ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့ (၅) (နုနုရည်-အင်းဝ) - တမာသားလေးမှတ်စု

ဗိုလ်ကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့ (၅) (နုနုရည်-အင်းဝ)


    အပိုင်း-၅

ဟုတ်တော့လည်းဟုတ်တယ်။

ကိုဇော်က တီးလုံးတိုက်တဲ့နေရာမှာ ခင်ပိုင့်ကို ဂရုတစိုက် ရှိလွန်းတယ်။ တကြည့်ကြည့် လုပ်လွန်းတယ်။ သိပ်ဆိုးတဲ့ ကိုဇော်။ ခုတော့ ရွဲ အပက် ကောင်းလို့ အပြောခံရပြီ။ ဟင်း..ဒါကိုပဲ မမှတ်သေးဘူး။ ဟို

လမ်းထောင့် မှာ စောင့်နေပြန်ပြီ။ ကိုယ်ကလည်း ကိုယ်ပါပဲလေ။ သူများပြောမှာစိုးရင် လိုင်းကားနဲ့ ပြန်ပါလား။ ဘာဖြစ်လို့ သူစောင့်တတ်တဲ့နေရာထိ ခြေကျင် လျှောက်လာမိလဲ။


အို…သူ ့ကို ကြိုက်နေမိလို့ ရယ်တော့ မဟုတ်ပါဘူး။ သူ ငြိုငြင်သွား မှာ၊ စိတ်ဆိုးသွားမှာ စိုးတာကြောင့်ပါ။ ဟို...သာယာမိတာကလည်း တစ် ဝက်လောက်တော့ ပါတာပေါ့လေ။


အရင်ဆိုရင်တော့ တီးလုံးတိုက်ပြီးရင် ကိုကတိုးကြီးနဲ့ ပြန်နေကျ။ ဒါပေမဲ့ ကိုကတိုးက ဒိုး ကိုမောင်ရွှေနဲ့ ဝိုင်းလုပ်မိရင် မထချင်တော့ဘူး။ နောက်တော့လည်း တမင် မထဘဲ နေတာလား မသိပါဘူး။ စပ်ဖြဲဖြဲနဲ ့။ “နှင့်ကြိုမယ့်လူ ရှိတာပဲဟာ၊ စူပါကပ်လေးစီးလို့ ကောင်းတယ် မဟုတ် လား။ ငြိမ့်ငြိမ့်နဲ့ ” လို့ နောက်တတ်တယ်။ ခက်ပါတယ်။ အစနေ့ကတော့ ခင်ပိုင် ငြင်းပါသေးတယ်။ အားနာလို့ ၊ မစီးရဲလို့၊ ရှက်လို့။ ပြီးတော့...ပြီး တော့မတန်ရာဘူးရယ်လို့လည်း ထင်လို့။


ဒါပေမဲ့ လမ်းကြုံလို့ ဆိုပြီး တကူးတကကြီး ရပ်ခေါ်နေတဲ့ ကိုယ့် သီချင်းဆရာ၊ ကိုယ့်အလုပ်ရှင်၊ ကိုယ်တိုင်ကလည်း ခင်ခင်မင်မင်ဖြစ်အောင် ပေါင်းရမယ်လို့ သတ်မှတ်ထားတဲ့သူ တစ်ယောက်ကို အကြာကြီး ငြင်းနေ နိုင်ပါ့မလား။


ဆိုင်ကယ်ပေါ် ရောက်တော့လည်း စိတ်ထဲမှာ သာယာလာပြီး၊ သူပြော တဲ့ အငြိမ့်နဲ့ ပတ်သက်လို့ နာမည်ကြီးအောင် ဘယ်လိုလုပ်ရတယ်၊ ခင်ပိုင် ဟာ တောက်မယ့်မီးခဲမို့ သူ ဘယ်လို သင်ပြပေးလိုက်မယ်၊ သင်ပေးလိုက် မယ်။ တစ်နေ့မှာ မြမန္တလာရဲ့ ခေါင်းဆောင် ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ သူ့ စကားတွေကို နားထောင်ရတာဟာ ခင်ပိုင့်အတွက် အားတက်စရာ မကောင်း ဘူးလား။ ပိုပြီး ခင်ဖို့ကောင်းတာက ကိုဇော်ဟာ ဒီနေ့ထိလည်း ဆိုင်ကယ် ပေါ်မှာ ဒီစကားတွေပဲ ပြောရှာတာပါ။ မရိုးမသား တစ်လုံးမှ မပါပါဘူး။       


အင်း..တကယ်တမ်း ပြောရရင်တော့ မရိုးမသား တစ်လုံးတလေ ပါတောင်မှ ခင်ပိုင် မသိချင်ယောင် ဆောင်ရမယ်။ အလိုက်အထိုက်လေ၊ အလိုက် အထိုက်။ ကိုယ့်ကို ကိုဇော်က ကြည်ရင် ကိုဇော်က ကြည်တဲ့လူဟာ အငြိမ့်ထဲမှာ သိပ် မျက်နှာရတယ်ဆိုတာ အားလုံးအသိလေ။


သူနဲ့သာ မကြည်ရင် ကိုယ့်အဆိုလေး၊ အကလေး ရှောရှောရှူရှူဖြစ်ဖို့ ဒိုးဆရာ ညုရတာကတစ်မျိုး။ ဝိုင်းဆရာနဲ့ ပလီစိချောက်ချက် လုပ်ရတာ ၁ တစ်သွယ်။ စည်းတီးကအစ မျက်နှာချိုသွေးရနဲ့၊ ဘယ်လောက်စိတ်ပျက် ဖို့ ကောင်းလဲ။ ဒါတောင် တီးလုံးတိုက်တုန်း ရှိသေးတာ။ တကယ့်ခွင်ပေါ် များဆိုရင် သူတို့နဲ့ ဘယ်လိုများနေပြီး၊ အဆင်ပြေအောင် လုပ်ရမလဲ မသိ ဘူး။ ခုတော့ အေးတယ်။ ခင်ပိုင့်မှာ ဒီအပူတွေ အတော်လေးကင်းတယ်။ ကိုဇော့်ကြောင့်လေ။ ဟိုလူတွေ အကုန်လုံးကို မျက်နှာချိုသွေးရတာထက် ကိုဇော် တစ်ယောက်တည်းကို မျက်နှာချိုသွေး ဆက်ဆံလိုက်မှာပေါ့။ ကိုဇော့် လို မြမန္တလာရဲ့ အရေးပါ အရာရောက်သူတစ်ယောက်ကို မျက်နှာချိုသွေး ချင်ကြတဲ့ လူတွေက အလွန်။ အဟင်း...ပြောသာ ပြောတာပါ။ အဲဒီထဲမှာ မထိပ်ခေါင်တောင် ပါသေး။ ဇော်လေး ဇော်လေးနဲ့ လုပ်လိုက်သေး။ ဘယ်လိုဟာလည်း မသိ။ ကိုဇော်ကတော့ သူ့ ဆို မျက်နှာကြောက ခပ်တင်းတင်းရယ်ပါ


"တီ…တီ…တီ…တီ"


ဟော...ကြည့်။ ကိုဇော်ရယ်၊ ခင်ပိုင် အိပဲ့ အိပဲ့ လုပ်နေမိတာကို စိတ် မရှည်သလို ဆိုင်ကယ်ဟွန်းကို တအား နှိပ်တယ်။ အပြေးတစ်ပိုင်း လျှောက် မိရင်းက ဘေးက ဆိုက်ကားသမားတွေ ဝိုင်းကြည့်တာကို ရှက်ရွံ့ရွံ့ ဖြစ်မိ တယ်။ “သွားပါတော့ ကိုဇော်ရယ်” လို့ ပြောလိုက်မယ့်အစား၊ ဘေးလူတွေ ရှေ့မှာ ဆိုင်ကယ်ပိုင်တဲ့ ချစ်သူရဲ့ မိန်းကလေး တစ်ယောက်လို ဣန္ဒြေမပျက် လိုက်သွားလိုက်ချင်ပြီ။


