တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၈) (မောင်စိန်ဝင်း-ပုတီးကုန်း) - တမာသားလေးမှတ်စု

တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၈) (မောင်စိန်ဝင်း-ပုတီးကုန်း)

         { ၈ }

   ( ၁၀ ) “မနေ့က ခေမရဌ်မှာ ဗညားကို သူ့ မရီးနဲ့ တွေ့ခဲ့တယ်” 

ညနေပိုင်း အဆောက်ရှေ့မှာ တစ်ဦးတည်း ရပ်နေစဉ်မှာ ရှယ်လီ သူ့အနားရောက်လာပြီး ပြောသည်။ မူမူနှင့် ပေါင်းသကဲ့သို့ သွားအတူ လာအတူ မဟုတ်သော်လည်း ရှယ်လီနှင့် တစ်ဆောင်တည်းနေသူမို့

ရင်းနှီးမှုတော့ရှိသည်။ ရှယ်လီသည် ဟိုအရင်ကလည်း ဗညားအစ်ကို၏ အမျိုးသမီးကို သူ တွေ့ဖူးကြောင်း ပြောပြခဲ့ဖူးသည်။

“မမတို့ အိမ်ကို သွားတုန်းက တွေ့တာ ၊ စကားစပ်မိလို့ မမက ပြောပြပြီး မိတ်ဆက်တယ် ၊ ဗညားအစ်ကိုရဲ့ အမျိုးသမီးက အရမ်းချောတာပဲသိလား"


ရှယ်လီသည်လိုပြောစဉ် ဗညား အစ်ကို၏ အမျိုးသမီးကို တင်မေ ကျော် မတွေ့ဖူးသေး။ ဟုတ်လားဟုသာ ပြန်ပြောဖြစ်ခဲ့ဖူးသည်။ ဗညားကိုလည်း ဘာမျှ ပြန်ပြောမပြဖြစ်တော့။ ရှယ်လီအစ်မ ဝမ်းကွဲအိမ်ကို ရှယ်လီက စနေ တနင်္ဂနွေ ပြန်နေကျ၊ ထိုအိမ်မှာ မမကေသီကို ဆုံတတ်သည် ပြောသည်။  


သူ့အစ်မနှင့်က တစ်ရုံးတည်း အတူပင်ဖြစ်သော ကျောင်းကတည်းက သူငယ် ချင်းတွေဟု ပြောသည်။


“ဟုတ်တယ် . . . .ဗညား ပြောပြတယ်”


ဟု တင်မေကျာ်က ရှယ်လီကို ပြန်ပြောလိုက်သည်။ ကျောင်းရှေ့ကို ကားနှင့် လိုက်ပို့သည့်နေ့က သူတို့ ခေမရဌ်မှာ စကားပြောဖြစ်ကြတာ ဖြစ်မှာ ပေါ့ဟု တွေးလိုက်မိသေး၏။


“မမကေသီနဲ့ ခေမရဌ်မှာထိုင်တာ မေကျော်သိတယ်ပေါ့”


ရှယ်လီက အံ့ဩဟန်ဖြင့် မေးသည်။ 


“သိသားပဲ ရှယ်လီ၊ သူ့ကို လိုက်ပို့တော့တောင်မှ မေကျော်နဲ့တွေ့လိုက်သေးတာပဲ”


ခေမရဌ်မှာ ထိုင်တာ မသိပေမယ့် သိနေသည့်ဟန်ပင်ပြောလိုက်၏။ 


“မေကျော်က အရမ်းတော်တာပဲ ၊ တို့သာဆိုရင်တော့ ဒါမျိုးမရဘူး”


ရှယ်လီစကားကြောင့် မေကျော် အံ့ဩသွားသည်။ ဘာမှ ပြန်မပြော ပျက်ချင်ချင် မျက်နှာကို ဟန်ဆောင်ထိန်းသည်။


“ကိုယ့်အမျိုးသားကို အဲဒီလို လွှတ်မထားနိုင်ပါဘူး”


“သူ့အစ်ကိုရဲ့ အမျိုးသမီးပဲ ရှယ်လီ"


တင်မေကျော် နှုတ်မှ ထွက်သွားသည်။


“ဟင် . . . သူတို့ကိစ္စကို မေကျော်က မသိဘူးလား၊ တို့က မေကျော် .. သိရက်သားနဲ့ သဘောထားကြီးနိုင်သလားလို့”


