တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၁၂) (မောင်စိန်ဝင်း-ပုတီးကုန်း) - တမာသားလေးမှတ်စု

တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၁၂) (မောင်စိန်ဝင်း-ပုတီးကုန်း)


  { ၁၂ }

“ပျော်ရစ်တော်မူ. . .ဪ ... ချစ်သူရွှေနန်း မွေ့ပြီးလားတဲ့ ၊ ပြီးတော့ သူ့ကျ တကယ်လဲ မဟုတ်ဘဲနဲ့”

လက်မောင်းကို တွဲချိတ်ရင်း မေကျော်က မျက်နှာကို မော့ကြည့်ပြောလိုက်သည်။

“ချစ်တာပဲ မေကျော်ရယ်"


သူ ခေါင်းငုံ့ပြောရင်း သူ့ဆံစကို နမ်းလိုက်မိပြန်သည်။


“မက်နဲ့လေ”


 မေကျော် ပြောရင်း သူ့လက်မောင်းကို ဆွဲဆိတ်လိုက်၏။ 


 “လက်ထပ်ပြီး ပြန်လာမှ ဒီတောင်သမန်အင်းမှာ အကြာကြီး လာထိုင်ရအောင်နော်"


တံတားပေါ်အတက်မှာ သူ ပြောလိုက်သည်။


မေကျော်က သူ့လက်မောင်းကို မှီတွယ်လျှောက်ရင်း ခေါင်းကိုညိတ်၏။

•••••••

"ဘာမှ မရှိတော့ဘူး ဗညား ၊ အိပ်ခန်းတစ်ခန်းပဲ ရတယ် ၊ အဲဒါလဲ တို့လိုပဲ မလိုက်ဖြစ်လို့ ပြန်ရောင်းမှာတဲ့” 


တောင်သမန်အင်းမှ အပြန် ဘူတာကို ရောက်သည်။ လက်မှတ်လဲလို့ရမလားမေးတော့ လဲလို့ မရဟု ဆိုသည်။


သန်ဘက်ခါအတွက် ဘွတ်ကင်လုပ်ဖို့ရန်လည်း အိပ်ခန်းသာကျန်သည် ဆို၏။


“ယူလိုက်လေကွာ”ဟု သူပြောသည်။ ဗညားက အိပ်ခန်းနှင့် လက်မှတ်သုံးစောင်ကို ဘွတ်ကင်လုပ်သည်။ ပြီးတော့ အနားရောက်လာရင်း . . . . .


“ငါကလည်း တစ်ခါတစ်လေ တော်တော်ထူတယ်ကွ ၊ အိပ်ခန်းရတော့ပိုအဆင်ပြေတာပေါ့”


ဟု ရယ်ရင်းပြောသည်။


“တင်ထွန်းမြင့် နော်”


ဟု တင်မေကျော်က မျက်စောင်းထိုးရင်း ဟန့်သည်။ 


“သုံးနာရီနော်”ဟု စကားကို လွှဲ၏။


“ဟုတ်တယ် သုံးနာရီ”


“ဒါဆို . . ပြန်မယ် ၊ မနက်ဖြန်တော့ ဘာမှ အဆက်မသွယ် မလုပ် တော့ဘူး၊ မေမေနဲ့ ဘုန်းကြီးကျောင်းမှ တစ်နေကုန်မှာ ၊ သန်ဘက်ခါလဲ နီးမှ မေကျော္ထွက်ခဲ႔မယ်"


“သန်ဘက်ခါ မနက်ပိုင်း ဖုန်းမဆက်တော့ဘူးနော်" 


“မဆက်တော့ပါဘူး၊ လမ်းထိပ်ရောက်အောင် ထွက်ဆက်ရတာ၊ပြီးတော့ သိပ်ခြေများနေလို့ ရိပ်မိမှာ စိုးတယ်”


“မင်းကလဲ သိပ်မသည်းနဲ့ကွာ” ဟု တင်ထွန်းမြင့်က ပြောလိုက်သည်။


ပြီးတော့ ကားဆီကို လျှောက်လာခဲ့ကြ၏။


“လမ်းထိပ်နားအထိ ပို့ပေးမယ်နော်”ဟု သူပြောတော့ တင်မေကျော် ခေါင်းညိတ်သည်။


••••••••

    ( ၆ )

