တောင်သမန်အင်းမှာ နှင်းဖြစ်ပါတော့ (၇) (မောင်စိန်ဝင်း-ပုတီးကုန်း)
စီးပွားရေးတက္ကသိုလ်သည် ရောက်စကထက်ပို၍ ပျိုပျစ်နုသစ်လာ သလိုပင် ။ မြင်သမျှ အရာရာသည် ပို၍ လှပလာသလို ထင်ပြန်၏။
“ဒီလို နှစ်ယောက်တည်း ခွဲထိုင်နေလို့ ဘယ်ရမလဲကွ”
အသံအကြားမှာ နှစ်ဦးသား ခေါင်းထောင်ကြည့်ဖြစ်သည်။ ကျောင်း စောစောရောက်၍ စီးပွားရေးတက္ကသိုလ်ကင်တင်းမှာ မေကျော်နှင့် သူ အတူ ထိုင်ဖြစ်သည်။ တင်ထွန်းမြင့်နှင့် မူမူတို့ကို လှမ်းမြင်၏။ သူတို့ နှစ်ယောက်ကို ပြုံး၍ ကြည့်ရင်း သူတို့နှစ်ဦးဆီ ရောက်လာကြသည်။
“နင်တို့နှစ်ယောက် အခုတလော ခြေပုန်းခုတ်နေတယ်နော်” ဟု မူမူက ပြောရင်း ဝင်ထိုင်သည်။
“ဘာ ခြေပုန်းခုတ်လို့လဲ”ဟု တင်မေကျော်က ပြောရင်း မူမူ ပေါင်ကို ဆွဲလိမ်လိုက်တာ တွေ့သည်။
“မနေ့က ဘယ်ပျောက်နေတာလဲ”
ဟု တင်ထွန်းမြင့်က မေးတော့ . . .
“အကြော်စားဖို့ ငါတို့ လိုက်ရှာတာ အနှံ့ပဲ ၊ မင်းတို့နှစ်ယောက်ကပျောက်နေတာ” ဟု သူပြောသည်။
“မပျောက်ပါဘူး . . . . ငါက အဆောင်လခ သွားသွင်းနေတာ တင်ထွန်းမြင့် က ကင်တင်းမှာ သူငယ်ချင်းတွေလို့ ခဏစကားပြောနေတာတဲ့ နင်တို့ နှစ်ယောက်က စောင့်မှ မစောင့်တာ”
“လိုက်ရှာလို့ မတွေ့တော့ အကြော်ဆိုင်ဘက်ရောက်နေမယ်ထင်တာ”
ဟု မေကျော်က ပြောသည်။
“မနေ့က ငါတို့ မပါတာ ကောင်းပါတယ် ၊ နင်တို့ လွတ်လွတ်လပ်လပ်စကားပြောလို့ ရတာပေါ့”
ဟု တင်ထွန်းမြင့်က ပြောတော့ . . .
“မဆိုင်တာဟယ်”ဟု တင်မေကျော်က ပြောရင်း ခေါင်းငုံ့သည်
“မနေ့က အကြော်ဆိုင်နားအထိ ငါတို့ ရောက်တယ် ၊ နင်တို့က မမြင်ဘူး ၊ နင်တို့ မျက်နှာတွေကို ကြည့်ပြီး သနားတာနဲ့ မထိုင်တော့ပါဘူး ဆုံးဖြတ်ပြီး ပြန်လှည့်တာ"
“မဖြစ်နိုင်ပါဘူးကွာ”
တင်ထွန်းမြင့် မျက်နှာကို ကြည့်ရင်း သူ ပြော၏။
"ဪ … ……မူမူ့ကို မေးကြည့်ပါလား” ...
“ဟုတ်လား …မူ” ...
တင်မေကျာ်က မူမူ့မျက်နှာကို ကြည့်ရင်း မေးသည်။
“နင်တို့ နှစ်ယောက်လို့ ထင်တာပဲ ၊ ငါတို့ တွေ့တဲ့အတွဲကတော့ ကောင်မလေး လက်ဖျားလေးတွေကို ကောင်လေးက ကိုင်လို့”
“တော်တော့ မူမူ ၊ တော်တော့”
ပြောရင်း တင်မေကျော်က မူမူ့ ပခုံးကို လက်သီးဖြင့် ဖွဖွထုသည်။
“မင်းတို့ ဘာလို့ ဝင်မထိုင်တာလဲ”
"ဟ.... ဝင်ထိုင်လို့ ဖြစ်ပါ့မလား၊ ဇာတ်ရှိန်တက်နေတာ ပျက်သွားမှာပေါ့”
တင်ထွန်းမြင့်က ရယ်ပြောပြောတော့ . .
