလည်မှုတွေ အပြည့်နဲ့ပါလေ။ ရှံသားအင်္ကျီအစိမ်း ပွင့်၊ ခုတင်ပါတိတ်အစိမ်းနဲ့ ရှေ့ ကနေ မင်းကတော်တစ်ယောက်လို ကြွချီနေတဲ့ ဒေါ်စိန်ငွေရဲ့နောက်က အမေက ခပ်ကုပ်ကုပ်လေးလိုက်ရင်း... 


“ဒေါ်စိန်၊ တစ်ကားနဲ့ပဲ သွားမယ် မဟုတ်လား”


“ဟယ်…မသောင်းကလည်း၊ ဒီအချိန် ပူကပူ ကျပ်ကကျပ်နဲ့၊ အလကား ချွေးတွေသံတွေထွက်ပြီး ရုပ်ပျက်တယ်။ မြင်းလှည်းနဲ့ပဲ သွားမယ်”


“သွားလေ၊ ဒေါ်စိန့် သဘော"


ချွေးခံအင်္ကျီအိတ်ဆီ လက်နဲ့ပွတ်ရင်း ခေါင်းညိတ်တယ်။ အမေ့အိတ်ထဲမှာ ဒီနေ့ နို့ထမင်းအရင်းနဲ့ ရှိစုမဲ့စု အကုန် နှစ်ဆယ်၊ အစိတ်တော့ ပါဟန်တူရဲ့။ ဟင်း...အလကား မိန်းမကြီး။ အောင်တော်မူက စီးရ မှာများ လူကျပ်မလေး ဘာလေးနဲ့။ အောင်တော်မူက အမှတ် (၁) ကားဂိတ် အစဥစ္စာ။ ဘယ်လိုကျပ်မှာလဲ။ အောင်တော်မူကနေ တာရဲတန်းအထိ မြင်း လှည်းခကို နှစ်ကျပ် သုံးကျပ်များ အောက်မေ့နေသလား မသိဘူး။


“မြင်းလှည်း၊ မြင်းလှည်း အားလား”


ဖြတ်သွားတဲ့ မြင်းလှည်းတစ်စီးက ခင်ပိုင်တို့နား ပြန်လှည့်လာတယ်။ ဒေါ်စိန်ငွေက ထီးကိုပိတ်လိုက်ရင်း...


“တာရဲတန်းကို သွားမယ်။ မြမန္တလာအငြိမ့်ကို သိတယ်မဟုတ်လား။ ဘယ်လောက်ပေးရမလဲ”


ဈေးမပြောသေးဘဲ မြင်းလှည်းသမား မျက်လုံးက ခင်ပိုင့်ဆီကို ဝဲခနဲ ကျလာတယ်။ ရင်ထဲမှာ ဂုဏ်ယူသလို၊ ကျေနပ်သလို ဖြစ်နေတုန်း “ဆယ့် ငါးကျပ်တော့ ပေးရမယ်” ဆိုတဲ့အသံက ရင်ထဲကို အင့်ခနဲပဲ။ ကြည့်ပါဦး၊ မရွှေစာကြီးကတော့….


“သွားမယ်၊ လာ၊ တက်ကြ” တဲ့။


သူ့ပိုက်ဆံ မဟုတ်တိုင်း။ နို့ထမင်းရောင်းရတဲ့ တစ်နေ့အမြတ်ထက် များနေတဲ့ မြင်းလှည်းခကို ပေးရှင်းမယ့် အမေက ခပ်တည်တည်ပဲ တက် ထိုင်တယ်။ အင်း...အမေ့စိတ်ထဲမှာတော့ ဒီနေ့ စာချုပ်ဖြစ်ရင် ပေးလိုက်မယ့် ပိုက်ဆံတွေကို တွေးနေမှာပေါ့။ တကယ်လို့ စာမချုပ်ဖြစ်ခဲ့ရင် အမေ နက်ဖြန် ဘာနဲ့ ဈေးရင်းမလဲ။


“ခင်ပိုင့်နာမည်က မင်းသမီးနာမည်တော့ မဟုတ်ဘူး မသောင်းရဲ့၊ နာမည်တော့ ပြောင်းရမှာပဲ”


"ဒါပေါ့ ဒေါ်စိန်ပြောင်းရမှာပေါ့"


“ဟင့်အင်း၊ နာမည်ကတော့ စိတ်ချဟေ့ကိုကျော်လေးမိန်းမက နာမည် အပေးကောင်း၊ မမြချစ်လေ။ သူလည်း အရင်က မင်းသမီးပဲ၊ ကြားဖူးတယ် မဟုတ်လား။ မာလာတင်လေ။ သူက ခုတော့ ဇိမ်ပါပဲအေ တိုက်နဲ့ ကားနဲ့ မိန်းမ၊ ဇက်ပိုးကြီးတွေကို ထွက်လို့။ မယားကြီးကလည်း သေသွားတော့ သူ ပိုဟန်ကျသွားတာပေါ့။ ခု သူက သူ ့ဆီပညာသင်လာအပ်တဲ့ ကောင်မလေးတွေ သင်ပေးတဲ့အလုပ်နဲ့ ယိမ်းလေး ဘာလေး တိုက်တဲ့အလုပ်ပဲလုပ်တော့တာ”