 “မနက်ဖြန် တစ်ရက်လုံးက အားနေမှာပဲကွာ ၊ အားနေမယ့်အတူတူ တော့ အစ်ကို့ကို သွားတွေ့မယ် ဘာဖြစ်ဖြစ် အစ်ကို့ကို ဖွင့်ပြောလိုက်ရင် ကောင်းမယ်"


အခန်းထဲ ပြန်ရောက်တော့ တင်ထွန်းမြင့်ကို သူပြောလိုက်သည်။


“မင်းအစ်ကိုက ဘယ်မှာမို့လဲ"


ခုတင်ပေါ်မှာ လဲလျှောင်နေရင်းမှ တင်ထွန်းမြင့် လှမ်းမေး၏။ 


“သံစီမံကိန်းမှာလေ ၊ ငါ မင်းတို့ကို မပြောဖူးဘူးလား"


“ပြင်ဦးလွင် သံစီမံကိန်း”


“ဟုတ်တယ်”


“ဟာ .. မင်း တကယ်နေနိုင်တဲ့ကောင်ပဲ ၊ မင်း တစ်ခါမှဒီအကြောင်း မပြောခဲ့ဖူးဘူး”


“စကားမစပ်လို့နေမှာပါ ၊ အစ်ကို နယ်ပြောင်းရတာ ကြာလှပြီပဲ”   


"ငါ အခုမှ သိတယ်၊ ထင်တော့ ထင်တယ် ၊ မင်းအစ်ကိုကလဲ မင်းဆီကို လာတာသွားတာ သိပ်မတွေ့ဘူးလို့ ၊ ငါကထင်တာက မင်းအစ်ကိုနဲ့ မင်း သိပ်အဆင်မပြေဘူးလားလို့”


တင်ထွန်းမြင့်ကို ဘာမှ ပြန်မပြောမိတော့ဘဲ ဆေးလိပ်ကို ဖွာသည်။ သူ့အစ်ကိုအကြောင်းပြောရင်း သူ့အစ်ကို အိမ်ထောင်ရေး ၊ အိမ်တွင်း ရေးပါ ပြောမိမှာ သူ စိုးသည်။ အတတ်နိုင်ဆုံး အိမ်ကကိစ္စတွေကို အပြင်မှာ သူ ဘာမှ မပြောဖြစ်အောင်နေခဲ့တာ ပြန်သတိရ၏။ ပြီးတော့ အစ်ကိုရော သူရော မဆိုင်သည့်စကားကို မပြောဖြစ်အောင်နေကြတာ အကျင့်တစ်ခုလို ပါနေလေပြီ ။


“ဟုတ်တယ် ၊ မနက်ဖြန် တစ်ရက်လုံး ဘာမှ လုပ်စရာရှိမှမဟုတ်ဘူး၊ မေကျော်ကတော့ ဘုန်းကြီးကျောင်းလိုက်ပို့ရင်း သီလတွေဘာတွေ ယူနေလိမ့် မယ် ထင်တယ်”


“အေးကွာ ၊ မနက်စောစော ထပြီး သွားကြရအောင် ၊ အစ်ကိုနဲ့ မတွေ့တာလဲ ကြာပြီ ၊ နောက်ပိုင်း အလုပ်သိပ်များတယ် ထင်တယ် ၊ ရန်ကုန်လဲ မဆင်းဘူး”


"မနက်သွား ညနေပြန်မှာလား”


"ရောက်မှတော့ တစ်ညအိပ်လိုက်မယ်လေ၊ နောက်နေ့ မနက်မှလာ ၊ ဒီမှ နေ့လယ်ခဏနေပြီး ဘူတာတန်းဆင်းတာပေါ့"


“ကောင်းသားပဲ


တင်ထွန်းမြင့်က အိပ်ရာပေါ်မှ ထထိုင်လိုက်ရင်း စီးကရက်ဘူးကိုပြန်လှမ်းယူရင်း ပြောသည်။


"ဘာလဲ တင်မေကျော်က မင်းနောက် လိုက်မယ်ကိစ္စကိုရော မင်းအစ်ကိုကို ပြောမှာလား”


