အရောင်မွဲမွဲ ခိုငှက်တစ်ကောင် (နေဝင်းမြင့်)
(၁)စင်စစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က သူ့အသက် ၄ဝ တင်းတင်း ပြည့်ခဲ့ပြီဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ကို သူ့အသက် ၄ဝ ပြည့်သည့်နေ့အဖြစ် သူ မှတ်မှတ်သားသားရှိခဲ့သည်။
၁၉၅၂ ခုနှစ်မှာ မွေးသော သူသည် အပေါင်းအနုတ်အမြှောက်အစားလေး တတ်မြောက်လာခဲ့သော အချိန်ကာလကပင် အသက် ၄၀ ပြည့်မည့် ၁၉၉၂ ခုနှစ်ကို ကြိုတင်တွက်ဆကာ စောင့်စားနေခဲ့ဖူးသည်။
နောက်တော့လည်း အသက်တွေ ကြီးရင့်လာတာနဲ့အမျှ မေ့သွားတာပါပဲ။ မနှစ်က သူ့အသက် ၃၉ နှစ်ပြည့်တော့ နောက်နှစ်မှာ ၄ဝ ပြည့်တော့မှာပါလားဆိုတော့ တစ်ခါပြန်သတိရလာပြန်သည်။ အဲဒီတုန်းက သူ့မွေးနေ့ တော်တော်များများကို ခြောက်ခြောက်သွေ့သွေ့ ဖြတ်သန်းလာခဲ့ရသော သူသည် နောက်နှစ် ၄ဝ ပြည့်ရင်တော့ မွေးနေ့ပွဲလေး လုပ်ဦးမည်ဟု သူစဉ်းစားထားခဲ့သည်။
ဒါပေမဲ့ အ့ံသြစရာတော့ကောင်းသား၊ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားနေခဲ့ရသော ၄ဝ ပြည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်က မိမိမွေးနေ့ကို မိမိ မေ့နေတာပဲ ဖြစ်သည်။ ခါတိုင်းလိုပင် အနန္တဂုဏ် လက်ဖက်ရည်ဆိုင်ကလေးမှာ စာရေးဆရာ၊ ကဗျာဆရာ၊ ဝေဖန်ရေးဆရာတွေနှင့် ရောက်တတ်ရာရာပြောရင်းက မနက်ခင်းတစ်ခင်းလုံးကို သုံးဖြုန်းပစ်ခဲ့သည်။ စကားဝိုင်းပြီးလို့ ခွဲခွာခါနီးမှ
“ဒီနှစ် ဆရာရှမ်းမရှိတော့လို့ မွေးနေ့မလုပ်တာလား၊ ဘိုခိုင်ကြီးနဲ့ ခင်ဗျားကတော့ လုပ်ဖို့ကောင်းတယ်ဗျာ၊ မဟုတ်ဘူးလား ကိုပိုက်”
ကိုစိုးမြင့်လတ်က ကိုယ်ယဉ်မင်းပိုက်ကိုပြောရင်းက သူ့လက်တွေကို ဖျစ်ညှစ်သည်။ သူတို့ ဆုံတွေ့နေကျ သည်လူစုတွေထဲမှာ ဖေဖော်ဝါရီသား သုံးယောက်ပါသည်။ ဆရာရှမ်း၊ ဆရာမောင်ခိုင်မာနှင့် သူ။ အဲသည်တော့ သူ၏ အသက် ၄ဝ ပြည့် မွေးနေ့ကို သူ သတိရသွားသည်။
(၂)
ကိုယ်တိုင်က မွေးနေ့ပွဲမလုပ်ဖူးသော်လည်း မွေးနေ့ပွဲတော်တော်များများကို သူရောက်ဖူးသည်။ သူငယ်ချင်းမိတ်ဆွေ တော်တော်များများက သတိတရ ဖိတ်သည့်အခါတိုင်း မွေးနေ့ဖိတ်စာကတ်ပြားလေးတွေကို စာအိတ်ညိုကြီးတစ်လုံးထဲမှာ သူ သိမ်းထားတတ်သည်။ တချို့ သူငယ်ချင်းတွေကတော့ သူတို့ မွေးနေ့တွေထက် သားသမီးတွေရဲ့မွေးနေ့ကို နှစ်စဉ်ဝတ်မပျက် ကျင်းပလေ့ရှိ၏။
တစ်ခါတစ်ခါ ပျင်းပျင်းရှိလျှင် စာအိတ်ညိုကြီးထဲက ဖိတ်စာလေးတွေ သွန်ချကာ ဖတ်နေမိတတ်တာလည်း ရှိသည်။
'သမီး လင်းလင်သက်ခိုင်မင်းရဲ့ မွေးနေ့ပွဲကို ဦးဦး ဆက်ဆက် ကြွခဲ့ပါရှင်။ သမီးရဲ့ လေးနှစ်မြောက်မွေးနေ့မှာ သမီးလူကြီးမိဘတွေကို ကန်တော့ချင်လို့ပါ'
လင်းလင်းသက်ခိုင်မင်းတဲ့။ သူငယ်ချင်းတစ်ယောက်၏ သမီးလေးဖြစ်သည်။ အခုဆိုရင် အသက် နှစ်ဆယ်လောက်ရှိရော့ပေါ့။ အခြား မြို့တစ်မြို့သို့ ပြောင်းရွှေ့သွားသော သူတို့မိသားစုနှင့် မတွေ့ရတာကြာပြီ။
'သားသား ရန်ရှင်းကျော်ခေါင်ရဲ့ ရှစ်နှစ်မြောက်မွေးနေ့ကို ဦးဦးလာခဲ့ပါနော်။ သား ရေခဲမုန့်ကျေွးချင်လို့ပါ'
ဆိုသော ဖိတ်စာကတ် ပိုင်ရှင်လေးကတော့ ဆယ်နှစ်သားမှာ ရေနစ်သေဆုံးသွားခဲ့သည်။ သူလည်း ကျောင်းနေဖက်သူငယ်ချင်းမ တစ်ယောက်ရဲ့ သားလေးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အသက်ကလေးရလာတော့လည်း မွေးနေ့အတော်များများကို ရှောင်တယ် ရယ်လို့မဟုတ်ဘဲ ခပ်ခွာခွာကလေး နေခဲ့တာကြာပြီ။