ရှယ်လီက ဗညားနှင့် မမကေသီတို့ ရိုးရိုးသားသား မဟုတ်ဟု ပြောလို ဟန်ရှိကြောင်း မေကျော် နားလည်လိုက်သည်။ ဒါပေမယ့် သူ့နှုတ်က ဘာမှ မထွက်ဖြစ်။


“ဗညားကြောင့် သူတို့ လင်မယားအဆင်မပြေဖြစ်နေတာ မေကျော်မသိဘူးလား၊ ဗညားကို အဲဒီပြဿနာတွေကြောင့် အိမ်ပေါ်က အရင်ဆင်းသွားခဲ့တာလေ ၊ အခု သူ့အစ်ကိုလဲမရှိဘူး၊ စိတ်တွေညစ်ပြီး နယ်ကိုတောင် ပြောင်းသွားတယ် ပြောတယ်” 


ဘုရား . . . . ဘုရားဟု ရင်ထဲက ဘုရားတလိုက်မိသည်။ 


“မမပြောပြလို့ ရှယ်လီသိတာ ၊ မမကိုတော့ မမကေသီက အားလုံး ဖွင့်တိုင်ပင်တာပေါ့ ၊ သူတို့က သူငယ်ချင်းတွေပဲဟာ ၊ မမကေသီက သူ့ရည်စား ဟောင်းနဲ့ကလဲ မပြတ်မသားတဲ့ ၊ အဲဒါကို ဗညားက သိပြီး သူ့အစ်ကိုကိုလဲ တိုင်လိုက်တော့ ပြဿနာတွေက ရှုပ်နေတာပေါ့ ၊ မမကေသီကလဲ ကျောင်းတုန်း ကတည်းက နာမည်ကြီးလို့ ပြောတယ် ၊ သိပ်ပွေတာတဲ့”


ပြောသမျှ စကားတွေကို မကြားတစ်ချက် ကြားတစ်ချက်။ လက်ထဲမှ လက်ကိုင်ပဝါကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ထားမိပြန်၏။


“ဗညားကို မေးကြည့်ပါလား”


သူ့ သူငယ်ချင်းလာတော့ ရှယ်လီက အပြင်ထွက်တော့မည်ပြင်ရင်းပြောသွားသေးသည်။ ထိုစာအုပ်တွား ရှယ်လီစကားတို့သည် သူ့နှလုံးသားကို လှုပ်ရှားနာကျင်စေခဲ့သည်တော့ အမှန်။


မပျော်ထက်ဝက်ဖြင့် စိတ်က ယောက်ယက်ခတ်သည်။


ဗညားက မမကေသီနှင့် မရှင်း ။ မမကေသီက သူ့ရည်းစားဟောင်းနှင့် မပြတ် ။ ဒါကို ဗညားက မကျေနပ်လို့ သူ့အစ်ကိုကို ပြန်တိုင်သည်။ မမကေသီ က ဗညားကလည်း ဘာထူးသေးလဲ ဖွင့်ချသည်။ သည်မှာတင် သူ့အစ်ကိုက စိတ်ညစ်လို့ နယ်ပြောင်း၍ ထွက်ပြေးသည်။


ရှယ်လီ ပြောခဲ့သမျှကို တစ်စစီ ပြန်စဉ်းစားရင်း တွေနေမိပြန်၏။ ဗညားကို မေးရန် ပထမစဉ်းစားသည်။


မဟုတ်ပါက ဗညား၏ ကိုယ်ကျင့်တရားနှင့် သိက္ခာကို စော်ကားရာ ရောက်ပေမည်။ 


ပြီးတော့ ဗညားက သူများနှင့် တူသည်မဟုတ်။


သူ့မှာက အစွဲအလမ်းရှိနေပါသည်ဟု သူကိုယ်တိုင်ပင် အင်းလျားကန်ဘောင်မှာ ပြောခဲ့ဖူးသည်ကို ပြန်သတိရလာသည်။


