တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၉) (မောင်စိန်ဝင်း-ပုတီးကုန်း) - တမာသားလေးမှတ်စု

တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၉) (မောင်စိန်ဝင်း-ပုတီးကုန်း)

      { ၉ }

  ( ၁၃ )“ဗညားထည့်လိုက်တဲ့ စာရတယ် အစ်ကို စာပြန်မရေးတာက စာရေးပြောရုံနဲ့ မရဘူး၊ တေ့တေ့ဆိုင်ဆိုင်ပြောမှ ဆိုမှ ဖြစ်ကြမှာ” 

တစ်ရက် အစ်ကို ရောက်လာသည်။ သူ့ကို အပြင်ခေါ်သွားပြီးလက်ဖက်ရည်ဆိုင်မှာ ပြောဖြစ်၏။

“အစ်ကို ဘယ်လိုစဉ်းစားထားလို့လဲ"


ဟု သူ ပြန်မေးလိုက်သည်။


“အဲဒါ မင်းကို တိုင်ပင်မလို့”


ဆိုတော့ သူ ပြုံး၍ ကြည့်နေမိ၏။ ပြီးတော့


“ကျွန်တော့် သဘောကတော့ အစ်ကိုနဲ့ မမကေသီ သင့်သင့်မြတ်မြတ်ဖြစ်စေချင်တာပေါ့"


အစ်ကို မျက်နှာက တည်သွားသည်။ စီးကရက်ကို ဖွာရင်း ထက်ဝက် မျှဖြင့် အောက်ချကာ ဖိနပ်ဦးဖြင့် နင်းသည်။  


“လွန်သွားပြီကွာ"


“ဘာလွန်တာလဲ အစ်ကို”


"အားလုံး လွန်နေပါပြီကွာ ၊ သူ ငါ့ကို မချစ်သလို ငါလဲ သူ့ကို မချစ်ဘူး။ မချစ်ဘဲ ညားပြီး ပြေလည်နေကြတဲ့ အိမ်ထောင်တွေ အများကြီး ရှိပေမယ့်၊ အဲ့ဒီ အိမ်ထောင်တွေမှာ သံယောဇဉ်ဆိုတာ ရှိလာတယ်၊ နားလည်မှု ဆိုတာရှိလာတယ်၊ ငါတို့ကြားမှာ အဲဒါတွေ မရှိတာ သေချာတယ်။ ဝေးဝေး ခွဲနေတော့ ပိုသိသာတာပေါ့ကွာ၊ ငါ မရှိလို့ သူ ဘာမှမဖြစ်သလို သူမရှိလို့လဲ ငါဘာမှ မဖြစ်မှန်း ပိုသဘောပေါက်လာကြတာပေါ့"


ပြောပြီး လေပူကို မှုတ်ထုတ်သည်။


“ဒါဆို အစ်ကိုတို့က လမ်းဆုံးနေပြီပဲ”


ဟု သူပြောလိုက်သည်။


“ဟုတ်တယ် ။ ဒါကြောင့် လမ်းခွဲဖို့ စီစဉ်နေတာပေါ့"


“ဒါဆိုရင်လဲ အစ်ကိုရာ ဘာစဉ်းစားနေသေးလဲ ၊ သူလိုချင်တာပေးပြီး ပြက်ပြက်စဲစဲ လုပ်လိုက်ရုံပဲပေါ့”


အစ်ကိုမျက်နှာကိုကြည့်တော့ မျက်လုံးကို တွန့် စဉ်းစားဟန်ပြုနေတာတွေ့သည်။


“လိုတာထက် ပိုတောင်းပြီး သူ ကပ်နေတာကို တရားရုံးက ဆင့်ပြီး စကားပြောရင်တော့ ရတယ်တဲ့ ၊ သူ့ အားနည်းချက်ကို ထောက်ပြပြီး တရားစွဲသင့်စွဲရမှာ”


အစ်ကို သူ့ကို ကြည့်ရင်း ပြောသည်။


“မဟုတ်တာဘဲ အစ်ကိုရာ ၊ တစ်ယောက်ကို တစ်ယောက် မချစ်ရုံနဲ့ တော့ မနာကြည်းသင့်ပါဘူး၊ အငြိုးကျန်ခဲ့မယ့် အလုပ်တွေ မလုပ်သင့်ပါဘူး”