စာလေးပေလေး ရေးလာခဲ့သည့် သည်ဘက်ကာလတွေမှာတော့ သူလေးစားရသော ဆရာဒဂုန်တာရာနှင့် အမေ လူထုဒေါ်အမာမွေးနေ့တွေကို သူ ရောက်ရှိနေတတ်ပြန်သည်။
သည်မွေးနေ့တွေမှာ တူညီတာတစ်ခုက ဘုန်းတော်ကြီးကျောင်းတွေမှာ ကျင်းပတာပဲဖြစ်သည်။
မွေးနေ့ပွဲမှာ မတွေ့ရတာကြာသူတွေ၊ ရေးဖော်များ၊ ဆရာသမားများ၊ မိတ်ဆွေများ၊ ရေးသစ်က ကလောင်ညီအစ်ကိုမောင်နှမများနှင့် တွေ့ရကြုံရတာကို သူ ကြည်နူးသည်။
သည်နှစ် မေလထဲမှာ ကျင်းပသော ဆရာဒဂုန်တာရာမွေးနေ့မှာ အစီအစဉ်မရှိဘဲ သူ စကားတွေ ထပြောရသည်။ အဲသည်တုန်းက ၁၉၄ဝ အိုးဝေမဂ္ဂဇင်းမှာ ဆရာရေးခဲ့သော 'နွေဦး' ခေါင်းကြီးကို သူစိတ်ရောက်သွားသည်။
နွေဦး၏ ရနံ့သစ် ပန်းပွင့်များအကြောင်း ဥသြငှက်အကြောင်း၊ လေညင်းနှင့် မိုးတိမ်များအကြောင်း၊ အရောင်အသွေးစုံ ပက်ကြဲထားသော ပန်းချီကားတစ်ချပ်လို လှပသော တိမ်းမူးဆွတ်ပျံ့ဖွယ် နွေဦးတွေရဲ့ အကြောင်းကို သူဘာဖြစ်လို့ ပြောဖြစ်သွားသည်ကိုပင် သူစဉ်းစားလို့မရ။ အလွတ်ရနေတတ်သော နွေဦးခေါင်းကြီးထဲက စာပိုဒ်တချို့ သူဘာဖြစ်လို့ မရွတ်မိတာလဲ သူ စဉ်းစားလို့မရ။
နေသည် ပူပြင်းစွာတောက်လောင်ဆဲ၊ နွေဦး၏ ရှေ့တော်ပြေး လေရူးသည် ပဋိပက္ခပြုလျက် ဝှေ့ဝန်းလိုက်လေရာ ယဲ့ယဲ့သာရှိနေသော သစ်ရွက်ခြောက်များသည် မြေပေါ်သို့ လွင့်စဉ်ကြွေကျကာ ခန္ဓာသိမ်းသွားကြကုန်၏။
ထိုအခါ ရွက်ဟောင်းကြွေလျက် ရွက်သစ်လဲရမြဲ 'လောကရာဇဝင်လမ်းကြောင်း သဘောတရား' ကို မလွန်ဆန်နိုင်သော သစ်ပင် ပန်းမန်တို့သည် ရွက်ဟောင်းကို စွန့်ပယ်၍ ရွက်သစ်ကို …
လောကရာဇဝင်လမ်းကြောင်း သဘောတရား …
ဆရာ့မွေးနေ့က ပြန်တော့လည်း သူ့မှာ တွေးစရာတွေပါလာခဲ့သည်။ နိုဝင်ဘာလမှာ ကျင်းပတတ်သော အမေလူထု မွေးနေ့ပွဲကို သွားတိုင်း တောင်သမန်အင်းကျယ်ကြီးရဲ့ အဦးက တောင်လေးလုံးကျောင်းတိုက်မှာ သူတို့ တည်းကြသည်ချည်း။
မည်စည်ပင်တန်းမှာ လမ်းလျှောက်၊ သူငယ်ချင်းကဖေးနှင့် ခရေရိပ်တွေမှာ၊ မဟာဂန္ဓာရုံကျောင်းတိုက်၏ အေးမြသော တရားရိပ်သာမှာ၊ ကျောက်တော်ကြီးဘုရား ပရိဝုဏ်ထဲမှာ မန္တလေး၏ ရနံ့တွေကို ရှူရှိုက်ရင်း ကဗျာတွေ ရွတ်ကြ၊ စာတွေ ရွတ်ကြ၊ သီချင်းတွေ ဆိုကြ။
အသက်ခုနစ်ဆယ်ကျော် အမေရဲ့
'ကျွန်မ လူပိုလူလျှံတစ်ယောက်အဖြစ် မနေချင်ပါဘူး။ စာတွေကို ရေးနေဦးမှာပါ။ နိုင်သလောက်ဝန်ကို ကျွန်မ ထမ်းသွားဦးမှာပါ'
ဆိုသော စကားတွေကို သူကြားနာခဲ့ရသည့်နောက်ပိုင်း သူ၏ ပျင်းရိလေးတွဲ့သောစိတ်တွေကို ထိုစကားစုက ခြောက်လှန့်မောင်းနှင်ပစ်တတ်သည်။
တစ်ခါက အမေ့မွေးနေ့တစ်နေ့မှာ အမေက သူ့ကို ဆုံးမဖူးသည်။ 'ကျွန်တော့်ဘဝဇာတ်ကြောင်း' ထဲမှာ ဆရာသော်တာဆွေက သူနှင့် ကဗျာဆရာမောင်ခိုင်မာတို့ အလဲအကွဲက များကြောင်း ရေးခဲ့ဖူးသည်။
ထို ရူမဝ မဂ္ဂဇင်းကို အမေဖတ်ရတော့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ဟန်တူသည်။
“သား … မင်းနဲ့ မောင်ခိုင်မာအရက်တွေ အရမ်းသောက်တယ်ဆို၊ အမေ ဖတ်ရတယ်။ မကောင်းမှုအကုသိုလ်စိတ်ဆိုတာ ဘယ်ကမှ ရောက်လာတာမဟုတ်ဘူး။ ကိုယ့်ဝမ်းထဲမှာ နဂိုက ရှိပြီးသား။ အဲဒီအကုသိုလ်စိတ်ကို အရက်က ထကြွနိုးကြားစေတယ်။ မကောင်းတဲ့ အကျိုးဆက်တရားတွေသာ ရရှိစေတယ်။ မင်း အမေ့ကို ကတိပေးပါ။ နောက် မသောက်ပါဘူး လို့ ….”