အဖေ၏ ချွတ်ယွင်းအားနည်းမှုကြောင့် နှလုံးသားမှာ ဒဏ်ရာရ၍ခံစားနေရရှာသူ တစ်ဦးကို သူ့အားနည်းချက်အား ဖိနင်းသည့်အဖြစ်မျိုး မရောက်ချင် ။ သူသာ မေးလိုက်ပါက ဗညား တစ်သက်လုံး စိတ်ကောင်းနိုင်တော့ မည် မထင် ။ ယူကျုံးမရဖြစ်၍ ဆုံးတော့မည်မဟုတ်။ 


ချစ်သူ၏ အထင်သေးမှု ၊ အယုံအကြည်နည်းပါးမှုကို ခံရတာ သူ့အဖေတုန်းက သည်ကိစ္စမျိုးမှာ ချွတ်ယွင်းအားနည်းခဲ့လို့လားဟု စဉ်းစား ခံစားနေပေဦးမည်။ပြီးတော့ သူ ဗညားကို ယုံချင်၏။


နောက်ဆုံးမှာတော့ ပတ်ဝန်းကျင်က စကားထက် ဗညားကိုပင် သူယုံလိုက်သည်။ 


သည်ကိစ္စအတွက် ဗညားကို သူ မမေးမိအောင် ကြိုးစားမည်ဟု ဆုံးဖြတ်၏။


သူ့အစ်ကိုက စကားကို မလိုအပ်ဘဲ မပြောသည့် စကားနည်းသူဟု ဗညားပြောဖူးသည်။ ဗညားကိုယ်တိုင်လည်း စကားကို နည်းနိုင်သမျှ နည်းအောင် နေတတ်သူ။ သူနှင့် မပတ်သက်ပါက ဘာမှ မပြောချင်သူဖြစ်မှန်း မေကျော်သိသည်။ သူ့အစ်ကို၏ အိမ်ထောင်ရေးကို ယခုထိ ဘာမှသူတို့ကို မပြောဖူးခဲ့။ သူတို့ကလည်း မမေးခဲ့ဖူးပေ။


“ဆရာက အိမ်ရောက်လာလို့ ငါ့ကို တွေ့တော့ အရမ်းအံ့ဩသွား တယ်၊ မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲလို့ မေးတယ်၊ ငါက ကျွန်တော် ဒီအိမ်မှာနေတာပါ၊ ဦးကျော်မင်းဆွေရဲ့ ညီပါဆိုတော့ ဆရာ အရမ်းအံ့ဩနေ တယ် သိလား၊ မင်းအစ်ကိုနဲ့ ငါ ခဏခဏဆုံနေတာ ၊ သူ့ညီ ငါတို့ကျောင်းမှာ ရှိတယ်လို့ စကားမဟဘူးကွ၊ ဒီကောင် တကယ်နေနိုင်တယ်လို့ပြောတယ်”


အစ်ကိုနဲ့ ကျောင်းနေဖက် သူတို့ ကျောင်းမှ ဆရာတစ်ဦးက ပြောခဲ့ ဖူးတာ ဗညားပြောပြခဲ့သည်။


မမကေသီကတော့ သည့်နှယ်ဟုတ်ပုံမရ။ သူ့ သူငယ်ချင်းဆိုသည့် ရှယ်လီ အစ်မဝမ်းကွဲကို အိမ်တွင်းရေးကအစ ပြောပြပုံရသည်ဟု မေကျော် တွေးမိပြန်သည်။


ဗညား အစ်ကိုတို့ လင်မယား စရိုက်မတူတာကို သတိထားဖြစ်ပြန်၏။ ရှယ်လိုစကားတွေ ကြားစက သံသယတို့ဖြင့် ပူလောင်ခဲ့သော ရင်သည် ချစ်သူ ကို ယုံကြည်လိုက်ခြင်းဖြင့် ပြေပျောက်လေပြီဟု မေကျော် ထင်လိုက်၏။ ဗညား သည့်နှယ် သူ့ကို လှည့်စားရက်မည်မဟုတ်ဟုလည်း အကြွင်းမဲ့ ယုံကြည်လိုက်ပြန်သည်။


အိပ်ရေးပျက်သော်လည်း ခေါင်းထဲ ကြည်လင်နေသည်ဟု တင်မေ ကျော် ထင်မိပြန်သည်လေ။


••••••••

    ( ၁၁ )

