ဘကြီးအောင်တော်တယ် (မစန္ဒာ)
ဘကြီးအောင်ကို လူမမြင်ဖူးမီကတည်းက ကျွန်တော်တို့မောင်နှမတစ်တွေသည် စိတ်ဝင်တစားရှိနှင့်ကြပါသည်။ တော်ရုံတန်ရုံလူကို ချီးကျူးလေ့မရှိသော အဖေက “ဘကြီးအောင်က တော်တယ်ကွ” ဟူ၍ မကြာခဏ ချီးကျူးတတ်သောကြောင့် ဖြစ်သည်။
မှတ်မှတ်ရရပင်ဖြစ်သည်။ လွန်ခဲ့သောသုံးနှစ်က ကွယ်လွန်သွားခဲ့သော အဘွားအတွက် နှစ်လည်ဆွမ်းကျွေးသောနေ့တွင် ဘကြီးအောင်ကို စတင်၍ မြင်ဖူးခဲ့သည်။
ထိုစဉ် ဘကြီးအောင်သည် ဝမ်းတွင်းသဲတော ချည်ချောပုဆိုးနှင့် ပင်နီတိုက်ပုံကို ဝတ်ဆင်ထားပါသည်။ တိုက်ပုံဆိုလျှင် တက်ထရက်နှင့် ပုဆိုးဆိုလျှင်လည်း ဝက်ဝံတံဆိပ်၊ အုန်းပင်တံဆိပ်၊ မလေးရှားပုဆိုးတွေသာ ပွဲပေါက်ခေတ်စားနေသော ဤခေတ်ကာလတွင် ထိုပင်နီတိုက်ပုံနှင့် ချည်ပုဆိုးတိုတိုသာ ဝတ်ထားသော မည်းမည်းဝဝလူကြီးကို ဖေဖေ၏ အထက်အရာရှိဟု မထင်ခဲ့ရိုးအမှန်ပင်ဖြစ်ပါသည်။ ဖေဖေက “သြော် အစ်ကိုကြီး ကြွပါခင်ဗျာ ကြွပါ။ အစ်မကြီးရော မပါဘူးလား” ဟု ဆီးကြိုမိတ်ဆက်ပြီး ခေါင်းရင်းဘက်ဝိုင်းသို့ ခေါ်သွားသည့်အခါမှ ဖေဖေပြောပြောနေသော ဦးခင်အောင် ဖြစ်နေမလားဟု စဉ်းစားမိပါတော့သည်။
“ကို ခဏခဏပြောတဲ့ အစ်ကိုကြီး ဦးခင်အောင်လေ”
ဖေဖေက မေမေ့ကိုခေါ်ပြီး မိတ်ဆက်ပေးသံကြားတော့ ကျွန်တော်လည်းစိတ်ဝင်တစား လှမ်းကြည့်မိသည်။ ဖေဖေက တော်တယ်လို့ ခဏခဏပြောတာ ဘာတွေများတော်လို့ပါလိမ့်ဟူသော အတွေးနှင့် ဖြစ်သည်။ ကျွန်တော် လူရည်ချွန် ဖြစ်ခဲ့စဉ်ကလည်းကောင်း၊ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးလေးခုနှင့် အောင်မြင်ခဲ့စဉ်ကလည်းကောင်း၊ ဖေဖေ၏ လှိုက်လှိုက်လှဲလှဲ ချီးကျူးသံကို မကြားခဲ့ရပါ။ “ငါ့သားက ဘယ်ဆိုးလို့လဲ” ဟူသော စကားနှင့် ကျေနပ်ခဲ့ရသည်။
“သားတို့သမီးတို့ လာကြပါဦး”
ခဏနေတော့ ဖေဖေ ကျွန်တော်တို့မောင်နှမသုံးဦးအား လှမ်းခေါ်ပါသည်။ ညီမလေးက မီးဖိုချောင်တွင် ပန်းကန်ဆေးနေချိန်။ ညီလေးက စားပွဲဝိုင်းအသစ်တွင် ဟင်းရည်လိုက်ပြီးထည့်နေချိန်မို့ ကျွန်တော်တစ်ဦးတည်း အလျင်ဆုံးရောက်သွားသည်။ ဖေဖေက ကျွန်တော်၏ ပုခုံးကိုဆီး၍ ဆုပ်ကိုင်ကာ “အဲ့ဒါ သားအကြီးဆုံးပါ အစ်ကိုကြီး” ဟု တိုတိုရှင်းရှင်းပင် မိတ်ဆက်ပေးသည်။ ကျွန်တော် စာတော်ကြောင်း၊ စက်မှုတက္ကသိုလ် တက်နေကြောင်း စသည်များကို ကျွန်တော်က ထည့်ပြောစေချင်သော်လည်း ဖေဖေက အမေးမရှိပဲ မည်သည့်အခါမှစ၍ ပြောလေ့ပြောထမရှိပါ။
“သြော် စက်မှုတက္ကသိုလ် တက်နေတာမဟုတ်လား။ ငယ်ငယ်ကလေးပဲ ရှိသေးတာပဲ”