“ငါလဲ မလုပ်ချင်ပါဘူးမှားတာလုပ်တဲ့ လူတစ်ယောက်ကို မှန်အောင် ပြုပြင်ဖို့ ကြိုးစားတာပဲ လုပ်ချင်တယ်၊ အဲဒီအမှားကို အားနည်းချက်ကို ထောက်ပြပြီးတော့ အနိုင်မယူချင်ဘူး"


“ဒါဆိုလဲ .. အစ်ကို သူလိုချင်တာ ပေးလိုက်ပါ အစ်ကိုရာ”


အစ်ကို ရေနွေးကြမ်းပန်းကန်ထဲသို့ ရေနွေးကြမ်းကို ငှဲ့ထည့်ရင်….. “သူလိုချင်တယ်ဆိုတဲ့ အခုနေတဲ့ အိမ်က ငါတို့ကို လက်ဖွဲ့ထားတာ မဟုတ်ဘူး ဗညား ၊ အဲဒါ မင်း သိလား"ဟု သူ့ကို မကြည့်ဘဲ မေးသည်။


“ကျွန်တော် အဲဒါတွေ မသိဘူး အစ်ကို"


“ငါတို့ကို လက်ဖွဲ့ထားတဲ့ အိမ်က ဘောက်ထော်ခြံက အိမ်”


“ငှားထားတဲ့ အိမ်ပေါ့"


“ဟုတ်တယ်"


အစ်ကို ဆက်မည့် စကားကို နားစွင့်နေမိပြန်၏။


“အဲဒီ ဘောက်ထော်အိမ်က လက်ဖွဲ့ထားတော့ သူရော ငါရော ပိုင်ကာပေါ့ ၊ အဲဒီအိမ်ကို တောင်းရင် ငါသူ့ကို ပေးလို့ရပါတယ်။ အခု တောင်းတဲ့ အိမ်ကဟော့ . . . "


“အစ်ကို ဖေဖေနဲ့ မေမေ နာမည်နဲ့လား”


“မဟုတ်ဘူး ဗညား


“နေပါဦး၊ မမကေသီက ဒီအိမ်က ပိုကောင်းလို့ လိုချင်တဲ့ သဘောလား အစ်ကို"


သူ့ကို ကြည့်ရင်း ပြုံးသည်။


"အဲဒါပဲပေါ့ ဗညားရဲ့ ၊ ဒီအိမ်က ဝင်ဒါမီယာမှာဆိုတော့ ပိုပြီး တန်ဖိုးရှိတယ်၊ ပြီးတော့ အိမ်ကလဲ ပိုကောင်းတယ်၊ ကေသီက ဒီအိမ်ရဲ့ ကာလတန်ကြေးကို သူသိတယ်လေ"


“အစ်ကို နာမည်နဲ့ဆိုလဲ ပေးလိုက်ပေါ့ အစ်ကိုရာ. . ဘောက်ထော် က အိပ်ကျန်နေသေးတာပဲ”


“မဟုတ်သေးဘူး ဗညား ၊ အဲဒီအိမ်က အိမ်ကိုနဲ့ ဗညားနှစ်ယောက် နာမည်နဲ့ ဖေဖေတို့ ပြောင်းပေးသွားတာ ။ အဲဒါကြောင့် အစ်ကိုက ကေသီကို ပေးလို့ မရဘူးလို့ ပြောတာ”


သူ့ကို အစ်ကို မိဘများက အမွေအတွက် စီစဉ်ပေးခဲ့သည်ဆိုတာ တော့ သူသိသည်။ အိမ်ကို အခုလို အစ်ကိုနှင့်အတူ နာမည်လွှဲပေးခဲ့တာကိုတော့ သူမသိခဲ့။


"ဟေသီက အဲဒီကိစ္စကို သိနေတယ် ဗညား ၊ ကေသီ ဗညားကို အမြင်မကြည်လင်တာ အဲဒီကိစ္စက အဓိကပဲ ၊ သွေးသားအရင်းမဟုတ်ကဲ့ သူတစ်ယောက်ကို ဒီလောက်ပေးစရာ မလိုဘူးလို့ သူက ယူဆနေတာ”