ကျောင်းပိတ်ဦးတော့မည်ဆိုသော အသိက ခွဲခွာကြရတော့မည်ဟုသတိပေးနေသယောင် ။


စာသင်ဆောင် စာသင်ခန်းတို့တွင် စာမေးပွဲနီးရာသီ၏ အမှတ်သညာ တို့ကို တွေ့နေရလေပြီ။ တစ်နှစ်လုံး လွတ်ခဲ့သည့် ကျောင်းစာတို့ကို ကူးသူကူး အချင်းချင်း မေးကြမြန်းကြနှင့် ဆရာတို့၏ အခန်းဝမှာလည်း နားမလည်သည် ကို မေးမည့်သူတွေ ရစ်သီနေဆဲကာလ ။


သင်ရိုးကုန်ဖြစ်၍ စာသင်ခြင်းကို ရပ်ကာ ကျက်မှတ်နိုင်ရန်အတွက် အတန်းလွှတ်လာသည့် ဘာသာတွေရှိသည်။ တချို့ ဘာသာတွေက ပြန်လှန် သင်ကြားဆွေးနွေးခြင်းများကို ပြုသည်။ စာသင်ခန်းလွတ်တွေမှာ စာကြည့်သူ တွေ အုပ်စုလိုက် ရှိနေတတ်ပြန်၏။


မူမူက စာသွားမေးမည်ဆိုပြီး တင်ထွန်းမြင့်ကို အဖော်ခေါ်သည်။ ငါတို့ လိုက်ခဲ့ရမလားဟု တင်မေကျော် က မေး၏။


နေပလေ့စေ မလိုက်ခဲ့နဲ့ ဆရာ့အခန်းကလဲ တို့လေးယောက်ဝင်ရင် ပြည့်သွားလိမ့်မည်ဟု မူမူက ပြောကာ သူတို့နှစ်ယောက်ကို ချန်ခဲ့၏။    


မူမူနှင့် တင်ထွန်းမြင့် တို့ အခန်းထဲမှ ထွက်သွားတော့ သူတို့ နှစ်ဦးနှင့် ရှေ့ခုံမှာ ကျောင်းသားနှစ်ဦးသာ အခန်းထဲမှာ ကျန်သည်။


“ဘာကြည့်နေတာလဲ ဗညား”


ဟု ပြောရင်း တင်မေကျော်က ဗညားရှေ့က စာအုပ်ကို လှမ်းကြည့်သည်။


ဗညားက ပြုံးပြလိုက်၏။


“ကျောင်းစာ မဟုတ်ပါဘူး”


တင်မေကျော် အံ့ဩဟန်ပြသည်။


“ဘာလဲ ပြစမ်း” ပြောကာ စာအုပ်ကို ဆွဲယူလိုက်သည်။


“ညက ရေးထားတဲ့ ကဗျာတွေ အချောပြန်ကူးနေတာ"


တင်မေကျော်ကို ကြည့်ရင်း ဗညားက ပြောသည်။


“အမလေး အရေးထဲမှာ ကဗျာရေးနေရသေးတယ်”


“မတတ်နိုင်ဘူး ၊ သူ့ဟာသူ ရေးချင်လာတာပဲ ၊ ရေးချစ်စိတ်ပေးလာ တော့ ချရေးမိရော ၊ ညက တစ်ညလုံး ငါ စာမကြည့်ဖြစ်သဘူး ၊ အဲဒီ ကဗျာရေးရင်း အချိန်ကုန်သွားတာ" 


“ဘယ်ရည်စား သတိရပြီး ကဗျာရေးနေတာလဲ မှန်မှန်ပြော"


လက်ထဲက စာအုပ်ကို မကြည့်သေးဘဲ ဗညားကို ကြည့်လျက်ခပ်ပြုံးပြုံးပြောသည်။


“ဖတ်ကြည့်လေ” 


တင်မေကျော်က ငုံ့၍ ဖတ်လိုက်သည်။ ကဗျာခေါင်းစဉ်က ... “နှင်းဖြစ်ပါတော့ . . . တဲ့”


ခင်ခင်ရယ် 

မြင်မြင်စမ်းပါလှည့် 

လွမ်းစာဖွဲ့တဲ့ ရာဇဝင် ။


ရွှေနန်းမှာ သခင်ပျော်ဖို့ 

ပလ္လင်တော် သွေးနဲ့ ဖျန်းဆိုလဲ 

သေခန်းဝင် အသက်ခြေစွန့်ပါလို့ 

ဪ . . . အသက်သေဝံ့တဲ့သူပါ ခင် ။


အချစ်ဦးပေမယ့်

ချစ်ဖူးတာ ခင်ခင်မေ့ပါကွယ့်

ကြင်ကြင်သရွေ့တော့ ယခုဘဝတွင်

သမုဒယမျှင်ဖြေလျော့ ။


ပျော်ရစ်တော်မူ . . .