ဖေဖေက မပြောသော်လည်း သူကသိထားနှင့်ပုံရပါတယ်။ ပါးစပ်ထဲ ထည့်တော့မည့် ဟန်ပြင်သော မုန့်ဟင်းခါးဇွန်းကို အောက်ပြန်ချပြီး ကျွန်တော့ကိုပြုံး၍ ကြည့်ပါသည်။
“စက်မှုတက္ကသိုလ်မှာ ဘာအဓိကယူလဲကွဲ့”
“လျှပ်စစ်ဆက်သွယ်ရေးပါ အန်ကယ်”
“ကောင်းတယ်ဟေ့ တို့တိုင်းပြည်အတွက် အင်မတန်လိုအပ်နေတဲ့ ပညာရပ်ပေါ့ မဟုတ်ဘူးလား”
“ဟုတ်ကဲ့ အန်ကယ်”
“ကြိုးစားကွာ ကြိုးစား ကိုယ့်အတွက်သာမကဘူး၊ တိုင်းပြည်အတွက်ပါ ကြိုးစား”
“ဟုတ်ကဲ့ အန်ကယ်”
ဘကြီးအောင်က မုန့်ဟင်းခါးတစ်ဇွန်းစားပါသည်။ ထို့နောက် ကျွန်တော့ကိုလှမ်းကြည့်ပြီး “ဘကြီး တစ်ခုပြောမယ်ကွာ စိတ်မရှိနဲ့” ဟု ခပ်တိုးတိုးလေးပြောပါသည်။ ကျွန်တော်က “ဟုတ်ကဲ့ အန်ကယ်" ဟု ပြောလိုက်တော့ မျက်မှောင်ကြီးကြုတ်သွားပါတယ်”
“ရင်းရင်းနှီးနှီးပဲ ပြောမယ်နော်။ မြန်မာအချင်းချင်းပဲ မဟုတ်လား ကိုရင်ရာ။ အန်ကယ်တွေဘာတွေ မလိုပါဘူး။ ဦးကြီးခေါ်ခေါ် ဘကြီးခေါ်ခေါ် ကိုရင်လေးကြိုက်သလိုခေါ်နိုင်သားပဲ”
ဘကြီးအောင်၏စကားကိုကြားတော့ ဖေဖေနှင့်အတူ အနီးမှ လူများက ရယ်ကြပါတယ်။ ကျွန်တော်လည်း အနည်းငယ်တော့ ရှက်မိသွားပါသည်။ သို့သော် ရှက်စိတ်နှင့်အတူ ကျေနပ်ကြည်နူးစိတ်က ယှဉ်ပြီးပါလာပါသည်။
ကျွန်တော်သည် နှစ်ဆယ်ရာစုနှစ်နှောင်းပိုင်း ရေစီးကြောင်းထဲတွင် မျောပါလာသော မြန်မာလေးတစ်ဦး ဖြစ်ပါသည်။ မြန်မာလေးများ၏ နှုတ်ဖျားတွင် ဦးကြီး၊ ဦးလေး၊ ဘကြီး၊ ဘထွေး၊ ကြီးကြီး၊ ဒေါ်ဒေါ် အခေါ်အဝေါ်များ တစ်စထက်တစ်စ ပျောက်ကွယ်လာနေသည်ကို သိပါသည်။ မြန်မာကလေးများက အန်ကယ်၊ အန်တီ ခေါ်ရသည်ကို လျှာကြောဆိမ့်သလို မြန်မာကြီးများကလည်း အန်ကယ်၊ အန်တီ ခေါ်သံကိုသာ နားဝင်ချိုနေကြပါသည်။ တစ်ခါတစ်ရံ အမေအရွယ်ကို အမေ၊ အဖေအရွယ်ကို အဘ၊ ဦးကြီး ဦးလေး စသည်ဖြင့် ခေါ်ချင်စိတ်ပေါက်ဖူးသော်လည်း ကိုယ့်လျှာကို ကိုယ်ထိန်းရပါသည်။ ကျွန်တော် ကြားဖူးသိဖူးသော အကြောင်းတစ်ခုကြောင့် ဖြစ်ပါသည်။
တစ်ခါက ကျွန်တော့ သူငယ်ချင်း၏ အစ်ကိုတစ်ဦးသည် နိုင်ငံခြားသံရုံးသို့ ဝန်ထမ်းတစ်ဦးအဖြစ် သွားရောက်အမှုထမ်းခဲ့ရပါသည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးတွင် မြန်မာဟူ၍ လက်တစ်ဆုပ်စာသာ စုစုလေးရှိချိန်၊ သူကိုယ်တိုင်ကလည်း မွေးမိခင်နှင့် ဝေးနေချိန်မို့ ထိုသံရုံးက သံအရာရှိတစ်ဦး၏ ယောက္ခမဖြစ်သူကို သူက အမေအရွယ်မို့ “အမေ” ဟု တရင်းတနှီး ခေါ်မိလေသည်။ ထိုသို့ခေါ်သည်ကို ယောက္ခမဖြစ်သူကလည်းကောင်း၊ သမီးနှင့် သမက်ကလည်းကောင်း စိတ်ဆိုးကြသည်ဟု