အရေးထဲမှာ စကားတွေက များလိုက်တာ။ သူ့အသံချည်းပဲ။ အမေက တော့ ဘုမသိ ဘမသိ တဩော်ကြော်နဲ့။ ခင်ပိုင်ကတော့ တစ်နှစ်နေလို့ တစ်ခါမရောက်တဲ့ နေရာတွေကို ငေးရင်း လိုက်လာမိတယ်။ ဒီနေရာတွင် မှ မဟုတ်ဘူး။ ကြာပြီလေ။ ဈေးချိုမရောက်တာ၊ တိုက်တန်းမရောက်တာ၊ ကုန်တိုက်မရောက်တာ။ ကုန်ကုန်ပြောရရင် မန္တလေးသူဖြစ်ပြီး မြင်းလှည်းမစီးဖူးတာကို ဘယ်နှနှစ်ရှိပြီလဲ။ 


“အခု မြမန္တလာမှာ လက်ရှိခေါင်းဆောင်ကနေတဲ့ ကောင်မလေးရှိပါ ရောလား မသောင်းရဲ့၊ ဟိုဒင်း...ဘယ်သူတဲ့”


“ခက်ခက်ဝေလေ အဒေါ်ရဲ့”


မြင်းလှည်းသမားက နောက်လှည့်ပြီး ဝင်ထောက်တယ်။ ဪ..ခက် ခက်ဝေကို မသိတဲ့သူ မရှိဘူးနော်။ သိပ်လည်း ချစ်ဖို့ကောင်းတယ်လေ။ ခင်ပိုင် ကြည့်ဖူးတာပဲ။ မေခလာရဲ့ ပြန်ပေတော့” ကို မေခလာအသံနဲ့ တစ်သဝေမတိမ်းတူအောင် ဆိုနိုင်သလို လေပါတီမမြရင်ရဲ့ ‘ရွှေပြည်စိုး' ကိုလည်း ကျကျနန ဆိုတတ်တဲ့ ခက်ခက်ဝေ။


“အဲ...အဲဒီ ခက်ခက်ဝေဆို မမြချစ်ရဲ့ ပညာသင် ကောင်မလေးတွေထဲ ကပဲ။ ပန်တျာဆင်း မဟုတ်ဘူး။ ခက်ခက်ဝေ ဆိုတဲ့နာမည် မမြချစ်ပေးတာ ပဲ။ ကောင်မလေး နာမည်ရင်းက မခင်ဝင်းတဲ့။ ခုကျတော့တော် တစ်ခါ တည်း တစ်ခက်တည်း ခက်နေကြတော့တာပဲ။ အမယ်….ဒါပေမဲ့ ငါ့သမီး တုန်းကကျတော့ နာမည်ရင်းနဲ့ ကို ကျော်လိုက်တဲ့နာမည်။ ထားထား... ထားထားနဲ့ဟာ၊ ဟို အငြိမ့်ကခေါ်၊ ဒီအငြိမ့်ကခေါ်၊ ရလိုက်တဲ့ လက်ဆောင် ပဏ္ဏာတွေဆို နည်းတာမဟုတ်ဘူး။ ကြိုက်ကြတဲ့လူတွေကလည်း တက္ကသိုလ် ကျောင်းသားတို့၊ စစ်ဗိုလ်တို့၊ ဆရာဝန်တို့၊ ဝတ်လုံတို့..."


လျှာပေါ် တံတွေးမတင် ပြောနေတဲ့ ဒေါ်စိန်ငွေကို နောက်တော့ ရှင့် သမီး ဘယ်သူနဲ့ရတုံးလို့ မေးချင်လိုက်တာ အူကို ယားနေတာပဲ။ ဒေါ်စိန်ငွေကတော့ ဆက်ကြိတ်သွားလိုက်တာ။ မြမန္တလာကို ရောက်တဲ့ထိပဲ။ တစ်လမ်း လုံး သူ့ သမီးတရားကို ‘ဩော်”လိုက်ရတဲ့ အမေ့မှာလည်း ကြာရင် အမြှုပ် ထွက်တော့မယ်။


မြင်းလှည်းရပ် ရပ်ချင်း ခင်ပိုင် မြန်မြန်ဆင်းလိုက်တယ်။ ‘မြမန္တလာအငြိမ့်သဘင်” ဆိုတဲ့ ဆိုင်းဘုတ် အကြီးကြီးကို ကြည့်ပြီး ခင်ပိုင့်ရင်တွေ ခုန်လာတယ်။


မြမန္တလာက နာမည်ကြီး အငြိမ့်ဆိုတာနဲ့ လိုက်ဖက်အောင် ကြီးကျယ် ခမ်းနားလွန်းလှပါလား။ ဆိုင်းဘုတ်ချိတ်တာတောင်မှ သူများနဲ့မတူဘဲ တခမ်းတနားရှိလိုက်တာ။ မြမန္တလာအငြိမ့်သဘင် ဆိုတာရယ်၊ လူရွှင်တော်၊ မင်းသမီး နာမည်တွေရယ်ကို စာလုံးကြီးနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးအပြင် ဘေးမှာက အော်ပရာ ဇာတ်ဝင်ခန်းတွေထဲက မင်းသားနဲ့ မင်းသမီးရဲ့ ပုဂံ အဝတ်အစားတွေ ဝတ်ထားတဲ့ ရုပ်ပုံကားချပ်ကြီး နှစ်ခုကလည်း တကယ့်ကို အသက်ဝင်နေသလိုပဲ။


အဲဒီ ဆိုင်းဘုတ်နဲ့ အရုပ်ကားချပ်ကြီးတွေရဲ့ နောက်မှာကလည်း ခေတ်မီ လှပတဲ့ တိုက်ကြီးနှစ်လုံးနဲ့ ဆိုတော့ မြမန္တလာဟာ ပိုပြီးခမ်းနားသွားတယ်။ ပိုပြီးကြီးကျယ်သွားတယ်။