သူ ခေါင်းညိတ်ပြလိုက်သည်။


“ပြောလိုက်မယ်ကွာ” ဟု နှုတ်ကလည်း ထွက်သွားပြန်၏။

•••••••

တရိပ်ရိပ်ပြေးနေသော ကားပေါ်မှ မြင်ရသည့် မြင်ကွင်း အပြောင်း အလဲကြောင့်လားမသိ ၊ စိတ်ထဲမှာ ကြည်လင်နေသည်။ အပူသည် တစ်စ ထက်စ လျော့ပါးလာ၍ အအေးဓာတ်က စိမ့်လာအောင် သိသာလှ၏။ ကွေ့ရင်း ပတ်ရင်း မောင်းနှင်ရသော တောင်တတ်ခရီးသည် ငြီးစီစီနှင့် စိတ်နောက်ကျိ နေမှုကို ကင်းစင်သွားစေနိုင်သလိုပင် ။


တင်မေကျော်နှင့် လက်ထပ်ပြီးပါက အစ်ကို့ဆီသို့ နောက်တစ်ခေါက်လောက်တော့ လာဦးမည်ဟု စိတ်ကူးဖြစ်သေးသည်။ 


“မင်းအစ်ကိုက ဖျက်များနေဦးမလား"ဟု တင်ထွန်းမြင့်က ငေး၍ လိုက်ပါလာရာမှ သတိရပြီး မေးလိုက် ဟန်တူသည်။ တင်ထွန်းမြင့်ကို ပြန်ပြုံးပြလိုက်ရင်း . . .


“မဖျက်ပါဘူး ၊ အစ်ကိုက ငါ့ကို အမြဲနားလည်တာပဲ ၊ ငါဘာလုပ်လုပ် အပျော်အပျက်လုပ်တာ မဟုတ်ဘူးဆိုတာ သူသိတယ်”


စကားပြတ်သွားပြန်သည်။


“သံစီမံကိန်းသွားမယ့်လမ်းကျရင် မမေ့ပါနဲ့ဦး”ဟု ကားမောင်းသူကို သူ ထပ်ပြီး သတိပေးသည်။


“စိတ်ချ .. ကျွန်တော် ရပ်ပေးမယ်”


“လမ်းမက ဘယ်လောက်ဝင်ရသေးလဲ”


“သိပ်မဝင်ရပါဘူး ၊ လမ်းရဲ့ ဘက်ဘက်မှာ စက်ရုံသွားတဲ့လမ်းရှိတယ်၊ အဲဒီလမ်းခွဲအတိုင်း ဆက်လိုက်သာသွား ၊ တစ်ဖာလုံ နှစ်ဖာလုံလောက်ရှိမှာပေါ့”


ကားမောင်းရင်း သူ့ကို ပြောပြနေတာကို သူသိလိုက်မိနေသည်။ ဘာပစ္စည်းမှ ပါတာမဟုတ်ဘဲ လမ်းလျှောက်သွားလို့ ရနေတာပဲဟုတွေးမိပြန်သည်။


စက်ရုံရောက်ရင် အစ်ကိုနာမည်မေးလိုက်ရင် အဆင်ပြေသွားမှာပါ အလုပ်တတ်ရသည့်နေ့မို႔ စက်ရုံထဲမှာတင် အစ်ကို့ကို တွေ့နိုင်တာကိုဟု တွေးမိပြန်သည်။ 


အလုပ်သမားတစ်ဦးက အစ်ကို့ဌာနသို့ ခေါ်သွားသည်။ အစ်ကို့ရုံးမှာ ခဏသာထိုင်ပြီး အစ်ကိုက အိမ်လိုက်ပို့၏။ အစ်ကို့အိမ်မှာ သော့ခတ်ထား ရသည်မို့ သော့ဖွင့်ပြီး သူတို့ကို အိမ်မှာထားခဲ့သည်။


“အလုပ်က အများသားကွ ၊ ညနေ ရုံးဆင်းပြီးမှပဲ စကားအေးအေးဆေးဆေး ပြောကြတာပေါ့”ဟု ပြောရင်း အစ်ကို ပြန်သွားသည်။