“ကျွန်တော့်အတွက် ဘာမှ စဉ်းစားမနေစမ်းပါနဲ့ အစ်ကိုရာ၊ ကျွန်တော်က ဘာမှ မက်မက်မောမောရှိတာ မဟုတ်ပါဘူး”


“မဟုတ်ဘူးလေကွာ ၊ အစ်ကို့မှာ တခြားအိမ်တွေ လုပ်ငန်းတွေရှိ တယ်၊ အတွင်းပစ္စည်းပေးခဲ့တာတွေရှိတယ်၊ မင်းအတွက် ဒီအိမ်ပဲရှိတာ”


“ဒီမှာ အစ်ကို ၊ အစ်ကို ချမ်းသာရင် ကျွန်တော်ဘာမှ ပူနေစရာ မရှိပါဘူး၊ အဲဒီအိမ်ကို မမကေသီကိုသာ ပေးလိုက်ပါ၊ အဲဒါမှ အစ်ကိုနဲ့ မမကေသီ ကိစ္စက ပြတ်ပြတ်စဲစဲဖြစ်မှာ”


ပြောပြီး အစ်ကိုရှေ့မှာ စီးကရက်ဘူးကို လှမ်းယူလိုက်သည်။


“မမကေသီ ကျွန်တော့်ကို ကြည့်မရဖြစ်နေတာတွေ ၊ အစ်ကိုနဲ့ ကျွန်တော် သွေးကွဲအောင်လုပ်ချင်နေတာတွေဟာ လောဘဇောတိုက်လို့ပေါ့နော်၊ ဘေးလူတစ်ယောက်က မဆိုင်ဘဲ ဝင်ယူတယ်လို့ မမကေသီ ထင်နေမှာ ပေးလိုက်ပါ အစ်ကိုရာ”


စီးကရက်တစ်လိပ်ကို ထုတ်ယူရင်း ပြောလိုက်သည်။


“ဒါဆိုရင်လဲ ပြီးတာပဲကွာ၊ ငါကလဲ ပြတ်ပြတ်စဲစဲ ဖြစ်ချင်နေပြီ ၊ ဒါမှမဟုတ်ရင် ရန်ကုန်ရောက်တိုင်း ငါ့ သူငယ်ချင်းတွေက ဟိုတိုင်ဒီတိုင်နဲ့ ငါရှက်လှပြီ။ သူတို့က အတွင်းရေးကို မသိတော့ ကေသီ သူ့ရည်စားနဲ့ တွဲနေ တာကို ငါမသိဘူး ထင်နေကြတာ”


“ဒီတစ်ခေါက် အပြီးလုပ်သွားမှာလား”


“ပြီးမှာပါ ၊ သူလိုချင်တာ လွှဲပေးရင် ကွာရှင်းစာချုပ်မှာ သူ လက်မှတ်ထိုးပေးမှာပေါ့"


အစ်ကို႔ကို ဘာမှ ထပ်မမေးမိတော့။


•••••••

   ( ၁၄ )

စာမေးပွဲ အောင်စာရင်းတွေ ထွက်သည့်နေ့က မေကျော်ကို အရမ်း သတိရနေမိသည်။ သူတို့ လေးယောက်စလုံးအောင်၍လည်း ဝမ်းမြောက်ကြည်နူးရသည်။


တင်ထွန်းမြင့်နှင့် သူ မူမူတို့ တင်မေကျော်တို့ထံ ကြေးနန်းရိုက်ပေးလိုက်သည်။


“ဘာလိုလိုနဲ့ နောက်ဆုံးနှစ် ရောက်သွားပြီကွ”


ဟု တင်ထွန်းမြင့်က ပြောလိုက်တော့ နောက်ဆုံးဆိုသည့် စကားကို အမှတ်ထင်ထင် ဖြစ်မိပြန်၏။ ကျောင်းပြန်တက်ပါက နောက်ဆုံးနှစ်ကို သူတို့ ရောက်ကြလေပြီ။ ကျောင်းမှာ နောက်ဆုံး နေရမည့် နှစ်ပါလား။ ချစ်သူခင်သူ အားလုံးနှင့် ကျောင်းမှာ နောက်ဆုံး နေခွင့်ကြုံရသည့် နှစ်ပါလား။ သည်တစ်နှစ် ကို ကျော်ဖြတ်ပြီးပါက ဘဝထဲသို့ ဖြန့်ကြဲဝင်ရောက်၍ ခွဲခွာကြရတော့မှာလား။ သက်ပြင်းကို ချမိရက်သား ဖြစ်နေပြန်၏။  


