တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၁၀) (မောင်စိန်ဝင်း-ပုတီးကုန်း) - တမာသားလေးမှတ်စု

တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၁၀) (မောင်စိန်ဝင်း-ပုတီးကုန်း)

         { ၁၀ } အပိုင်း-၃ ( ၁ )

အဓိပ္ပာယ်မဲ့စွာဖြင့် နံရံပေါ်မှ ပြက္ခဒိန်ကို ငေးစိုက်ကြည့်နေမိပြန် သည်။ မင်းသမီးငယ်၏ နှစ်လိုဖွယ်ရာအပြုံးသည် လူအားလုံးကို စိတ်ချမ်းမြေ့ အောင် ပြုလုပ်နိုင်ပါက မည်မျှကောင်းလိမ့်မလဲ တွေးမိပြန်၏။ ထိုမင်းသမီး ငယ်၏ ပုံသည်

အိမ်တော်တော်များများ၏ နံရံပေါ်မှာရှိနေနိုင်တာ သတိရ သည်။ သည်နှစ် သူ့ပုံတွေဖြင့် ပြက္ခဒိန်အထွက်များတာ သတိထားဖြစ်၏။ အရင်နှစ်တွေက ပြက္ခဒိန်ပေါ်မှာ သူ့လိုပင် နေရာယူခဲ့သည့် မင်းသမီးက ပြက္ခဒိန် အရိုက်ကျဲသွားသည်ထင်၏။ ဘယ်သူ့နှစ် ဘယ်ဂါနှစ်ဟု ပြောကြ ဆိုကြ ၊ ရေးကြသားကြတာတွေကို စဉ်းစားနေမိပြန်သည်။ ပြောင်းလဲခြင်းတရား သည် အရာအားလုံးပေါ်သို့ သက်ရောက်တတ်ပါလားဟု တွေးသည်။ အောင်မြင်ခြင်းသည် ကျဆုံးခြင်းဆီသို့ ဦးတည်၍ ဖြစ်ပေါ်နေတတ်တာပါလား ဟု စဉ်းစားသည်။ ကြိုးစားမှု၊ အခွင့်အရေးနှင့် ရှေးဘဝကံ အထောက်အပံ့ စသည်တို့၏ ပြင်းအားဖြင့် အထက်သို့ မြောက်တက်သွားသည့် ခဲတစ်လုံးနှယ်ပင် အောင်မြင်ကျော်ကြားမှုကို သူဆင်ခြင်ကြည့်မိပြန်သည်။    


အရှိန်ကုန်သော် မူလနေရာသို့ ထိုခဲသည် ပြန်ကျလာရမှာလား၊ ပြက္ခဒိန်များပေါ်မှ အပြောင်းအလဲတို့ကို တွေးရင်း လောကကို ဆင်ခြင်ကြည့် နေမိပြန်၏။


ရုတ်တရက်ပင် ပြက္ခဒိန်အောက်နားဆီ အကြည့်ကို ပို့၏။ ၁၉၈၉ ဆိုသော စာလုံးအမည်သည် ထင်းထင်းပြက်ပြက်ရှိနေပြန်သည်။


“ဘာငိုင်နေတာလဲ ဗညား" 


အခန်းဝကို ရောက်လျှင် ရောက်ချင်း လှမ်းပြောလိုက်သည့် တင်ထွန်း မြင့်အသံကြောင့် အတွေးရပ်သည်။


“မင်းကလဲကွာ နေနိုင်လိုက်တာ ၊ သုံးလေးရက်ရှိပြီ ပျောက်နေတာ” 


လှမ်းပြောရင်း ခုတင်ပေါ်မှ ထရပ်လိုက်သည်။


“လာကွာ . . . လက်ဖက်ရည်ဆိုင် သွားရအောင်” ဟု တင်ထွန်းမြင့်က ကုလားထိုင်နောက်မှီတန်းကို ကိုင်၍ ရပ်ရင်းပြောသည်။


“သွားမယ် . . . ငါတစ်ယောက်တည်း ထွက်ရမှာပျင်းနေလို့ စောစော ကတည်းက လက်ဖက်ရည် သောက်ချင်နေတာ"


ပြောရင်း ခုတင်ဘေးမှာရှိသော စားပွဲပေါ်မှ ဆေးပေါ့လိပ်တိုနှင့် မီးခြစ်ကောက်ယူလိုက်သည်။ 


ပြီတော့ အခန်းထဲမှ ထွက်လိုက်၏။ အခန်းတံခါးကို ပြန်ပိတ်ပြီး သော့ခတ်လိုက်သည်။


“မင်းတို့အဆောင်က တိတ်နေတာပဲ”


“အလုပ်သမားများတယ်လေကွာ ၊ အလုပ်သွားကုန်ကြပြီပေါ့" 