“ဆရာသော်တာဆွေက ကျွန်တော်တို့ကို စနေကျပါ အမေ၊ ကျွန်တော်တို့ အဲသည်လောက် မသောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် အမေ့ကို ကတိပေးပါတယ်”
သည်နောက်တော့ ဆရာမောင်ခိုင်မာလည်း အရက်မသောက်ဖြစ်တာကြာပြီ။ သူလည်း မသောက်ဖြစ်တော့။ အသက် ၄ဝ ပြည့်သည့်နေ့ကတော့ အနန္တဂုဏ် လက်ဖက်ရည်ဆိုင်ကလေးက အထွက်မှာ ကိုစိုးမြင့်လတ်ကို ချိန်းဖြစ်သွားသည်။
“ကျွန်တော့်မွေးနေ့ကို ကျွန်တော်မေ့နေတယ်။ မေ့ချင်လို့သာ မေ့တာပါဗျာ၊ နှစ်ပေါင်းများစွာက ကျွန်တော် စောင့်စားလာခဲ့တဲ့ရက်ပါ။ အသက်လေးဆယ် ခံစားမှုကို ကျွန်တော်ငယ်ငယ်ကတည်းက သိချင်နေခဲ့တယ်။ ငယ်ငယ်က ငါ အသက်လေးဆယ်မှာ ဘယ်နေရာမှာ ဘယ်လိုဘဝနဲ့ ဘယ်လိုရုန်းကန်နေရလဲဆိုတာ ကြိုတင်ခန့်မှန်းဖို့ တော်တော်ခက်တဲ့ကိစ္စ မဟုတ်လား။ ကနေ့တော့ ရောက်လာခဲ့ပြီ။ ဘာမှ ထူးထူးဆန်းဆန်းမဟုတ်တဲ့ နှစ်ပေါင်းလေးဆယ် ခရီးကို ဟိုလိုလို ဒီလိုလိုနဲ့ ကျွန်တော်ရောက်လာခဲ့ပြီ။
ဘာပဲဖြစ်ဖြစ် လူဆိုတာ ငယ်ဘဝတွေကိုလည်း အောက်မေ့၊ လက်ရှိဘဝကိုလည်း သုံးသပ်၊ အနာဂတ်ကိုလည်း မျှော်လင့်၊ ဒါပဲမဟုတ်လား။ အင်းလေ … နှစ်ပေါင်းလေးဆယ်ဟာ မနေ့တစ်နေ့ကလိုပါပဲ။ ဘာမှ ရေရေရာရာမရှိခြင်းဟာ မနေ့တစ်နေ့ကလိုပါပဲ”
အဲသည်နေ့ညနေက အုတ်ထရံမြင့်မြင့်ကြီးဘေးက ခရိုးခရိုင် အိမ်ဆိုင်ကလေးဆီကို သူတို့ သွားကြသည်။
သည်တစ်ခါ ခွင့်လွှတ်ပါ အမေ …
(၃)
သူစွဲလမ်းသော ဆိုဗီယက်ကဗျာဆရာ Rasual Gomzatov ၏ ကဗျာတစ်ပုဒ်ကို သူ မကြာခဏ ရွတ်နေတတ်သည်။
My childhood days are far behind,
In vain I cry and Yearn.
No plea and no ppeal of mine.
Can make those days return.