“ကဲ..လာကြ။ အို…သူဌေးတို့ သူဌေးကတော်တို့” 


ဒေါ်စိန်ငွေက သူပိုင်ပါတဲ့ဆိုတဲ့ ပုံစံနဲ့ ဒီဘက်က တိုက်ထဲကို အော်ဝင်လာတယ်။ ဟိုဘက်တိုက်အောက်မှာတော့ ဆီးထုပ်လား၊ နို့တော်ဖီလား ထုပ်နေကြတဲ့ မိန်းကလေးတွေကို မြင်ရတယ်။ ဟင်...ဒါလည်း ဦးကျော် လေးတို့ ပိုင်တာပဲလားမသိ၊ ငွေတွေတော့ သဲ့ယူရုံပဲနော်။ 


"အမယ်လေး..သူများတွေဖြင့် ပူလို့အိုက်လို့၊ သူဌေးတွေကဖြင့် စည်းစိမ်ရှိလိုက်ကြတာတော်” 


ဒေါ်စိန်ငွေရဲ့ သံစာစာကြောင့် တိုက်အောက်ထပ်က ခုံတန်းလျား ပုပု လေးပေါ်မှာ လှဲနေတဲ့ လူကြီးက ထထိုင်တယ်။ အသားမဖြူမညို၊ ခပ်ဝဝ နဲ့၊ ရုပ်က သန့်ပြန့်တယ်။ ဘာမှသိပ်မလုပ်ရဘဲ အငြိမ်းစားနေတဲ့ ရုပ်မျိုး။ မြမန္တလာပိုင်ရှင် ဦးကျော်လေး နေမှာပါပဲ။ ဟင်...အဲဒီလူကြီးဘေးမှာ သတင်းစာဖတ်နေတဲ့လူကြီးက လူရွှင်တော် 'ဦးကတိုး' ကြီးပဲ။ အင်းဟင်း...သူက ပါဝါမျက်မှန်တွေ ဘာတွေနဲ့ဆိုတော့ ရုတ်တရက် မမှတ်မိဘူး။ ဒါပေမဲ့ မျက်မှန်ချွတ်ပြီး ဒေါ်စိန်ငွေဆီ လှမ်းကြည့်လိုက်တော့ မြင်လိုက်ရင်ကို ရယ် စရာကောင်းတဲ့ အငြိမ့်ထဲကလို ပြောင်စပ်စပ် မျက်နှာမျိုး ဖြစ်သွားတယ်။ 


“ဪ…မတော်လိုက်ရတဲ့ ယောက္ခမကြီး၊ လှလို့ဝလို့ တစ်တုံးတစ်ခဲကြီးပါလား။ ထားထားကရော…ကျုပ်ကို မေးနေသေးလား” 


“အမယ် အမယ်….သေခြင်းဆိုး၊ ကာလနာလေး၊ ခွေးကတိုး ဝက်ကတိုး”


ဒေါ်စိန်ငွေက အနားကပ်သွားပြီး နားရွက်ကို လိမ်ဆွဲတော့ တအားအား နဲ့ ကုန်းကုန်းကြီးလုပ်ပြီး၊ ဒေါ်စိန်ငွေဗိုက်ပေါ် မျက်နှာအပ်ထားတယ်။ ပြီး တော့ ပါးစပ်ကလည်း...


“အမယ်လေး ကြောက်ပါပြီ ယောက္ခမကြီးရဲ့၊ နောက်ဆို ပိုက်ဆံတစ်ပြား မချန် အပ်ပါ့မယ်” တဲ့။


အော်သေးတယ်။ အမေနဲ့ ခင်ပိုင် ရယ်မိတယ်။ အသံကရော၊ မျက်နှာကရော ရယ်စရာကောင်းတဲ့ ကိုကတိုး။ ဩော် ဒါကြောင့်လည်း မြမန္တလာ လက်မလွှတ်နိုင်တဲ့ လူရွှင်တော်ကြီး ဖြစ်နေတာ နေမှာပေါ့။ 


“ထိုင်ကြပါ၊ ဟေ့ကောင်..ကတိုး၊ မင်း မမချစ် လှမ်းခေါ်လိုက်စမ်းပါဦး၊ဟိုဘက်..မမသေးတို့ဘက်မှာ”


ကိုကတိုး နောက်ဖေးဘက်ထွက်သွားတော့မှ ဒေါ်စိန်ငွေက ခင်ပိုင်တို့ နား လာထိုင်တယ်။


“ကဲ...အငြိမ့်ဆရာရေ...သူပဲ။ ဘယ့်နှယ်လဲ၊ မြမန္တလာရဲ့ သမီးပျို ဖြစ် လောက်ပါတယ်နော်”


ဦးကျော်လေးက အိတ်ထဲက ခပေါင်းစီးကရက်ဘူးကို ထုတ်ရင်းက ပြုံးတယ်။ သူပြုံးလိုက်ပုံက တစ်မျိုးပဲ။ စီးစီးပိုင်ပိုင် ရှိလိုက်တာ။ ဘယ်လိုပြော မလဲ။ လူတွေကို စိုးမိုးနိုင်တဲ့ အပြုံးမျိုး..။


“ကဲပါ..ငါးသလောက်ပြုံးလေးနဲ့ အိုက်တင်ခံမနေစမ်းပါနဲ့၊ ပြောစရာ ရှိတာ ပြောရအောင်၊ ပေးစမ်းပါဦးတော့ စီးကရက် တစ်လိပ်လောက်" 


“သောက် သောက်"


ဆိုပြီး ဒေါ်စိန်ငွေကို ခပေါင်းတစ်လိပ် ပေးပြီးတဲ့အထိ ဦးကျော်လေးက စကားမပြောသေးဘူး။ စီးကရက်ကိုသာ ဖွာတုန်း။ တော်တော်ကြီးကြာမှ..