 မင်း .. မေကျော်နဲ့ လက်ထပ်ဖို့ကိစ္စကို ဘယ်လို တွေးထားလဲ” 


ဘာအတွေးဝင်လာသည့် မသိ။ တင်ထွန်းမြင့်က သူ့ကို ဖျက်ခနဲ လှည့်ကြည့် ရင်း မေးလိုက်သည်။


“သူနဲ့ ဆွေးနွေးရမှာပေါ့”


“ဒါဆို . . မင်းတို့ ဒီနှစ်ကျောင်းတက်ရင် သေသေချာချာ ဆွေးနွေး ထား၊ ဒါမှမဟုတ် ဒီကိစ္စက တစ်ယောက်တစ်နယ် ဖြစ်သွားမှဆို ဆွေးနွေးဖို့ ခက်မယ်"


“ငါ့ဘက်ကတော့ ဘာပြဿနာမှ ရှိလာစရာ မရှိဘူး တင်ထွန်းမြင့်၊ ငါက ငါ့အစ်ကိုကို ဖွင့်ပြောပြီး လက်ထပ်ပေးခိုင်းရုံပဲ၊ သူ့ဘက်ကတော့ သူ့ မိသားစု ရှိနေသေးတယ်လေ၊ ဒါပေမယ့်ကွာ အလုပ်ကလေး ဘာလေးရှာပြီး ကိုယ့်ခြေပေါ် ကိုယ်ရပ်နိုင်အောင်တော့ ကြိုးစားကြည့်ချင်သေးတယ်၊ ကိုယ့် ခြေပေါ် ကိုယ်ရပ်နိုင်လို့ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်ပြီး ထိန်းသိမ်းနိုင် ပြီဆိုမှ အိမ်ထောင်ချင်တယ်၊ ဒါက ငါ့သဘောလေမေကျော်လဲ အဲဒီလိုပဲ ရှိတယ်ဆိုတာ ငါသိတယ်၊ တစ်ခု သေချာတာက မေကျော်က သူ့မိသားစုက ခွဲထွက်လို့ မရတာဘဲသူ့မိသားစု တာဝန်သူ့မှာရှိတယ်ကွ၊ အဲဒီတော့ သူ့မိသားစု သဘောက ပါလာဦးမယ်သူက ခွဲထွက်မရတော့ ငါက သူ့မိသားစုထဲ ဝင်ရမှာ ပဲပေါ့ကွာ”


“မင်းတို့ ..... ကံကောင်းတယ်နော် ဗညား” 


“ဘာလဲ”


“မင်းက မင်းမိသားစုက ခွဲထွက်မရတဲ့ သူမျိုး ၊ မေကျော်ကလဲ သူ့ မိသားစုက ခွဲထွက်မရတဲ့ သူမျိုးဆိုရင် မင်းတို့ ဒုက္ခပဲ”


“ဟုတ်တယ်. . . ငါလဲ အဲဒါပဲ စဉ်းစားမိတယ် ဝေးကြရုံပဲ ရှိတော့တယ်"


“အခုတော့ မေကျော်လဲ ကံကောင်းပါတယ်"


“ဘာဖြစ်လို့လဲ”


“ယောက္ခမ မရှိလို့လေ ၊ အာဒံနဲ့ ဧဝလွဲရင် မေကျော် ကံအကောင်းဆုံးလို့ ပြောရဦးမယ်”


“မင်းကလဲ ကြံကြံဖန်ဖန် ပြောတယ်"


“အာဒံနဲ့ ဧဝက ယောက္ခမ နှစ်ဖက်စလုံး မရှိဘူး၊ မင်းတို့က တစ်ဖက် မှ မရှိဘူးဆိုတော့ မေကျော်က မင်းထက် ကံကောင်းတာပေါ့” 