“တင်ထွန်းမြင့် တော်တော့ဟယ်"
ဟု တင်မေကျော်က ရှက်စနိုးဖြင့် ပြောလိုက်သည်။
“လမ်းမှာ မူမူ့ကိုတောင် ပြောရသေးတယ်၊ ငါက ဗညားကို မောင်ဖေငယ်လို ဖွင့်မပြောလိုက်ရဘဲ ဖြစ်မှာစိုးရိမ်နေတာ အခုမှ စိတ်အေးသွားတယ်လို့လေ”
“တော်ပါတော့ဟာ”
“ဒီအတိုင်းတော့ ဘယ်ရမလဲ ၊ အထိမ်းအမှတ်အဖြစ် တစ်ခုခုတော့ လုပ်ရမယ်”
“ဟုတ်တယ် ... ရုပ်ရှင်လိုက်ပြ” ဟု မူမူက ပြောလိုက်သည်။
“ကောင်းတယ် . . . ဒီနေ့လယ် မြို့ထဲသွားမယ် ၊ ရုပ်ရှင်ပြကြ”
တင်ထွန်းမြင့်က ပခုံးကို လှမ်းဖက်ရင်း ပြောပြန်၏။ တင်မေကျော်ကို လှမ်းအကြည့်မှာ တင်မေကျော်က သူ့ကို ကြည့်ရင်းပြုံးနေတာ တွေ့သည်။
“ရပါတယ် .. တကယ်ကြည့်မှာလား”
“တကယ်ပေါ့”
ဟု မူမူရော တင်ထွန်းမြင့်ပါ ပြိုင်တူအသံထွက်လာသည်။
••••••••
( ၈ )
ရုပ်ရှင်ကြည့်ပြီးတော့ အအေးဆိုင်ဝင်သည်။ အအေးဆိုင်မှ အထွက်မှာ သူ့လက်ဖျားကို မေကျော်က ဆုပ်ကိုင် ရင်းထွက်၏။ ရင်ထဲမှာ ကြည်နူးမှုဖြင့် သိမ့်သိမ့်ခါသည်။ တွယ်တာယုယမှု၏ ရိုက်ခက်နှုန်းသည် နှလုံးသားကို တုန်ခါသွားစေပြီလား မသိ။
“ဟင်... မမကေသီ"
ဆိုင်ဝအရောက်မှာ ဆိုင်ထဲကို ဝင်လာသော မမကေသီကို မြင်သည်။ သူ့ဘေးမှာ အမျိုးသမီးအဖော်တစ်ဦးပါ၏။ နှုတ်က အလိုလို ထွက်သွားသည်။
“ဗညားကလဲဟယ် ၊ အိမ်လေးဘာလေးတောင် မလာဘူး”
မမကေသီက မျက်နှာချင်းဆိုင် ရပ်လျက်ပြောသည်။ ပြောရင်း သူ့ဘေးမှ တင်မေကျော်ကို လှမ်းပြီးကြည့်တာ တွေ့လိုက်၏။ တင်မေကျော်က ရှေ့နားရောက်နေပြီဖြစ်သည့် မူမူနှင့် တင်ထွန်းမြင့်တို့ ဘေးကို သွားရပ်တာ တွေ့၏။
“ကျွန်တော် မအားလို့ "
“မအားလို့ဆိုပြီး လျှောက်တော့ လည်နေလား”
ဘာမှ ပြန်မဖြေဘဲ ပြုံးရုံ ပြုံးပြလိုက်သည်။
“မင်း အစ်ကိုဆီက စာတွေဘာတွေ လာသေးလား”
"မလာဘူး မမကေသီ"
ဟု မမကေသီကို ကြည့်ရင်း သူ ဖြေလိုက်သည်။ သူ့ကို ဘာလို့ စိတ်လို လက်ရ သည်မျှစကားကြော ရှည်နေတာကို သူအံ့ဩသည်။ အစ်ကိုနှင့် ကိစ္စကို မေးမည် စဉ်းစားပြီးမှ မမေးဘဲနေတာ ပိုကောင်းမည်တွေးကာ မမေးမိ။
ဖြစ်နိုင်လျှင် သူကြားဝင်ပြီး သင့်မြတ်အောင် ဖန်တီးပေးလိုက်ချင်သော ဆန္ဒ သူ့မှာ ရှိနေသည်။