“ညည်း ကျောင်းဆင်းတာက ၈၂ လား၊ ၈၃ လား”


“ရှင်...”


“ဪ…ဘယ်နှခုနှစ်က ဆင်းတာလဲ လို့” 


“ဟင့်အင်း...ခုနှစ်တော့ မသိဘူး၊ ကျွန်တော်ဆင်းတာကတော့ မနှစ်ကပဲ”


ဦးကျော်လေးက ခေါင်းညိတ်ပြီး ၈၂ ပေါ့”လို့ ပြောတယ်။ ပြီးတော့ စီးကရက်တစ်လိပ် ထုတ်ညှိပြန်တယ်။


“အင်း...ဒီနှစ် ရှေ့ထွက်က ညည်းဆိုရင်တော့ တို့ဆီမှာ ပန်တျာဆင်း နှစ်ယောက်ပေါ့။ ထိပ်ခေါင်တင်တင်လေ၊ အလယ်ထွက်။ သူက ပညာတော့ သိပ်ကောင်းတယ်။ ဒါပေမဲ့ ရုပ်မရှိဘူး၊ စန်းမရှိဘူး။ မိခက်တို့နဲ့တော့ စန်း ရောရုပ်ရော တခြားစီပဲ။ မိခက်က ပန်တျာဆင်း မဟုတ်ဘူး”


“ကဲ….ကဲ…ဘယ်ပန်တျာဆင်းက ဈေးဆစ်နေပြန်တာတုံး” 


အသံပြာပြာ၊ ကျယ်ကျယ်ကို ရုတ်တရက် ကြားလိုက်ရပြီး ဗြုန်းဆို အိမ်နောက်ဖေးက မိန်းမဝဝကြီး ထွက်လာတယ်။ ဒေါ်မြချစ် (ခေါ်) မာလာ တင် ရှိမှာပေါ့။ ဦးကျော်လေး အမှတ်တမဲ့ ချထားတဲ့ ခပေါင်းဘူးထဲက တွေကို တစ်လိပ်ပြီးတစ်လိပ် ထုတ်သောက်ပြီး ပွဲတော်တွေ့ နေတဲ့ ဒေါ်စိန်ငွေက ကပျာကယာ...


“အမယ်လေး သူဌေးကတော်ရယ်၊ ဈေးဆစ်နေတာ မဟုတ်ပါဘူး။ ရှေ့ထွက်အတွက် စကားပြောတာပါမောင်တော်လည်း မေးကြည့်ပါဦး"


ဦးကျော်လေးက ခင်ပိုင့်ဘက် မေးထိုးပြီး သူ့ မိန်းမကို…


“ဘယ့်နှယ်လဲ။ ရှေ့ထွက်အတွက် စာချုပ်လိုက်တော့မလို့”


ဒေါ်မြချစ် (ခေါ်) မာလာတင်က ခင်ပိုင့်ကို တစ်ခါကြည့်ပြန်တယ်။ ဘုရား...ဘုရား၊ မြမန္တလာရဲ့ ရှေ့ထွက်မင်းသမီးရွေးပွဲဟာ ဒါလောက်ပဲ ကြီး ကျယ်ရသလား။ သူတို့ အထာကြီးတွေကြောင့် အလာတုန်းက ရှေ့ထွက်လုပ် ရမှာ အင်ချင်နေတဲ့ စိတ်ကလေးတွေလည်း ပျောက်ကုန်ပြီ။ မလိုချင်ဘူးလို့များ ပြောတော့မှာလား၊ လုပ်ပါရစေရှင် လို့ပဲ တောင်းပန်ရတော့မလား ဆိုတဲ့ အတွေးတွေတောင် ဝင်လာကြပြီ။ အမေကဆို ဒေါ်မြချစ်ရဲ့ ရင်ဘတ် ပေါ်က ဘတ်ကြိုးကြီးကို တစ်လှည့်ဒေါ်မြချစ်မျက်နှာကို တစ်လှည့် ကြည့်ပြီး မျက်နှာလေးက ဆီးရွက်လောက်ရယ်။ 


“အင်း…ငယ်ဂုဏ်ရှိသားပဲ၊ မဆိုးပါဘူး။ ချုပ်လိုက်လေ...ဟင်း...ဟင်း။ အငယ်နှစ်ယောက်ကြားမှာ ထိပ်ခေါင်တို့တော့ လိမ့်နေမှာ မြင်သေး”


ဒေါ်မြချစ် အမိန့်ချသံကြားရတော့မှ ခင်ပိုင်တို့ သားအမိ မျက်နှာ ပြုံး နိုင်တော့တယ်။ ဒေါ်မြချစ်ပြောတဲ့ ထိပ်ခေါင်လိမ့်တာ၊ မလိမ့်တာတွေ ခင်ပိုင် မသိဘူး။


“ကဲ..ဒီလိုဆို စာချုပ်မယ်၊ နှစ်ကြီးသုံးလည်း ပေးလိုက်မယ်၊ ဟုတ်လား။ အငြိမ့်တိုက်မှာကတော့ ထုံးစံအတိုင်း ဝါဆိုပေါ့”


ရခဲတဲ့ အခွင့်ထူးကြီးကို ရလိုက်ပြီဟဲ့ ဆိုတဲ့ အသိနဲ့ ခင်ပိုင်တို့ သားအမိမှာ ဦးကျော်လေးပြောတာ မှန်သမျှ တဟုတ်ဟုတ်နဲ့ ခေါင်းညိတ်ကြတယ်။ 


“နှစ်ကြီးသုံး သုံးထောင် ပေးလိုက်မယ်။ ဒါ မြမန္တလာမို့နော်။ တခြား အငြိမ့်တွေဆို ရှေ့ထွက်ကို...”