ငယ်ဘဝတွေဟာ ဟိုဝေးဝေး နောက်မှာ ကျန်ရစ်ခဲ့ပြီတဲ့။ ကျန်ရစ်ခဲ့တဲ့ငယ်ဘဝကို ပြန်လိုချင်လို့လည်း မချည်းနှီးပေါ့တဲ့။ ငယ်ဘဝတွေဟာ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေတဲ့။
ငယ်ဘဝတွေကို ပြန်မရနိုင်တော့သော်လည်း ငယ်ရိပ်ငယ်သွေးတွေကို သူ တစ်ခါတစ်ခါ သတိရသည်။ ဧရာဝတီ၊ ရွှေရောင်မြက်ခင်းများ၊ တောင်ကုန်းတောင်တန်းများ၊ ရေနံစင်များ၊ ဆည်မြောင်း ရေသောက်စိုက်ခင်းများ၊ မုန်းချောင်းစပ်က ရွာများ၊ ဧရာဝတီမြစ်ဆိပ်က တက်လျှင် သံတိုင်းလှေဆိပ်ကို ရောက်မည်။ ကမ်းပါးမြင့်မြင့်ပေါ်မှာ ကူးတို့လှေခရီးသည်တွေကို စောင့်ဆိုင်းနေတတ်သော မြင်းရထား (မြည်းလှည်း) တချို့ရှိမည်။ သက်ငယ်မိုး အိမ်ကုပ်ကုပ်ကလေးတွေရှိမည်။ ထနောင်းပင်တွေ စီကာရီကာ ရှိမည်။ ခပ်လှမ်းလှမ်း တစ်မျှော်တစ်ခေါ်မှာ ပြောင်းခင်းနှင့် ယာခင်းတွေရှိမည်။ အလွန်ကြမ်းတမ်းခက်မာသော သံကိုင်း-ကုန်းဇောင်းလမ်းဆုံးလျှင် ကုန်းဇောင်းကိုရောက်မည်။
အဲသည်ရွာကလေးမှာ နှစ်ပေါင်းများစွာ သူ နေထိုင်ခဲ့ဖူးသည်။ ထနောင်းပင်နှင့် စိန်ပန်းပင်တွေ ရှိနေတတ်သော၊ ကန္တာရအပင်နှင့် အဘိုးကြီး-အမယ်ကြီး ပင်တွေရှိနေတတ်သော စာသင်ကျောင်းကလေးမှာ နှစ်အတန်ကြာ သူ နေခဲ့ဖူးသည်။
မြောင်းပေါင်စပ်မှ လှမ်းမြင်ရတတ်သော ရေနံချောင်းသည်လည်းကောင်း၊ ပုပ္ပားတောင်မြင့်မြင့်သည်လည်းကောင်း သူ့အဖို့ ရင်ခုန်စရာမြင်ကွင်းတွေ ဖြစ်နေတတ်သည်။ ညောင်လှသူဖြစ်သော မိခင်ကို နွယ်၍ နောင် ရေနံချောင်းကို ဖြတ်သန်းခဲ့ရသောအခါ ရေနံချောင်းသည် သူထင်တာထက် ပိုမိုလှပနေသည်ဟု ထင်သည်။
ညောင်လှမြစ်ဆိပ်က တက်လျှင် တစ်ဆစ်ချိုးကွေ့တွေ များသော၊ အတက်အဆင်းတွေ များသော၊ ချောင်းနိမ့်ရေကျော်ကလေးတွေ ရှိတတ်သော ရေနံချောင်းသည် ရှက်ရွံ့တတ်သော သတို့သမီးလေးလို ဖြစ်နေတတ်သည်။
သည်တုန်းကတော့ သူချစ်သော ပထဝီဝင်နှင့်အတူ သူ့ငယ်ဘဝသည် စီးပျော်ယှက်နွယ်နေသည်။
ဘုန်းကြီးကျောင်းအိုကြီးတွေမှာ သီးသီးထုရတာ၊ ပေသီးပစ်ရတာ၊ ဒီထိုးရတာ၊ မုန်းချောင်းစပ်က သဲပြန့်သောင်ပြင်တွေမှာ ပဲပင်နုနုကလေးတွေ လိုက်ကောက်ရတာ၊ ခံသီးချဉ်ချဉ်ကလေးတွေ မြုံ့ရတာ၊ မုန်းငါးကြီးတွေကို ငါးစာကျေွးရတာ၊ ဆောင်းတွင်း နှင်းဝေဝေမှာ တလင်းခေါက်ရတာ၊ နွေရေချမ်းစင်ကလေးတွေမှာ ရေလိုက်ဖြည့်ရတာ၊ ဗုံရှည်ဝိုင်းတွေနောက်ကို တကောက်ကောက်လိုက်ရတာ၊ ကျောင်းနှင့်ဝေးရာ ဇရပ်တစ်ဆောင်ဆောင်မှာ နေကုန်နေခန်း ဆော့ကစားရတာ …
သည်နောက်တော့ သူ ရန်ကုန်ရောက်လာသည်။ ကျောင်းတစ်ဖက်နှင့် အလုပ်လုပ်ရင်း ဝင်ငွေရှာရတာကိုလည်း သူ မေ့လို့မရနိုင်။ သည်လိုနှင့် သူ့အသက် နှစ်ဆယ်ကျော်ကျော်မှာ အလုပ်သမားတစ်ယောက် ဖြစ်လာရပြန်သည်။ မွဲပြာရောင်ဝတ်စုံ ဖိုးရိုးဖားရားနှင့် သူ ဆီပုံးတွေကို လှိမ့်ဖူးသည်။ မော်တော်ကားကြီးတွေထဲကို ဆီဖြည့်ဖူးသည်။ အင်မတန်သန်မာသော မြေစိုင်ခဲကြီးတွေကို ပေါက်ချွန်းတစ်လက်ဖြင့် နေကုန်နေခန်း ပေါက်ရဖူးသည်။ ဤသို့ဖြင့် သူ့ငယ်ဘဝအဆစ်အပိုင်း တော်တော်များများသည် ပိုးနားသန်ကောင်တစ်ကောင်နှင့် တူနေခဲ့ဖူးသည်။ တစ်ဖြောင့်တည်း သွားနေရာက အတို့အထိများလာသောအခါ ခွေခေါက်နေရသော အချိန်တွေက ပိုမိုများပြားနေတတ်သည်။