သော့ခတ်ပြီး ပြန်အလှည့်မှာ ပြောရင်း အဆောင်မှ ဆင်းလာခဲ့တော့၏။


လက်ဖက်ရည်ဆိုင်ရောက်တော့ တင်ထွန်းမြင့်က လက်ဖက်ရည်မှာ သည်။ ဆိုင်ထဲမှာ လူအတော်ရှင်း၏။ နောက်ဘက်စားပွဲမှာ အတွဲတစ်တွဲ ခေါင်းငုံ့ပြီး စကားပြောနေတာမြင်သည်။ ခါတိုင်း အလှူမဏ္ဍပ်မှာလို ဖွင့်နေကျ ဖြစ်သော ကက်ဆက်သံ မကြားရ။ ဆေးငပေါ့လိပ်သွားယူရင်း မေးကြည့်တော့ မီးပျက်နေသည်ဟု ဆိုင်ရှင်က ပြောသည်။


တော်သေးတာပေါ့ဟု စိတ်ထဲက ပြောနေမိသေးသည်။ သည်ဆိုင်မှာ ထိုင်ပြီး စကားပြောရတာ ကက်ဆက်သံကို အန်တုပြောနေရသဖြင့် ပြောရင်းပြောရင်း မောလာတတ်တာ ပြန်သတိရနေသည်။နှင်းဆီဆေးပေါ့လိပ်ကို စားပွဲပေါ်တင်ရင်း ဝင်ထိုင်လိုက်၏။


လာချပေးသည့် လက်ဖက်ရည်နှစ်ခွက်ကို တင်ထွန်းမြင့်က လှမ်းယူပြီးတစ်ခွက်ကို သူ့ရှေ့သို့ တိုးပေးသည်။ဆေးပေါ့လိပ်ကို မီးညှိ၍ ဖွာရှိုက်လိုက်၏။


“မင်း.. ဒီမနက်စာ ငါ့ကို ကျွေးရလိမ့်မယ် ဗညား"


တင်ထွန်းမြင့်က စကားစသည်။ နားမလည်ဟန်ဖြင့် တင်ထွန်းမြင့်မျက်နှာကို ကြည့်လိုက်၏။


“ဘာလို့လဲ” ဟုလည်း နှုတ်မှ မေးဖြစ်သည်။ တင်ထွန်းမြင့်က ဆေးလိပ်ကို ကောက်ယူပြီး မီးညှိနေပြန်သည်။


“မင်း တင်မေကျော်ဆီ စာထည့်သေးလား”


သူ့မျက်နှာကို ကြည့်ရင်း မေးသည်။


“ဘာဖြစ်လို့လဲ”


“ငါမေးတာ ပြောပါဦး”


ဆိုတော့ သက်ပြင်းငွေ့ငွေ့ ကိုချမိပြန်သည်။


“မင်း သိပါတယ်၊ သူနဲ့ ငါ ဘာအဆက်အသွယ်မှ မရှိတာ တစ်နှစ် လောက်ရှိတယ် ၊ ဒီနောက်ပိုင်း ငါ စာထည့်တယ် ၊ သုံးစောင်ရှိပြီ ၊ စာ ပြန်မလာ ဘူး”


တင်ထွန်းမြင့်ကို ကြည့်ရင်း ပြောလိုက်သည်။ ပြောရင်း တင်မေကျော် ကို သတိတရဖြစ်လာသည်။ သတိရရင်း ရင်ထဲမှာ ကြေကွဲဆို့နင့်လာသလိုခံစားနေရပြန်၏။


အင်္ကျီအိတ်ထဲက စာတစ်စောင်ကို ထုတ်ယူပြီး သူ့ကို ပေးသည်။


“ဟာ . . မေကျော်စာလား"


“ဟုတ်တယ် . . . ဒီနေ့ ငါ့လိပ်စာနဲ့ ရောက်လာတာ”


“ငါ့စာထဲမှာ ငါ့အဆောင်လိပ်စာပါတယ်ကွ. ."


ဟု ပြောရင်း စာအိတ်ကို လှမ်းယူသည်။ ကြည်နူးပျော်ရွှင်မှုဂယက်သည် ရင်၌ ရိုက်ခတ်နေပြန်၏။


“မင်းက အဆောင်ပြောင်းတာရွှေ့တာ ဖြစ်တတ်တော့ ငါ့ဆီကို ထည့်တာ ဖြစ်မှာပေါ့”


'အေး ဖြစ်နိုင်တာပဲ”


ပြောရင်း စာအိတ်ကို အသေအချာ ကြည့်နေမိပြန်သည်။ မမြင်ရတာ ကြာပြီဖြစ်သော ချစ်သူလက်ရေးသည် ရင်ခုန်မှုကို ဖြစ်စေနိုင်တုန်းပါလားဟု သိလိုက်၏။


ဆွတ်ပျံ့လွမ်းမောဖွယ် အငွေ့အသက်တို့သည် သူ့လက်ရေးမှာပင်ပူးဝင်နေသည့်နှယ် ရင်၌ ခံစားရပါလား။