ကြားပါသည်။ ယောက္ခမက မာမီဟူသော စကားသံကိုသာ ကြားနေကြမို့ “အမေ” ဟူသော စကားသည် တောစော်နံသည်ဟု ယူဆဟန်ရှိလေသည်။ သံအရာရှိကြီးကလည်း “လူတိုင်းက အန်တီခေါ်နေတာ မင်းကအမေဆိုတော့ မင်းအဖေနဲ့ ပေးစားနေတာ၊ ဆဲနေတာနဲ့အတူတူပဲဆိုတာ မင်းမစဉ်းစားမိဘူးလား” ဟု ကြိမ်းမောင်းခဲ့လေသည်။ သူငယ်ချင်းက ကျွန်တော့ကို သူ့အစ်ကို၏ စာအားပြရင်း “အမေဝေါဟာရဟာ ဆဲတာနဲ့ အတူတူပဲဆိုတာ သူတို့ပြောမှ သိရတော့တယ်ကွာ” ဟု ယူကြုံးမရ ပြောခဲ့ဖူးပါသည်။ ကဲ ထိုလို မြန်မာကြီးများ ရှိနေတော့လည်း ဒီလိုမြန်မာလေးများက ဘေးကင်းရန်ကင်း အန်ကယ်၊ အန်တီ လုပ်နေရခြင်းကို မည်သူ့အား အပြစ်တင်သင့်ပါသနည်း။
“ဘကြီးနာမည်က ဦးခင်အောင်ဆိုတော့ မင်းတို့မှတ်ရသားရလွယ်အောင် ဘကြီးအောင်ပေါ့ကွာ ဟုတ်လား ဟားဟား”
ဘကြီးအောင်က ရယ်ပါသည်။ ထိုလိုမြန်မာကြီးများရှိသလို ဒီလိုမြန်မာကြီးများရှိနေသေးသည် အတွေးနှင့် ကျွန်တော် ဝမ်းသာမိပါသည်။
“ဒါပေမယ့် ဘကြီးအောင်က ဟိုဘကြီးအောင်လိုတော့ ပညာမတတ်ဘူးနော်။ ဟေး ဟေး ကဲ မောင်ရင်လေး ဟင်းရည်ထည့်ပါဦး ဘဲဥဖတ်မပါချင်နေ ကြက်သွန်ဥနဲ့ ငှက်ပျောအူများများထည့်ဗျ”
ဘကြီးအောင်က မုန့်ဟင်းခါး ဆက်စားပါသည်။ ဖေဖေက ကျွန်တော့ကို လှမ်းကြည့်သည်။ ဖေဖေ့၏မျက်လုံးများက “ငါမပြောလား ဒီအဘိုးကြီးတော်တယ်ဆိုတာ” ဟု ပြောနေဟန်ရှိပါသည်။
“ကိုလှမင်းရဲ့ သားကတော့ တော်တယ်ဗျို့”
ကျွန်တော်ဘွဲ့ရသောအခါ ဘကြီးအောင်က ချီးကျူးပါသည်။
“မတော်လို့လည်း မဖြစ်ဘူး အစ်ကိုကြီးရယ်၊ ကျွန်တော်ကလည်း သိပ်ကျန်းမာတာ မဟုတ်ဘူး၊ စောစောစီးစီးပင်စင်ယူနေရမှာ၊ သူ့အောက်မှာလည်း အငယ်နှစ်ယောက်တောင် ရှိသေးတာ”
ဖေဖေကတော့ ကျွန်တော်အောင်မြင်သည့်အတွက်ရော ဂုဏ်ထူးသုံးခုရခဲ့သည့်အတွက်ရော ချီးကျူးစကားကို ထူးထူးခြားခြားမဆိုပါ။ စာမေးပွဲအောင်မြင်ခြင်း ဂုဏ်ထူးများရယူခြင်းသည် ကျွန်တော်ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားတစ်ရပ်ဟု သတ်မှတ်ထားလေသည်လားတော့ မသိပါ။
“တိုင်းပြည်တည်ဆောက်ရာမှာ ကျရာနေရာကနေပြီး အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ပေတော့ ကိုရင်လေးရေ့”
ဘကြီးအောင်ပြောတော့ ကျွန်တော်နည်းနည်းတွန့်သွားပါသည်။ ဖေဖေ့ကို အကူအညီတောင်းဟန်နှင့် လှမ်းကြည့်မိသော်လည်း ဖေဖေက မမြင်ချင်ဟန်ဆောင်နေပါသည်။