နှစ်ပေါင်း ၄ဝ အတွင်းမှာ ဘဝ၏ တို့ထိမှု ဒဏ်ရာဒဏ်ချက်တွေကြောင် အကွေးလိုက် ခွေခေါက်နေရသော အချိန်ကာလ တော်တော်များများကို တစ်ခါတစ်ခါ နှမြောနေတတ်လေသည်။ သူ့ဘဝထဲက အကန့်တော်တော်များများထဲမှာ သီချင်းဂီတ အကန့်ကလေးတစ်ကန့် အကြောင်းကိုလည်း သူ အမှတ်တရ ပြောရဦးမည် ဖြစ်၏။
သူ ငယ်စဉ်ကပင် သီချင်းတွေကို နှစ်သက်သည်။ နောက်တော့လည်း မဟာဂီတသီချင်းတွေကို သူ သီဆိုဖြစ်ပြန်သည်။
ရန်ကုန်ပန်တျာ ကျောင်းဝင်းထဲက ကြိုးတပ်တူရိယာဌာနထဲမှာ သူ အမြဲလိုလို ရှိနေတာများသည်၊
အသံလွှင့်ရုံ Studio B ထဲမှာ သူ ရှိနေတာများသည်။
ဆင်ခြေဖုံးနယ် တော်တော်များများက မင်္ဂလာဧည့်ခံပွဲတွေမှာ ရှိနေတာများသည်။
သည်လိုနှင့် သူ စနစ်တကျတက်ယူရင်း သီချင်းဂီတထဲမှာ ဘဝကို နစ်မြှုပ်ပစ်လိုက်ဖို့ သူ စိတ်ကူးသည်။
တစ်နေ့တော့ သူ ချစ်မြတ်နိုးသော သီချင်းဂီတကို သူစွန့်လွှတ်ဖို့ ဖြစ်လာသည်။
“တို့ဝိုင်းက တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ဟိုတယ်မှာ ဖျော်ဖြေဖို့ ရှိသည်။ သီချင်းကြီးနဲ့ ခေတ်ဟောင်းတွေ ဆိုရမည်။ တစ်ဝိုင်းလုံးအတွက် သုခမကြေးရမယ်။ tip ရရင်လည်း ရသလိုပေါ့”
“ဟိုတယ်မှာဆိုတာ ဘယ်လိုလဲဆရာ။ နိုင်ငံခြားသားတွေကို ဖျော်ဖြေရမှာလား”
“နိုင်ငံခြားသားရော မြန်မာတွေရောပေါ့”
သည်လိုနှင့် မြစ်လေတဖြူးဖြူးရသော ဟိုတယ်တစ်ခုမှာ သူတို့ ဝိုင်းတီးဖြစ်သည်။
အနီရောင် ကတ္တီပါကော်ဇောပေါ်မှာ ခြောက်လုံးပတ်၊ စောင်း၊ ဝါးပတ္တာလား၊ မြန်မာဂီတာ၊ တယောတွေ စီကာရီကာ ရှိနေသည်။ ထိုညက ရပ်ကြီးသူ ယိုးဒယားကို သူဆိုသည်။
ခန်းမထဲမှာ ဝါးပတ္တလား၊ စောင်းသံနှင့် သံကျကလေးတွေမှာ လိုက်တို့ပေးသော ခြောက်လုံးပတ်သံထက် တဝေါဝေါ အော်ဟစ်ဆူညံနေသံက စူးထွက်နေသည်။
နိုင်ငံခြားသား တော်တော်များများက စူးစိုက်နားထောင်သော်လည်း အော်ကာဟစ်ကာ လက်ခုပ်လက်ဝါးတီးရင်း ထကသူတွေမှာ မြန်မာတော်တော်များများဖြစ်နေသည်။
ည ကိုးနာရီ ဝိုင်းသိမ်းတော့ တီးဝိုင်းဆရာက သူ့ကိုငွေအစိတ်ထုတ်ပေးသည်။ သည်ဆရာသည် သူ၏ ဆရာလည်းဖြစ်သည်။ ဒါပေမဲ့ သူဆုံးဖြတ်ပြီးပြီ။
“ဗုဒ္ဓဟူးည လာခဲ့ဦး။ ရော့ လမ်းစရိတ်”
“ကျွန်တော် မလာတော့ဘူးဆရာ။ နောက် ဘယ်တော့မှ ကျွန်တော် သီချင်းဆိုမှာ မဟုတ်တော့ပါဘူး”
“ဘာဖြစ်လို့လဲ၊ နည်းလို့လား”
“မဟုတ်ပါဘူးဆရာ၊ ဆရာလည်း သိသားပဲ၊ ကျွန်တော်တို့ဂီတဟာ မူးရူးနေတဲ့လူတွေကို ဖျော်ဖြေဖို့မှ မဟုတ်ဘဲ ဆရာ။ ကျွန်တော်တို့ ဂီတဟာ tip ပေးရင် ဆိုပြရတဲ့ဂီတမျိုးမှ မဟုတ်ဘဲ ဆရာ၊ ကျွန်တော်သွားတော့မယ်”
ထူထဲသော မှန်တံခါးချပ်ကြီးကို တွန်းဖယ်ပြီး ထွက်လာသည့်အခါ စောင်းသံအချို့ သူနှင့်အတူ ခုန်ကာပေါက်ကာ ပါလာသေးသည်။ နောက်တော့ ဂီတသံသည် သူနှင့်ဝေး၍ဝေး၍ ကျန်ခဲ့လေသည်။
(၅)
နှစ်ပေါင်းလေးဆယ်အတွင်းမှာ သူ အမှတ်တရအရှိဆုံးမှာ သူ ဆယ်တန်းကျောင်းသားဘဝက ပထမဆုံးရေးခဲ့သော စာမူကလေး ပုံနှိပ်ဖော်ပြခံရခြင်းဖြစ်သည်။
စင်စစ် ထိုစာမူကလေးကို မဂ္ဂဖင်းတိုက်သို့ သူ သွားပို့ရဲသည်မဟုတ်။ စာမူခေါက်ကလေးကိုလိပ်ကာ Book Post ဟု ရေးပြီး တံဆိပ်ခေါင်း ကပ်ပေးလိုက်ခြင်းသာ ဖြစ်သည်။ တစ်လမရှိတရှိမှာ သူ့စာမူရွေးမရွေး သူသိချင်လာသည်။
ဒါပေမဲ့ သူ မဂ္ဂဇင်းတိုက်သို့ မသွားရဲ။ မဂ္ဂဇင်းအယ်ဒီတာ ဆိုသူတွေနှင့် စကားမပြောရဲ။ ပြီးတော့ စာတိုက်ကပို့လိုက်သော သူ့စာမူ ရောက်လာသလား၊ မရောက်လာသလားလည်း သူမသိ။ သူ တယ်လီဖုန်းဆက်လိုက်ဖို့ စိတ်ကူးသည်။
“မိုးဝေမဂ္ဂဇင်းတိုက်ကလား ခင်ဗျား”
“ …………………………….”