“ဟုတ်တယ်...ဟုတ်တယ်၊ ဒါ မြမန္တလာမို့”


ဒေါ်စိန်ငွေက ရွှန်းရွှန်းဝေအောင် ဝင်ထောက်သေးတယ်။ ခင်ပိုင်တို့က ဘာပြောမှာလိုက်လို့၊ ဘာမှမသိတာကြီးကို။ အမေကတော့ မပြောနဲ့ ။ သုံး ထောင်ဆိုတဲ့အ သံကြားကတည်းက မျက်နှာကြီးက ဝင်းပြီး ခင်ပိုင့်ကိုလည်း တယ်ဟုတ်တဲ့ ငါ့သမီးပါလား ဆိုတဲ့ အကြည့်နဲ့။ ခင်ပိုင်ကလည်း မသိမသာ ခေါင်းကိုမော့ရင်း အမေလျှောက်ခိုင်းခဲ့တဲ့ လမ်းကို ကျေနပ်စပြုလာတယ်။


“အဲဒီ သုံးထောင်ကို တန်ဆောင်မုန်းက စဖြတ်မယ်နော်။ တန်ဆောင်မုန်း ဆို ပွဲချီက သိပ်စိပ်နေပြီ။ ဈေးချို ကထိန်နေ့ပွဲတွေရောဆို တစ်လတည်းမှာကို ပွဲချီက သုံးဆယ့်ငါး၊ လေးဆယ် အသာလေးပဲ။ မနှစ်ကဆို မြမန္တလာက စံချိန်ပဲ။ လေးဆယ့်ငါးချီ"


ဦးကျော်လေးအသံက ဂုဏ်ယူဝင့်ကြွားတဲ့ လေအပြည့်နဲ့ စီးကရက်ပြာ ကို လက်နဲ့ တောက်ကာ တောက်ကာ ပြောတိုင်း၊ လက်သူကြွယ်ကရွှေလက်စွပ် အကြီးကြီးကလည်း ဝင်းခနဲ၊ ဝင်းခနဲပဲ။ ခင်ပိုင်တို့ သားအမိ မှာတော့ လင်မယားနှစ်ယောက်ကို တစ်လှည့်စီ ကြည့်ပြီး၊ ခေါင်းတညိတ် ညိတ်၊ ပါးစပ်လေးတွေ အပွင့်သားနဲ့ ။ ဦးကျော်လေးက ထသွားပြီး အခန်း ထဲမှာ စာချုပ်သွားရေးတယ်။ ခဏနေတော့မှ စာချုပ်နဲ့ ငွေတစ်ထပ်ကို ကိုင်ပြီး ထွက်လာတယ်။


“ရော့..စာချုပ်မှာ လက်မှတ်ထိုး၊ ဟောဒီနေရာ။ ဒီနေရာမှာထိုး။ အေ... မခင်ပိုင်၊ ဟုတ်ပြီ။ နေဦး..ညည်းနာမည်တော့ ပြောင်းရမယ်နော်။ ခင်ပိုင် ဆိုတာကတော့ မင်းသမီးနာမည် မဟုတ်ဘူး။ တစ်ခုခုပေါ့။ ငါ စဉ်းစားဦး မယ်”


“ဟုတ်ကဲ့”


“နောက်ပြီးတော့ အဲဒီမှာ ရေးထားတယ်နော်၊ ဖတ်ဦး၊ ရှေ့ထွက်နေရာ၊ နှစ်ကြီးသုံး သုံးထောင်၊ ညည်းအစုက သုံးမတ်စု၊ ဟုတ်ပြီလား”


“ဟုတ်” လို့သာ လိုက် လိုက်ရတယ်၊ အဲဒီ အစုဆိုတာ တကယ်တော့ ခင်ပိုင် ဘာမှမသိဘူး။ ဟောဒီစာချုပ်ထဲက ဟာတွေကလည်း ဘာတွေလဲ။ စာတွေလည်း အများကြီး။ ကျောင်းနဲ့ ဝေးကတည်းက စာရှည်ရှည်ဆို ဖတ် ချင်စိတ်က သိပ်ရှိတော့တာ မဟုတ်ဘူး။ ဘာတဲ့ …. “နှစ်ဦးသဘောတူ စာချုပ်” တဲ့။


မန္တလေးမြို့ တာရဲတန်း မြမန္တလာအငြိမ့်ပိုင်ရှင် ဦးကျော်လေးနှင့် မန္တလေး မြို့ ယာဉ်ပျံရပ်နေ မခင်ပိုင်တို့သည် အောက်ပါအချက်များကို သဘောတူညီ ကြလျက် နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုကြပါသည်။