ကျွန်တော်တို့တွင် ကိုယ့်တိုင်းပြည်တည်ဆောက်ဖို့ထက် ကိုယ့်အိမ်ကလေးတည်ဆောက်ဖို့ ပိုပြီး အရေးကြီးနေကြောင်း ဖေဖေသိပါသည်။ ပြောရလျှင်လည်း ယုံကြလိမ့်မည်တော့မထင်ပါ။ ဖေဖေသည် လခတစ်ထောင်ကျော်ရသော ဝန်ထမ်းတစ်ဦးဖြစ်သော်လည်း ကျွန်တော်တို့မိသားစုသည် တစ်လနှင့်တစ်လ အလျဉ်မီအောင် အတော်လေးကြိုးစားရသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့ မောင်နှမသုံးဦးအတွက် ကျောင်းစရိတ်တောင်းသောကာလတွင် မေမေ့ကိုယ်ပေါ်မှ ပြောင်ပြောင်လက်လက်လေးများ ပျောက်၍ ပျောက်၍ သွားတတ်သည်။ ယခု ကျွန်တော် ဘွဲ့ရတော့ မေမေ့လည်ပင်းတွင် ရွှေဆွဲကြိုးလေးတစ်ကုံးသာ အနိုင်နိုင် ကျန်ခဲ့ရှာပါသည်။
လွန်ခဲ့သောနှစ်ကတော့ ဖေဖေလေဖြတ်ပါသည်။ မြန်မာအနှိပ်၊ တရုတ်အပ်စိုက်၊ အင်္ဂလိပ်ဆေး၊ ကချင်လိမ်းဆေး စုံလေအောင် ကုလေတော့ ဘာနှင့်ပျောက်မှန်းတော့မသိ။ ပျောက်တော့ပျောက်သွားသည်။ လမ်းမလျှောက်နိုင် စကားမပြောနိုင် ဖြစ်နေရာမှ ထထသွားသွား ပြောပြောဆိုဆို ပြန်ဖြစ်လာ၍ ဝမ်းသာရပါသည်။ သို့သော် ယခင်တုန်းကလောက်တော့ သွက်သွက်လက်လက်မရှိတော့ပါ။ ယခင်တုန်းကလောက်လည်း အပင်ပန်းမခံနိုင်တော့ပါ။ “သားသမီးတွေ အကုန်လက်လွတ်ပြီဆိုရင်တော့ ပင်စင် ယူလိုက်ချင်ပြီကွယ်” ဟု ဖေဖေက ပင်ပန်းနွမ်းလျစွာ ပြောလျှင် မေမေ မျက်ရည်ဝဲတတ်ပါသည်။ “အဖေကြီး၊ ပင်စင်ယူတာ အကြောင်းမဟုတ်ဘူး၊ စားစရာမရှိမှာကိုလည်း အမေမပူပါဘူး၊ ဒါပေမယ့် အခုနေတဲ့ အခန်းလေးက ဝန်ထမ်းမို့ရထားတာ မဟုတ်လားကွယ်။ ပင်စင်ယူရင်ဖယ်ပေးရမှာ။ အမေတို့က ဘယ်မှာ သွားနေကြမတုံး။ သာကေတမှာ ဝယ်ထားတာကည်း မြေကွက်ကလေးပဲ၊ အိမ်မပါဘူး။ စပေါ်ပေးစရာငွေလည်း မရှိဘူး။ နေရေးကခက်တယ်ကွယ်” ဟု ဖေဖေ့ကွယ်ရာတွင် ပြောပြီး ပင့်သက်ရှိုက်တတ်သည်။
အမေက မျက်ရည်ကျတော့ ညီလေးနှင့် ညီမလေးက ကျွန်တော့ကို အားကိုးတကြီး ကြည့်ကြပါသည်။ ညီလေးက ဘူမိဗေဒ နောက်ဆုံးနှစ်၊ ညီမလေးက ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်။ သူတို့နှစ်ဦးစလုံး ဘွဲ့ရလျှင် အလုပ်ရှားလိမ့်မည်မဟုတ်ဟု ထင်ပါသည်။ သူတို့ရလာသောလစာငွေသည် အဖေ့အတွက်ဓာတ်စာဖိုး၊ အမေ့အတွက်ဟင်းဖိုးကို ဖြည့်ဆည်းပေးနိုင်ကောင်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ သို့သော် အိမ်ဆောက်ရန်ကိုသော်လည်းကောင်း၊ စပေါ်ပေးနိုင်ရန်ကိုလည်းကောင်း ပြည့်စုံလာနိုင်စေမည်တော့ မဟုတ်ပါ။ ကျွန်တော်ကရော၊ ကျွန်တော်ကလည်း ဘာမှမထူးပါ။ ချက်ချင်းအလုပ်မရဘဲ အလုပ်သင်အဖြစ် ဝင်ရလျှင် တစ်လလေးရာ၊ ဝန်ထမ်းရေးရာမှ ရွေးချယ်ပြီး အမြဲတမ်းဖြစ်လျှင် လေးရာ့ငါးဆယ် စကေး၊ ဘားဆုံးလျှင် ခုနှစ်ရာ၊ ရှားပါးစရိတ်နှင့် ဘာနှင့်ပေါင်းလျှင် ရှစ်ရာကျော်၊ အိမ်ဆောက်ဖို့တော့ ဝေးပါသေးသည်။