အတွေးဖြင့် စာအိတ်ကို ဖောက်သည်။ စာကို ထုတ်ယူလျှက် ဖြန့်ဖတ်လိုက်၏။


ဗညား • 

ငါ့ မိသားစုအတွက် လူတစ်ယောက်နဲ့ လက်ထပ်ဖို့ ငါ ခေါင်းညိတ်ရမယ့် အခြေအနေ ရောက်နေပြီ


ချစ်လျက်

မေကျော်


မေကျော် ရေးခဲ့သမျှ စာတွေထဲမှာ အတိုဆုံးစာပင်ဖြစ်သည်။ အတိုဆုံးစာသားတို့သည် နှလုံးသားကို အပြင်းအထန်ဆုံး ဒဏ်ရာရစေလိုက်၏။ အနာကျင်ဆုံး ဝေဒနာကို ဖြစ်ပေါ်စေတော့၏။ တစ်စစီ တစ်မြွှာစီ တစ်ဖုံစီ နှလုံးသားကို ခြေဖျက်ရင်း ရင်သည် ဟင်းလင်းဖြစ်သွားသလိုပင် ။


ခံစားမှုသည် မျက်နှာသို့ ထင်ဟပ်သွားပြီး ထင်၏။


“ဘာရေးထားလို့လဲ”ဟု သူ့မျက်နှာကို အကဲခတ်ရင်း မေးသည့် တင်ထွန်းမြင့် စကားသံက တိမ်သည်။


“ဖတ်ကြည့်”


ပြောရင်း တင်ထွန်းမြင့်ကို စာရွက်လှမ်းပေးသည်။ သူ့ အသံက တုန်တုန်ယင်ယင်ဖြစ်နေလေမလား။


စွန့်လွှတ်ရတော့မည့်ဆိုသည့် အတွေးဖြင့် တုန်လှုပ်စိတ်ကို တည်ငြိမ်အောင်ကြိုးစားရင်း လေပူကို မှုတ်ထုတ်သည်။ ခဲ့ကြ၁က


အရာရာ၏ မတည်မြဲခြင်းကို ပြက္ခဒိန်ကြည့်ရင်း စဉ်းစားခဲ့မိတာအတွေးပြန်ရောက်သည်။


ပိုင်ဆိုင်ခြင်းသည် စွန့်လွှတ်ခြင်းအတွက် နိဒါန်းဟု သူဘာကြောင့် မဆင်ခြင်နိုင်ရပါသလဲ။ကြေကွဲ စိတ်ဖြင့် ရင်မှာ ပူသည်။


“မင်း . . . ဘာလုပ်ချင်လဲ”


တင်ထွန်းမြင့်အသံကြောင့် ငေးနေရာသတိဝင်သည်တင်ထွန်းမြင့်မျက်နှာဆီ အကြည့်ရောက်၏။


“နောက်ဆုံးဖြစ်ဖြစ် သူ့ကို သွားတွေ့ချင်တယ်၊ ဒါပါပဲကွာ"


အသံတိမ်စွာဖြင့် ပြောလိုက်မိသည်။


“မင်း . .သူ့ကို စိတ်နာလား” ...


“ဘာ နာစရာရှိလဲ တင်ထွန်းမြင့်ရာ သူ့မိသားစုကို ငါနားလည်နေ တာပဲ ၊ သူ့မိသားစု ထွက်ပေါက်အဖြစ် သူ လူတစ်ယောက်ကို လက်ထပ်သင့်ရင် လက်ထပ်ရမှာပဲပေါ့ ၊ ဖြစ်တတ်တဲ့ ကိစ္စတွေပဲဟာ"


“ငါ . . တစ်ခုစဉ်းစားနေတယ် ဗညား”


“ဘာကိုလဲ”


“စာထဲမှာက သူ ခေါင်းညိတ်လိုက်ပြီလို့ မပါဘူး”


“အင်း ... ဟုတ်တယ် ၊ ခေါင်းညိတ်ရမယ့် အခြေအနေကိုရောက်နေပြီတဲ့”


“အဲဒါ မင်းကို အခွင့်အရေးပေးတာ မဖြစ်နိုင်ဘူးလား”


“နှုတ်ဆက်လိုက်တာ ၊ အသိပေးလိုက်တာလဲ ဖြစ်နိုင်တာပဲလေ”


“ဘာပဲဖြစ်ဖြစ် မင်း သူ့ဆီသွားပြီး သူနဲ့ ဆွေးနွေးသင့်တယ်လို့ ငါထင်တယ် ၊ မင်းက သူ့ဘဝထဲဝင်ပြီး သူနဲ့ ဒိုးတူပေါင်ဖက် ရုန်းကန်မယ်လို့ ဆုံးဖြတ်ထားတာပဲ ၊ သူ လက်ထပ်မယ့်သူလို သူ့မိသားစုရဲ့ ထွက်ပေါက်ကို လွယ်လွယ်မပေးရင်တောင်မှ မေကျော်နဲ့ လက်တွဲပြီး မင်းဖြေရှင်းရဲတာပဲလေ သူ ဆုံးဖြတ်နိုင်တာပေါ့”


တင်ထွန်းမြင့် စကားကို သူအသေအချာ စဉ်းစားသည်။ အသက်ကို တစ်ဝရှူရင်း အကြည့်ကို ဆိုင်ပြင်သို့ ပို့၍ ငေးနေမိပြန်၏။