“လာလေ၊ တက်။ လမ်းကြုံလို့ အကောင်းစောင့်နေတာကို တုံ့နှေးနှေးနဲ႔"


ဩော်။ ကိုဇော်ရယ်။ လမ်းကလည်း နေ့တိုင်းပဲ ကြုံရော့သလား။ဘတ်စ်ကားခ သက်သာတဲ့အတွက်တော့ ကျေးဇူးတင်တာလည်း အမှန်ပါ။ ကိုကတိုးကြီး ပြောသလို စီးရတာလည်း ငြိမ့်ပါရဲ့။ 


“ဒီနေ့လေ၊ ခင်သက်ပိုင် အသိမ်းသီချင်းဆိုတဲ့ နေရာမှာ အမူအရာနည်းနည်းလိုနေတယ်” 


ထုံးစံအတိုင်း ခင်ပိုင့်အတွက် စလာတဲ့ စကားကို ဂရုတစိုက် နားထောင် မိတယ်။


“ဟိုအပိုဒ်လေ၊ အားပေးကြတဲ႔...ကိုကိုတို့ကို ခင်သက်ပိုင် နှုတ်ဆက် ပါတယ်...နော်...ဆိုတဲ့ဟာလေ၊ ‘နော်”လို့ လုပ်တဲ့နေရာမှာ လိုနေတယ်။ ဒီသီချင်းတစ်ပုဒ်လုံးက စကားပြောပြီး နှုတ်ဆက်နေသလို ပုံစံမျိုး။ ကိုယ်ဆို ပြီး ဝင်သွားတာနဲ့ ပရိသတ်က ကိုယ့်ကိုစွဲပြီး ကျန်နေခဲ့အောင် လုပ်တတ်ရ မယ်။ အထူးသဖြင့် ကာလသားပရိသတ်ပေါ့"


“ဟုတ်..ကိုဇော်”


“ခက်တာက ကိုယ်ကလည်း သေချာ သင်ပြပေးချင်ပါတယ်။ အများ ရှေ့မှာ ပိုသင်ပေးမှန်း သိသာတော့လည်း မကောင်းလို့လေ။ အင်း...ဘယ် မှာ သွားသင်ရမလဲ မသိဘူး။ နေဦး၊ ခင်သက်ပိုင် တက္ကသိုလ်ကျောင်းဘက် ရောက်ဖူးလား”


ခင်ပိုင်က “ဟင့်အင်း...ကိုဇော်” လို့ ပြောလိုက်တာနဲ့ ဆိုင်ကယ်က အေလမ်းထောင့်ကနေ ညာဘက်ကို ဝေါခနဲ ချိုးကွေ့သွားတယ်။ ကယ်ရီယာ ကို သေချာကိုင်ထားလျက်နဲ့ ခင်ပိုင့်ကိုယ်တစောင်းက ကိုဇော့်ကျောပေါ်ကို ကပ်ခနဲ။ ကိုဇော်က မြူးကြွတဲ့ လေသံနဲ့…


"မြဲမြဲကိုင်ထားလေ။ လိမ့်ကျသွားလို့ မြမန္တလာ ခေါင်းဆောင်မဖြစ်လိုက် ရနေဦးမယ်။ ဟား...ဟား၊ ဪ….ကျောင်းဘက်က အေးချမ်းတယ် ခင်သက်ပိုင်ရဲ့။ အသိမ်းသီချင်းကို နည်းနည်းသင်ပေးချင်လို့”


ကြီးမားထည်ဝါတဲ့ ကျောင်းကြီးရဲ့ အဟန့်ကြောင့်လား၊ ပတ်ဝန်းကျင် အသစ်က အထက်တန်းကျ သာယာလွန်းလို့လား၊ ကိုဇော်နဲ့ သွားနေရလို့ လား။ ခင်ပိုင့်ရင်တွေ တထိတ်ထိတ် ခုန်လာတယ်။ ကိုဇော်ဟာ ‘ဆယ်တန်း အကြိမ်ကြိမ်ကျ တဲ့။ ကိုကတိုး အပြောဆို 'ဆယ်တန်း ပင်စင်' ပေါ့။ဒါပေမဲ့ တက္ကသိုလ်ကျောင်းထဲမှာတော့ လည်လိုက်တာ။ 


ကျောင်းဝင်းထဲက လမ်းတွေကို ကျင်ကျင်လည်လည် ကွေ့ပတ်စီးရင်း တောင်ဘက်က လယ်ကွင်းတွေအစပ်ကို ဦးတည်တယ်။ အို...ကိုဇော်ခေါ် လာတဲ့ နေရာကလည်း ရည်းစားအတွဲတွေချည်းတော့။ လယ်ကွင်းစိမ်းစိမ်း ရယ်၊ ဟိုအဝေး မှိုင်းညို့နေတဲ့ တောင်တန်းကြီးတွေရယ်။ အပြုံးချင်းယှက် နေကြတဲ့ ငယ်ရွယ်သူ မျက်နှာတွေရယ်က စိတ်ထဲမှာ အလိုလို မြူးကြွလာ သလိုပဲ။


ဖြစ်လိုက်ပါတော့ကွယ်။ ကိုဇော်နဲ့ ခင်ပိုင်ဟာ ဟောဒီ တက္ကသိုလ်မြေ မှာ ပညာရှာကြရင်းနဲ့ အကြည့်ချင်းဆုံ၊ ရင်ခုန်မိကြတဲ့ အတွဲလေးတစ်တွဲ လေ။


“ကြည့်စမ်းပါဦး၊ တစ်ယောက်နဲ့တစ်ယောက် ရွဲပက်”နေလိုက်ကြတာ။ ဘေးလူတွေတောင် မမြင်တော့ဘူး”


ကိုဇော့်စကားကြောင့် ကျောင်းသားအတွဲတွေလို မြက်ပင်တွေပေါ်မှာ ကြည်ကြည်နူးနူး ထိုင်နေရာက ခင်ပိုင် စိတ်ပျက်သလို ဖြစ်သွားတယ်။ ဪ...ခင်ပိုင်ဟာ ဝပ်ရှော့ အလုပ်သမားနဲ့ ဈေးသည်သမီး၊ အငြိမ့်သမ ခင်ပိုင်လေ။ ကိုဇော်ဟာ ဆယ်တန်းမအောင်တဲ့ အငြိမ့်ပိုင်ရှင်ရဲ့ သားလေ။


တစ်ဆက်တည်းမှာပဲ ဒီနေ့ည အမေ ပွဲဈေးထွက်မှာနဲ့၊ အဖေ နည်းနည်း နေမကောင်းဖြစ်နေတာကို သတိရလာတယ်။ အမေနဲ့ ခင်ပိုင် ဈေးလိုက် ရောင်းရမယ်။ အငယ်မ မိလှိုင်က အဖေ့ကိုစောင့်ရင်း အငယ်ဆုံးကောင်နဲ့ နေခဲ့ရမှာ။


“ဒီမှာ၊ ကိုယ်ပြောမယ်။ ခုန ကိုယ်ပြောတဲ့ ‘နော်”ဆိုတဲ့ နေရာမှ က မပြန်ချင်ဘဲနဲ့၊ မသိမ်းချင်ဘဲနဲ့ ပြန်ရတော့မှာမို့၊ သိမ်းရတော့မှာမို့ ခွင့်ပြု ကြပါတော့ ဆိုတဲ့ အမူအရာ ‘လေ'ပါရမယ်၊ လုပ်ကြည့်စမ်း”


“ဪ….ဒုက္ခပါပဲ။ သူများတွေက တီးတိုး တီးတိုး လုပ်နေတာကို ခင်ပိုင်က အမူအရာနဲ့ သီချင်းဆိုရဦးမယ်တဲ့။ ဩော် မိခင်ပိုင်။ ညည်းက ကျောင်းသူလား။ ကိုယ့်အလုပ်ကို လုပ်ရမယ်လေ။


“အင်း..မဆိုးပါဘူး။ နောက်ပြီး ဟိုနေရာကရော၊ ခင်သက်ပိုင်... မပြန်ချင်ဘူးကွယ်...ဆိုတဲ့နေရာ။ ဒီတိုင်းကြီး မပြောရဘူး။ လက်ညှိုးလေးနဲ့ ပါးလေးကို..”