ထို့ကြောင့်လည်း ကျွန်တော်က နိုင်ငံရပ်ခြားတွင် သွားရောက်ပြီး အလုပ်လုပ်ရန်စဉ်းစားခဲ့ရခြင်း ဖြစ်ပါသည်။
သူတစ်ပါးနိုင်ငံတွင် သုံးနှစ်လောက် သွားအလုပ်လုပ်ပြီး ငွေကလေး သုံးသိန်းလောက် ပိုက်ပြီးပြန်လာပါက မိသားစုနေရေးထိုင်ရေးလေးတော့ အဆင်ပြေသွားလိမ့်မည်ဟု ထင်ပါသည်။ “အဖေရယ် အလုပ်လုပ်မနေပါနဲ့တော့၊ ပင်ပန်းပါတယ်၊ ပင်စင်ယူလိုက်ပါတော့” ဟူသော စကားကို ထိုအချိန်ကျမှပင် ရဲရဲဝံ့ဝံ့ ပြောနိုင်တော့မည်ဖြစ်ပါသည်။
“ဒီတိုင်းပြည်က ဖုတ်ပေးလို့ ကျက်သွားတဲ့ အုတ်ကလေးတစ်ချပ်ဟာ သူများတိုင်းပြည်တည်ဆောက်ရာမှာတော့ သွားမသုံးသင့်ဘူးထင်တယ်၊ ဟုတ်ဘူးလား ကိုလှမင်း”
“ဟုတ် ဟုတ်ကဲ့”
ဖေဖေက “ဟုတ်ကဲ့” လုပ်နေတော့ ကျွန်တော် ဘာပြောရမည်နည်း။ ကျွန်တော် ပြည်ပထွက်ခွင့်အတွက် လျှောက်လွှာတင်လျှင် ကျွန်တော့်ဘက်မှ အာမခံအနေနှင့် ပြန်တမ်းဝင်အရာရှိနှစ်ဦး လက်မှတ်ထိုးပေးရမည် ဖြစ်သည်။ ယခင်က ဘကြီးအောင်ကို လက်မှတ်ထိုးပေးရန် ပြောမည်ဟု စဉ်းစားထားမိသော်လည်း ယခုတော့ ဖြစ်တော့မည်မထင်။
“တော်ကြာ အလုပ်ထဲရောက်ပြန်တော့ အခေါင်အဖျား ပြောင်းရွှေ့နေရမှာ စိုးရိမ်မိသား အစ်ကိုကြီးရဲ့၊ သူ့အမေက သားနဲ့ခွဲနိုင်တာ မဟုတ်ဘူး”
“အောင်မလေးဗျာ၊ ခင်ဗျာတို့က မခွဲလည်း တော်ကြာ သူမိန်းမရလျှင် သူကခွဲသွားမှာ၊ မဟုတ်ဘူးလားကွ”
ဘကြီးအောင်က ကျွန်တော့ကိုလှမ်းမေးသည်။ ထို့နောက် တဟားဟား ရယ်မောနေပြီး
“ကျွန်တော့်သားအလတ်ကောင်က ဆရာဝန်လေ။ ပို့စတင်ရတာ ဘယ်ရတယ်အောက်မေ့လဲ ကယားပြည်နယ်ဗျ၊ ကျွန်တော် ဘယ်မှလိုက်မပြောဘူး။ ရောက်ရာနေရာသွားရမှာပဲ၊ ကျရာတာဝန်ထမ်းရမှာပဲ၊ ယောက်ျားလေးပဲဗျာ၊ ဒေါင်ကျကျ၊ ပြားကျကျပေါ့ ဟုတ်ဘူးလား”
ကျွန်တော်နည်းနည်းရှက်သွားပါသည်။ ဘကြီးအောင်၏ သားက ကယားပြည်နယ်တွင် သွားရောက်တာဝန်ထမ်းဆောင်နေချိန်ဝယ် ကျွန်တော်က နိုင်ငံခြားသွားအလုပ်လုပ်ရန် ကြံစည်မိသည့်အတွက် ဖြစ်သည်။ သူက အများအကျိုးအတွက်သွားခြင်း ဖြစ်ပါသည်။ ကျွန်တော်ကတော့ ကိုယ်ကျိုးအတွက် သွားရန်ကြံရွယ်ခြင်း ဖြစ်ပါသည်။
“ခင်ဗျားတို့တစ်တွေ ပြေးဖို့ပဲ ကြံစည်နေရင် တိုင်းပြည်မှာ ဦးနှောက်ခန်းလိမ့်မယ် ကိုရင်လေးရဲ့”
ဘကြီးအောင်က ကျွန်တော့်ရဲ့ အကြံအစည်ကို လှမ်းပြီးမြင်ဟန် တူပါသည်။
“ဘကြီးအောင်ရဲ့သား အကြီးတစ်ကောင်လည်း ရှိသေးတယ်။ ဒီလိုပဲ ပြောလို့မရဘူး။ နိုင်ငံခြားအတင်းထွက်တယ်။ ဟိုမှာသွား အလုပ်လုပ်တယ်။ ဟိုမှာပဲပျော်နေတယ်။ ပြန်လာဖို့ မစဉ်းစားဘူး”