တင်ထွန်းမြင့်နှင့် သူ နှစ်ယောက်တည်း စာအုပ်ဖတ်လိုက် ရေနွေး ကြမ်းသောက်လိုက်နှင့် အချိန်ဖြုန်းနေရသည်။


ညနေရုံးဆင်းတော့ အစ်ကို ပြန်ရောက်လာသည်။ သူနှင့် အတူနေ သည်ဆိုသော သူ့တပည့်လေးက အိမ်ဝေယျာဝစ္စတွေ စတင်လုပ်တော့၏။ ထမင်းဟင်းချက်ပြုတ်ဖို့ ပြင်ဆင်တာတွေ့သည်။


“အစ်ကိုလည်း ရန်ကုန်ဆင်းမယ် ဆင်းမယ်နဲ့ မဆင်းဖြစ်တာကွ၊ရန်ကုန်သာလာချင်နေတာ ကြာပြီ ၊ အလုပ်က အရမ်းပိနေတယ်၊ အလုပ် များတော့ ခွင့်ယူဖို့လဲ မကောင်းဘူးလေ"


ဟု အစ်ကို ပြော၏။


“အေးအေးဆေးဆေးပဲ နေမယ်မဟုတ်လား”ဟု အစ်ကိုမေးသည်။


တင်ထွန်းမြင့် သူ့မျက်နှာကို လှည့်ကြည့်၏။


“မနက်ဖြန်ညနေ ရထားလက်မှတ် ဘွတ်ကင်လုပ်ပြီးပြီ အစ်ကို ၊မနေတော့ဘူး ၊ နောက်မှ ပြန်လာခဲ့ဦးမယ်” 


“မင်းတို့ကလည်း ရောက်တုန်း နေပါဦးလား”


အစ်ကိုကို သူ ဖွင့်ပြောတော့လေမလား ထင်၍လားမသိ တင်ထွန်းမြင့်က သူ့မျက်နှာကို ကြည့်ပြန်၏။


“ကိစ္စရှိသေးလို့လား အစ်ကို"ဟု ပြောပြီး သူ စကားဖြတ်သည်။ နောက်မှ အေးအေးဆေးဆေးအစ်ကို့ကို ပြောတာကောင်းမည်ဟု သူ စဉ်းစားလိုက်၏။


 “ရထားလက်မှတ် လွယ်ရဲ့လား”


“အိပ်ခန်းက ရတယ် အစ်ကို”ဟု တင်ထွန်းမြင့်က ဝင်ဖြေသည်။


“ကောင်းပါတယ် ၊ သက်တောင့်သက်သာရှိတာပေါ့” 


ပြောလျက် အစ်ကို ထသည်။


"အေးအေးဆေးဆေးနေကွာ ၊ ရေမိုးချိုးပြီးမှ လမ်းလေးဘာလေးလျှောက်ရအောင်”


အစ်ကို အိပ်ခန်းထဲဝင်သွားတော့ တင်ထွန်းမြင့်က သူ့ကို မေးဆက်ပြရင်း . . .


 “မပြောသေးဘူးလား”


“အေးအေးဆေးဆေးပေါ့ ၊ ညနေ လမ်းလျှောက်ရင်း ပြောလိုက်မယ်”


 “ဒါဆို လမ်းလျှောက်ရင် ငါ ကျန်ခဲ့မယ်” 


တင်ထွန်းမြင့်ကို သူခေါင်းညိတ်ပြလိုက်သည်။


ရေမိုးချိုးပြီးတော့ အစ်ကိုက လမ်းခဏလျှောက်ရအောင် ပြောသည်။ တင်ထွန်းမြင့်က သူ့ကို ပြောထားသည့်အတိုင်း မလိုက်တော့ဟု ပြောကာကျန်ခဲ့၏။


စက်ရုံနှင့် ကပ်လျက် ဆင်တူဆောက်ထားသည့် ဝန်ထမ်းအိမ်ကလေး တွေကို ဖြတ်ပြီး အစ်ကိုနှင့်သူ နှစ်ယောက်တည်း လမ်းလျှောက်လာခဲ့သည်။ လျှောက်ရင်း မန္တလေးလမ်းမဆီ ထွက်သော ကားလမ်းမဆီရောက်၏။ *ဓိဌာန် အပြင်မှာ အတော်လေးအေးသည်။ ဝေ့ပတ်သည့် လေပြည်သည် မျက်နှာကို ရေအေးဖြင့် ပက်လိုက်သကဲ့သို့ပင်။