“အေးအေးဆေးဆေး တိုင်ပင်ရအောင် အိမ်လေးဘာလေး လာခဲ့ပါဦးလား"
“ဟုတ်ကဲ့” ဟု ပြောမိပြန်သည်။
“ကဲ...သွားသွား”
“သွားမယ် မမကေသီ”
နှုတ်ဆက်ပြီး သူထွက်အလာမှာ မမကေသီ အကြည့်က တင်မေကျော်တို့ဆီ ရောက်နေတာ သိလိုက်၏။
“ဘယ်သူလဲဟင်”
လမ်းလျှောက်ရင်း တင်မေကျော်က မေးသည်။
“မမကေသီလေ အစ်ကို့ အမျိုးသမီး"
"မင်းအစ်ကို မိန်းမလား"
“ဟုတ်တယ် . . . . သူ့ရုံးက ဒီအနားမှာလေ”
မမကေသီတို့ ရုံးနားမှာ အအေးလာသောက်မိတာကို စောစောကသတိမထားဖြစ်ခဲ့။
“အရမ်းချောတာပဲနော် ငယ်လဲငယ်တယ်”
တင်မေကျော်က ပြောသည်။
“ဟုတ်တယ် အသက်တော်တော်ငယ်သေးတာပဲ ၊ ချောလဲချောတယ်”
မူမူက ဝင်ပြော၏။
“ဘွဲ့ရပြီး အလုပ်တန်းဝင်တာလေ ၊ ငါတို့ထက်ကြီးလှရင် သုံးလေးနှစ်ပဲ..."
“မင်းအစ်ကိုနဲ့ အသက်ကွာလား”
“သိပ်တော့ မကွာပါဘူး၊ အစ်ကိုကလဲ သုံးဆယ်မှ မပြည့်သေးတာ” ဟု တင်ထွန်းမြင့်ကို သူပြန်ဖြေလိုက်၏။
“အဲဒီလို ချောချောလှလှ မိန်းမတစ်ယောက်ကို ရပါ့မလား မသိဘူးကွာ"
ဟု အပြောင်အပြတ်စကားကို တင်ထွန်းမြင့် ပြောသည်။ အစ်ကိုနှင့် မမကေသီတို့ အိမ်ထောင်ရေးကို သူတို့က ဘာမျှ မသိတာ ဘဲလေ။ အစ်ကို့ကို တင်ထွန်းမြင့် အားကျပေပေါ့ဟု တွေးရင်း သက်ပြင်းကို ချဖြစ်သည်။
“လှတော့ အရမ်းလှတယ်ဒါပေမယ့် သိပ်ခေတ်ဆန်နေသလိုပဲနော်” ဟု မေကျော်ပြောတော့ မေကျော်ကို လှမ်းကြည့်ရင်း သူ ဘာမှ ပြန်မပြောဖြစ်တော့ ။
စကားပြတ်သွားသည်အစ်ကိုနယ်ရောက်နေတာကို သူတို့ကလည်း မမေးသဖြင့် သူလည်း မပြောဖြစ်လိုက်။ မမကေသီ သူ့ကို ဘာလို့ ဖော်ဖော် ရွေရွေ ပြောဆိုဆက်ဆံနေပါသလဲ ဟု ရင်ထဲမှာတော့ မရှင်းချင်။
•••••••••
( ၉ )
မနက်စောစော မမကေသီကား ရောက်လာတော့ အံ့ဩသွားသည်။ မမကေသီ ဘယ်လိုနည်းနှင့်မျှ ကိစ္စမရှိဘဲ သူ့ဆီ ရောက်မလာဟု နားလည် သည်။
ကျောင်းကိုသွားတော့မည်ဟု အဆောင်က အထွက်မှာ မမကေသီ ကားထိုးရပ်တာတွေ့၏။
“ဘာလဲ ဗညား ၊ ကျောင်းသွားတော့မှာလား” ဟု ကားပေါ်က မဆင်းဘဲ လှမ်းမေးသည်။
“ဟုတ်တယ် မမကေသီ ကိစ္စရှိလို့လားဟင်"
မမကေသီက သူ့ကို ကြည့်ရင်း ပြုံးနေသည်။