ကိုဇော်က ခင်ပိုင့်လက်ကိုကိုင်ပြီး ကိုယ်တိုင် ပါးကိုထောက်ပေးတယ်။


 “ဟုတ်ပြီ၊ ခေါင်းလေးငဲ့လေ။ ပြီးတော့ ခေါင်းလေးကို ဖြည်းဖြည်းခါ ရင်းပြော။ အဲ...ဟုတ်ပြီ ဟုတ်ပြီ” 


ကိုဇော့်လက်တွေက ခင်ပိုင့်လက်ကို ကိုင်ထားတုန်း။ မလွှတ်သေးဘဲနဲ့ကိုယ်လုံးချင်း ပိုတိုးကပ်ရင်း...


“ဒီသီချင်းနဲ့ နာမည်ကိုကြီးရမယ်၊ ကိုယ် ကြိုးစားစပ်ထားရတဲ့ သီချင်း။ ရှေ့နှစ်မှာ မြမန္တလာ ခေါင်းဆောင်ဖြစ်ဖို့လည်း ကိုယ် အာမခံတယ်။ နော်... သက်ပိုင်”


ခင်ပိုင့်ပါးတွေ နွေးခနဲ ဖြစ်သွားတယ်။ အို…ရှေ့နှစ်မှာ မြမန္တလာ ခေါင်း ဆောင်ဖြစ်ဖို့ ကိုယ် အာမခံတယ်တဲ့။ တစ်ခါလောက် အနမ်းကို ခင်ပိုင် စိတ်ဆိုးသင့်ပါသလား။ အိုကွယ် ဒီကလည်း ကန်စွန်းခင်းငြိချင်နေတဲ့ သူပါ ကိုဇော်ရယ်။


  * * *

“..ခင်တွယ်မိတာ...သူတစ်ယောက်အပေါ်မှာ.. 


ထားတဲ့စေတနာ...အမြဲသာမခွဲမခွာ...


ဘဝတိုင်းပေါင်းဖို့...ဆုတောင်းမိခဲ့တာ.."


အငြိမ့်ကား ပြတင်းပေါက်ကနေ အပြင်ကိုငေးရင်း၊ သူစပ်ပေးတဲ့ ဝါးလတ်ပိုဒ် သီချင်းတိုလေးကို ဘယ်နှကြိမ်မြောက်လဲ မသိ၊ ညည်းမိတယ်။ 


“ညကျ ခွင်ပေါ်မှာ ဆိုဖို့ ထားပါဦးအေ၊ သီချင်းဆိုလိုက်၊ ‘ရွဲပက်” လိုက်နဲ့ဟာ၊ ကားထွက်လာကတည်းက ညည်းမို့ မမောတယ်”


ရှေ့ကထိုင်နေတဲ့ မထိပ်ခေါင် ခါးကို ခင်ပိုင် ဆွဲဆိတ်မိတယ်။ ဒါမျိုး ဆို ဒီမိန်းမ သိပ်မြင်တတ်တယ်။ ဟိုကားရှေ့ခေါင်းမှာ သူ ့အဖေနဲ့ အတူ ထိုင်နေတဲ့ ကိုဇော်က လှမ်းလှမ်းကြည့်တာကို သူပဲမြင်တယ်။ သူ့ရှေ့မှာထိုင်နေတဲ့ ခက်ခက်ဝေကတော့ ရှိုးစမိုး အပြည့်နဲ့ ငိုက်စပြုနေပြီ။ နေကာမျက် မှန်နဲ့ မာဖလာ စည်းထားတဲ့ ခက်ခက်ဝေကို ကားအတက်မှာ ခင်ပိုင်နဲ့ယိမ်းသမလေးတွေ ငေးကြည့်မိကြတယ်။ 


ဟုတ်တယ်။ ကားလမ်းတွေက ဖုန်တွေချည်း။ အသုံးကျေလို့တော့ နေကာမျက်မှန်နဲ့ မာဖလာ ခင်ပိုင်လည်း ဝယ်မယ်။ ခုလောလောဆယ်ကတော့ ဖုန်ဒဏ်ကို ကာကွယ်ဖို့ တရုတ်မျက်နှာသုတ်ပဝါသေးလေးပဲပေါ့။ ဒါတောင် ကားက ဘတ်စ်ကားမို့၊ အမိုးပါသေးလို့၊ ဖုန်သိပ်မဝင်တာ။ ဟော၊ ကိုဇော် လှမ်းကြည့်နေပြီ။ ဟင်း...တကယ်ဆိုရင်တော့ ကိုဇော် ခင်ပိုင့်နားမှာ လာထိုင်ချင်မှာပါ။ သူ့ အဖေကြီးလည်း မပါဘူးဆိုရင်၊ အငြိမ့် စည်းကမ်းနဲ့လည်း မထိုင်ရဘူး ဆိုရင်ပေါ့။ 


ခုတော့ ကားမှာထိုင်ရတာက စည်းကမ်းနဲ့။ သူ့နေရာနဲ့သူ၊ သူ့အဆင့်နဲ့သူလေ။


မြမန္တလာအငြိမ့်ကားက ဘတ်စ်ကား။


ကားရဲ့ ဘယ်ဘက်ခြမ်းကားခေါင်းက သီးသန့်ခုံလေးမှာကျ အငြိမ့် ဆရာနဲ့ ဆရာကတော်။ (ဆရာကတော် မပါရင်တော့) အငြိမ့်ဆရာနဲ့ ကိုဇော်ပေါ့။ သူတို့ ထိုင်ရတယ်။


ပြီးတော့မှ ဘယ်ဘက်ခြမ်းက လူစီးခုံတန်းရှည်ပေါ်မှာ ရှေ့ဆုံးက ခေါင်း ဆောင်မင်းသမီး ထိုင်ရတယ်။ ပြီးတော့မှ အလယ်ထွက်။ အလယ်ထွက်ပြီး တော့မှ ရှေ့ထွက်။ ရှေ့ထွက်ရဲ့ နောက်ကမှ ယိမ်းသမလေးတွေ တန်းစီထိုင် ရတယ်။ ကားရဲ့ ညာဘက်ခြမ်းက ခုံတန်းကတော့ ယောက်ျားတန်းပေါ့။ ခုံတန်းရဲ့ ရှေ့ဆုံးမှာ လူရွှင်တော်လေးယောက် တန်းထိုင်ကြတယ်။ ပြီးတော့မှ ဆိုင်းဆရာတွေ၊ လေမှုတ်ဝိုင်းက အတီးသမားတွေ၊ ဂစ်တာသမား၊ အော်ဂင် သမားတွေ။ အားလုံး တန်းစီထိုင်ကြတယ်။ တစ်တန်းလုံး အပြည့်ပဲ။ 