ဘကြီးအောင်က သက်ပြင်းရှိုက်သည်။ ကျွန်တော့်ကို စေ့စေ့ကြည့်သည်။
"ဒီတိုင်းပြည်မှာ ကျွန်တော်တစ်ယောက် အလုပ်မလုပ်လို့ ထူးခြားပြီး ဆုတ်ယုတ်သွားစရာမမြင်ပါဘူး ဘကြီးအောင်ရယ်"
"ပင်လယ်ရေဆိုတာ မင်တစ်စက်နဲ့မပြာပေမယ့် မင်စက်တွေများလာရင် ပြာလာနိုင်တယ်။ ကောင်းကင်တစ်ပြင်လုံးကို ကြယ်တစ်လုံးတည်းနဲ့ မလင်းနိုင်ပေမယ့်လည်းကြယ်တွေများလာတော့ လင်းလာတာပဲ ငါ့တူရဲ့၊ အုတ်တစ်ချပ်လျော့တာ အကြောင်းမဟုတ်ဘူးဆိုပေမယ့် အုတ်ချပ်တွေ အများကြီးလျော့နေတာကို လျစ်လျူရှုလို့ ဖြစ်မလား။ မင်းကရော အုတ်ကောင်းလေးတစ်ချပ်၊ သဲကောင်းလေးတစ်ပွင့် မဖြစ်ချင်ဘူးလားဟင်၊ မင်း မဖြစ်ချင်ဘူးလား"
ဘကြီးအောင်က လှိုက်လှိုက်လှဲလှဲပြောသည်။ ကျွန်တော်ဖေဖေ့ကို လှမ်းကြည့်မိပါသည်။ အဖေက ကျွန်တော့်ကိုယ်စား အဖြေပေးသည်။
"ဖြစ်ရမှာပေါ့ အစ်ကိုကြီးရယ် ကျွန်တော့သားဟာ အုတ်ကောင်းတစ်ချပ် သဲတစ်ပွင့် ဖြစ်ရမှာပေါ့။
ဘကြီးအောင်တို့အိမ်သို့ ယခင်က ကျွန်တော် တစ်ခါမျှမရောက်ဘူးပါ။ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပါသည်။ တံခါးလာဖွင့်ပေးသော အိမ်ဖော်မလေးက "ဘဘကြီး စာဖတ်ခန်းထဲမှာ တယ်လီဖုန်းပြောနေလို့ စောင့်ပါဦး" ဟု ပြောကာ မီးဖိုထဲ ပြန်ဝင်သွားသည်။ ထို့ကြောင့် ကျွန်တော်တစ်ဦးတည်းပင် ဧည့်ခန်းထဲတွင် ကျန်ခဲ့ပါသည်။
ဘကြီးအောင်က မြန်မာရက်ချည်လုံချည်နှင့် ပင်နီအင်္ကျီကို ဝတ်ဆင်သော်လည်း သူ့ဧည့်ခန်းတွင်တော့ မြန်မာဖြစ်ပစ္စည်းကို ရှာမတွေ့ပါ။ အမေရိကားမှ လစ်ဘာတီရုပ်တု၊ ပြင်သစ်မှ အီဖဲလ်မျှော်စင်၊ အင်္ဂလန်မှ လန်ဒန်မြစ်ကူးတံတား၊ ဒိန်းမတ်မှ ရေသူမလေး၊ ဂျပန်မှ ချယ်ရီသားနန်းတော် စသည်ဖြင့် နိုင်ငံပေါင်းစုံမှ ပစ္စည်းလေးများနှင့် အလှဆင်ထားပါသည်။
ကျွန်တော်လည်း နေရာတွင် ထိုင်မနေတော့ဘဲ အလှဆင်ထားသော ပန်းချီကားများ၊ ရုပ်ထုများ၊ အရုပ်များကို ဟိုဟိုဒီဒီ ထပြီး ကြည့်နေမိသည်။ ကြည့်နေရင်းက ဘကြီးအောင် ထွက်လာလျှင် ''မနေ့တုန်းက ကျွန်တော် ပထမဆုံးလစာထုတ်တယ် ဘကြီးအောင်။ ကျွန်တော့်မိဘကို ကန်တော့ခဲ့ပြီး ဒီနေ့ ဘကြီးအောင်ဆီကို ကျွန်တော် ကန်တော့ဖို့ လာခဲ့တာပါ။ ဘကြီးအောင် ဆုံးမလို့ ကျွန်တော်က ကိုယ့်တိုင်းပြည်မှာနေဖို့၊ ကိုယ့်တိုင်းပြည်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ မဟုတ်လား'' ဟု ပြောမည်ဟု စဉ်းစားနေမိပါသည်။ ဝမ်းသာရွှင်ပြုံးသွားမည့် ဘကြီးအောင်၏ မျက်နှာကိုလည်း တွေးထင်မြင်ယောင်ပြီး