“ဘာလဲကိစ္စရှိမှ လာတွေ့ ရမှာလား ဗညား ၊ တက်ကားပေါ်ကို မမကေသီ မင်းကို ပြောစရာတွေရှိနေလို့"
သက်ပြင်းချရင်း ကားနောက်ခန်းမှ တံခါးကို ဖွင့်သည်။
“ဗညားကလဲကွာ ရှေ့မှာဘယ်သူမှ မရှိဘဲနဲ့ ရှေ့က တက်ပါ၊ လူမြင်လို့ မကောင်းပါဘူး၊ ကားတစ်စီးလုံး ရှေ့က တစ်ယောက် နောက်ကတစ်ယောက်နဲ့"
သက်ပြင်းကို ချရင်း နောက်ဘက်က တံခါးကို ပြန်ဆွဲပိတ်လျက်ရှေ့ခန်းက ထိုင်လိုက်သည်။
“ဘယ်သွားမှာလဲ မမကေသီ"
“စကားပြောလို့ရမယ့် တစ်နေရာရာပဲပေါ့ကွာ"
ပြောရင်း ကားကို မောင်းသည်။
“မင်းက အိမ်မှ မလာတာ”
ကားမောင်းရင်း မမကေသီ ပြောတော့ . .
“အလုပ်များနေလို့ပါ"ဟု ထုံးစံအတိုင်း စကားကို ဆိုမိပြန်သည်။
ပြီးတော့ သူ့အခန်းကိုတော့ သူ့အတွေးဖြင့် ပြန်မြင်ယောင်လိုက်မိပြန် ၏။ သူစုထားသော စာအုပ်အချို့နှင့် သူ့အဝတ်အစားအချို့ ၊ ပြီးတော့ သူ့အဖေ ထားခဲ့သည်ဆိုသည့် သူ့အဖေ၏ အဝတ်အစားသေတ္တာဟောင်းတစ်လုံး။ အစ်ကိုက ကြိုက်ဟန်မတူသဖြင့် ထိုပစ္စည်းတွေကို မပြောင်းဖြစ်ခဲ့။ ခဏ တစ်ဖြုတ် အဆောင်နေတာပဲ ဘာယူစရာလိုလို့လဲ ဆိုသည့် အစ်ကို့စကား ကြောင့် သူထားခဲ့ရတာ ပြန်သတိရသည်။ မမကေသီ၏ ကားလေးက ခေမရဌ် ရှေ့မှာ ထိုးရပ်လိုက်တော့ ရင်ထဲမှာတော့ ထိပ်သွားသည်။
မမကေသီနှင့် သူနှစ်ယောက်တည်း သည်လိုနေရာမျိုးမှာ လာထိုင် တာ ကျောင်းက တစ်ယောက်ယောက်တွေ့သွားနိုင်သည်ပဲ။ ထိုစကားက တင်မေကျော်ဆီ ရောက်ပြီး အထင်လွဲမှာတွေ ဘာတွေကို သူကြောက်သည်။
“ဆင်းလေ ဗညား”
ဆိုတော့ အတွေးကို ဖြတ်ရင်း ကားပေါ်မှ သူဆင်းသည်။
မမကေသီဟာ သူ့အစ်ကိုရဲ့ အမျိုးသမီးပဲဟု နှလုံးသွင်းရင်း စိတ်ကို ရှင်းအောင်ထားလိုက်၏။
စားပွဲတစ်ခုမှ ထိုင်ရင်း မမကေသီ ကော်ဖီနှစ်ခွက်မှာသည်။ သူဘာမှ မပြောမိတော့ ။ ကော်ဖီကို သူသောက်လို့ မရသော်လည်း ပြန်မပြင်မိ။
“မင်းအစ်ကိုဆီက ဘာစာမှ မလာဘူးလား”ဟု မမကေသီ စကားစသည်။
“မလာဘူး မမကေသီ ၊ အစ်ကိုလဲ ကျွန်တော့်လိုပဲ စာရေးပျင်းတယ်”
ပြုံးရင်း သူ ပြန်ပြောလိုက်မိ၏။
“အရေးတကြီး ကိစ္စရှိလို့လားဟင်”
အစ်ကိုနှင့် မမကေသီတို့အတွက် စိုးရိမ်စကားကို သူမေးဖြစ်သည်။