အဲ... ကားရဲ့ နောက်မြီး ကြမ်းပြင်ပေါ်မှာတော့ ထမ်းဆင့်ကောင်လေး လေးယောက် ထိုင်ရတာ။ သူတို့တွေက အငြိမ့်မှာ အနိမ့်ဆုံးအဆင့်ပေါ့။ အငြိမ့်ပစ္စည်း ကားပေါ် အတင်အချ။ ကမယ့်ဆီရောက်တော့လည်း သူတို့ပဲ ချပြီး၊ သူတို့ပဲ ဆင်ရတယ်။ အခမ်းအနား ဆက်တင်အားလုံး တပ်။ နောက်ပြီး အငြိမ့်ထွက်တော့ ကားဆွဲလုပ်ပေါ့။ အဲဒီထဲက နည်းနည်းရဲတဲ့ကောင်က ပြဇာတ်ထဲမှာ ဖြတ်လျှောက်တို့၊ စာပေးတဲ့အခန်းတို့၊ ရဲသားအခန်းတို့မှာ တစ်ခါတလေ ဝင်ကပေးရတယ်။ 


သူတို့ရတာက ပုတ်ပြတ်။ တစ်ယောက်ကို တစ်ည ဆယ့်ငါးကျပ်။ နည်းနည်းနုသေးတဲ့သူဆိုရင် တစ်ဆယ်တဲ့။ ထမ်းဆင့်တွေနဲ့ ယိမ်းသမလေးတွေ ရတာက အတူတူပဲ။ ပုတ်ပြတ်ချည်းပဲ။ တစ်ညကို ဆယ့်ငါးကျပ်။ သူတို့တွေက ညကြေးရတာ တူသလို၊ နေရတာချင်းကလည်း အတူတူပဲ။ အငြိမ့်ဆရာ အိမ်မှာချည်း။


ထမ်းဆင့်လေးတွေကလည်း တစ်ကိုယ်ရေ တစ်ကာယသမားများတော့ အငြိမ့်နားတဲ့အချိန်လည်း အငြိမ့်ဆရာအိမ်မှာ ကူညီလုပ်ရင်း နေလိုက်တော့ တာပဲ။ ထမင်းစားရတယ်ပေါ့။ ယိမ်းသမလေးတွေကတော့ မိဘအိမ်က လာလုပ်တဲ့ သူလည်းရှိရဲ့။ အများအားဖြင့်တော့ ပညာသင်ရင်း အငြိမ့်ဆရာ အိမ်မှာ နေကြတာများတယ်။ အထူးသဖြင့် မြမန္တလာပေါ့လေ။ မြမန္တလာ ဒေါ်မြချစ်ဆီမှာ ပညာသင်၊ ခိုင်းတာလုပ် ဘဝကနေ နာမည်ကြီး မြမန္တလာ မှာ မင်းသမီး ဖြစ်သွားနိုင်တယ်လေ။


ကားအလယ်ကောင် ကြမ်းပြင်မှာ ချထားတဲ့ အငြိမ့်သေတ္တာတွေ ကြားကနေပြီး ဒိုး ကိုမောင်ရွှေရဲ့ ဖဲထွေနေတဲ့ လက်နှစ်ဖက်ကို လှမ်းမြင်နေ ရတယ်။ ပြီးတော့ ပတ်ဝိုင်းဆရာ ကိုတင်သန်းရဲ့ ငေးငိုင်ငိုင် မျက်နှာတစ် ခြမ်း။ တစ်ခုခုကို အချီအချ ငြင်းနေကြတဲ့ ကိုကတိုးနဲ့ ကိုချူးဂေါင်းတို့ရဲ့ ခေါင်းနှစ်လုံး။


ကားရဲ့အလယ်ကောင် ကြမ်းပြင်မှာ အငြိမ့်သေတ္တာတွေနဲ့ အပြည့်လေခင်ပိုင်တို့ အဝတ်အစား သေတ္တာတွေရောပေါ့။ ခေါင်မိုးမှာလည်း သေတ္တာ တွေက ရှိသေးတယ်။ ကားခေါင်မိုး ထိပ်တည့်တည့်မှာတော့ `မြမန္တလာ အငြိမ့်” လို့ လှလှပပ ရေးထားတဲ့ ဆိုင်းဘုတ်ငယ်ငယ်လေး ရှိတယ်။


ရုတ်တရက် ခင်ပိုင့်ကိုယ်ပေါ် မထိပ်ခေါင် ကိုယ်လုံးကြီး အိခနဲ ပိကျ လာလို့ ကြည့်လိုက်တော့၊ မထိပ်ခေါင်ရယ် အိပ်ငိုက်နေလိုက်တာ။ ဟင်း... သွားရည်များတောင် စီးကျလို့။ သူ့ ကိုယ်လုံးကြီးကို အသာပြန်တွန်းရင်း ပါးစပ်က ပွစိ ပွစိ လုပ်မိတော့...


“ဟဲ့..ခင်ပိုင်၊ ကလိထိုးပစ်လိုက်စမ်း၊ အဲဒီဟာမကြီးကို” 


ဟိုဘက်ကနေ ကိုကတိုးက ရှုံ့မဲ့ပြီး လှမ်းပြောတယ်။ ခင်ပိုင်က မလုပ်ပါနဲ့လို့ ခပ်စူစူ ပြောမိတယ်။ ကိုကတိုးကြီးက ခင်ပိုင်ကို သိပ်မကျေ နပ်ဘူးလေ။ ဟင်း...အမေပေါ့၊ အမေ။ ခင်ပိုင်နဲ့ ပတ်သက်သမျှကို အကုန် စီမံခန့်ခွဲခိုင်းတာလေ။ ကြည့်ဦး၊ မုန့်ဖိုးတောင် ကိုကတိုးပေးမှ ယူတဲ့။ ထားပါတော့အစုရှင်းမှာတို့၊ အသုံးချေတာတို့ကတော့ ခင်ပိုင်မသိလို့ လွှဲတာ လွှဲတော့။ 


ဟင်း...မုန့်ဖိုးတောင်မှ တစ်ည သုံးကျပ် ကိုကတိုးဆီက လက်ဖြန့် ခံရမယ်တဲ့။ ကိုကတိုးအနေနဲ့ကတော့ စေတနာနဲ့ လုပ်ပေးတာပဲ။ ဒါပေမဲ့ ခင်ပိုင် သိပ်မကြည်ချင်ဘူး၊ ကိုယ့်လက်ထဲမှာသာ ပိုက်ဆံရှိရင် ကားထွက် ခါနီး အချဉ်ပေါင်းလေး ဘာလေးဝယ်ပြီး လမ်းတစ်လျှောက် မြို့နေရ၊ ဘယ်လောက်ကောင်းမလဲ။ ကိုကတိုးက မုန့်ဖိုး သုံးကျပ်ကို ကမယ့်ဆီ ရောက်မှ ပေးမှာတဲ့လေ။


“ခင်ပိုင်၊ နင့်အဖေရော အလုပ်ဆင်းနိုင်ပြီလား” 


ခင်ပိုင် နု’နေမှန်း၊ မကြည်မှန်းသိလို့ ကိုကတိုး ထပ်စကားရှာလာတာ ကို ခင်ပိုင် မကြားချင်ယောင် ဆောင်နေလိုက်တယ်။ အပြင်ကို ငေးကြည့်နေ သလိုနဲ့ ခင်ပိုင် မလှုပ်တော့။ ကိုကတိုး စိတ်တိုသွားတယ်။ နေစမ်းပါလား။ သူက အကောင်သာငယ်တာ၊ အလာကြီး။ ဇော်ရှိန်- ဇော်ရှိန်၊ ဇော်ရှိန်တက်နေ တာ။ သူ့ မုန့်ဖိုး ပိုက်ဆံ တစ်ခါတည်းမပေးတာကို ကောပေါက်နေတာ။ အေးလေကောင်မလေး စိတ်ဆိုးချင်လည်း ဆိုးစရာပါပဲ။ 