“အစ်ကို မင်းကို တွေ့ချင်နေတာ အတော်ပဲ"ဟု အစ်ကိုက စကားစ၏။ 


“အရေးတကြီးကိစ္စမျိုးရယ်တော့လဲ မဟုတ်ပါဘူးကွာ”


အစ်ကိုနှင့် ယှဉ်လျှောက်ရင်း သူ.နားထောင်နေမိသည်။ အစ်ကို့စကားဆုံးမှပင် သူ့စကားကို ပြောတော့မည် တွေး၏။


“အစ်ကိုလည်း အိမ်ထောင်ပြုမယ် စဉ်းစားထားတယ် ဗညား" 


အစ်ကို့မျက်နှာကို အကြည့်ရောက်၏။ အစ်ကိုက ခပ်ပြုံးပြုံးနှင့်ပင်ဆက်ပြောသည်။


“ကေသီ လက်ထပ်သွားတာ မင်းသိလား”


“ကြားတယ် အစ်ကို ၊ သူ့ရည်စားဟောင်းနဲ့ပဲလား” 


“ဟုတ်တယ်”


စကားပြတ်သွားပြန်သည်။


“အချစ်ဆိုတာကို နားမလည်ခဲ့ဘဲနဲ့ ငါက အိမ်ထောင်ပြုခဲ့ရတာအိမ်ထောင်ကျတော့လဲ တစ်ယောက်ကို တစ်ယောက် နားလည်မှုမရှိခဲ့တော့ အိမ်ထောင်ရေး သုခဆိုတာကို နားလည်ခွင့် မရခဲ့ဘူးကွ”


“အခုရော အစ်ကို ချစ်လို့လား”


သူ့အမေးကြောင့် သူ့မျက်နှာကို အစ်ကို ကြည့်သည်။


“အခုတော့ ငါ အချစ်ကို စပြီး ခံစားတတ်လာတယ်ကွတစ်ခါမှငါက မိန်းကလေးတစ်ယောက်အပေါ်မှာ ဒီလိုစိတ်မျိုး လှုပ်လှုပ်ရှားရှား ခံစား ရအောင် မဖြစ်ခဲ့ဘူးတာဘဲ ၊ အခုတော့ ချစ်လို့ ခံစားရတယ် ယူဆရမှာပေါ့ ကွာ"


အစ်ကို့မှာ ချစ်သူရှိ၍ လက်ထပ်မည်ဟု အတွေးရောက်ပြန်သည်။ သည်တစ်ခါတော့ အစ်ကို့ အိမ်ထောင်ရေး အဆင်ပြေပါစေဟုဆုတောင်းနေမိသေးသည်။


“ငါနဲ့ အတူ အိမ်မှာနေတဲ့ ငါ့တပည့်လေး သိတယ်မဟုတ်လား” 


“သိတယ် အစ်ကို”


“သူ့အစ်မကွ ၊ သူနဲ့ ပတ်သက်ပြီး ငါက သူ့အိမ်နဲ့ ရင်းနှီးခွင့်ရတာ၊ သူ့အဖေဆုံးတော့ သူတို့က ချို့ချို့တဲ့တဲ့ ဦးဆောင်ဦးရွက်မရှိဘူး ၊ ငါပဲ အစစ အရာရာ လုပ်ကိုင်ပေး ၊ စက်ရုံထဲမှာလဲ အကူငွေကောက်ခံပေးနဲ့ သူ့အိမ်ကို ဝင်ရင်းထွက်ရင်း သူ့အမေနဲ့ ရင်းနှီးသွားတယ်၊ နောက်တော့ သူ့အမေက ငါ့ကို အရမ်းခင်မင်လေးစားလာတယ်၊ ငါကလဲ တတ်နိုင်သလောက် ကြည့်ရှုဂရုစိုက် တယ်ကွာ ၊ ကောင်မလေးက ငါနဲ့ ရောရောနှောနှော ရင်းရင်းနှီးနှီး မရှိပါဘူး” ““ဟာ... အစ်ကိုကလဲ အစ်ကို့ချစ်သူ မဟုတ်ဘူးလား”