သော် ချစ်သူရွှေနန်း မွေ့ပြီလား 

သေခန်းတွေ့ကာ ဘ၀ခြားတောင်မှ 

နှစ်ပါးစုံ ဖူးမြော်ချင်လို့ 

ဦးတော်တင် တောင်သမန်အင်းမှာ

ခင်ခင်ရယ် …နှင်းဖြစ်ပါတော့ . . .။


“ဗညား ... ဒါ မောင်ဖေငယ်တို့အကြောင်းပေါ့နော်” 


တင်မေကျော်က ကဗျာကို နှစ်ခေါက်သုံးခေါက် ဖတ်အပြီးမှာ ဗညားမျက်နှာကို ကြည့်ရင်း မေးသည်။


“ဟုတ်တယ် မေကျော်”


တင်မေကျော်က ကဗျာရေးထားသည့် စာမျက်နှာပေါ် ငုံ့ကြည့်နေပြန်သည်။


“ညက ဘယ်လိုလုပ်ပြီး မောင်ဖေငယ်တို့ ဒိုင်းခင်ခင်တို့ဆီ အတွေး ရောက်သွားတယ် မသိဘူး၊ ကဗျာရေးချင်လာလို့ ချရေးလိုက်တာ”


တင်မေကျော်က သူ့မျက်နှာဆီ အကြည့်ရောက်ရင်း နားထောင်သည်။ 


“အရင်ကတည်းက ရေးချင်နေလိုပေါ့ ၊ ဟုတ်ဘူးလား ဗညား"


“အဲဒီစာအုပ်တွေ ဖတ်ပြီးစက ရေးချင်တယ်၊ ရင်ထဲမှာ ခံစားရတယ်၊ ရေးချလို့ မရဘူး၊ ညကတော့ အဲဒီလို ရေးချင်စိတ် ထပ်ပေါ်လာတယ်ရေးလို့ရသွားတယ်”


“မောင်ဖေငယ်ရဲ့ ခံစားမှုနဲ့ သူ့ချစ်သူအပေါ်မှာ ထားတဲ့ စေတနာကိုခံစားလိုက်ရတယ်”


“မောင်ဖေငယ်အကြောင်း ဖတ်ပြီးတော့ သေခါနီးမှာ သူ့ချစ်သူကို သူတွေ့ချင် မြင်ချင်သွားမှာပဲလို့ တွေးပြီး ခံစားရတယ် မေကျော်၊ သူ့ချစ်သူ မိဖုရားကြီးဘဝနဲ့ ပျော်ပျော် ရွှင်ရွှင် နှစ်ပါးစုံ ကြည်နူးနေတာကို သူ မဖူးမြော် လိုက်ရဘူး၊ ဒီဘဝမှာ ဖူးမြော်ခွင့်ကို သူ မရနိုင်တော့ဘူးလေ၊ 


ဒါကြောင့် နောင် ဘဝမှာ သူ့ချစ်သူနဲ့ သီပေါဘုရင်ကို ဖူးမြော်ခွင့် သူ လိုချင်မှာပဲ ၊ အဲဒီအချိန်မှာ သူ့ကို အပိုင်စားပေးထားခဲ့တဲ့ တောင်သမန်လယ်တွေနဲ့ တောင်သမန်အင်းကို သွားသတိရတယ်။ အဲဒီ တောင်သမန်အင်းမှာ နှင်းတွေဖြစ်ခွင့်ရရင်တော့ သူ့ချစ်သူ မိဖုရားကြီးနဲ့ သီပေါ့ဘုရင် တိုင်းခန်းလှည့်လည်တဲ့အခါမှာ ဖူးမြော်ခွင့်ကို ရနိုင်တာပဲ ၊ ဒါကြောင့် မသေခင် သူပိုင်စားခဲ့ရတဲ့ ဒေသမှာ နှင်းကလေး တွေဖြစ်ပါရစေ ၊ နှင်းကလေးတွေ ဘဝနဲ့ပဲ ချစ်သူ ပျော်ရွှင်နေတာကို ဖူးမြော် ခွင့်ရပါစေလို့ မောင်ဖေငယ်က သေခါနီးမှာ တွေးမှာပဲလို့ ခံစားတွေးပြီး ရေးမိ တာ”


တင်မေကျော်က သူပြောပြနေတာကို နားထောင်ရင်း . . .