“ကျွန်တော်ာမူလေးအခြေအနေ သိချင်လို့ပါ။ ကျွန်တော် စာတိုက်က ပို့လိုက်တာပါ”
“ …………………………….”
“ခေတ်ပေါ်မြန်မာဇာတ်သဘင်ရဲ့ အပြင်အင်္ကျီပါ။ ဇာတ်သဘင်ဝေဖန်ရေး ဆောင်းပါးပါ”
“ …………………………….”
“ခင်ဗျာ”
'စက်တင်ထားပါတယ်' ဆိုသော အဖြေကို ထိုစဉ်က သူနားမလည်ပါ။ နားလည်သူကိုမေးတော့ ပုံနှိပ်နေပြီလို့ ပြောတာပေါ့ကွ ဟုဆိုသည်။ သူ အ့ံသြထိတ်လန့်သွားသည်။ သူ့တစ်ကိုယ်လုံး ပူနွေးသွားသည်။ မဂ္ဂဇင်းထွက်မည့်ရက်မှာ သူ အင်းစိန်က စာအုပ်ဆိုင်ကလေးကို သူနေ့တိုင်းသွားသည်။ ထိုစဉ်က မိုးဝေမဂ္ဂဇင်းမာတိကာက မဂ္ဂဇင်းနောက်ကျောဖုံးမှာ ဖြစ်သည်။
နောက်ကျောဖုံးမှာ သူ ကမန်းကတန်းရှာဖွေလိုက်တော့ …
သူနေထိုင်ရာ တညင်းကုန်းကို စာအုပ်ကိုင်ရင်း သူပြေးလာခဲ့သည်။
“အမေ … ကျွန်တော် စာရေးဆရာဖြစ်သွားပြီ၊ ဒီမယ် ကြည့်ပါဦး”
(၆)
သူ့ အနှစ်လေးဆယ် ဖြတ်သန်းမှုအတွင်းမှာ ခါးသီးသောရက်စွဲတချို့ ရှိသည်။ ဒိုင်ယာရီဟောင်းများရှိသည်။ တချို့နှစ်တွေမှာ သူ ဒိုင်ယာရီမရေးဖြစ်။ ညကျောင်းတစ်ကျောင်းမှာ တွေ့ခဲ့ ရင်ခုန်ခဲ့ဖူးသော ပထမဦးဆုံး သူမနှင့် အကြောင်းကြောင်းကြောင့် ဝေးသွားခဲ့ရပြီး ၁၇ နှစ်ကြာမှ ပထမဦးဆုံးပြန်တွေ့ရသောအခါ (သူ့မှာ ကလေးနှစ်ယောက် ရနေပြီဖြစ်သော်လည်း) သူ ရင်ခုန်ချင်သေးသည်။
သူမမျက်နှာပေါ်မှာ မှဲ့ကလေးကို သူငေးကြည့်တုန်းမှာပဲ သူမက စကားတစ်ခွန်းပဲပြောသည်။
“ကြာပြီနော်”
ထိုကြာပြီနော် ဆိုသည့် ၁၇ နှစ်အတွင်းမှာ မျက်နှာမှာ မှဲ့ပါသော ဒုတိယသူမနှင့် တွေ့ခဲ့ဖူးသေးတာကိုလည်း သူတစ်ခါတစ်ခါ သတိရနေတတ်သည်။ ဘာပဲဖြစ်ဖြစ် သည်ရက်စွဲတွေက အိပ်မက်တွေပဲ ဖြစ်သည်။ မိုးလင်းတော့လည်း သိသလိုလို မသိသလိုလို ဝိုးဝါးရောထွေး။
အခုတော့ သူ့မှာ တစ်ခါတစ်ခါ စိတ်ကောက်တတ်သော၊ ကလေးဆန်သော၊ စုလှဖြူနှင့် မီကိုဇူးဇင် ကြိုက်သော၊ သူ့ဝတၳုတွေထက် သူ့ဝတၳုစာမူခကို နှစ်သက်သော၊ ဈေးကပြန်တိုင်း မြည်တွန်တောက်တီးတတ်သော ဇနီးတစ်ယောက်ရှိနေပြီဖြစ်သည်။ သားနှစ်ယောက်ကတော့ တစ်မျိုးစီဖြစ်သည်။ အကြီးကောင်က ဘာကိုမှ အလေးအနက်မထားတတ်သလောက် အငယ်ကောင်ကတော့ သုံးတန်းနှင့် ဝတၳုတွေရေးကာ အိမ်ကိုလာတတ်သော ဆရာမောင်ခိုင်မာတို့၊ ဆရာယဉ်မင်းပိုက်တို့၊ ဆရာကိုကြည်နိုင်တို့ကို သူ့ဝတၳုတွေ ပြတတ်သည်။ “ကျော်ကျော်နှင့် ဇော်ဇော်သည်” သူငယ်ချင်းများဖြစ်သည်။ ကျော်ကျော်သည် မူးယစ်ဆေးဝါးသုံးစွဲ၍ ဇော်ဇော်က စာတော်ပါသည်။ ကျော်ကျော်က တစ်တန်းလုံးနှင့် ရန်ဖြစ်၍ ဇော်ဇော်က သည်းခံတတ်ပါသည်။