၁။ မြမန္တလာအငြိမ့်တွင် မခင်ပိုင်အား ရှေ့ထွက် မင်းသမီးအဖြစ် အငြိမ့် ပိုင်ရှင် ဦးကျော်လေးက ငှားရမ်းပါသည်။


၂။ မခင်ပိုင်သည် ၁၃၄၄ ခု၊ ဝါဆိုလဆန်း (၁) ရက်မှ ၁၃၄၅ ခု၊ ဝါဆိုလဆန်း (၁) ရက်ထိ မြမန္တလာအငြိမ့်တွင် ကပြရမည် ဖြစ်ပါ သည်။


၃။ မခင်ပိုင်၏ အစုမှာ သုံးမတ်စုအဖြစ် သဘောတူပါသည်။ 


၄။ နှစ်ကြီးသုံးငွေအဖြစ် သုံးထောင်ကျပ်တိတိကို ဦးကျော်လေးက မခင်ပိုင်အား စာချုပ် ချုပ်ဆိုသည့်နေ့တွင် ပေးပါမည်။


၅။ ရံဖန်ရံခါ ကရမည်ဖြစ်သော အကူပွဲများတွင် အစုအဖြစ် ငွေပေးချေမှု မရှိခြင်းကို မခင်ပိုင်က သဘောတူပါသည်။


 ၆။ အငြိမ့်မကမီ အငြိမ့်တိုက်ရက်များကို ပျက်ကွက်ခြင်းမရှိဘဲ ပုံမှန်လာရောက်ပါမည်။


၇။ အငြိမ့်မှ ချမှတ်ထားသော စည်းကမ်းများကို ရိုသေစွာ လိုက်နာပါ မည်။


၈။ နှစ်ကြီးသုံးငွေများကို တန်ဆောင်မုန်းလမှစ၍ သင့်တင့်စွာ ခုနှိမ်ခြင်းကို သဘောတူပါသည်။


၉။ စာချုပ်သက်တမ်း မပြည့်မီအတွင်း အငြိမ့်မှ အကြောင်းတစ်စုံတစ်ရာ ကြောင့် ထွက်ခွာသွားပါက နှစ်ကြီးသုံးငွေများကို အကျေအလည် ပေးဆပ်ရပါမည်။


၁၀။ စာချုပ်သက်တမ်း မပြည့်မီအတွင်း အငြိမ့်မှ ထွက်ခွာသွားပါကစရိတ်ကို တစ်ဦးတည်း ပေးလျော်ပါမည်။ 


၁၁။ စာချုပ်သက်တမ်း မပြည့်မီအတွင်း အငြိမ့်မှ ထွက်ခွာသွား၍ ပွဲလက်ခံ များ ပျက်ကွက်လျှင် ပွဲရှင်မကျေနပ်သမျှ ငွေကို မင်းသမီး တစ်ဦးတည်းက ပေးလျော်ပါမည်။


၁၂။ စာချုပ်သက်တမ်း မပြည့်မီအတွင်း အငြိမ့်မှ ထွက်ခွာသွားပါက အငြိမ့်ပိုင်ရှင်၏ နစ်နာကြေးအဖြစ် ကြော်ငြာခမှစ၍ ပေးလျော်ရပါ မည်။


၁၃။ အလုပ်ချိန်မှာ အလုပ်ကို ထိခိုက်နစ်နာစေသော အပြုအမူများ ပြုမူမိ ပါက အငြိမ့်သက်သာ ချောင်ချိရေးအဖွဲ့ ပေးသမျှသော ပြစ်ဒဏ်ကို နာခံပါမည်။


၁၄။ အငြိမ့်ဆရာဘက်မှ မင်းသမီး ငှားရမ်းမှုအတွက် ပျက်ကွက်ခဲ့ပါက ပေးခဲ့သမျှ နှစ်ကြီးသုံးငွေကို အဆုံးခံပါမည်။ 


အမယ်လေး...များလိုက်တဲ့စာတွေ။ တချို့ စာလုံးပေါင်းတွေ ခင်ပိုင် မဖတ်တတ်ဘူး။ ဒီထဲက နှစ်ကြီးသုံး ဆိုတာတစ်ခုကတော့ ကြိုတင်ငွေပေးတဲ့သဘောပဲ၊ နားလည်လို့ ရတယ်။ ပွဲချီများတဲ့ လကျ အဲဒီအသုံးကို ပြန်ချေပေါ့။ ဒါပဲသိတယ်။ စာချုပ်ထဲက တခြားဟာတွေတော့ ဘာတွေမှန်း မသိပေါင်။ လက်မှတ်ထိုးဆို၊ ထိုးလိုက်တာပဲ။ အင်း..သိတာကို မသိဘူး လို့ ပြောရင်လည်း ကိုယ် အ,ရာ ကျဦးမယ်။ အို...နောက်မှကတဲ့သူ အချင်း ချင်း မေးကြည့်မယ်။ ဒီလောကထဲ ရောက်ပြီပဲ။ တစ်နေ့တော့ နားလည်လာ မှာပေါ့။


“အဲဒီတော့ ဟောဒီမှာ ပိုက်ဆံသုံးထောင်။ ဆိုတော့...အဲ...ညည်းမှာ ထိုင်မသိမ်းအင်္ကျီ ထဘီရှိလား။ မရှိဘူး။ ခုမှ စကမယ့်သူဆိုတော့ ထိုင် မသိမ်း တစ်စုံချုပ်ရမယ်။ လှမှ ကောင်းမှနော်။ ဒါ မရိုးမချင်း ဝတ်လို့ရတဲ့ ဟာ။ ပိုက်ဆံ မနှမြောနဲ့။ ဘယ်မှာချုပ်မလဲ”