“အရေးတကြီးရယ်လို့တော့ မဟုတ်ပါဘူးကွယ်၊ သူ နယ်မသွားခင်ဗညားကို ပြောခဲ့သေးလား ၊ မမကေသီနဲ့ သူ ကွာရှင်းဖို့ကိစ္စ”
သူ့ကို ကြည့်ရင်း မမကေသီက မေးသည်။
“အရိပ်အမြွက်တော့ ပြောခဲ့တယ် မမကေသီ"
“ဘာတဲ့လဲ”
“ဪ . . ကွာရှင်းဖို့ စီစဉ်ထားတယ် ၊ အခုတော့ ကိစ္စက မပြတ် သေးဘူး ဆိုတာလောက်ပါ”
ကော်ဖီနှစ်ခွက် ရောက်လာသည်။
“မမကေသီ တောင်းတာကို သူ မပေးလို့ မမကေသီက လက်မှတ်ထိုးမပေးဘူးဆိုတာရော ထည့်ပြောသေးလား”
ကြည့်ရင်း မေးလိုက်သည့် မမကေသီကို သူခေါင်းညိတ်ပြလိုက်မိသည်။ မမကေသီထံမှ သက်ပြင်းငွေ့ငွေ့ချသံ ကြားရ၏။
“ကျွန်တော် ဘာလုပ်ပေးရမလဲ မမကေသီ ၊ ကျွန်တော်ကတော့ အစ်ကိုနဲ့ မမကေသီ ပြန်ပြီး သင့်သင့်မြတ်မြတ် ဖြစ်စေချင်တဲ့ ဆန္ဒပဲရှိတယ်”
ဆေးဆိုးထားသော သူ့လက်သည်းကလေးတွေကို လက်တစ်ဖက်ဖြင့် ကိုက်ရင်း မမကေသီ ပြုံးသည်။
“မဖြစ်နိုင်တော့ပါဘူး ဗညားရယ်"
ပြောရင်း သက်ပြင်းချသည်။ပြီးမှ. . . .
“အခု မမကေသီ ဗညားကို လာတွေ့တာက သူဗညားနဲ့တော့ အဆက် အသွယ်ရှိတာပဲလေ၊ ရန်ကုန်ကိုရောက်ရင်လဲ ဗညားကို လာတွေ့မှာပဲဟာ၊ ဒါမှ မဟုတ် ဗညားစာရေးရင်လဲ ရေးပေးစမ်းပါ၊ မမကေသီပြောတဲ့အတိုင်း အားလုံး လုပ်ပေးရင် မမကေသီ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ သူ့ဘက်က တောင်ကပ်မြောက်ကပ်ဆိုရင် မမကေသီလဲ အားလုံး အရှက်တကွဲဖြစ်အောင်လုပ်မှာပဲ၊ အဲဒီလိုဖြစ်ကုန်ရင် နှစ်ဖက်မိဘတွေလဲ အရှက်တကွဲ ဖြစ်ကုန်ကြလိမ့်မယ်”
“အစ်ကိုက ဘာပြောလို့လဲ မမကေသီ" ဟုနားမလည်စွာ မေးလိုက်မိပြန်သည်။
“သူက မမကေသီကို တိုက်ရိုက်ပြောတာမျိုးတော့ မဟုတ်ပါဘူး သူ့ရှေ့နေရဲ့ အသိုင်းအဝန်းဘက်က လွှင့်လာတဲ့ စကားလေ၊ မမကေသီနဲ့ တွဲနေတဲ့ မမကေသီရဲ့ ရည်းစားဟောင်းကို ပိုင်ပိုင်နိုင်နိုင်ဖမ်းမိရင် တရားစွဲမယ်၊ ဘာညာပေါ့။”
“အစ်ကို့မှာ အဲဒီလို စိတ်ထားမရွိတာသေချာတယ် မမကေသီ"
“ဘာဖြစ်ဖြစ်ပေါ့ ဗညားရယ်၊ ပါးကိုက်လို့ နားကိုက်ရင် နှစ်ယောက်စလုံး နာကြမှာပဲလေ"
ဘာမှပြန်မပြောမိဘဲ ကော်ဖီပန်းကန်ကို ယူလျက်တစ်ကျိုက် မော့သည်။