“ကြံကြံဖန်ဖန် တွေးတယ်နော်”ဟု မှတ်ချက်ချသည်။


ဘာမှ ပြန်မပြောမိဘဲ တင်မေကျော်ကို ပြုံးရုံးသာ ပြုံးပြလိုက်မိ၏။


“ကဗျာရေးတဲ့သူဆိုတာ သူများမမြင်တာကို မြင်တာမဟုတ်ဘူးတဲ့၊ သူများမြင်တာကိုပဲ သတိထားမိအောင် နှစ်ခါသုံးခါ ထပ်ကြည့်မိအောင် သူ့ အတွေးနဲ့ ပြတတ်တာလို့ စာတစ်ပုဒ်မှာ ဖတ်ဖူးတယ်၊ ဟုတ်တယ်နော် ဗညား”


“မသိပါဘူးဟာ ၊ ရေးချင်စိတ်ပေါက်လာလို့ ရေးမိတာကိုပဲ သိတယ်၊ ရင်ထဲက အရမ်းခံစားလာရရင် ရေးချင်စိတ်ပေါက်လာပြီး ရေးဖြစ်တာပဲ သတိ ထားမိတယ်”


“နင်ကလဲ”


မျက်စောင်းထိုးရင်း တင်မေကျော် ကြည့်သည်။ ပြီးတော့ . . .


“ငါ့ကို မပေးဘူးလားဟင်"


ဟု မေး၏။


“ဘာကိုလဲ မေကျော်”


“ဒီကဗျာလေ”


စာအုပ်ကလေးကို လက်ညှိုးဖြင့် ထောက်ရင်း ပြော၏။


“ကြိုက်လို့လား”


ခေါင်းကို ညိတ်သည်။ ပြီးမှ . .


“နင့်ကဗျာအားလုံးကို ကြိုက်တာပဲ ၊ နင်ကဗျာတွေကို သိမ်းထားခွင့်ရရင် ပျော်တယ်”


“ဘာလို့”


“နင့်နှလုံးသားကို သိမ်းထားခွင့်ရတာနဲ့ အတူတူပဲပေါ့ ၊ နင်ပဲပြောတာ၊ ကဗျာတွေက နှလုံးသားက စိမ့်ယိုလာတာဆို” 


မေကျော် လက်ဖျားကလေးကို ဆုပ်ယူဖျစ်ညှစ်ထားမိသေးတော့သည်။


•••••••••

   ( ၁၂ )

လွမ်းစကားတို့သည် စာရွက်များပေါ်မှတစ်ဆင့် ရင်ထဲသို့ ရောက်လေ ပြီထင်၏။ ကျောင်းပိတ်ရက်ကား အတူရှိစဉ်က အမှတ်တရများစွာကို အလွမ်း ဖြစ်စေသော ကာလပင်ဖြစ်လိမ့်မည်လေ။ 


ဝေးကွာ၍ နေခြင်းဖြင့် ဝေဒနာ၏ ပမာဏကို မှန်းဆ၍ ရလာနိုင်သလို ဘယ်လိုကြည့်ကြည့် ချစ်သူ၏ အရိပ် ထင်စေတတ်တာ၊ ပြန်ဆုံလို့ ပြောပြလျှင် ယုံနိုင်ပါမတဲ့လား။ ကြားခဲ့သည့် သူ့ စကားသံသည် နှလုံးသားမှာပဲ ထင်ဟပ်၍ ကျန်နေစမြဲ။ မြင်ခဲ့သည့် သူ့ဟန်ပန် သည် ရင်ထဲမှာ အရိပ်သဏ္ဍာန်ထင်၍ နေဆဲ။ ခွဲသွားပါလျက် မဝေးနိုင်သော အရာမှာ ချစ်သူသာ ဖြစ်ပါလိမ့်မည် ယုံတော့၏။ 