“အမှန်ပြောရရင်တော့ မေကျော်ကို ငါစွန့်လွှတ်ရမှာ သေမလောက်ကြောက်တယ် သူငယ်ချင်းရယ် ၊ ငါ့ဘဝမှာ မွေးကတည်းက ဘာမှ လိုလိုချင်ချင် တပ်တပ်မက်မက် မရှိခဲ့ပါဘူး၊ သုညနဲ့ စခဲ့ရတဲ့ ကိုယ့်ဘဝကို ကိုယ်သိပြီးတော့ မကျေမနပ်ဖြစ်ရတာလဲ မရှိခဲ့ပါဘူး ၊ ဒါပေမယ့် မေကျော်ကိုတော့ ငါလိုချင်တယ် ၊ ငါ တပ်မက်တယ် ၊ လက်လွတ်မခံချင်ဘူး၊ အဲဒါ ငါ့စိတ်ရင်း အတိုင်း ပြောတာပဲ သူငယ်ချင်း ၊ သူ့ဘဝ ကောင်းစားရေး ဘာညာဆိုတဲ့ စေတနာတရားတွေတော့ ရင်ထဲမှာရှိတာပေါ့ကွာ ၊ ဒါပေမယ့် ငါ သူ့ကို အတ္တစိတ်ကြောင့် ပိုင်ဆိုင်ချင်တယ်ပဲ ပြောပြော ပိုင်ဆိုင်ချင်တယ်၊ ငါ့ဘဝ အတွက် ဒီတစ်ခုကိုတော့ ငါ ရအောင်ယူချင်တယ်ကွာ ၊ သူ့ကို ဆုံးရှုံးရလို့ ငါဘယ်လောက် ခံစားရမယ်ဆိုတာကို ငါ့ဘာသာနားလည်နေလို့ ဒီစကားကိုပြောမိတာပဲ”


တင်ထွန်းမြင့် ဘက်သို့ လှည့်ပြီး သူ ပြောလိုက်မိသည်။ 


“မင်းကို ငါ နားလည်ပါတယ် ဗညားရယ် ၊ မင်းဘဝကိုလဲ ငါ သိထား တာပဲ ၊ မင်း သိပ်လဲ စိတ်မပျက်ပါနဲ့ ၊ မေကျော် မင်းအပေါ် ဘယ်လောက် ချစ်တယ်ဆိုတာကို ငါတို့ သိနေကြတာပဲဟာ ၊ မင်း မန္တလေးလိုက်ကွာ ၊ မေကျော်နဲ့ တွေ့လိုက် ၊ သူလဲ မင်းကို ခွဲရက်မယ် မထင်ပါဘူး” 


“မင်းလိုက်လို့ရမှာလား”


“ရအောင် လိုက်ရမှာပေါ့"


တင်ထွန်းမြင့် စကားကြောင့် ရင်ထဲ အားရှိသွားသလို ထင်မိပြန်၏။ တင်မေကျော်နှင့် တွေ့ကာ ပြတ်ပြတ်သားသား ဆုံးဖြတ်ကြတာ အကောင်းဆုံးဟုလည်း နားလည်လက်ခံမိပြန်သည်။


“ဒါဆို . . . အမြန်ဆုံး စီစဉ်ရအောင်ကွာ” ဆိုတော့ တင်ထွန်းမြင့်က ခေါင်းညိတ်ပြသည်။


နားလည်နေတော့လည်း မနာကြည်းနိုင် ၊ မနာကြည်းရက်။ သူ ကိုယ့်ကို မုန်းသွားတာမှ မဟုတ်တာဘဲဟု ရင်ထဲက ဘာသာဖြေနေမိပြန်သည်။ သူ့ဘဝအတွက် ၊ သူ့ မိသာစုအတွက် လက်ထပ်ထိမ်းမြားခြင်းကို လိုအပ်ကောင်း လိုအပ်ပေမပေါ့။ သူ့ဘဝ ပြဿနာအတွက် သူဖြေရှင်းတာပါပဲဟု ဖြေတွေး တွေးသည်။


ထိုသို့ ခွင့်လွှတ်နေတတ်ခြင်းကပင် ရင်ကို ပို၍ တင်းမာနာကျင် ခံခက်စေပြန်ပြီ ထင်၏။ ယုတ်မာရက်စက် စိမ်းကားရက်သူဟု ယူဆနိုင်ပါမူ ကောင်းလေစွ ။ မာနဖြင့် တင်းပြတ်စေလျက် ဇာတ်သိမ်းရလွယ်နိုင်ပေဦးမည်။ အခုတော့ တင်မေကျော်၏ ဘဝကို သူသိနေသည်။ တင်မေကျော်၏ မေတ္တာတရားကို သူ နားလည်နေသည်။


မုန်းတီးမှုမဲ့စွာဖြင့် စွန့်လွှတ်ရမည်ကို သူကြောက်နေမိသည်မှာ အမှန်။ နာကြည်းမှုကင်းစွာဖြင့် လမ်းခွဲရမှာကို သူ ပူပန်နေမိပြန်ပါ၏။ ထိုညက တစ်ညလုံး အိပ်မပျော်ခဲ့ ။