ခုနေများ သူ့ အမေပေးလိုက်တဲ့ တစ်လစာမုန့်ဖိုး ငွေတစ်ရာဟာ ဖဲချလို့ ကုန်သွားပြီဆိုတာ သိလိုက်လို့ကတော့ ကတိုးတို့တော့ ပါးနဲ့ ဖိနပ် မိတ်ဆက်ရကိန်းပဲ။ မတတ် နိုင်ဘူးလေ။ သူ့ အမေက ယုံတာကိုး။ အငြိမ့်ပွဲချီက ခုမှစတာဆိုတော့ ပိုက်ဆံ မရသေးဘူးလေ။ တစ်လပြည့်မှ စုရှင်းမှာ ဆိုတော့ ဒီတစ်လအတွက် မုန့်ဖိုး သူ့ အမေက ပေးထားလိုက်တာ။ ဟဲ...ဟဲ။ တစ်လပြည့်လို့ အစုရှင်း ငွေ ရှင်းရင်လည်း မောင်ကတိုးပဲ ကြည့်ကျက်လုပ်ပေးပါကွယ်တဲ့။ မတော်တာ တွေ့ရင်လည်း ဆုံးမပါတဲ့။ ဟား...ဟား၊ ခု ကောင်မလေးက အတော်ဆုံး ဟာနဲ့ တွေ့ နေတော့ ကတိုး ဆုံးမစရာ မလိုဘူးပေါ့။


ကောင်မလေးက သူ ့ကိုယ်သူ ပန်တျာဆင်းဆိုပြီး နည်းနည်းလည်း ဆောင့်ကြွားကြွား နိုင်ပါတယ်။ ရုပ်ကလေး မဆိုးတာကလွဲရင် ပညာက ဒါလောက်မဟုတ်ပါဘူး။ ချာပါတယ်။ စန်းမရှိပါဘူး။ တီးလုံးတိုက်တုန်း ကများ ‘ကိုကိုရေ’သီချင်းကို မေဆွိအသံမျိုးနဲ့ လုပ်ဆိုနေသေးတယ်။ ကာလ သားတွေတော့ မပြောတတ်ဘူး။ ကိုကတိုးကတော့ အူတွေယားလာပြီး ဘေး နားက ချူးဂေါင်းကိုတောင် ‘ချူချာလိုက်တာကွယ်”လို့ ပြောမိသေးတယ်။


အလကား။ ပညာဆိုတာ အောက်သက်ကျေမှ။ ပညာသင်နှစ် သုံးနှစ် လောက်နဲ့များ (ကိုယ်က ပါရမီခံပါရင်တော့ မသိဘူး) ဘာတတ်မှာလဲ။ အနည်းဆုံး လေးငါးခြောက်နှစ် အနစ်နာခံပြီး သင်မှ ပညာတကယ်ပြည့်တာ။ စူပါစာရင်းဝင်တာ။ အဟမ်း...အဟမ်း၊ ကတိုးတို့ပဲ ကြည့်လေ။ ကိုယ့်မြို့၊ ကိုယ့်ဇာတိလည်း မဟုတ်ဘဲနဲ့။ မန္တလေးလို အနုပညာ မြို့တော်မှာ နာမည် တစ်လုံးနဲ့ နေနိုင်တာဟာ နည်းတဲ့ ကြိုးစားမှုနဲ့မှ မဟုတ်ပဲ။


မြစ်ဝကျွန်းပေါ်က မြို့လေးတစ်မြို့မှာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် လောက်တုန်းကတော့ ဖိုးတိုးဘဝနဲ့ ဟိုယောင်ယောင်၊ သည်ယောင်ယောင် ပေါ့။ အဖေတို့၊ အမေတို့ ထင်းရောင်းတာ ကူလိုက်၊ လူပျိုပေါက်ဘာဝ လျှောက်လည်လိုက်နဲ့၊ ကျောင်းကလည်း ဆက်မနေချင်။ လေးတန်းနဲ့ပဲ တန်းကုန်တယ် သဘောထားလိုက်တော့၊ အဖေက အိမ်လာလည်တဲ့ သူ့ မိတ်ဆွေ အငြိမ့်ဆရာတစ်ယောက်ကို “ကျုပ်သား ဖိုးတိုးဆိုတဲ့ကောင်ဗျာ၊ အိမ်မှာ ဟိုလူ လိုက်စ၊ ဒီလူ့ လိုက်စ ပြောင်စပ်စပ်နဲ့ဟာ၊ လူပြက်ဖြစ်နိုင်မယ် ထင်တယ်ဗျ။ ခင်ဗျားအငြိမ့်ထဲ ပညာသင် ခေါ်သွားစမ်းပါဗျာ” ဆိုပြီး ထည့်ပစ်လိုက်တော့ ဗြုန်းဆို အငြိမ့်လူပြက် ပညာသင် ဖြစ်ခဲ့ရရော။


ရယ်ရသေးတယ်။ အငြိမ့်ထဲရောက်ပြီး စလုပ်ရတဲ့အလုပ်က လူတွေနဲ့ မျက်နှာချင်းဆိုင်ရဲအောင်လို့တဲ့။ အငြိမ့်မထွက်ခင်၊ အငြိမ့်ဆိုင်းမတီးခင်စင်ပေါ် ကားလိပ်ရှေ့ကပညာသင်ဖိုးတိုး မျက်နှာချေထုပ်တွေ အော် ရောင်းရတယ်။ မျက်နှာချေ နာမည်က ‘ယဉ်စစ”တဲ့လွယ်အိတ်နှစ်လုံးကို ဘယ်ညာ စလွယ်သိုင်းပြီး၊ လက်က မျက်နှာချေထုပ် လေးငါးထုပ်ကိုကိုင်။ ပြီးတော့ အသံကျယ်ကျယ်နဲ့ ဆရာသင်ပေးထားတဲ့အတိုင်း...


“ဟောဒီမှာ ခင်ဗျား၊ ‘ယဉ်စစ” ဆိုတဲ့ အသားစွဲ မျက်နှာချေ။ အသားမှာစွဲ၊ အရောင်မှာလှ၊ အနံ့မှာမွှေး၊ ဒီမျက်နှာချေကို လိမ်းလိုက်ရင် အမယ်အိုတွေ တောင် တကယ်ပျိုတယ်ဆိုတဲ့ အသားစွဲ မျက်နှာချေ၊ တစ်ထုပ်မှ တစ်မတ် တည်း။ တစ်ထုပ်မှ တစ်မတ်တည်းရယ်”


အော်သာအော်ရ၊ ရောင်းသာရောင်းရ။ လူတွေကြားထဲမှာ တိုးသာတိုးရ၊ အလေ့အကျင့်က မရှိတော့ မျက်နှာချေထုပ် ဘယ်နှထုပ် ပါသွားမှန်းလည်း မသိဘူး။ ပိုက်ဆံဘယ်လောက် ပေးမှန်းလည်း မသိဘူး။ “ပေးစမ်းပါတစ် ထုပ်” ဆိုပေးလိုက်။ “ဒီမှာ မျက်နှာချေသည်၊ ဒီက”ဆိုရင် “ခင်ဗျာ” ဆို ထူးပြီး ပြေးလိုက်နဲ့ဟာ။ ဖိုးတိုးအတွက်တော့ တကယ့်ကို အတွေ့အကြုံ အသစ်။ အရေးထဲမှာ တစ်ညသား..၊ မျက်နှာချေ ရောင်းကောင်းတုန်း၊ ပွဲခင်းထဲ သူပုန်တွေ ဝင်လာလို့လေ။ ပုလိပ်သားတွေနဲ့ ပစ်ကြတာ ဒိန်းဒိုင်း ချင်း ဆက်သွားတာပဲ။ 