သတိတရတွေ ၊ အလွမ်းငွေ့တွေ ဝေနေသည့်ကြားမှာပင် နေ့စဉ် လှုပ်ရှားနေရသော သူမဘဝတစ်ပိုင်းတစ်စကိုလည်း ရေးပြတတ်ပြန် သည်ပဲ။


ဖေဖေက အခြေအနေမကောင်းဘူး ဗညားရယ်။ သည် တော့ မေမေက ဖေဖေ့ အနားက ခွာရတယ်မရှိဘူးလေ။ ဆိုင်ကို ညီအစ်မ နှစ်ယောက်ပဲ ဦးစီးလုပ်နေရတော့တာပေါ့။ ညီမက ချက်ပြုတ်ဖို့ လုပ်တဲ့နေ့ဆို မေကျော်က ဆိုင်မှာ ချာချာလည်ရော။ တစ်ခါခါ ကျတော့လဲ မေကျော်က မီးဖိုချောင်ဝင်ရတယ်လေ။ ဖေဖေ့အတွက် ဆေးရှာဖို့ ညီမက အပြင်ထွက်ရတာလဲ များပါဘိ၊ အဲသည်လို နေ့တွေဆို မေကျော်တော့ သေတောင် သေချင်တာပါပဲ ဗညားရယ်။ ကံကောင်းလို့ မောင်လေးကတော့ အလုပ်ရသွားပြီ ။ ဘာဖြစ်ဖြစ် သူ့အတွေးနည်း စိတ်အေးရသေးတာ ပေါ့ ။ ငွေကြေးချို့တဲ့သူတွေမှာ ရတတ်တဲ့ စိတ်ဓာတ်ကျဆင်းမှု ရောဂါကလဲ မေမေ့မှာ အတော်ရင့်နေပြီ ဗညား။ မေမေ အရမ်း စိတ်ဓာတ်ကျနေတယ်။ ဖေဖေ့ ရောဂါကလဲ ရှိသမျှလေး ကုန်ပြီ လေ။ ငွေကုန်ပြီး ရောဂါပျောက်ရင် ဘယ်လောက်ကောင်းမလဲနော်။ တန်ခိုးရှင်သာဖြစ်ရင်တော့ အဲသည်လို ငွေနဲ့ လမ်းခင်းပြီး ကုရတဲ့ is နာတာရှည်ရောဂါတွေကို ငွေကြေးတတ်နိုင်သူတွေသာ ဖြစ်စေရော့ ပါ။ လို့ ဖန်တီးလိုက်ချင်ပါရဲ့ ။ လ ပိုင်ဒီနို ဦး၊ ဂိုး


မေကျော် ရေးပြတဲ့ စိတ်ပျက်စရာတွေကို ဗညား ဖတ်ပြီး စိတ်ညစ်နေပြီလား။ 


မပြည့်စုံတာ ၊ ဆင်းရဲတာ ၊ ကျပ်တည်းတာဟာ သမား ရိုးကျဖြစ်စဉ်တစ်ခုဆုံတွေ့နေရတော့လည်း မေကျော်စိတ် မညစ်တတ်တော့ပါဘူး။ စာမေးပွဲတစ်ခုမှာ တွေ့တဲ့ အခက်အခဲ လိုပဲ။ ဘဝကြုံရတဲ့ အကျပ်အတည်းလို့ သဘောထားနိုင်နေပြီလေ။


ဗညားလဲ ကျန်းမာရေးကိုတော့ ဂရိုစိုက်ပါဦး။ အိပ်ပျက် သိပ်မခံနဲ့ဦးနော်။


တင်မေကျော်၏ စာတွေထဲမှာ တင်မေကျော်၏ ဘဝလေးကို စိတ်ကူးဖြင့် သူလှမ်းမြင်နေသည်။


ထိုဘဝသည် တစ်နေ့မှာ မိမိနှင့် ပတ်သက် ယှက်နွယ်လျက်အတူ ရုန်းကန်ရမှာပါလားတွေးရင်း စိတ်ထဲမှာ ကြည်နူးနေမိသေး၏။


** ** **

၉ဆက်ပါမည်

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့

#တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.