ကျေနပ်နေမိ၏။
"လှလိုက်တာ"
ဧည့်ခန်း၏ ထောင့်ဘက်တွင် မျက်နှာကြက်ပေါ်မှ မီးဆိုင်းကြီးတစ်ခု ဝေဖြာသွယ်ကာ ကျနေပါသည်။ ထိုသို့သော ပိုးသားပွင့်ဖတ်နှင့် ပန်းနုနုလှလှကလေးများကို ညီမလေး အမြတ်တနိုးရှိလွန်းသောကြောင့် ကျွန်တော်မြင်ဖူးနေပါသည်။ မြင်ဖူးနေသောကြောင့်သာ အဲ့ဒါ ပန်းအစစ်မဟုတ်ဘူးထင်တယ်ဟု တွေးသော်လည်း ပန်းအစစ်နှင့် ခွဲမရအောင် တူလွန်းလှပါသည်။
"အနားကပ်ကြည့်ရင်တော့ အတုအစစ် သိသာချင်ရင်သိသာမှာပါ"
ကျွန်တော်က ပန်းဆိုင်းဆီသို့ လျှောက်ခဲ့ပြီး လှည့်ပတ်ကြည့်နေမိပါသည်။
"စင်ကာပူကလား၊ ယိုးဒယားကလား၊ ဘယ်ကပို့သလဲတော့ မသိဘူး။ ဗိုလ်ချုပ်ဈေးထဲ ချရောင်းလိုက်ရင်တော့ အလုအယက်နေမှာပဲ" ဟု စဉ်းစားနေမိစဉ် ဘကြီးအောင်၏ အသံကို ကြားရပါသည်။
"ခက်တယ်အစ်ကိုကြီးရယ် ခက်တယ်၊ လူငယ်တွေက အင်မတန်ကို ခက်တာ သူတို့က သူဌေးဖြစ်ချင်ကြတာကိုးခင်ဗျ။ အခုလို တစ်နှစ်တစ်စင်းသွင်းနိုင်တယ်ဆိုတော့ အိမ်က အငယ်ကောင်က ထွက်ချင်လိုက်တာ တကဲကဲ ဖြစ်နေတော့တာပေါ့ အစ်ကိုကြီးရယ်"
သူတစ်ပါးပြောသောစကားများကို ချောင်းနားထောင်သလို ဖြစ်သွားကြောင်း၊ ဆက်၍ နားမထောင်သင့်ကြောင်း၊ လူ့ဝတ္တရားများကို ကျွန်တော်သိပါသည်။ ထို့ကြောင့် ဒီနေရာမှ ကျွန်တော် ဖယ်ခွာသွားမည်ဟု ခြေလှမ်းပြင်စဉ်မှာပင် နောက်ထပ်စကားများက နားထဲသို့ ဆက်တိုက် ဝင်လာပါသည်။
"ဟုတ်ကဲ့ အကြီးဆုံးက စင်ကာပူမှာပါ အငယ်ကောင်က အဲဒီအကြီးကောင် အားကိုးနဲ့ပေါ့၊ သွားကြပေါ့ဗျာ၊ ချမ်းသာချင်ကြတာကိုး" ဆက်၍ ကြားရသော စကားများကြောင့် ကျွန်တော်နေရာမှ မရွှေ့ဖြစ်ဘဲ ငိုင်ငိုင်ကြီး ရပ်နေမိပါတော့သည်။"
အငယ်ကောင်ကတော့ သင်္ဘောလိုင်းဝင်ရမှာပဲ။ အလတ်ကောင်ကတော့ ပြည်နယ်ပြောင်းရလို့ စိတ်ဓာတ်ကျနေတယ်။ ဟာ ပြောပြီလားဗျာ ဘယ်နေလိမ့်မလဲ၊ သားသမီးအရေးဟာကိုး ပြောနိုင်တုန်း ဆိုနိုင်တုန်း လုပ်ကိုင်နိုင်တုန်း ပြောဆိုလုပ်ကိုင်ပေးရတာပေါ့။ ခြောက်လ တစ်နှစ်လောက်တော့ ပြည့်အောင်လုပ်ပါပြောတယ်။ ပြီးရင် ရန်ကုန်ဆေးရုံကြီးကို ပြောင်းပေးပါ့မယ် ပြောတာပါပဲ။ ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့၊ လုပ်ရမှာပေါ့ဗျာ။"