မေကျော်နှင့် ပတ်သက်သည့် အတွေးတို့ကား အလျားရှည်စွာသူ့စိတ်မှာ စိုးမိုးနေပြန်သည်။


••••••••

    ( ၂ )

ညနေ ငါးနာရီကတည်းက စီးခဲ့သော ရထားသည် မနက် ဆယ်နာရီ ခန့်လောက်မှာ မန္တလေးကို ဝင်သည်။


ညက တစ်ညလုံးလည်း အတွေးဖြင့် ရင်သည် ယောက်ယက်ခတ်၏။


သူ့ရှေ့ခုံမှာ အိပ်ပျော်လိုက်လာသော တင်ထွန်းမြင့်ကို သူကြည့်၍ အားကျနေ မိပြန်သည်။ အပူပင်မဲ့စွာ ထိုကဲ့သို့ အိပ်ပျော်နိုင်ပါက မည်မျှကောင်းလေမလဲတွေ့းဖြစ်ပြန်၏။


“တည်းခိုခန်းတွေက လွယ်ပါ့မလား" 


စိုးရိမ်စွာ သူ မေးလိုက်သည်။


“ငါ့သူငယ်ချင်းဦးလေး ဖွင့်ထားတာရှိတယ်၊ အဲဒီကို အရင်သွားမေး ကြည့်မယ်မရရင်လဲ တခြားအများကြီးရှိနေတာပဲ”ဟု တင်ထွန်းမြင့်က ပြော၏။


အေးအေးဆေးဆေး ခရီးဆိုလျှင် အဘယ်မျှ ကောင်းလိမ့်မည်နည်း။ အစ်ကိုရှိရာ သံစီမံကိန်းကို သွားလည်နိုင်သည်။ အစ်ကိုနှင့် တွေ့နိုင်မည်။    


အခုတော့ သူ့အပူနှင့် သူမို့ အစ်ကိုကို သတိရရုံသာ ရှိတော့သည်။


ရထားက ဆင်းပြီး တင်ထွန်းမြင့် သူငယ်ချင်းဦးလေး တည်ခိုးခန်းရှိရာကို ဆိုက်ကားဖြင့် သွားသည်။


ကံအားလျော်စွာပင် ထိုတည်းခိုခန်းမှာ နှစ်ယောက်ခန်းသူတို့ရလိုက်၏။


မြင့်မားသော သစ်များဖြင့် တန်ဆာဆင်ထားသော မန္တလေးသည် ဟိုးရှေးရှေးက သူရောက်ဖူးခဲ့စဉ်ကနှင့် မည်သို့မျှ မတူတော့။


မြို့အသစ်တစ်ခုကို သည်နေရာမှာ လာချ၍ ပေးလိုက်သည့်နှယ် အစစအရာရာ ပြောင်းလဲနေပါလား။


ဆောင်းမနက်နေသည် အလိုလိုနေရင်း ချွေးစို၍ လာစေတော့၏။ 


“ရေချိုးပြီး နားချင်နား ၊ ပြီးရင် တင်မေကျော် လိပ်စာလိုက်ရှာရအောင်”


တင်ထွန်းမြင့်က အခန်းထဲမှာ ထိုင်းရင်း ပြောသည်။ 


“ချော်ဆိပ်တဲ့ မင်းသိလား”


“မသိဘူး ၊ ငါလဲ မန္တလေးကို နှံ့နှံ့စပ်စပ်ရှိတာ မဟုတ်ဘူး” 


“ရပါတယ်ကွာ ၊ ဒီလိုပဲ မေးရမှာပေါ့"


ဗညားက ပြန်ပြောရင်း ထိုင်ရာမှ ထရပ်လိုက်သည်။


“ရေချိုးမလို့လား”


ဆိုတော့ တင်ထွန်းမြင့်ကို ခေါင်းညိတ်ပြလိုက်၏။


တစ်ခန်းတစ်လုံးကျ တပ်ဆင်ထားသော အအေးခန်းမျိုး မဟုတ် သော်ငြား တစ်ထပ်လုံး လေအေးစက် တပ်ဆင်ထားသည်မို့ တည်ခိုးခန်းထဲမှာအပူလျော့သည်။ 


အဆောက်အဦး၏ အပြင်ကို လှမ်းကြည့်လိုက်သည်နှင့် နေရောင် သည် စူးရဲတောက်ပလွန်းသည် ထင်၏။


တင်ထွန်းမြင့်က သော့အပ်ရင်း ကောင်တာမှာ ချော်ဆိပ်ကို ဘယ်လိုသွားရလဲဟု မေးနေသံကြားသည်။ 


“ဝေးတယ်ဗျ ၊ ဆိုက်ကားနဲ့ မသွားနဲ့ မြင်းလှည်းငှားသွား”ဟု ပြန်ပြောသံ ကြားရပြန်၏။ 


“ဝေးတယ်လို့ ပြောတာပဲ”


အဆောက်အဦ အပြင်ကို လှမ်းထွက်ရင်း တင်ထွန်းမြင့် ပြောသည်။နေအပူသည် သိသာလွန်းစွာ စူးရဲလှ၏။