တစ်နေ့ အဲသလိုအစချီကာ ရေးသားထားသော သူ့ဝတၳုတိုနှစ်ရွက်ကိုကိုင်ရင်း သူစာရေးနေရာစားပွဲသို့ အငယ်ကောင် ရောက်လာသည်။
“ပါပါ၊ ဒီဝတၳုကို စပယ်ဖြူကိုပေးလိုက်ဗျာ၊ စာမူခ ထုတ်ခဲ့စမ်းပါ။ နှစ်ရွက်ဆိုရင် ဘယ်လောက်ရမလဲ”
သူ ထိတ်လန့်သွားသည်။ မိုးဝေမဂ္ဂဇင်းကို ပထမဆုံးစာမူ Book Post နှင့် ပိုတုန်းက ခံစားမှုကို သူရရှိသွားသည်။ သားငယ်၏ ဝတၳုလေးကို ကိုင်ရင်း သူ တော်တော်ကြာကြာ ငိုင်နေမိသည်။ အသက်လေးဆယ်ကို ထက်ဝက်ပိုင်း၍ ဒုတိယအနှစ်နှစ်ဆယ်သည် တွန်းထိုးရုန်းကန်ရသော အိမ်ထောင်မှုဘဝဖြစ်သည်။ အောက်ဆီဂျင်နည်းပါးသော ရေတွင်းပျက်တစ်တွင်းထဲမှာ အိမ်လုပ်နေသလို အမြဲတမ်းမူးနောက်ရီဝေရှိနေရသော်လည်း ထိုရသကိုပင် ခုံမင်ဖက်တွယ်ကာ အသက်လေးဆယ်ပြည့် အောင်လံကို ရေတွင်းပျက်ထဲမှာပဲ သူ စိုက်ထူမိခဲ့ပြီ။
(၇)
I see old age ahead of me,
A heavy load he bears.
In vain I cry, Please let me be,He blocks my way and stares.
သည်အခြေအနေအတိုင်း နေပါစေတော့ဆိုသော်လည်း မရနိုင်။ ဇရာကို ရှေ့မှာ သူတွေ့နေရပြီ။ တစ်ခါတစ်ရံတော့လည်း ဆရာသိန်းဖေမြင့်၏ အသက် ၄ဝ ပြည့် ဖိတ်စာကို သူ သတိရသွားတတ်သည်။
'မိတ်ဆွေ … သည်လိုနဲ့ပဲ ကျွန်တော်တော့ ဇူလိုင် ၁ဝ ရက်နေ့မှာ အသက်လေးဆယ်ပြည့်တော့မည်။
ကျေနပ်လေက်အောင် အကျိုးရှိစွာ နေခဲ့ရတဲ့ နှစ်တွေတော့မဟုတ်ပါဘူး။ အောင်မြင်မှုထက် ဆုံးရှုံးမှုများက ပိုမိုပြည့်ညပ်နေခဲ့သော ဘဝခရီးပါပဲ။
သို့ပေမဲ့ ဆုံရှုံးမှု၊ အောင်မြင်မှုတွေကို အပထားပြီး လူရယ်လို့ ဖြစ်လာရင် မိမိနှင့်တကွသော လူ့ဘဝတစ်ခုလုံး တည်မြဲရေးနှင့် တိုးတက်ရေးတို့အတွက် လှုပ်ရှားလုပ်ကိုင်နေရမယ်ဆိုတဲ့အတွက် သဘာဝတရားကို ယုံကြည်တဲ့အတိုင်း လှုပ်ရှားလုပ်ကိုင်လို့တော့ နေခဲ့တာပါပဲ'
ဆရာဒဂုန်တာရာကတော့ ဗိဗာလေနစ်ကိုးလ်၏ နှစ်ဆယ့်ငါးကို ခံစားမှုကူးကာ 'ဒဂုန်တာရာ၏ ဒဂုန်တာရာ' ရေးခဲ့သည်။ ထိုစာအုပ်အမှာစာမှာ
'ဤစာအုပ်မှာ ပြီးလာရလေပြီ။ သို့သော် ဤစာအုပ်မှာ အဆုံးသက်ဟူ၍ မရှိပေ။ ရှေ့လောကကြီးတွင် တွေ့ကြုံလေရသမျှသော အဖြစ်အပျက်များကို တိုးကာရေးပြီးနောက် …. '
ဟု ရေးခဲ့ဖူးသည်။