ကျွန်တော်သည် ဆုံးသွားပြီဖြစ်သော ဘွားဘွားကို မဆီမဆိုင် သတိရပါသည်။ ဘွားဘွားက မျက်စိမှုန်သည်။ မေမေက သံပရာသီးကို အလုံးလိုက်နေလှမ်းပြီး ငံပြာရည်လောင်းကာ နှပ်ထားတတ်သည်။ တဖြည်းဖြည်း အလုံးမပျက် နူးအိလာသည်မှာ အလွန်စား၍ ကောင်းပါသည်။ ကြောင်အိမ်ပေါ်တွင်တင်ထားသော ထိုပုလင်းကို ဘွားဘွားက မျက်စိမှုန်မှုန်နှင့်ကြည့်ပြီး မလိုင်လုံးတွေထည့်ထားသည်ဟု ထင်နေရှာပါသည်။ တစ်နေ့တော့ ထမင်းစားအပြီး "ဟဲ့ ဟိုအပေါ်ကမလိုင်လုံးတွေ ငါ့လည်း မပေးကြပါလား"ဟု ပြောသည်။ "ဟာ အဘွားကလည်း သံပုရာသီးသနပ်ပါ၊ ဒီမှာ ကြည့်ပါဦး" ဟု ညီမလေးက ယူပြသည်ကိုပင် လက်ညှိုးနှင့်တို့ပြီး လျက်ကြည့်လိုက်သေးသည်။ သူထင်သလို မလိုင်လုံးမဟုတ်ဘဲ သံပရာသီးဖြစ်နေတော့ ဘာဆက်လုပ်ရမည် မသိတော့ဘဲ စိတ်အိုက်စိတ်ညစ်သွားသော အဘွား၏ အမူအရာကို ကျွန်တော် သတိရနေပါသည်။ အခု ကျွန်တော့် မျက်နှာသည်လည်း ထိုစဉ်က အဘွား၏ မျက်နှာနှင့် တူနေလိမ့်မည် ဖြစ်ပါသည်။"
"ဒီအကောင်လည်း ရန်ကုန်ရောက်ရင် ဘွဲ့လွန်ဖြေမယ်လေ။ သူကတော့ ဘွဲ့လွန်ရရင်ရ မရရင်လည်း သူ့အစ်ကိုဆီ သွားမှာပဲတဲ့။ ဟုတ်ကဲ့ ခင်ဗျာ ဟုတ်ကဲ့၊ လူငယ်တွေဟာကိုး။ တယ်ပြီးချမ်းသာချင်ကြတာကိုး။ ဟိုး ဟိုး ပင်စင်ယူအဖိုးကြီးဖြစ်တော့ အနားမှာ ဘယ်သူမှ မရှိတော့ဘူး။ တတ်နိုင်ဘူးလေ၊ ဒီတော့လည်း သူတို့နောက်လိုက်ရတော့မှာပေါ့။ ဟားဟား အစ်ကိုကြီးရော သားက ကားပို့လိုက်ပြီ မဟုတ်လား။ နောင်တစ်နှစ်တော့ နောက်တစ်စင်းပေါ့ဗျာ ဟား ဟား။"
"ကောင်းဗျာ တယ်ကောင်း"
ကျွန်တော်သည် ဧည့်ခန်းအလယ်မှ စားပွဲဝိုင်းပုပုလေးဆီသို့ ခပ်သွက်သွက် ပြန်လျှောက်ခဲ့ပါသည်။ ကျွန်တော့ကို စေ့စေ့ကြည့်ပြီး "အုတ်တစ်ချပ်လျော့တာ အကြောင်းမဟုတ်ပေမယ့် အုတ်ချပ်တွေ အများကြီးလျော့မှာ လျစ်လျူရှုလို့ ဖြစ်မလား။ မင်းကရော အုတ်ကောင်းတစ်ချပ် သဲကောင်းတစ်ပွင့် မဖြစ်ချင်ဘူးလား" ဟု ပြောသောစကားကို ပြန်ပြီးကြားယောင်မိသည်။
စားပွဲပေါ်မှ ကျွန်တော်၏ ချွေးနှဲစာနှင့် အမြတ်တနိုးဝယ်ယူလာခဲ့သော ကိတ်မုန့်ဘူးလေးက ကျွန်တော့ကို မျင်နှာငယ်လေးနှင့် မော့ကြည့်နေသည်။ ကိုယ့်ကိုယ်ကို ဘာလုပ်မိမှန်းမသိခင်မှာပဲ ကျွန်တော်သည် မုန့်ဘူးလေးကို ဆတ်ခနဲကောင်ယူလိုက်သည်။ အိမ်ထဲမှ မည်သူမျှ ထွက်မလာခင် အပေါက်ဝဆီသို့ ခပ်မြန်မြန်ပြန်လှည့်ထွက်ခဲ့သည်။ ဖိနပ်ချွတ်တွင် လှောင်အိမ်လှလှလေးနှင့် ချိတ်ဆွဲထားသော ကြက်တူရွေးနှစ်ကောင်က ကျီကျီ ကျာကျာ အော်ကာ ကျန်ရစ်ခဲ့ပါသည်။ သူတို့ကတော့ ဘာပြောကြသည်မိ၊ ကျွန်တော့် နားထဲတွင်တော့ ဘကြီးအောင်တော်တယ်၊ ဘကြီးအောင် တော်တယ်" ဟု ကြားနေပါသည်။
⬛H⬛
#မစန္ဒာ
(ပန်၊ ၁၉၈၄ ဖေဖော်ဝါရီ)
မစန္ဒာ ဝတ္ထုတိုများ ၈ မှ ကူးယူဖော်ပြပါသည်။
Crd -
#ဘကြီးအောင်တော်တယ် #စာပေရိပ်မြုံ #Book_House
Leave a Comment