“ငါက ချစ်တာပါ ၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှိတယ်၊ ဒါပေမယ့် သွက်သွက်လက်လက် ဖျက်ဖျက်လတ်လတ် လုပ်တတ်ကိုင်တတ် တယ် ၊ စကားနည်းတယ် ၊ အဲဒီ အမူအရာတွေကို ငါက စွဲလမ်းခဲ့တာ ၊ သူ့ကို တောင် ငါက ဖွင့်မပြောမိပါဘူး ၊ သူ့ အမေက တစ်ဆင့် ငါ လက်ထပ်ခွင့် တောင်းခဲ့တယ်"


နားထောင်နေရင်း စိတ်ထဲမှာ သံသယတွေ ဝင်လာသည်။ 


“သူ့အမေကတော့ ငါနဲ့ သဘောတူတာပေါ့ကွာ ၊ ဒါပေမယ့် ကောင်မလေးက စဥ်းစားဦးမယ် ပြောထားတယ်တဲ့ ၊ အားလုံးက ဝိုင်းပြီးနားချကြရင် ကောင်မလေးလဲ နောက်တော့ သဘောတူလာနိုင်ပါတယ် ပြောတယ်ကွာ”


“နေဦး အစ်ကို ကောင်မလေးက ကျောင်းနေလား”ဟု သူ မေးလိုက်၏။


“မနေဘူး ဗညား ၊ စာပေးစာယူ ပြောင်းတဲ့နှစ်မှာ ကျောင်းပိတ်တယ်”


ရင်ထဲမှာ ထိတ်သွားသည်။


“အစက ဘယ်ကျောင်းမှာ တက်လဲ အစ်ကို”


“မင်းတို့ ကျောင်းမှာလေ"


လျှောက်ဆဲ ခြေလှမ်းက တုံ့ခနဲ ဖြစ်သွားသည်။ မျက်ခုံးနှစ်ဖက်ကို တွန့်၍ မျက်မှောင်ကြုတ်ပစ်လိုက်မိပြန်၏။


“မင်းအကြောင်းတွေ ဘာတွေ မေးဖို့ သတိရသေးတယ်၊ ဒါပေမယ့်စကားရောဖောရော လုပ်တယ်ထင်မှာ စိုးလို့ ငါလဲ ဘာမှ စကားမစမိဘူး၊ ပြီးတော့ မေးလဲ တက္ကသိုလ်ဆိုတာက လူတွေအများကြီး သိချင်မှ သိကြမှာပဲ၊


အဓိကကတော့ သူနဲ့ငါ ရင်းရင်းနှီးနှီး မပြောဖြစ် မဆိုဖြစ်တာပါပဲကွာ ၊ ငါကလဲ သူတို့အိမ်ရောက်ရင် လူကြီးလိုနေပြီး သူ့အမေနဲ့ပဲ စကားပြောဖြစ်တယ်"


“နေဦး အစ်ကို ၊ မန္တလေးကလား”


“ဟုတ်တယ်”


“နာမည် ဘယ်လိုခေါ်လဲဟင်”


နောက်ဆုံး မျှော်လင့်ချက်အဖြစ် ရင်လှိုက်ခုန်စွာ အစ်ကို့မျက်နှာကို ကြည့်လျက် အစ်ကို့ အဖြေကို သူ စောင့်၏။


“တင်မေကျော်တဲ့”


“တင်မေကျော်”


နှုတ်မှ ယောင်ယမ်းထွက်သွားတော့သည်။


“မင်းနဲ့သိလား ဗညား


သေးဆုတ်ဖြူရောက်လျက် ပျက်သွားသည့် မျက်နှာအနေအထားကို အစ်ကို မသိလိုက်နိုင်အောင် ခေါင်းကို ငုံ့ပစ်လိုက်သည်။ဖြည်းလေးစွာ ခေါင်းကို ခါယမ်းရင်း . . .