သူလည်း ဝေဝေဝါးဝါးရှိလှသော သူ့ဖြတ်သန်းမှု အနှစ် ၄ဝ ကို ထားရစ်ကာ ရှေ့လောကကြီးမှာ ဘာတွေဖြစ်ပျက်ပြောင်းလဲဦးမလဲဆိုတာကို မျှော်လင့်ရဦးမည်။ သူ့ကို ဗေဒင်ဆရာသုံးယောက်က အသက် ၇၉ နှစ်နေရမယ်ဟု ဟောဖူးသည်။ သူသည် ဗေဒင်ကို တစ်ခါတစ်ခါ ယုံကြည်၍ တစ်ခါတစ်ခါ ယုံလို့မရ ဖြစ်နေတတ်သည်။ သူ မှတ်မိသလောက် ဗေဒင်ဆရာသုံးယောက်ကို သူမေးခဲ့ဖူးတာကိုတော့ သတိရသည်။ တစ်ယောက်က မိတ်ဆွေဖြစ်၍ တစ်ယောက်က ဆူးလေဘုရားလမ်း မှန်ခန်းထဲမှ ဖြစ်ကာ တစ်ယောက်က လမ်းပေါ်မှာ လျှောက်သွားနေသော ပုဏ္ဏားလေးတစ်ယောက် ဖြစ်သည်။ သုံးဦးစလုံးက ၇၉ နှစ်နေရမယ်ဆိုသောအခါ သည်တိုက်ဆိုင်မှုကို သူ အ့ံသြသွားရုံမက ယုံကြည်ပစ်လိုက်သည်။ ၇၉ ဆိုတော့ … ထားပါ ရှစ်ဆယ်။
အခု သူ့အသက် လေးဆယ်ဆိုတော့ သူ့ဘဝရဲ့ ခရီးတစ်ဝက်ကျိုးပြီ။ ဘောလုံးပွဲသာဆို ပထမပိုင်း ပြီးသွားခဲ့ပြီ။ အခု ဒုတိယပိုင်းအစ။
ရှေ့ပိုင်းမိနစ်လေးဆယ်မှာတော့ ဒဏ်ရာအနာတရများစွာနှင့် အရှုံးဂိုးပေါင်းများစွာကို သူပေးခဲ့ရပြီ။
(၈)
ခရိုခယိုင် စားပွဲကလေးတွေ ခင်းထားသော အိမ်ဆိုင်လေးမှ သူတို့ပြန်လာတော့ ညဥ့်တော်တော်နက်နေပြီ။ ဆယ်နာရီထိုးတော့မည်။ ဆယ့်တစ်နာရီနှင့် တညင်းကုန်းက ရောက်ပါမှ။ သူ့မြင်ကွင်းထဲမှာတော့ ဆိုက်ကားတစ်စီးတလေမှပင် မရှိ။ ခါတိုင်း လူပင်လယ်ကြီးထကာ ဆူဆူညံညံရှိတတ်သော အင်းစိန်ကားဂိတ်သည်ပင် ခြောက်သွေ့နေပြီ။ ဈေးဆိုင်တွေလည်း ပိတ်ထားပြီ။
“လာဗျာ။ ဘိုကုန်းဘက်က လျှောက်ရအောင်။ ပြည်တော်သာ ထိပ်ကျရင် ဆိုက်ကားတစ်စီးတလေ ရနိုင်မယ် ထင်ပါရဲ့”
မှောင်နှင့်မည်းမည်း အကွေ့အကောက်တွေများသော ဘိုကုန်းလမ်းဘက်က သူတို့ လျှောက်လာခဲ့သည်။ နောက်ထပ် နာရီအနည်းငယ်ဆိုလျှင် သူ့လေးဆယ်ပြည့်မွေးနေ့ ကုန်ဆုံးတော့မည်။
မနက်ကတော့ သူ့မွေးနေ့ကို သူ မေ့နေသေးသည်။ အခုကျတော့လည်း မွေးနေ့ရက်ကလေး ကုန်ဆုံးသွားမှာ သူ နှမြောသလိုလို ဖြစ်နေပြန်ပါပကော။ ပြည်တော်သာထိပ်ရောက်တော့ ဆယ်နာရီခွဲတော့မည်။ ဆိုက်ကားမရှိ။ ကိုစိုးမြင့်လတ်ကတော့ ရွာမမှာ ကျန်ခဲ့သည်။ သူတစ်ယောက်တည်း လမ်းမပေါ်မှာ ရှိနေသည်။ ဆယ်နာရီမထိုးခင် တညင်းကုန်းကို ရောက်ပါမှ။ သူ့ခြေလှမ်းတွေကို နှုန်းမြှင့်လိုက်သည်။
အင်းလေ … ဘဝဆိုတာ ကန့်သတ်ထားတဲ့အချိန်ကာလထဲမှာ ခိုတစ်ကောင်လို ညည်းရင်းညူရင်း ပြေးလွှားနေရတာကို ခေါ်တာထင်ပါရဲ့။
လမ်းပေါ်မှာ သူတစ်ယောက်တည်း။ အသက်လေးဆယ်ပြည့် မွေးနေ့ မာရသွန် … သူ စဉ်းစားရင်း မှောင်ထဲမှာပဲ နာကြည်းစွာ ပြုံးလိုက်သည်။
#နေဝင်းမြင့်
စက်တင်ဘာလ၊ ၁၉၉၂၊ ရင်ခုန်ပွင့်။
Crd : Original Uploader
#အရောင်မွဲမွဲခိုငှက်တစ်ကောင် #Book_House
#စာပေရိပ်မြုံ
Leave a Comment