အရယ်စကားကို တင်ထွန်းမြင့် ဆိုသည်။


“ငါကတော့ မိဘနဲ့ မနေဖူးတော့ မိဘအစားရတယ်ထင်နေမှာ” 


သူက အတည်စကားကို ရင်ထဲက ပြောလိုက်မိပြန်၏။


“နောက်တာပါကွာ”


ဟု တင်ထွန်းမြင့်က သူ့ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။


••••••••

   ( ၁၅ )

တင်ထွန်းမြင့် ရောက်မလာခင်လေးမှာပင် မေကျော်ဆီက စာရောက် လာသည်။ စာကို ဖတ်ပြီးတော့ ရင်ထဲမှာ ခံစားလိုက်ရပြန်၏။ မေကျော်၏ သောကသည် မိမိရင်ထဲကို ကူးစက်နိုင်ပါလားဟုလည်း သတိထားဖြစ်ပြန် တော့သည်။


“မင်း . . . စာအုပ်မရောင်းဘူးလား” 


တင်ထွန်းမြင့် ရောက်လာလာချင်း မေးသည်။ 


“ငါ ဒီနေ့ မရောင်းတော့ဘူးကွာ ၊ စိတ်မပါဘူး” 


ဝင်ထိုင်ရင်း ဘာဖြစ်နေတာလဲ မင်းမျက်နှာလဲ မကောင်းဘူးဟု တင်ထွန်းမြင့်က အကဲခတ်ရင်း မေးသည်။


စားပွဲပေါ်မှ မေကျော်စာကို တင်ထွန်းမြင့်ဆီ လှမ်းပေးသည်။ တင်ထွန်းမြင့်က စာအိတ်ထဲမှ ထုတ်ယူပြ၏။   


ဗညား


ဖေဖေတော့ ဆုံးသွားပြီ ...


ဖေဖေ့ နာရေးကိစ္စကတော့ အားလုံး ချောချောမောမောပြီးသွားပါတယ်။ မောင်လေး အလုပ်ထဲက လူကြီးတွေက ဝိုင်းပြီး ကူညီလုပ်ကိုင်ပေးကြတယ်။ သူတို့ပဲ အစစအရာရာ ဦးဆောင် ပေးကြပါတယ်။ 


မေမေကတော့ ဖေဖေဆုံးတဲ့နေ့က ရှော့ခ်ရသွားသေး ၁င်း တယ်။ အခုလဲ လူမမာတစ်ပိုင်းလို ဖြစ်နေတယ်လေ။ ပြိုင်သားလွှာ ပြင် နောက်မှပဲ စာရှည်ရှည်ရေးတော့မယ် . . .


ချစ်လျက်


မေကျော်


စာတိုကလေးကို ဖတ်ပြီး တင်ထွန်းမြင့်က အိတ်ထဲ ပြန်ထည့်သည်။


“ဘာပြောပြောကွာ ၊ အိပ်ရာထဲမှာ လဲနေတဲ့ နာတာရှည်ရောဂါနဲ့ လူတစ်ယောက် အိမ်မှာရှိတာ ဘယ်လောက်ဒုက္ခများတယ်ဆိုတာ ငါနားလည် တယ်ငါ့အဘွားတုန်းကဆို အိမ်ကလူတွေ ဘယ်သူမှ အကောင်းမနေရဘူး" 


တင်ထွန်းမြင့်က ပြောသည်။


“ငွေကုန်ကြေးကျလဲ များတယ်၊ လူတွေလဲ ပင်ပန်းတယ်၊ ဒီဒုက္ခက တော့ ကျွတ်သွားတယ် ပြောရမှာပဲ”


လက်ဖက်ရည်ဆိုင်ကို လှမ်းမြင်ရပြီ ။ လက်ဖက်ရည်ဆိုင် ရှေ့မှာ ကိုဌေးကို စာအုပ်ခင်းနေတာကိုလည်း တွေ့လိုက်ရပြန်၏။


•••••••

   ( ၁၆ )