“နှစ်ယောက်လုံးမှာ တာဝန်ရှိတာ မမကေသီသိပါတယ်၊ နှစ်ယောက် စလုံးမှားကြတာပဲပေါ့။ အိမ်ထောင်ပြုလိုက်တော့ နှစ်ယောက်လုံးမှာ အချစ်ဆို တာ မပါခဲ့ဘူး၊ မမကေသီက ချစ်တဲ့သူ ရှိပြီးသား၊ သူက ကိုယ့်ချစ်သူလောက် မချစ်ရင်တောင်မှ နီးပါးတော့ ချစ်နိုင်မယ်၊ ယုယနိုင်မယ် မျှော်လင့်ခဲ့တာ၊ တ ကယ်တမ်းကျတော့ မင်းအစ်ကိုမှာ နှလုံးသားမှ မရှိတာဘဲ၊ သူ့အလုပ်နဲ့ သူ့အ ပေါင်းအသင်းကလွဲရင် မမကေသီကို သူ ဂရုစိုက်တာ မဟုတ်ဘူး။”
အစ်ကိုက မမကေသီကို မချစ်ဘဲ လက်ထပ်ခဲ့တာလည်း သူအသိ၊ ပြီးတော့အစ်ကိုက ရင်ထဲကမပါဘဲ အပြင်မှာ သရုပ်ဆောင်၍ ကဲကဲပါအောင် သည်းသည်းလှုပ်လှုပ် လုပ်မပြတတ်တာလည်း သူအသိ။ ရင်ထဲမှာ ရှိလျှင်ရှိ သည်အတိုင်း အစ်ကို ဆက်ဆံတတ်သည်။
“မမကေသီကလဲ မာနရှိတဲ့သူဆိုတော့ ဒုက္ခရောက်ကြတာပေါ့ ၊ ဂရုစိုက်မလားလို့ အရွဲ့တိုက်ပြီး ချစ်သူဟောင်းနဲ့ အကြောင်းတွေ့ ပြောပြတယ်၊ သူက မမကေသီကို ပိုပြီး နားလည်မှုလွဲလာတယ်၊ ပိုပြီးရှောင်တယ်၊ နောက်တော့ မမကေသီက တစ်ဆင့်တက်ပြီး ချစ်သူဟောင်းနဲ့ တွဲပြတယ်၊ အဲဒီလို တွဲပြလို့ သူက ကိုယ့်ကို အောက်ကျိုပြီး ဂရုတစိုက် အနေအထားကို ရမလာဘဲ ပိုပြီး ပြဿနာတက်လာရတယ်၊ နောက်တော့လဲ မထူးတော့ဘူးဆိုပြီး မမကေသီ ဆက်တွဲနေတာ”
မမကေသီကို နားလည်ချင်သလို ဖြစ်လာသည်။
“ဒါပေမယ့် မမကေသီရယ်”
စကားကို သူ မဆက်တတ် ၊ မမကေသီ နားဝင်အောင် ဘယ်လို ပြောရမည် သူမသိ။
“ဘာလဲ ဖောက်ပြန်တာ မကောင်းပါဘူးလို့ မင်းပြောမလို့လား”
မျက်နှာမှ အကြည့်ကို လွှဲလိုက်မိသည်။
“မမကေသီကို လက်ထပ်စာချုပ်တစ်ခုတည်းနဲ့ အကျယ်ချုပ်ထားသလို ထားပြီး နှိပ်စက်ထားတာကိုတော့ ဘယ်သူ သိပါ့မလဲနော်”
ဘာမှ ပြန်မပြောမိဘဲ နားထောင်ရုံ နားထောင်နေမိပြန်၏။
“မမကေသီ မှားတာတွေလဲရှိတာပဲပေါ့၊ ခုတုံးလုပ်ရုံဆိုပြီး ရည်စား ဟောင်းကို အသုံးချသလို တွဲခဲ့ပေမယ့် တကယ်တမ်းကျတော့ မမကေသီလဲ စိတ်ပျော့တာပဲ ၊ ပြန်ဆုတ်ဖို့ဆိုတာ ထင်သလောက် မလွယ်မှန်းသိလာပြီလေ။ ထားပါတော့လေ ၊ မမကေသီ ပြောတာသာ ဗညားလုပ်ပေးနော် ဟုတ်လား”
“ကျွန်တော် ဒီညပဲ အစ်ကို့ဆီ စာရေးလိုက်ပါ့မယ်"
"..သွားရအောင်"
မမကေသီ ထရပ်သည်။