အို...ဘာပြောကောင်းမလဲ။ လူတွေလည်း ပြေးတဲ့လူပြေး၊ ဝပ်တဲ့လူဝပ်နဲ့။ မျက်နှာချေသည်လည်း ဘာမို့လို့တုံး။ ကိုယ် အားကိုးရာဖြစ်တဲ့ ဆရာကိုပဲ “ဆရာ၊ ပျို့…ဆရာ ဦးမြသီး” ဆိုပြီး သစ်ပင် တစ်ပင်ခြေရင်းမှာ ပြားနေရာက တွင်တွင်အော်ခေါ်တာပဲ။ ကြောက်လိုက်တာ မပြောနဲ့တော့။ ဘယ်အချိန် ကျည်ဆန် ဖောက်ဝင်သွားပါ့မလဲ ဆိုတာ တွေး ပြီး ထိတ်ရတာများ၊ အမယ်လေးနော်...ခုတွေး ခုထိတ်ပါရဲ့။ ဟီး...ဟီး၊ အဲဒီတုန်းကသာ သေဖြစ်ခဲ့ရင် ခုလို နာမည်ကျော် ကတိုးဖြစ်တော့မှာ မဟုတ်ဘူးနော်။ 


ဟား...ဟား...အဲဒီညက တိုက်ပွဲပြီးသွားလို့ အငြိမ့်စင်ဘေး ကဆုန်ချလာတော့ လား လား၊ စင်ဘေးမြက်ထဲမှာ ဇော်ဂျီမတွေ ပြားလို့။ အဲဒီညက အငြိမ့်မှာ ဇော်ဂျီယိမ်းကမယ့် ညလေ။


အဲဒီပွဲပြီးတော့ ဆရာဦးမြသီးက မျက်နှာချေ မရောင်းခိုင်းတော့ဘဲနဲ့ ကားဆွဲခိုင်းတယ်။ ပြီးတော့ ပြဇာတ်ခန်းမှာ မင်းသမီး စာသွားပေးရတဲ့ အခန်းတို့၊ လက်ဖက်ရည်ပွဲ သွားချရတဲ့ အခန်းတို့မှာ လုပ်ခိုင်းတယ်။ အဲ... လုပ်ခိုင်းတဲ့ နေ့ကတော့ သွားပြီ။ ရင်တွေ ပန်းတွေတုန်ပြီး...


“မမ...အတွင်းဝန်မင်းက စာပေးခိုင်းလိုက်လို့ ခင်ဗျ”ဆိုတဲ့ စာကြောင်း လေးကို ကျက်လိုက်ရတာ ထပ်တလဲလဲ။ အဲလောက် ဖြစ်နေတာတောင်တကယ့် ခွင်ထဲမှာ ဝင်လည်းသွားရော မျက်လုံးတွေကပြာ၊ လက်တွေက တုန်ပြီး၊ အထစ်ထစ် အငေါ့ငေါ့။ လက်ဖက်ရည်ပွဲများ ကိုင်ပြီး ဝင်ရရင် လက်ဖက်ရည်ပန်းကန်တွေကို တဂွပ်ဂွပ် လှုပ်လို့။ လူရှေ့ မီးရောင်အောက် မှာ စကားပြောဖို့ မဆိုထားနဲ့၊ ခဏလေး မတ်တတ်ရပ်ဖို့ကို မလွယ်လိုက် တာပါလားလို့ သိလာတာနဲ့အမျှ အကြောသိတဲ့ ဆရာ့ကို အကြိမ်ကြိမ် ဦးချမိပါရဲ့။ 


အဲဒီလို အခန်းတွေမှာကို တော်တော်လေး ရဲပြီဆိုမှ ဆရာက ‘ကတိုး’ဆိုတဲ့ နာမည်ပေးပြီး လူရွှင်တော်တွေကြားမှာ ထည့်ပေးတယ်။


လက်ရှိ လူရွှင်တော်တွေက ပြက်ရမယ့် ပြက်လုံးကို ဘန်ဒစ်၊ အသေ သင်ပေးထားတယ်။ မှတ်မိသေးတယ်။ စစချင်း ပြက်ရတဲ့ ပြက်လုံးက သီချင်းကြီး သီချင်းခန့် ရ၊ မရ ပြိုင်ကြတဲ့ ပြက်လုံး။ “ဟေ့...မင်း ဘာရှေး သီချင်းရလဲ”လို့ မေးရင် ကိုယ်ရတဲ့ သီချင်းကြီး စာသားတချို့ ကို အပျော် အပြက် စပ်ပြီး ဆိုပြကြတယ်။ ကိုကတိုး အလှည့်ကျရင် ဆိုရမယ့် သီချင်းက ထံတျာတေရှင်။ အဲဒါကို ကိုကတိုးက “နားထောင် ဆိုပြမယ်” ဆိုပြီး ထံတျာတေရှင်ကို...


“အမြန်လာ အေးယဉ်… အမြန်လာ အေးယဉ်…ခလု…ခလု ထုံးခြောက်” ဆိုပြီး အော်ဆိုရတယ်။


ဆိုတဲ့နေရာမှာ ပရိသတ် ဝေါခနဲ ကျသွားဖို့က မျက်နှာခံနဲ့ လေပေါ့။ 


အင်း အဲဒီကတည်းက စန်းကလည်းပါ၊ အကျိုးကလည်း လူရွှင်တော် ပေးချင်လို့ တူပါရဲ့။ ဘာမဟုတ်တဲ့ အဲဒီ ပြက်လုံးမှာကို ပရိသတ်က တဝေါဝေါ ရယ်ကြတယ်။ ရယ်နေတုန်းမှာ တစ်ခါထပ်ဆိုရင်း... ဘယ့်နှယ် လဲ၊ ပိုင်ပါတယ်၊ ရပါတယ်” ဆိုတာမျိုးကို ထပ်လုပ်ရင်း ပရိသတ်ကို တစ် ကျော့ပြန်ရယ်အောင် လုပ်နိုင်တာကတော့ ကိုကတိုးရဲ့ နဂိုရှိပြီးသား စွမ်း ရည်ပေါ့။


အဲဒီကနေ ‘ကတိုးကတိုး' ဆိုပြီး နာမည်လေး ရလာတာနဲ့အမျှ ဖဲလေးက ရိုက်ချင်လာတယ်။ အိမ်က ထိန်းဖို့ သိမ်းဖို့ ပေးစားတဲ့ မိန်းမနဲ့ ကွဲပြီး အငြိမ့်ထဲက ရှေ့ထွက်မင်းသမီးနဲ့လည်း ယူပြီးပြီ။


နောက်ဆုံးတော့ မြစ်ဝကျွန်းပေါ်က မြို့လေးမှာတင် မတင်းတိမ်နိုင်တော့ဘဲနဲ့ အကျော်အမော် သဘင်ပညာသည်စုတဲ့ မန္တလေးရွှေမြို့ကို လင် မယားနှစ်ယောက် ယောင်ချာချာ ဆင်းလာခဲ့ကြတယ်။


မန္တလေးလည်းရောက်ရော ဟိုမှာ လူရွှင်တော်ဘုရား ကတိုးဟာ ဒီမှာ လူရွှင်တော်ပါမွှား။ အငြိမ့်အဖွဲ့တွေရှိတဲ့ တာရဲတန်းတစ်ဝိုက်မှာ တစ်ငြိမ့်ဝင် တစ်ငြိမ့်ထွက် ခြေတိုအောင်လျှောက်ပြီး မေးပေမယ့်လည်း ဘယ်သူမှ မခေါ် ကြဘူး။ လူရွှင်တော် ရှိပြီးသားထဲကချည်းပဲ။ ပြီးတော့ ကိုကတိုး လိုချင်တာ နှစ်လုပ်။ မိန်းမပါ ကရမှ နှစ်ယောက်သား နေရေး ထိုင်ရေးမှာ ပြေလည် မှာကိုး။