ဗညား


စိတ်မကောင်းတော့ မဖြစ်နဲ့ပေါ့ဟာ။ ငါ ကျောင်းဆက်တက်လို့ မရတော့ဘူး၊ ငါကျောင်းဆက် တက်လို့မရတဲ့ အခြေအနေမျိုးကို ငါ့မိသားစုက ဖန်တီးလိုက်ပြီလေ။ အမေကလဲ တရှောင်ရှောင်ပဲ ၊ လူမမာလို အိပ်ရာထဲ လဲနေတာမျိုးမဟုတ်ပေမယ့် ဘာအလုပ်မှ လုပ်လို့တော့ မရတဲ့ အခြေအမနမျိုးပဲ။


စာပေးစာယူပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ ။


အပြောင်းအရွှေ့ကိစ္စအတွက် ငါရန်ကုန်ကို လာလို့ ရနိုင်ပေမယ့် ငါ မလာချင်တော့ဘူးဟာ ၊ အားလုံး စိတ်မကောင်း အောင် ခဏလေးတော့ လာမတွေ့ချင်တော့ပါဘူး၊ ကိုယ်ထင်ပြ သလိုပြပြီး ပျောက်သွားရမှာမျိုး မလုပ်ချင်တော့ပါဘူး။   


မောင်လေးနဲ့ သူ့သူငယ်ချင်းပဲ လာလိမ့်မယ်။ အဲဒီလိုလုပ်လို့ ရတယ်ပြောတယ်။


ဒါပဲဟာ ... ကံတရားရဲ့ အဆုံးအဖြတ်အတိုင်းပဲလို့.. နှလုံးသွင်းပါတယ်။


တစ်ခုတော့ ယုံနေတယ် ဗညား။


ဝေးခြင်းနီးခြင်းဆိုတာ ချစ်ခြင်းမေတ္တာကိုတော့ အပြောင်းအလဲ မဖြစ်စေနိုင်ဘူးဆိုတာလေ. . . ။


ငါ့ကို အမြဲသတိရနေရင် . ...


နင့်အနားမှာ ငါ အမြဲရှိနေသလိုပဲပေါ့ ။


ဟုတ်ဘူးလား . . . ။


ချစ်လျက် . . .


မေကျော်


“အဲဒီလို ဖြစ်လာမယ်လို့ ငါတွေးမိသေးတယ်”


စာကို ဖတ်ပြီး ပြန်ခေါက်ထည့်နေတော့ တင်ထွန်းမြင့်ကို မကြည့်ဘဲသူ ပြောလိုက်မိပြန်သည်။


“စာပြန်ရေးကွာ ၊ ကျောင်းစရိတ်လိုတာ ငါတို့ စုထောက်လို့ရနေတာပဲ”


စာအိတ်ကို ပြန်ပေးရင်း တင်ထွန်းမြင့် ပြောသည်။ သက်ပြင်းချရင်း ခေါင်းကို ယမ်းပြလိုက်မိ၏။


“ငွေကြေး အခက်အခဲတစ်ခုတည်း ကိစ္စမျိုးမှ မဟုတ်တာဘဲကွာ ၊ လူမှုရေးတွေ ဘဝကိစ္စတွေ အများကြီးပါလာလိမ့်မယ်၊ အိမ်မှာ ဦးစီးဦးဆောင် လုပ်ဖို့ လူလိုတာမျိုးက အစပေါ့ကွာ”


တင်ထွန်းမြင့် ဘာမှ ပြန်မပြော။ နှုတ်ဆိတ်ရင်း အပြင်ကို ငေးရီ ကြည့်နေတာ တွေ့သည်။


“ကျောင်းပြီးတာနဲ့ ငါ သူ့ကို လက်ထပ်တော့မယ်ကွာ"


သူ့ထံမှ မဆီမဆိုင်စကားကို ကြားရတော့ တင်ထွန်းမြင့် သူ့မျက်နှာဆီလှည့်ကြည့်သည်။


“ငါ စဉ်းစားကြည့်တယ်သူက ကျောင်းသားဘဝကနေပြီး သူ့မိသားစု တာဝန် သူ့ဘဝတာဝန်ကို ယူသွားတာပဲ၊ သူ့တာဝန်ကို ငါ ခွဲယူသင့်တာပေါ့သူနဲ့ ငါ အတူမျှပြီး သူ့မိသားစုတာဝန်ကို ယူလိုက်ရင် သူနည်းနည်းတော့ ပေါ့သွားမှာပေါ့ကွာ”