“မသိဘူး အစ်ကို”


ဟု အသံမတုန်အောင် သတိထားဖြေလိုက်သည်။ လိပ်ပြာနုတ်ယူခံလိုက်ရပမာ ဖြစ်ရတော့၏။ သက်ပြင်းကိုသာ ခဏခဏချနေမိသည်။


ဖြစ်နိုင်ပါက အစ်ကို့ရှေ့မှာ သူ ပျောက်သွားပါလျှင် အဘယ်မျှကောင်းလေမလဲ တွေး၏။


“မင်းနဲ့ တွေ့ပြီး အစ်ကို အိမ်ထောင်ပြုဖို့ကိစ္စလေး ဘာလေးလဲ ဆွေးနွေးရင်း ရန်ကုန်ဆင်းချင်နေတာ ၊ ဟို တစ်ခေါက် မန္တလေးရောက်တုန်းက ဒီကိစ္စပြောသေးတယ်၊ သူ့အမေကတော့ စီစဉ်စရာရှိတာ စီစဉ်ပါတဲ့ ၊ သူ့သမီး ကို သူ တာဝန်ယူပါတယ် ပြောတယ်၊ အစ်ကိုက အချိန်နည်းနည်း ယူနေတာ” 


အစ်ကို့စကားကို မကြားတစ်ချက် ကြားတစ်ချက်။ စိတ်ကူးယဉ်ခဲ့သော အိမ်မက်တို့သည် လွင့်စဉ်ကြေပျက်ရလေပြီ။


“အစ်ကို သူ့ကို တကယ်ချစ်တာပေါ့"


မေးပြီး အစ်ကို့ မျက်နှာကို သူ မကြည့်ရဲ ၊ ခေါင်းကို ငုံ့ဆဲကာ လေးလံစွာ ဆက်လျှောက်နေမိသည်။


“ဟုတ်တယ် ဗညား ၊ အစ်ကို သူ့ကို တကယ်ချစ်တာ၊ အစ်ကို့ဘဝမှာဒီတစ်ယောက်ပဲ ချစ်ခဲ့ဖူးတာ”


သက်ပြင်းရှည်ချလိုက်တာ အစ်ကို သိမည်မဟုတ်။ 


ဘာလုပ်ရမည်မသိအောင် ခေါင်းထဲမှာ နောက်ကျိလာသည်။ ရင်ထဲမှာတော့ ဝေဒနာဖြင့် ကျွမ်းမြိုက်ကြေကွဲစွာ ခံစားနေရပြီပဲ။

•••••••

အစ်ကို ရိပ်မိမှာစိုး၍ ထမင်းကို အဖြစ်လောက် စားမိသည်။ ပြီးတော့သိပ်နေမကောင်းချင်ဘူး ၊ ခေါင်းကိုက်သည်ဟု အကြောင်းပြကာ အိပ်ရာထဲ ဝင်တော့ တင်ထွန်းမြင့်က မျက်နှာမသာသောသူ႔ကို အံဩစွာ ကြည့်နေသည်။ တင်ထွန်းမြင့် စိတ်ထဲမှာတော့ အစ်ကို့ကို ဖွင့်ပြောရင်း အစ်ကိုနှင့်သူ အဆင်မပြေဖြစ်သည်ဟု ထင်လေမည်လား မပြောတတ်။


ထိုညက တစ်ညလုံး အိပ်၍မပျော် ၊ သောကသည် ရှားမီးစနှယ် ရင်၌ အလျှံရဲရဲဖြင့် စွဲငြိချေပြီ ။ ဝေဒနာဖြင့် ကျွမ်းမြည့်သော ရင်သည် နာကျင် ပူလောင်လွန်းလှပြီ။ ရင်ခုန်စိတ်မောစွာ ဘာလုပ်ရမည်ဟု မသိနိုင်တော့။ နှောင်ကြိုးရစ်ချည်လည်း မတွေးရဲ။ သတိပျက်ပြယ် အရာရာသည် အိပ်မက် တစ်ခုပမာ ဖြစ်လိုက်ပါတော့လားဟု ချောက်ချားတုန်လှုပ်စွာ ဆုတောင်းနေမိသေးသည်။


အရှည်လျားဆုံးညဟု စိတ်က ထင်နေမိပြန်၏။


*** *** ***

၁၃ဆက်ပါမည်

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့

#တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.