တည်းခိုခန်းရှေ့ လမ်းမပေါ်မှာပင် မြင်းလှည်းတစ်စီးရပ်၍ ခရီးသည်ဆင်းတာ မြင်သည်။


“ငါ သွားမေးလိုက်မယ်”


ဟု ပြောရင်း လမ်းပေါ် ရောက်၏။ တင်ထွန်းမြင့်လည်း သူ့နောက်မှလိုက်လာသည်။


“ချော်ဆိပ်သွားချင်တယ်ဗျာ”


မြင်းလှည်းဆရာက ဈေးပြောသည်။


“တက်ပါကွာ ၊ မြန်မြန်ရောက်ရင် ပြီးတာပဲ ၊ နောက် လှည်းတစ်စီး ထပ်စောင့်နေရင် နေပူတာနဲ့ မသက်သာဘူး”


ဟု သူက ပြောရင်း မြင်းလှည်းပေါ် တက်လိုက်ကြ၏။


အတွေးကိုယ်စီဖြင့် စကားမပြောဘဲ ငြိမ်နေလိုက်မိသည်။ တွေ့ရမည့် ချစ်သူမျက်နှာသည် အာရုံမှာပေါ်၏။ ကြားရမည့်ချစ်သူအသံကို မှန်းဆ၍ ကြည်နူးချင်သည်။


အံ့ဩဝမ်းသာစွာ မေကျော် စိတ်လှုပ်ရှားသွားလေမည်လား တွေးနေမိသေး၏။


“အဲဒီ လိပ်စာကို ရှာချင်တာဗျာ”


ဟု လိပ်စာရေးထားသည့် စာရွက်ကလေးကို မြင်းလှည်းဆရာအားသူပြသည်။


“အတွင်းထဲ ဝင်ရမယ် ၊ လမ်းထိပ်အထိ ကျွန်တော်လိုက်ပို့ပေးမယ်၊ လမ်းမကြီးအတိုင်း ဝင်သွားပြီး လမ်းချိုးတွေရှိသေးတယ် မေးကြည့်ပေါ့” 


မြင်းလှည်းဆရာက လိပ်စာကို တစ်ချက်ကြည့်ရင်း ပြောသည်။သူဘာမှ ထပ်မမေးမိတော့။


မြင်းလှည်းစီးရတာ အတော်လေးကြာသည်ဟု သူ့စိတ်ထဲမှာ ထင် သည်။ တွေ့လိုဇောဖြင့် သူကပဲ စိတ်လောနေလို့လား မသိ။ တည်းခိုခန်းနှင့် ချော်ဆိပ်သည် အတော်ကလေး အလှမ်းကွာသည် ထင်ရပြန်၏။ 


“အတော်ဝေးတာပဲ”


သူ တွေးနေမိစဉ်မှာပင် တင်ထွန်းမြင့် နုတ်မှ အသံထွက်လာပြန်၏။ “မြစ်ဆိပ်ကပ်နေပြီပဲ”ဟု မြင်းလှည်းဆရာက ပြောသည်။


မြင်းလှည်းပေါ်မှ အဆင်းမှာ လမ်းမကြီးထိပ်၌ ရေးထားသော လမ်းအမည်ကို တွေ့ရသည်။လိပ်စာထဲမှ လမ်းဟု သိလိုက်၏။


“အဲဒီလမ်းအတိုင်း ဝင်သွား ၊ ခင်ဗျားတို့ရှာတဲ့ လမ်းသွယ်တွေ့ မယ်" 


မြင်းလှည်းဆရာက ပိုက်ဆံကို အိတ်ထဲထည့်ရင်း ပြောကာ လှည့် ထွက်သွားတော့သည်။လမ်းမကြီးအတိုင်း လျှောက်နေမိပြန်၏။


နေ့လယ်နေသည် ခြစ်ခြစ်တောက်တောင် ပူလောင်လှသည်။ လမ်းမ တစ်ဖက်တစ်ချက်စီမှာရှိသော အအေးဆိုင် ၊ ကလေးတွေ၊ လက်ဖက်ရည်ဆိုင် ကလေးတွေဆီ အကြည့်ရောက်သည်။ 


“ဘယ်လိုလုပ်မှာလဲ ဗညား”


ပြန်လှည့်မေးသော တင်ထွန်းမြင့်ဆီ အကြည့်ရောက်၏။ တင်ထွန်းမြင့် မျက်နှာသည် နေအပူဖြင့် ရဲရဲနီ၍ နေတာသူတွေ႔သည်။


“ဘာကိုလဲ”


“မဟုတ်ဘူးလေ ၊ အိမ်တွေ့ပါပြီတဲ့ ၊ ဘယ်လိုလုပ်ကြမလဲ ဒီအတိုင်းဝင်တွေ့ကြမှာလား”


“တွေ့ရင်ကော”


“ငါတစ်ခု စဉ်းစားမိလို့ ၊ ဒီအတိုင်း ဝင်တွေ့လိုက်လို့ သူအိမ်က ရိပ်မိ သွားရင် နောက်ထပ် စီစဉ်စရာရှိတာတွေ ခက်နေမလားပဲ”


“ဒါဆို ...”