တင်ထွန်းမြင့်ကို ကြည့်ရင်း သူ့အတွေးကို ရှင်းပြလိုက်သည်။


“ဘာပြောပြော မင့်အစ်ကိုကလဲ ကြည့်နေမှာ မဟုတ်ပါဘူး၊ မင်းတို့ လက်ဖဝါး ခြေဖဝါးချည်းတော့ မဖြစ်နိုင်ပါဘူး၊ ယူကွာ ကျောင်းပြီးရင် ယူလိုက်၊ မင်းတွေးတာ မှန်တယ်။ ဘဝက တောင်းဆိုလာတဲ့ အခြေအနေပဲဟာ"


တင်ထွန်းမြင့်က သူ့ကို ထောက်ခံပြီး ပြောသည်။ လောလောဆယ်တော့ သူမရှိသည့်အရပ်မှာ လွမ်းတတ်ခြင်းများစွာ ဖြင့် နေရဦးမှာပါလား။


သူ တစ်ယောက်မျှသာ လျော့ပါးသွားသည့် တက္ကသိုလ်သည် မိမိ အတွက်တော့ သွေ့ဆိတ်ခြောက်ကပ်၍ ငြီးငွေ့ဖွယ် အရပ်ဟု ထင်စရာဖြစ်လာ မည်လား။


••••••••

   ( ၁၇ )

သတိရတိုင်း စာရေးမိပြန်သည်။


ဖတ်ဖြစ်သည့် စာအုပ်များအကြောင်းကအစ သတိတရ ရေးဖြစ်သည့် ကဗျာများအထိပင် မေကျော်ထံသို့ ရေးပို့ရင်း လွမ်းစိတ်ကို ဖြေ၏။ ဝေးသွားပါမှ ခံစားရသမျှကို ပြောချင်နေပြန်သည်။


စဉ်းစားမိသမျှကို သူ သိနေစေချင်ပြန်သည်။ မျှဝေခံစားနိုင်ဖို့ နှီးနှော ဖွင့်ဟ ရင်ဖွင့်ပြနိုင်ဖို့ သူရှိနေလျှင် အဘယ်မျှ ကောင်းလေမလဲဟု အခါခါ တွေးမိပြန်၏။


ထိုင်နေကျ လက်ဖက်ရည်ဆိုင် ၊ ထိုင်နေကျ ဘူးသီးကြော်ဆိုင်တို့မှာ ပင် သူ့အရိပ်သည် ထင်စမြဲမို့ လွမ်းချင်စရာတို့ချည်းအားလုံးဖြစ်စေပြန်သည်။ နွေအငွေ့ နွေအရိပ်သည်လည်း သူ့ကို သတိရစေသည့် စိတ်တို့ ပိုမို ဖြစ်ထွန်းအောင် ဖန်တီးပေးနေသလိုပင်။   


ပတ်ဝန်းကျင်၏ အပြောင်းအလဲ၊ ပတ်ဝန်းကျင်၏ အလှုပ်အရှား သူ့ ကို ပြောချင်သည့်စကားတို့ ရင်ထဲမှာ ဖြစ်တည်လာစေပြန်၏။


သူရှိနေပါလျှင်ဆိုသည့် အတွေးကို အကြိမ်ဖန်များစွာ တွေးဖြစ်ရင်း နှင့်ပင် တမ်းတမ်းတတ ဖြစ်ရမိပြန်သည်လေ။


သည်နောက်ပိုင်းမှာ မေကျော်နှင့် သူ စာအဆက်အသွယ် ပြတ်သွားကြတော့သည်။


သူနေသည့် စံရိပ်ငြိမ်အဆောင်မှ ပြောင်းစဉ်မှာ မေကျော်ထံသို့ စာရေးရန် သတိရသော်လည်း တကယ်တမ်းတော့ မရေးဖြစ်ပြန်။


မေကျော် သူ့ကို စိတ်ခုနေမှာလားဟု တစ်ခါခါတော့ အတွေးရောက်မိပြန်သေးသည်။


** * **

၁၀ဆက်ပါမည်

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့

#တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.