“မမကေသီ ကော်ဖီမသောက်တော့ဘူးလား”
ပြုံး၍ ခေါင်းကို ခါယမ်းသည်။ပြီးတော့ ကောင်ကာဆီထလျှောက်လျက် ပိုက်ဆံရှင်း၏။
“ကျွန်တော် ဒီကပဲ လျှောက်သွားတော့မယ် မမကေသီ"
လှည့်ထွက်လာသော မမကေသီကို ကြည့်ရင်း ပြောလိုက်သည်။
“မဟုတ်တာကွယ် . . . လာ . . . တက်”
ရပ်ပြီး နေမိသေးသည်။
“လာလေကွယ်”
ကားပေါ်မှ လှမ်းခေါ်တော့ ဆက်ပြီး ငြင်းမနေချင်တော့။ ကားတံခါးကို ဖွင့်ပြီးတက်လိုက်သည်။ စီးပွားရေးတက္ကသိုလ်ပေါ်တီ ကို အောက်မှာ ကားထိုးရပ်စဉ် ကားပေါ်မှ ဆင်းလိုက်၏။
“သွားမယ် ဗညား”
နှုတ်ဆက်ပြီး မမကေသီ၏ ကားထွက်သွားသည်။
မျက်နှာအလှည့်မှာ အဆောက်အဦထဲက ထွက်လာသော တင်မေ ကျော်တို့ သုံးယောက်နှင့် မျက်နှာချင်းဆိုင်မိသည်။
“မင်းအစ်ကို အမျိုးသမီးမဟုတ်လား"
အနားရောက်ခိုက်မှာ တင်ထွန်းမြင့်က မေးသည်။
“ဟုတ်တယ်”ဟု ပြန်ဖြေရင်း တင်မေကျော် မျက်နှာဆီ အကြည့်ရောက်၏။
“အစ်ကို့ ကိစ္စတစ်ခုရှိလို့”
မည်သူကမျှ မမေးဘဲ ဖြေလိုက်မိသော မိမိကိုယ်မိမိလိပ်ပြာမလုံလို့ လေလားဟု တွေးမိရင်း နောင်တရနေပြန်သည်။
“နောက်တစ်ချိန် မရှိဘူး၊ ဆရာ မလာလို့ ကင်တင်းသွားရအောင်"
ဟု တင်မေကျော်က စပြောလိုက်တော့ အကျဉ်းအကျပ်မှ လွတ် မြောက်သွားရသလို ထင်မိပြန်တာ ဘာကြောင့်မှန်းမသိ။
“မေကျော်က နေမကောင်းလို့လား တွေးပြီး စိုးရိမ်နေတာ"
အတူ ယှဉ်တွဲလျှောက်စဉ် ကြားနိုင်ရုံ တီးတိုးစကားကို မေကျော်ပြော၏။
“မနက်က မမကေသီ ရောက်လာပြီး လာခေါ်သွားလို့"
“အဆောင်ကိုတောင် လိုက်သွားကြည့်ရကောင်းမလား စဉ်းစားနေသေးတယ်”
စိုးရိမ်စကားဆိုသည့် ချစ်သူ့မျက်နှာဆီအကြည့် ရောက်သည်။ ရင်ထဲမှာ လှုပ်ရှား၍ နွေးထွေးစွာ ခံစားလိုက်ရပြန်၏။
“စာမေးပွဲနီးရင် စာအုပ်မရောင်းနဲ့တော့လေ၊ အရမ်းပင်ပန်းနေမှာ ပေါ့”
တင်မေကျော်ကို ကြည့်လျက် ခေါင်းညိတ်ပြလိုက်မိသည်။
** •• **
၈ဆက်ရန်
#ရသလွင်ပြင် fb စာမျက်နှာမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
#မောင်စိန်ဝင်း #ဝတ္ထုရှည် #တောင်သမန်အင်းမှာနှင်းဖြစ်ပါတော့
#တမာသားလေးမှတ်စု #Book_House
Leave a Comment