ဦးကျော်လေးမေးတော့ ခင်ပိုင် အ,သွားတယ်။ ထိုင်မသိမ်းဆိုလို့ ကျောင်းဆင်းပွဲမှာ တစ်ခါ ဝတ်ဖူးတာပဲ ရှိတာ။ ဒေါ်မြချစ်က သူ ့ယောက်ျား ကို စိတ်မရှည်သလို ကြည့်တယ်။


“အစ်ကိုကြီးကလည်းနော်၊ သူ ့ဘာသာသူ ချုပ်ခိုင်းလို့ ဘယ်လိုလုပ် ဖြစ်မှာလဲ။ အဆင်ရိုး အဆင်သစ် သူဘယ်သိပါ့မလဲ။ လျှောက်လုပ်လာလို့ မြမန္တလာ သိက္ခာကျဦးမယ်။ ဒီကပဲ လုပ်ပေးမှ ဖြစ်မှာပေါ့။ အဲ...တစ်ထောင် တန်လောက်သာ ချုပ်လိုက်၊ ဒါဆို တော်ပါပြီ။ ရှေ့ထွက်ပဲ။ ခေါင်းဆောင်ဆို တစ်ထောင့်ငါးရာတန်တော့ အသာလေးချုပ်ရတာ” 


“ဟုတ်...ဟုတ်”


ဆိုပြီး ခင်ပိုင် ခေါင်းညိတ်ရပြန်တယ်။ ဦးကျော်လေးက ပိုက်ဆံတွေကို ရေနေရင်းက...


“အဲဒီလိုဆိုတော့ ၁၀၀၀ နုတ်ထားလိုက်မယ်နော်။ ၂ဝဝဝ ကျန်မယ်။ ဪ….နေဦး၊ သီချင်း သီချင်း၊ ညည်း ကိုယ်ပိုင်သီချင်းတစ်ပုဒ် စပ်ရမယ်။ ထွက် ထွက်ချင်းဆိုဖို့၊ နရီဂါးလတ်၊ အသိမ်းမှာ ဆိုမယ့်အတွက်ရော တစ်ခွင် စာ အပီလုပ်ရမယ်။ အင်း...ဒါလည်း ငါ့ဟာငါ လုပ်မှပါ။ ညည်းဘာသာ သီချင်းရေးဆရာရှာလို့ ပေါက်တတ်ကရတွေ ဖြစ်လာပါဦးမယ်။ အေး... အဲဒါအတွက် အားလုံး အပြီးအစီးဆိုရင်..ကဲပါ ၂ဝဝ ပဲ ထားပါ၊ ဟိုကောင်ဖိုးဇော်ပဲ ကျဦးမှာပဲ” ဒေါ်စိန်ငွေက ဝင်ပြီး “ဇော်ဇော်လား၊ သူ ့သီချင်းဆို နာမည်ကြီးတာ ချည်းပဲ”လို့ အားရပါးရ ထောက်ခံရင်း၊ ခင်ပိုင်တို့ဘက် လှည့်ပြောလိုက် သေးတယ်။ “ဇော်ဇော်က အငြိမ့်ဆရာ သားကြီးလေ” တဲ့။ ခင်ပိုင်တို့ သား အမိနှစ်ယောက်ကတော့ `ဪ..ဪ”ပဲပေါ့။


“အဲဒီတော့ ထိုင်မသိမ်းအတွက် ၁ဝဝဝ၊ သီချင်းအတွက် ၂ဝဝ။ ၁၂ဝဝ နုတ်ထားလိုက်မယ်။ ၁၈ဝဝ ညည်းကိုပေး...


“နေဦးလေ ကိုကြီးရဲ့၊ ၁၈ဝဝ မပေးနဲ့ဦး။ ဟိုဒင်း..သေတ္တာ သေတ္တာ၊ ညည်းမှာ သေတ္တာကြီးကြီး ရှိရဲ့လား။ မရှိဘူးဆို တို့ အငြိမ့်တွေ ဇာတ်တွေ မှာ သုံးတဲ့ သံသေတ္တာမျိုး တစ်ခါတည်းမှာခဲ့။ သေတ္တာမှာ မိတ်ကပ်ဘူး တွေ၊ ပေါင်ဒါဘူးတွေ သူ့နေရာနဲ့သူ ထည့်ရတဲ့ အကန့်လေးတွေနဲ့လေ။ မိတ်ကပ်ရည်တွေ ဘာတွေလည်း မဖိတ်ဘူးပေါ့အေ၊ ဆံထုံးတို့ ဘာတို့ လည်း ထည့်ရတယ်။ တို့ ဒီကတော့ အငြိမ့်အတွက် မှာနေကျဆိုတော့ ဈေးချိုမယ်။ ငါးရာလောက်တော့ ကျတယ်။ ကြီးတာတော့ အကြီးကြီး။ ညည်းလည်း မြင်ဖူးမှာပေါ့၊ အဖတ်တင်တာပေါ့အေ။ အဲ...နောက်ပြီး ဆံထုံး နဲ့ ဆံမြိတ်အတွက်လည်း တစ်ရာ့ငါးဆယ်လောက် ထားခဲ့။ ငါမှာနေကျ ဆံပင်ပြင်ဆိုင်မှာ ညည်းမျက်နှာနဲ့လိုက်တာ ငါ့ဘာသာပဲ မှာပေးမယ်။ အကြောင်းမသိရင် မင်းသမီးဆိုပြီး တွေ့ ရာဆိုင်တွေက နှက်လွှတ်ဦးမယ်”