“ငါတွေးမိတာကတော့ မင်းဆိုင်တစ်ဆိုင်က စောင့် ၊ ငါသွားမယ် ၊ လမ်းကြုံလို့ ဝင်လာတာမျိုးဖြစ်အောင် ပြောမယ်၊ မေကျော်နဲ့ နှစ်ယောက်တည်းပြောလို့ရရင်တော့ အားလုံး ပြောပြလိုက်မယ်၊ ပြောခွင့်မရရင့် မင်းပါလာတာရယ် ၊ မနက်ဖြန် ဘယ်နေရာက စောင့်ရမလဲဆိုတာရယ် ငါမေးခဲ့မယ်”


“မင်းသဘောပဲကွာ ၊ ငါတော့ မတွေးတတ်တော့ဘူး” 


လျှောက်ရင်း ကားတစ်စီးဝင်သာရုံလမ်းချိုးကွေ့တစ်ခုကို ရောက်သည်။


“ဒီလမ်းပဲ”


လမ်းထိပ်မှာ ဆိုင်းဘုတ်သေးသေးလေးတွေ တပ်ထားလို့ တော်သေး သည်ဟု စိတ်ကထင်သည်။


“ဟိုရှေ့မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိတယ် မင်း အဲဒီက ထိုင် စောင့် ၊ ငါ အိမ်နံပါတ်ရှာပြီး ဝင်လိုက်မယ်”ဟု တင်ထွန်းမြင့်က ပြောသည်။


လက်ဖက်ရည်ဆိုင်ရှိရာအထိ သူတို့ လျှောက်ခဲ့ကြသည်။ 


“အအေးလဲရတယ် တင်ထွန်းမြင့် ၊ အအေးတစ်ခွက် သောက်ပြီးမှသွားပါလား”


ဆိုင်ဝမှာ ရပ်ရင်း တင်ထွန်းမြင့်ကို သူပြောသည်။ 


“မင်းသောက်ပါ ၊ ငါ သောက်မနေတော့ဘူး”


ပြောကာ တင်ထွန်းမြင့် ဆက်လျှောက်၏။ဆိုင်ထဲဝင်ပြီး လွတ်သည့်နေရာမှာ ထိုင်သည်။ တင်ထွန်းမြင့် လျှောက်သွားတာ လှမ်းကြည့်လျက် ရင်ခုန်လှုပ်ရှားနေမိပြန်၏။ သံပရာရည် တစ်ခွက်မှာပြီး သက်ပြင်းရှည်ကို ချလိုက်မိသည်။လွယ်အိတ်ထဲမှာ ပါလာသည့် မွေးပွလက်ကိုင်ပဝါလေးကို ထုတ်၍ မျက်နှာမှ ချွေးတို့ကို သုတ်သည်။ရင်ထဲမှာတော့ ပူလောင်စွာ လှုပ်ရှားယောက်ယက်ခတ်၍နေဆဲ။


သံပရာရည်ကို တကျိုက်ကျိုက်ဖြင့် မော့သောက်ပစ်လိုက်မိသည်။ ပြီးတော့ တင်ထွန်းမြင့် သွားရာလမ်းဆီကို ငေးကြည့်နေမိဆဲ အကွေ့တစ်ကွေ့ကို ကျော်သွားတော့ တင်ထွန်းမြင့် ပျောက်သွားသည်။တင်ထွန်းမြင့်ကို မမြင်ရသော်ငြား အာရုံမှာကား တင်ထွန်းမြင့် ထင်ကျန်နေဆဲ ပင်။


ခဏကြာမှာ လမ်းချိုးကွေ့မှာ ဆိုင်ဘက်ကို ပြန်လျှောက်လာသည့် တင်ထွန်းမြင့်ကို လှမ်းမြင်ရသည်။ ပို၍ ရင်အခုန်မြန်ချင်လာ၏။ တင်မေကျော် က သူ့ကို သွားခေါ်ချည်ပါပြောလို့ တင်ထွန်းမြင့် လာခေါ်တာလား တွေးသည်။ အအေးဖိုးပိုက်ဆံကို ရှင်းထားလိုက်၏။ တဖြည်းဖြည်းနှင့် တင်ထွန်းမြင့်ဆိုင်နားရောက်လာပြီ ။ တင်ထွန်းမြင့် ဆိုင်ထဲအဝင်ကို သူမစောင့်နိုင်တော့။ ဆိုင်ထဲက ထွက်ပြီး ဆိုင်ရှေ့က ရပ်စောင့်နေလိုက်သည်။ 


“တွေ့လား”


အနားရောက်တော့ သူ မေးသည်။


“မတွေ့ဘူးကွာ”


တင်ထွန်းမြင့် စကားကြောင့် စိတ်ထဲမှာ နင့်ခနဲ ဖြစ်ရပြန်၏။ 


“အိမ်မတွေ့တာလား”


ဆိုင်ရှေ့က ဆက်လျှောက်ရင်း မေးလိုက်သည်။ တင်ထွန်းမြင့်ကို အအေးသောက်ခိုင်းဖို့ပင် သတိမရနိုင်တော့။