နေနှင့်ဦး။ ဒီမန္တလေးမှာ မကဖူးသေးလို့ ကတိုးအကြောင်း မသိသေးတာ လို့ စိတ်ထဲက ကြိမ်းဝါးရင်း ခပ်ချာချာ အငြိမ့်လေးတစ်ငြိမ့်၊ အဲ..ခု မြို့ စောင့်အငြိမ့်” သာသာပေါ့။ အဲဒီမှာ ဝင်ကရတယ်။ မြို့စောင့်အငြိမ့်” ဆိုတာက တစ်လလုံးမှ ပွဲချီ လေးငါးချီပဲရပြီး၊ ဘယ်မှ မထွက်ရဘဲ တခြားအငြိမ့်တွေ ပွဲထွက်သွားကြရင် မြို့မှာပဲ အမြဲနေခဲ့ရတဲ့ အငြိမ့်ကို ခု ခေါ်ကြတဲ့ အခေါ် အဝေါ်လေ။


အဲဒီအငြိမ့်မှာ ဝင်လည်းကရော၊ ကိုကတိုးက အစွမ်းကုန် လုပ်ပစ်လိုက် တယ်။ ပြက်လုံးသစ်တွေရှာ၊ အလုပ်ခွင်မှာ လူရွှင်တော် ခွင်ကြီးတစ်ခုလုံး မြူးပြီး စိုနေအောင် လုပ်ပစ်လိုက်တော့ ‘ကတိုး' ဆိုတဲ့ နာမည်နဲ့အတူ ဘယ်တုန်းကမှ နာမည်မထွက်တဲ့ အငြိမ့် နာမည်တောင် ထွက်လာတယ်။ ကတိုးက မျက်နှာခံ သိပ်ကောင်းတယ်။ မျက်နှာခံ မျက်နှာအမူအရာနဲ့ကို ရယ်ချင်စရာ ကောင်းတယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်။


အင်း...ဒါတောင်မှ အဲဒီအငြိမ့်က ရှိပြီးသား လူရွှင်တော် အကောင်းစား များက မြစ်ဝကျွန်းပေါ်သား အလကားကောင်လေးဆိုပြီး ဆီးပြီး နှိမ်လိုက် ကြသေးတယ်။ ကိုကတိုး ပြောသမျှ ပြက်လုံးတွေကို “မကောင်းဘူး၊ မကောင်းဘူး'နဲ့ ပယ်ချလိုက်ကြတာ။ ခွင်ပေါ်မှာ အတင်းဝင်ပြက်တော့မှ ပရိသတ်က လက်ခံတော့မှ နောက်ပိုင်း လိုက်လုပ်ကြတာ။ မောင်မင်းကြီး သားတွေက။


အိမ်း၊ ခုတော့လည်း မန္တလေး အငြိမ့်လောကမှာ ‘ကတိုးဟေ့ဆို မသိသူ မရှိပေါ့။ ထိပ်တန်း လူရွှင်တော်။ နှစ်ကြီးသုံး သုံးသောင်း။ အစု တစ်ကျပ် တစ်မူးခွဲစု၊ ခေါင်းဆောင်မင်းသမီးတောင် သန်မှ၊ တော်မှ ငါးမတ်စုပဲ ရတဲ့ အချိန်ဆိုတော့ ဒီနေ့ အငြိမ့်ခေတ်ဟာ ဟိုပွဲစားမကြီး ဒေါ်စိန်ငွေ ပြောသလို လူရွှင်တော်တွေ မိုးကောင်းတဲ့ခေတ်လို့ ခေါ်နိုင်တာပေါ့။


ဒါပေမဲ့ မိုးကောင်းတာနဲ့ မကာမိအောင်လည်း အလုပ်က လုပ်ရပါ သဗျာ။ ဒီနေ့ မန္တလေးအငြိမ့် လူရွှင်တော်တွေရဲ့ ပြက်လုံးခွင်ဟာ အရင်လို မဟုတ်တော့ဘူး။ ရှေးကလို တံတားကြီးပေါ်က ကုလားကြီးချော်ကျတော့ ငါးကြီးကြော်က တစ်ခွက်”ဆိုတာမျိုး။ မင်းသမီး ကနေတုန်း ခေါင်းပေါင်း ပဝါနဲ့ မင်းသမီးပါးကို ပြေးတို့ပြီး နမ်းပြတာမျိုးတွေ အကုန်ခေါက်။ ခုခေတ် မှာက တကယ့် ဇာတ်လမ်း ဇာတ်ကွက်နဲ့ အပီ ပြက်ရတာ။ 


ရှေ့ထွက် တစ်ပိုဒ်ကပြီးတာနဲ့ တန်းပြီး ဆိုင်းဘေးနားက ဇာတ်ဝင် အဝတ်အစား ကောက်ဝတ်ပြီး၊ ပြက်လုံးခွင် အပီချရတော့တာ။ ဗိုလ်အောင်ဒင်တို့၊ ရုပ်ရှင် ဇာတ်ကား တစ်ခုခုတို့ကို ဖျက်ပြီး ရယ်အောင်လုပ်ရတာမျိုးတွေပေါ့။ သေနတ်ပစ်ခန်းပါလည်း ပြဇာတ်တွေမှာလို “ဒိုင်း' ကနဲ တကယ်ပစ် ပစ်ရတာ၊ ခုတစ်မျိုး ခုတစ်မျိုး ဝတ်ရတဲ့ အဝတ်အစားလဲတဲ့ ပြက်လုံးမျိုးဆို ဖတ်ဖတ်မောအောင် လုပ်ရတာ။


ပြီးတော့၊ လူရွှင်တော်က သီချင်းလည်း ဆိုတတ်ရသေးသဗျ။ စတီရီယို အဆိုတော်ခွင်တွေ ဘာတွေလုပ်ရင်၊ သီချင်းကို တကယ်တူအောင် ဆိုရ တာ။ ချူးဂေါင်းတို့ဆို မေခလာ့အသံ တကယ်အပိုင်၊ လက်ခုပ်သံ တဖြောင်း ဖြောင်းပဲ။ အဲ...သင်္ကြန်ခွင်ဆိုလည်း သာဘန်းတို့က မင်းသား ဝင်းဦး မန္တလေး လာနွှဲတဲ့ သင်္ကြန် မင်းသားဟန်အပြည့် ချွတ်စွပ်။ ပရိသတ်က တဝေါဝေါပဲ။ မျက်ပွင့်ကကျတော့ ဒီနေ့ ဇာတ်မင်းသားတွေရဲ့ ဘယ်သူ့ အမူအရာ လုပ်ရမလဲ လာခဲ့။ 


ဟဲ...ဟဲ။ ကတိုးကျတော့ စွယ်စုံရပေါ့လေ။ လေးယောက်စလုံးကတော့ ထိပ်တွေချည်းပါပဲ။ ဒါ မြမန္တလာရဲ့ ထုံးစံပဲ လေ။ အားလုံးဟာ တကယ့်ထိပ်တွေပဲ ဖြစ်နေရမှာပေါ့။ အထူးသဖြင့် ဒီနေ့ မန္တလေးအငြိမ့်တွေထဲမှာ မြမန္တလာ လူရွှင်တော်တွေဟာ အတော်ဆုံး တွေနဲ့၊ မြမန္တလာ ပြက်လုံးခွင်တွေဟာ အကောင်းဆုံး ဖြစ်နေရမယ်လေ။