ဦးကျော်လေး ပိုက်ဆံတွေ ထပ်ရေရပြန်တယ်။ ၁၂၀၀၊ သေတ္တာက ၅ဝဝ၊ ဆံထုံး ဆံမြိတ်က ၁၅၀။ ၁၈၅၀။ ဘုရားရေ၊ အဲဒီလိုဆို ဘယ်လောက် ကျန်တော့မှာတုံး။ အငြိမ့်ရှေ့ထွက်တစ်ယောက်ရဲ့ အရင်းအနှီးတွေကလည်း များလိုက်တာပါလား။


“ကဲ...ရော့၊ ၁၁၅၀”


လှမ်းယူနေတဲ့ အမေ့မျက်နှာကို ကြည့်ပြီး ခင်ပိုင် သနားမိတယ်။ အမေ ဝယ်ချင်ရှာတဲ့ မေထုံနွားမနဲ့တော့ ဝေးပြီပေါ့။ ဒါပေမဲ့ ဘာပဲပြောပြော ငွေ တစ်ထောင်ကျော် ဆိုတာလည်း အမေ့အတွက် အများကြီးပါ။ အနည်းဆုံး မမြကြီးတို့ရဲ့ နေ့ပြန်တိုး သံသရာထဲက ထွက်လို့ရပြီပေါ့။ ဈေးရင်းအတွက်စိတ်အေးရပြီပေါ့။


“ကဲ..အဲဒီလိုဆို ကျုပ်တို့ ပြန်မယ်နော်၊ ပြီးပြီ မဟုတ်လား” 


ဒေါ်စိန်ငွေက နောက်ဆုံးအနေနဲ့ ဘူးထဲက ခပေါင်းတစ်လိပ်ကိုဆွဲရင်းပြန်ဖို့ပြင်တယ်။


“ပြီးပြီလေ၊ ပြန်ကြ ပြန်ကြ။ အငြိမ့်တိုက်ပြီဆိုတော့မှ အကြောင်းကြားမယ်၊ ဆက်သွယ်ဖို့က…”


“အမယ်လေး….အငြိမ့်ဆရာရယ်၊ ကျုပ်ဆီ ရောက် ရောက်ပါတယ်။ ဟိုအကောင် ကတိုးနဲ့သာ မှာလိုက်၊ ကတိုးနဲ့ ကျုပ်နဲ့က သိပ်လှမ်းတာမှ မဟုတ်ဘဲဟာ”


“အင်း..အင်း၊ ဟုတ်သားပဲ”


လို့ ဦးကျော်လေး ခေါင်းညိတ်တုန်းမှာ...


“ကဲ...သမက်အတင်း ပြောလို့ဝပြီလား” ဆိုတဲ့ အသံနဲ့အတူ.. ကိုကတိုး နောက်ဖေးက ထွက်လာတယ်။ ဒေါ်စိန်ငွေရဲ့ ကလော်တုတ်သံတွေကြားထဲမှာ ကိုကတိုးက တဟားဟား ရယ်ရင်း...


“ပြန်ကြတော့မှာလား၊ ဘာနဲ့ ပြန်မှာလဲ၊ မြင်းလှည်းဆို ကပ်လိုက်မလို့” 


အမေက “လာပါ...လာပါ၊ လိုက်ခဲ့ပါ”လို့ ပျာပျာသလဲ ဝင်ခေါ်တယ်။ အရပ်ချင်း နီးတယ်ဆိုတာနဲ့ အမေ အားကိုးတော့မယ်လေ။ နောက်ပြီးကိုကတိုးက အမေ့အသည်းစွဲ လူရွှင်တော်။ ဒေါ်စိန်ငွေကတော့ အားရပါးရ မျက်စောင်းထိုးတယ်။


“ဟင်း..အချာင်များ နှိုက်ရမယ်ဆိုလို့ကတော့ သူ ့အပြင်မရှိဘူး။ ကဲ.. သွားပြီနော် သူဌေးတို့၊ သူဌေးကတော်တို့၊ ဟဲ့ ဟဲ့ ပွဲခတွေ ဘာတွေများဒုက္ခရှာပြီး ပေးမနေနဲ့နော်...သိလား”


ဒေါ်စိန်ငွေက ထွက်ခတ် ခတ်လိုက်သေးတယ်။ ဦးကျော်လေးတို့ လင် မယားနှစ်ယောက်ကတော့ အရယ်သာ မပျက်တာ၊ ခြူးတစ်ပြားမှ မထုတ် လိုက်ဘူး။ ဟင်း..မိန်းမလည်ပွဲစားကြီး။ သူက နှစ်ဖက်လိုချင်သေးတာ။ 


“ကဲ..ဆရာ၊ လစ်တော့မယ်။ ဟဲဟဲ...တကယ်ပါ လေးလေးရယ်၊ မိန်းမဆေးထိုးနေရတာ ငါးရက်ရှိနေပြီ။ မတတ်သာလို့ပါ”


*** ***

၄ဆက်ရန်

#ရသလွင်ပြင် fb စာမျက်နှာမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#နုနုရည်အင်းဝ #ဗိုလ်ကေတစ်ထောင်မှာတစ်ယောက်လောက်တော့စွဲကောင်းပါရဲ့ #ဝတ္ထုရှည် #တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.