“အိမ်တော့ တွေ့တာပေါ့ ၊ မေကျော်မရှိဘူးတဲ့ကွ ၊ သူ့ညီမ ထင်တယ်၊ အဲဒီတစ်ယောက်က ပြောတာမေကျော်က ဈေးဝယ်ထွက်သွားတယ်တဲ့ ၊ သူတို့ အိမ်ရှေ့မှာ ဈေးဆိုင်လေးဖွင့်ထားတယ်၊ ဟိုအရင်တုန်းကလို မုန့်တီဆိုင် မဟုတ် တော့ကွ ၊ ကုန်ခြောက်ဆိုင်ကလေး ၊ တိုလီမိုလီအစုံပဲ တင်ထားတာ တွေ့တယ်"


နဖူးမှ ချွေးတွေကို လက်ဖြင့် သပ်ချရင်း တင်ထွန်းမြင့် ပြောသည်။ 


“နေပါဦး . . . မင်း ဘယ်လိုလုပ်ခဲ့သလဲ”


“မတတ်နိုင်ဘူး ၊ ငါ စာရေးပေးခဲ့တယ်”


“ဘယ်လို ရေးပေးခဲ့လဲ”


“ငါရောက်နေတယ်ပေါ့ကွာ ၊ သတိရလို့ လာတာပေါ့ ၊ မင်းလဲ ပါလာ တယ် ၊ ဘယ်မှာတည်းတယ်ဆိုတာပေါ့"


သက်ပြင်းရှည်ကိုသာ ချလိုက်မိတော့သည်။


“မပူပါနဲ့ကွာ ၊ မင်း ပါလာတာကို သိရင် သူမနေပါဘူး၊ ဆက်သွယ်မှာပါ ၊ ဒီထက်ပိုရေးလို့လဲ မကောင်းဘူကွ ၊ ခရီးသွားဟန်လွှဲ ကြုံလို့. ဝင်လာ တွေ့တဲ့သဘောရေးခဲ့ရတာ ၊ သူ့အိမ်က ရိပ်မိမှာလဲ စိုးရသေးတယ်လေ”


“ဟုတ်ပါတယ်”


လမ်းမဘက်ဆီသို့ ရောက်လာကြပြီ။


“ဘာလုပ်မလဲ”


“ငါတစ်ခုစဉ်းစားမိလို့ ၊ ရထားလက်မှတ် ဘွတ်ကင်သွားလုပ်ထားရင်ကောင်းမယ်”


တင်ထွန်းမြင့်က စဉ်းစားရင်း ပြောသည်။


“နေဦးလေ မေကျော်နဲ့မှ မတွေ့ရသေးတာ"


“မလိုပါဘူးကွာ”


“မဟုတ်ဘူးလေကွာ ၊ မင်းက အခုလက်မှတ်ဘယ်နှစ်စောင် လုပ်မှာလဲ ၊ သူ့အတွက်ရော ငါတို့က လုပ်မှာလား ၊ သူက ငါနဲ့ လိုက်မလိုက်မှမသေချာသေးတာ”


သူ့စကားကြောင့် တင်ထွန်းမြင့် ငိုင်သွားသည်။


“ဟုတ်တာပဲ ၊ ပြီးတော့ မေကျော်မှ မှတ်ပုံတင်မှ မရှိတာ”


““သူ့နံပါတ်လား” 


တင်ထွန်းမြင့်က ခေါင်းညိတ်ပြ၏။


“အဲဒါက ငါ့မှာရှိတယ်၊ သူ့ကျောင်းသားကတ်အဟောင်း ငါသိမ်းထားတာရှိတယ်လေ ၊ အဲဒီအထဲမှာ ပါတယ်”


မေကျော်ထံမှ အမှတ်တရအဖြစ် သူသိမ်းထားခဲ့သော ကျောင်းသား ကတ်ပြားလေးကို သတိရရင်း ပြောလိုက်သည်။ သူလွယ်အိတ်ထဲမှာ အမြဲရှိနေတာမို့ မှတ်ပုံတင်နံပါတ်အတွက်ပြဿနာမရှိ ။


“ဒါဆိုရင်လဲကွာ လက်မှတ်သုံးစောင် ဘွတ်ကင်သွားလုပ်ထားလိုက် ရအောင် ၊ သူမလိုက်လို့ တစ်စောင်ဆုံးရင်လဲ ဆုံးပေါ့”


တင်ထွန်းမြင့် ပြောတော့ .… “သဘောပဲကွာ ၊ ဘယ်နေ့အတွက်လဲ ၊ သန်ဘက်ခါလား"ဟု ပြန်မေးလိုက်မိပြန်၏။


“အင်းလေ .. မနက်ဖြန် မေကျော်နဲ့ တွေ့ ၊ သန်ဘက်ခါ ရထားလက်မှတ်လုပ်ထားမယ်"


သူ ဘာမှ ပြန်မပြောမိတော့ ။ ဖြတ်လာသော မြင်းလှည်းတစ်စီးကိုတင်ထွန်းမြင့် တားနေတာ တွေ့သည်။


*** ** *

၁၁ဆက်ရန်

#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့

#တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.