ဒါကြောင့်လည်း သူများအငြိမ့်တွေ မပေးနိုင်တဲ့ နှစ်ကြီးသုံး သုံးသောင်းတွေ ကို လူရွှင်တော် ထိပ်သီး လေးယောက်စလုံး ပေးခေါ်ထားတာပဲ ကြည့်ပေါ့။ ဒါပေမဲ့ သုံးသောင်း၊ သုံးသောင်းနဲ့။ ကြားတော့သာ အထင်ကြီးစရာ။ ရွှေ ကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတာမျိုးလိုပေါ့။ ဘုရားစူးရစေရဲ့။ မိန်းမလို မိန်းမရ ကျိန်တာ မဟုတ်ဘူး။ ခုချိန်ထိ ကတိုးမိသားစု အိမ်ပိုင်နဲ့ မနေရသေးဘူး။ ဇနီးအလှ ခမျာလည်း မင်းသမီးဘဝကနေ စုတေပြီး ကုန် စိမ်းသည်ဘဝနဲ့ ချာလည်လိုက်တုန်း...။


အင်း..အိမ်ပိုင်နဲ့နေဖို့ကလည်း ဒီနေ့ မန္တလေးမှာ ငွေသုံးလေးငါးသောင်း နဲ့ မရတော့ဘူးဗျ။ မြို့လယ်ကောင် နေရာတွေကို နှစ်ဆယ်'တဲ့၊ ‘သုံးဆယ်’ တဲ့။ မကြားစဖူး။ အဲဒီ နှစ်ဆယ်၊ သုံးဆယ်တွေက ဘာတွေလဲဆိုတော့ သိန်းတွေတဲ့၊ သိန်းတွေ။ သိန်းနိုင်မှာပေါ့လေ။ ပြောနေကြတဲ့ လူတွေက ဗမာတွေမှ မဟုတ်တာ။ တရုတ်တွေ။ မန္တလေးမှာ သူတို့ အုပ်စိုးနေတာ ဘယ်လောက်များလည်း မမေးနဲ့။ ဘုန်းကြီးတွေ မနက်ဆွမ်းခံ သပိတ်တွေ ထဲသာကြည့်လိုက်။ အီကြာကွေးတွေချည့်ပဲ။ 


ဟား..ဟား၊ အဲ...အဲဒီတော့ ကတိုး နှစ်တိုင်းရတဲ့ နှစ်ကြီးသုံး သုံးသောင်း၊ တစ်လ အချီ ၄၁ လောက် ကရတဲ့ဆီက ရတဲ့ ပိုက်ဆံတွေ ဘယ်ရောက်လဲ မေးမယ်။ မသိဘူး။ အဟုတ်၊ ကိုကတိုး မသိဘူး။ အင်း...မိန်းမ မေတ္တာပို့တဲ့ “ဒီလောက်ဖဲစွဲနေ လို့ကတော့ ပိုက်ဆံတွေ လှည်းနဲ့အပြည့် မောင်းထုတ်ပေးတောင် မလောက် ဘူး” ဆိုတာလည်း ခပ်ဟုတ်ဟုတ်ပဲ။ အလဟဿ ပေါ့ပေါ့စား၊ ပေါ့ပေါ့ သုံးပစ်တာတွေလည်း မနည်းပါဘူးလေ။ ဟီး..ဟီး။ ဘာသုံးသလဲ မမေး နဲ့။ မသိဘူး။ အဲဒီတော့၊ နောက်ဆုံး ဘယ်သံသရာမှာ ဝဲလည်ရသလဲဆို တော့ လေးလေး (ခေါ်) ဦးကျော်လေးရဲ့ ကြွေးသံသရာမှာပေါ့။ 


ဒီနှစ်အတွက် အသုံးမကျေတော့ နောက်နှစ် ထပ်စာချုပ်။ အဲဒီ သုံးသောင်းထဲက မနှစ်က အသုံးဆပ်လိုက်။ အလုပ်ဆက်လုပ်။ နောက်နှစ်ရောက်လာ။ အသုံးက မကျေ။ ထပ်စာချုပ်၊ ထပ်ယူတာနဲ့ဟာ….။ တကယ်ကျတော့ အသုံး သုံး သောင်း ဆိုတာကြီးကလည်း ကြွေးမကျေတာ တိုးတိုးပေးရင်း ဖြစ်လာတာ ကြီး။ သုံးသောင်းသာမြင်တာ။ အရင်နှစ်တွေ မကျေတဲ့ အသုံးတွေ ဆပ်လိုက်တော့ လက်ထဲ တကယ်ရတာက ငါးထောင်လောက်ရယ်။ ဒီလိုနဲ့ မစား လောက်တော့ ထပ်ယူ။ ချေရမယ့် အသုံးက ပိုများလာ။ ဟား...ဟား။ ဦးကျော်လေးနဲ့ ကတိုးတို့ရဲ့ ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တစ်သွားတည်း သွားလို့သာ။


“ဟဲ့...ကတိုး၊ ကတိုး၊ သေနာကျရဲ့ ၊ နားပင်းနေသလား” 


ဟာ...ဟောဒီ ထိပ်ခေါင်ဆိုတဲ့ အာပြဲမကြီးဟာ အေးအေးနေမယ်ကြံ၊ သူ လုပ်ပြီ။


“ဘာလဲ ဘာလဲ၊ ပြော” 


“ဪ….ညကျရင် ဟို...အဖေနဲ့ သမီးခွင်လုပ်မယ် ဆိုတာ ပြောမလို့ဟဲ့ သိလား"


စိတ်မပါ့တပါ ခေါင်းညိတ်ရင်း.…


“ဒါပဲ ဒါပဲ။ ကလေးသံလေးနဲ့ ကလေးအမူအရာလုပ်ရင်း လူရွှင်တော် တွေကို ပုဆိုးဆွဲချွတ်လိုချွတ်၊ နှပ်ချေးနဲ့ ပက်လိုပက်၊ မပီကလာ ဆဲလိုဆဲနဲ့ ပညာပြဦးမယ်”


မပြောလိုက်ချင်ဘူး။ သူ့ကိုယ်သူ သိပ်ဟုတ်ပြီ ထင်နေတာ။ တစ်ချီချီ မှာတော့ ဒီမိန်းမ တွေ့ဦးမယ်။ မထိပ်ခေါင် ပြောတာကို ဘာမှန်းမသိ ကြည့် နေတဲ့ ဟိုကောင်မလေး ခင်ပိုင်ရဲ့ မျက်နှာကိုမြင်တော့ စချင်လာတယ်။


“ဟဲ့ ကောင်မလေး ခင်ပိုင်၊ နောက်ပွဲကျရင် ဇော်က ကရအောင် မထိပ် ခေါင်ဆီ သင်ပါလား။ ဪ….မေ့လို့၊ နင်က တတ်ပြီးသား ထင်ပါရဲ့”


“မသိဘူးဗျာ” ဆိုတဲ့ အသံနဲ့အတူ မျက်စောင်းက အတုံးလိုက် အတစ် လိုက် ကိုကတိုးဆီ ဝဲလာတယ်။ စိတ်ထဲကလည်း ခင်ပိုင် ဆဲပစ်လိုက်တယ်။ တိုင်တန်းသလို ကိုဇော့်လှမ်းကြည့်တော့...ဟင်...ကိုဇော်ငိုက်ပြတင်းပေါက်ဘက်လှည့်လိုက်တော့ လေပူပူက ဖြန်းခနဲနဲ့ လာ ရိုက်တယ်။ 


ဟော...ဖုန်လုံးကြားမှာ ခင်ပိုင်တို့ ကရမယ့် မြို့လေး။ မင်း သမီးဘဝရဲ့ ပထမဆုံးည။ ဝတ်စုံအပြည့်အလှအပ အဆင်တန်ဆာ အပြည့် နဲ့ ခင်ပိုင် ကရတော့မယ်။


*** ***

၆ဆက်ပါမည်

#ရသလွင်ပြင် fb စာမျက်နှာမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#နုနုရည်အင်းဝ #ဗိုလ်ကေတစ်ထောင်မှာတစ်ယောက်လောက်တော့စွဲကောင်းပါရဲ့ #ဝတ္ထုရှည် #တမာသားလေးမှတ်စု #Book_House

No comments

Powered by Blogger.